14th MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌စစ်လက်နက်ပစ္စည်းများ ပမာဏတစ်ခုအထိရရှိထားပြီးဖြစ်လို့ နယ်မြေအရေးပါမှု အဆင့်အလိုက် PDF တွေကို လက်နက်တပ်ဆင်ပေးနေပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သတင်းစကားပါး
📌CRPH က ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၃၄ နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် သဝဏ်လွှာပေးပို့
📌သပိတ်ကျင်းမှ မန္တလေးသို့ ဆင်းလာသည့် စစ်ကားနှစ်စီးကို ဗိုလ်လင်းယုန်အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်
📌ခင်ဦး-ရေဦး-ဒီပဲယင်း သုံးမြို့နယ်အစပ်သို့ ဝင်ရောက်လာသည့် စကစတပ်ဖွဲ့ဝင်များ အ​ဝေးထိန်းမိုင်းမိ၍ လေးဦးသေဆုံး
📌စစ်ကောင်စီရဲ့ ထွေအုပ်ရုံးကို PRDF နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ဗုံးခွဲတိုက်ခိုက်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌စစ်လက်နက်ပစ္စည်းများ ပမာဏတစ်ခုအထိရရှိထားပြီးဖြစ်လို့ နယ်မြေအရေးပါမှု အဆင့်အလိုက် PDF တွေကို လက်နက်တပ်ဆင်ပေးနေပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သတင်းစကားပါး

စစ်လက်နက်ပစ္စည်းများ ပမာဏတစ်ခုအထိရရှိထားပြီးဖြစ်လို့ နယ်မြေအရေးပါမှု အဆင့်အလိုက် PDF တွေကို လက်နက်တပ်ဆင်ပေးနေပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သတင်းစကားပါးပြောကြားလိုက်ပါတယ်။ မတ်လ ၁၃ ရက် ကျင်းပတဲ့ ရန်ပုံငွေရှာဖွေပွဲ ဖွင့်ပွဲအခမ်းအနားမှာ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောကြားခဲ့ပါတယ်။ "သတင်းကောင်းတစ်ခုပြောရရင် ထိုက်သင့်တဲ့ စစ်လက်နက်ပစ္စည်းများ ပမာဏတစ်ခုအထိ ရရှိထားပြီးဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ NUG အစိုးရနဲ့မဟာမိတ်အကူအညီနဲ့လက်တွဲကြိုးပမ်းလို့ရရှိတာဖြစ်ပါတယ်။ ထိုက်သင့်တဲ့ ရရှိတဲ့ပမာဏကို နယ်မြေအရေးပါမှု ဦးစားပေးအဆင့်အလိုက် တပ်ဆင်ပေးနေပါတယ်။ PDF ရဲဘော်တစ်ယောက် သေနတ်တစ်လက်ကတော့ အများကြီးအလှမ်းဝေးနေပါသေးတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်နက်တပ်ဆင်ရေးအပိုင်းအား အများပြည်သူထောက်ပံငွေအပါအဝင် အားလုံးအမေရိကန်ဒေါ်လာသန်း ၃၀ ရရှိခဲ့ကြောင်း၊ ယင်းထဲမှ ၈၅ ရာခိုင်နှုန်းအား လက်နက်တပ်ဆင်ရေးတွင် အသုံးပြုနေပြီဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးကအသိပေးခဲ့ပါတယ်။ "လက်နက်တပ်ဆင်ရေးအပိုင်းမှာ ကိုယ်တိုင်ထုတ်လုပ်ရေးအပိုင်းလည်း ပါဝင်ပေမဲ့ ဒါကရာခိုင်နှုန်းနည်းပါတယ်။ အဓိက အဆင့်မှီတဲ့လက်နက်တွေ ရှာဖွေ တပ်ဆင်ရေးကို အဓိက ငွေကြေးသုံးစွဲခဲ့ပါတယ်"လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကဆိုပါတယ်။

========================

📌📌CRPH က ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၃၄ နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် သဝဏ်လွှာပေးပို့ခဲ့ကြောင်းသိရပါတယ်

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံး ခြင်း ၃၄ နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် သဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နေဝင်းရဲ့ အကြမ်းဖက်စစ်တပ်က တက္ကသိုလ်ပရဝုဏ်အတွင်း ပစ်သတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးသွားခဲ့ရာမှာ (၃၄) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ အခုလို စစ်အာဏာရှင်များရဲ့ ခေတ်အဆက်ဆက်ကတည်းက လူမဆန်တဲ့ရက်စက်မှုတွေကြောင့် တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်သစ် ကျောင်းသား လူငယ်တွေကျဆုံးနေရမှုအပေါ် အထူးဝမ်းနည်းကြောင်း CRPH က ဖော်ပြခဲ့ပါတယ်။
တရားမျှတမှု၊ လွတ်လပ်မှုနှင့် အခြေခံအခွင့်အရေးတွေအတွက် ခေတ်အဆက်ဆက် တော်လှန်ရေးတွေမှာ တက္ကသိုလ်ကျောင်းသားလူငယ်တွေဟာ ရဲရင့်မှု၊ သတ္တိရှိမှု ဥာဏ်ပညာရှိမှုတွေနဲ့ ဦးဆောင်ကြိုးပမ်းခဲ့ကြတာကို သမိုင်းစာမျက်နှာတွေမှာ ဂုဏ်ယူစွာတွေ့မြင်နိုင်မှာဖြစ်ကြောင်း ယနေ့ နွေဦးတော်လှန်ရေးမှာလည်း Generation Z လို့လူသိများတဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေရဲ့ တက်ကြွတဲ့ ပါဝင်မှုတွေက တိုင်းပြည်အနာဂတ်အတွက် အားတက်ဖွယ် ဖြစ်ကြောင်းရေးသား ဂုဏ်ပြုခဲ့ပါတယ်။ ခေတ်အဆက်ဆက်စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေးအတွက် လက်နက်အားကိုးနဲ့ ပြည်သူလူထုအား မတရားအုပ်ချုပ်ခဲ့ခြင်းကြောင့် ကျောင်းသားလူငယ်တွေဟာ မလွတ်လပ်မှုများကြားကပဲ ပညာသင်ယူကြရင်း စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကိုလည်း သမိုင်းစဉ်တစ်လျှောက် လက်ဆင့်ကမ်းနိုင်ခဲ့ကြပါတယ်။ ခေတ်အဆက်ဆက်က အသက်၊ သွေး၊ ချွေးတွေနဲ့ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ ဒီမိုကရေစီသူရဲကောင်း ကျောင်း သား လူငယ်တွေကို အသိအမှတ်ပြု တန်ဖိုးထားပြီး ယနေ့ကျောင်းသားလူငယ်တွေက သမိုင်းပေး တာဝန်တွေကို ထမ်းရွက်ရင်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ဦးဆောင်သွားကြရမယ့် မျိုးဆက်တွေဖြစ်နေကြပြီဆိုတဲ့အကြောင်းကိုလည်း ရေးသားပါရှိပါတယ်။ လွန်ခဲ့သော (၃၄) နှစ်ကလိုပဲ ယနေ့အချိန်မှာလည်း လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတို့အပေါ်မှာ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်တာ၊ သတ်ဖြတ်တာ၊ နေအိမ်ပိုင်ဆိုင်မှုတို့ကို သိမ်းဆည်းတာ၊ မီးရှို့ဖျက်ဆီးတာတို့ကို လူမဆန်စွာ ကျူးလွန်လျက်ရှိပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်များရဲ့ ရက်စက်မှုကို အသက်၊ သွေး၊ ချွေးတွေနဲ့ တော်လှန်ဖို့ကြိုးပမ်းခဲ့ကြတဲ့ မြန်မာနိုင်ငံမှာ ဘုံရည်မှန်းချက်ဖြစ်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး တို့အတွက် ကျောင်းသားလူငယ်တွေ၊ ပြည်သူ လူထုတွေ၊ တော်လှန်ရေးအင်အားစု၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ အတူတကွ ဆက်လက် လက်တွဲကြိုးပမ်းသွားမှာဖြစ်ပါတယ်။ အနာဂတ်မျိုးဆက်သစ်တွေအတွက် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ် နိုင်ငံ တော်သစ်တည်ဆောက်ရေး ဝိုင်းဝန်းကြိုးပမ်းသွားကြပါစို့လို့ တိုက်တွန်းပါကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ပေးပို့သော ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၃၄ နှစ်ပြည့် သဝဏ်လွှာမှာ ရေးသားပေးပို့ခဲ့ကြောင်း သိရှိရပါတယ်။

========================

📌📌သပိတ်ကျင်းမှ မန္တလေးသို့ ဆင်းလာသည့် စစ်ကားနှစ်စီးကို ဗိုလ်လင်းယုန်အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်

သပိတ်ကျင်းမှ မန္တလေးသို့ ဆင်းလာသည့် စစ်ကားနှစ်စီးကို ဗိုလ်လင်းယုန်အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ ၁၃ ရက် မနက် ၈ နာရီ ၄၅ အချိန် စဥ့်ကူးမြို့နယ် ပျဥ်းပင်နှင့် ကံပျိုကြား ရှေ့ထွက် မိုင်းသုံးလုံးဖြင့်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေအား လတ်တလော မသိရသေးဘူးဖြစ်ပါတယ်။ ဗိုလ်လင်းယုန်အဖွဲ့သားများအနေဖြင့်ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး မိုင်းခွဲသည့်နေရာတွင် စကစတပ်များ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းလည်းသိရပါတယ်။

========================

📌📌ခင်ဦး-ရေဦး-ဒီပဲယင်း သုံးမြို့နယ်အစပ်သို့ ဝင်ရောက်လာသည့် စကစတပ်ဖွဲ့ဝင်များ အ​ဝေးထိန်းမိုင်းမိ၍ လေးဦးသေဆုံး

ခင်ဦး-ရေဦး-ဒီပဲယင်း သုံးမြို့နယ်အစပ်သို့ ဝင်ရောက်လာသည့် စကစတပ်ဖွဲ့ဝင်များ အ​ဝေးထိန်းမိုင်းမိ၍ လေးဦးသေဆုံးခဲ့ပါတယ်။
မတ်လ ၁၃ ရက် နံနက် ၈ နာရီအချိန် စကစတပ်များကို မဟာမိတ်တပ်များနှင့်အတူ မိုင်းခွဲတိုက်ခိုက်ခဲ့ဟု ဂဠုန်တပ်တော် တပ်ရင်း (၂) ကဆိုပါတယ်။
"မတ်လ (၁၃) ရက်ခင်ဦး-ရေဦး-ဒီပဲယင်း ဝင်ရောက်‌လာသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ယနေ့ နံနက် (၈) နာရီခန့်အချိန်တွင် ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်တော် တပ်ရင်း (၃) (ခရိုင်တပ်ရင်း-၂၁ BLACK ARMYတပ်ရင်း) ရဲဘော်များနှင့်အတူ ဂဠုန်တပ်တော် တပ်ရင်း (၂) ရဲဘော်များပူးပေါင်းအားဖြေ့မှု ဂဠုန်တပ်တော် တပ်ရင်း (၄) ရဲဘော်များရဲ့ ပူးပေါင်းအားဖြည့်မှုနဲ့အထိရောက်ဆုံး အဝေးထိန်းမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦး ကောင်ကင်သို့မြောက်တက်ကာ လွင့်စင်ကာသေဆုံးခဲ့ပါတယ်။
တိုက်ခိုက် မှုအတွင်းအန္တရာယ်အလွန်နီးကပ်ခြင်းမှ ရဲဘော်များဘေးကင်းစွာ ဆုတ်ခွါနိုင်ခဲ့ပါတယ်။ အတန်းလိုက်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား ကျရှုံး ထိခိုက်နိုင်သော်လည်း ရဲဘော်များမျက်မြင်ထိခိုက်ကျရှုံးမှုကိုသာလျှင် အတည်ပြုထုတ်ပြန်ခဲ့​ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

========================

📌📌စစ်ကောင်စီရဲ့ ထွေအုပ်ရုံးကို PRDF နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ကြပါတယ်

မတ်လ ၁၃ ရက်နေ့တွင် တနင်သာရီတိုင်း ပုလောမြို့ မြို့နယ်ခန်းမထဲတွင် ရှိသော ထွေအုပ်ရုံးမှာ ညနေ ၃ နာရီအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ကြောင်း ပုလော ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပုလောဒေသခံကာကွယ်ရေးတပ်ဖွဲ့ PRDF ပူးပေါင်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးထံမှ သိရှိရပါတယ်။ ဖောက်ခွဲမှုကို မတ်လ ၁၃ ရက် နေ့ခင်း ၃ နာရီခန့်က PDF နှင့် PRDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်တာဖြစ်ပါတယ်။ မိုင်း ၂ လုံး ဖောက်ခွဲခဲ့ပြီး စစ်ကောင်စီဝန်ထမ်းများ တာဝန်များထမ်းဆောင်စဉ် ရုံးဆင်းနေရသူများထိခိုက်ဒဏ်ရာရကာ ရုံးအတွင်းပစ္စည်းနှင့်အဆောက်အဦးမှာလဲ ထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့သိရပါတယ်။ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သောသူတဦးမှာ တရုတ်တန်းရပ်ကွက်တွင်နေထိုင်သူ စစ်ကောင်စီလက်အောက်ခံ ထွေအုပ် စာရေးမ မကြူအေး ဆိုသူ ဖြစ်ပြီး မြိတ်ဆေးရုံသို့ပို့ဆောင်ဆေးကုသလျှက်ရှိကြောင်း PRDF ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောပါတယ်။
“ထွေအုပ်ရုံးမှာ ညနေ ၃ နာရီက ဗုံးပေါက်တယ်။ ရုံးပိတ်ရက်လုပ်ဆင်းနေတဲ့ထွေအုပ် စာရေးမကြူအေး ဗုံးထိပြီး ဒဏ်ရာပြင်းလို့ မြိတ်ဆေးရုံပို့လိုက်ရတယ် တခြားထိခိုက်ဒဏ်ရာရတဲ့သူတွေလဲရှိတယ် ၊ ရဲတွေခြေရှုပ်နေတယ် ” လို့ဒေသခံတဦးက ရှင်းပြပါတယ်။ တိုက်ခိုက်ဖောက်ခွဲမှုအပီးမှာတော့ ပူးပေါင်းတပ်ဖွဲ့တို့အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့ပြီး ဘေးလွတ်ရာသို့ရောက်ရှိနေပြီဖြစ်ကြောင်း PRDF ပြန်ကြားရေးတာဝန်ခံတစ်ဦးက အသိပေးပြောကြားပါတယ်။ ဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်ကောင်စီမှ အသေးစိတ် စစ်ဆေးခဲ့ပြီးနောက်မှာ အင်အားများစွာဖြင့် အပြစ်မဲ့ပြည်သူတစ်ဦးဖြစ်သူ မဆုမြတ်မွန်ဆိုသူ၏နေအိမ်အား လာရောက် အကြမ်းဖက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်သက်သေတစ်ဦးက သတင်းပေးပို့ခဲ့ပါတယ်။ “ PDF ကလုပ်ပါတယ်ပြောတာတောင်မှ မဆိုင်တဲ့မိန်းကလေးတစ်ယောက်ကို ဇွတ်ဖမ်းသွားတယ် ၊ ဥပဒေကသူတို့လက်ထဲမှာပဲဟာ မတရားမခံရပါစေနဲ့ပဲ ဆုတောင်းတယ် “ လို့ မျက်မြင်ပြည်သူတဦးက သူမရဲ့အမြင်ကို ပြောကြားသွားပါတယ်။ တိုင်းပြည်ကိုသိမ်းပိုက်ပြီး အဆိုးရွားဆုံးအခြေအနေကို ဖန်တီးနေတဲ့ စစ်ကောင်စီနှင့် ထောက်ပံ့ကူညီသူအားလုံးကို တော်လှန်ရေးအင်အားစုများဘက်က အကြိမ်ကြိမ်သတိပေးထားပါတယ်။ စစ်ကောင်စီနှင့် ပက်သက်တဲ့ နီးစပ်တဲ့ နေရာများမှာတိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း သတိပေးထားပြီး ခုလို တိုက်ခိုက်မှုများ ဒေသအနှံ့အပြားမှာ ပေါ်ပေါက်လျက်ရှိပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment