10th APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၁၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို မတရားစွဲဆိုထားတဲ့ စကစခန့် UEC အမှု မေလ၂ ရက်နေ့ စွဲချက်အမိန့်ချရန်လျာထား
📌နောင်မျိုးဆက်တွေအတွက်နဲ့ အေးအေးချမ်းချမ်းနေလိုတဲ့ ပြည်သူတွေ တိုက်ပွဲဝင်ရမဲ့အချိန်ဖြစ်တယ်လို့ NUG ဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌သင်္ကြန် အတွင်း NUG ဘွန်းဝယ်ယူကာ ထောက်ပို့တပ်ဝင်ရန်နဲ့ နှစ်ဆန်းတစ်ရက်နေ့တွင် သံပုံးတီးသပိတ်ဆင်နွှဲရန် ကိုနေဘုန်းလတ်တိုက်တွန်း
📌စကစရဲ့ ပြည်ထဲရေးသင်္ကြန် စည်ကားစေရေး မဏ္ဍပ်သို့ ရဲအင်အားအကုန်သုံး၍ မပျက်မကွက်တက်ရန် ညွှန်ကြားစာပေါက်ကြား
📌ထိုင်းက မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်ကို ပြည်ပရောက်မြန်မာနိုင်ငံသားတွေ လက်မခံ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို မတရားစွဲဆိုထားတဲ့ စကစခန့် UEC အမှု မေလ၂ ရက်နေ့ စွဲချက်အမိန့်ချရန် လျာထား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို မတရားစွဲဆိုထားတဲ့ စကစခန့် UEC အမှု မေလ၂ရက်နေ့ စွဲချက်အမိန့်ချရန် လျာထားတယ်လို့သတင်းရရှိပါတယ်။

ယမန်နေ့ ဧပြီ ၈ ရက်နေ့က နေပြည်တော်မှာ ယင်းအမှုကို စစ်ဆေးခဲ့ပြီးတော့ စကစခန့် ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးကိုကိုနိုင်က လိုပြသက်သေအနေနဲ့ထွက်ဆိုတယ်လို့ တရားရုံးအသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။

ယခုအမှုမှာရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြု လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို ပုဒ်မ ၁၃၀-ကနဲ့တရားစွဲဆိုထားခြင်းဖြစ်ပါတယ်။

"စွဲချက်အမိန့်ကို အခုလာမဲ့မေလ၂ရက်နေ့မှာချဖို့လျာထားတယ်"လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကဆိုပါတယ်။ အမှုတွင်လိုပြသက်သေ ၂၂ ဦး ရှိပြီးတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိမှာ အမှုပေါင်း ၁၂ မှုအတွက် ရုံးချိန်းတွေကို ရုံးဖွင့်ရက်တိုင်း တက်ရောက်နေရပါတယ်။


========================

📌📌နောင်မျိုးဆက်တွေအတွက်နဲ့ အေးအေးချမ်းချမ်းနေလိုတဲ့ ပြည်သူတွေ တိုက်ပွဲဝင်ရမဲ့အချိန်ဖြစ်တယ်လို့ NUG ဝန်ကြီး ဒေါက်တာတူးခေါင်ဆို

နောင်မျိုးဆက်တွေအတွက်နဲ့ အေးအေးချမ်းချမ်းနေလိုတဲ့ ပြည်သူတွေတိုက်ပွဲဝင်ရမဲ့အချိန်ဖြစ်တယ်လို့ NUG ဝန်ကြီး ဒေါက်တာတူးခေါင်က ဧပြီ ၉ ရက်နေ့မှာ ငြိမ်းချမ်းရေးနဲ့ပတ်သတ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှာရေးသားပြောကြားခဲ့ပါတယ်။

"စစ်ပွဲများဟာ ငြိမ်းချမ်းရေး ကို ပိုပြီး စိတ်ချနိုင်ဖို့ တိုက်ကြတာဖြစ်တယ်။ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် ကိုယ့်ထမင်းကိုယ်စားရတာပဲ လို့ တွေးတဲ့လူများပါတယ်။ အမှန်က နိုင်ငံရေး မကောင်းရင် အလုပ်လက်မဲ့ဖြစ်လာတဲ့ လူ များလာတာ အခု လက်ရှိ အခြေအနေဟာ သက်သေပဲ။ ကိုယ့်ထမင်းကိုယ်မစားရတဲ့ လူတွေမှ အများကြီး။ ပညာရေးတောင် မလွတ်လပ်ခဲ့ဘူး၊ ထောင်ကကျွေးတဲ့ အစားအသောက်လို ပေးတာ စားနေရတယ်။ ဘာသာရေး၊ လူမျိုးရေး အကြောင်းပြခွဲခြားမှုတွေ ခံခဲ့ရတယ်။ ဒါတွေပြောင်းလဲပစ်ဖို့ လက်ရှိ စစ်အုပ်စုဟာ အကြီးမားဆုံး အဟန့်အတား ဖြစ်တယ်။ နောင်မျိုးဆက်တွေ၊ ကျနော်တို့ရဲ့သားသမီးတွေ အေးအေးချမ်းချမ်းနေရဖို့၊ သူတို့ဘဝတွေ ကောင်းစားဖို့ ဒီနေ့ဟာ တိုက်ပွဲဝင်ဖို့ တခြား ရွေးစရာလမ်းသိပ်မရှိဘူး။ အေးအေးချမ်းချမ်းနေလိုတဲ့ ပြည်သူတွေတိုက်ပွဲဝင်ရမဲ့အချိန်ဖြစ်ပါတယ်"လို့ဆိုပါတယ်။

၂၀၂၁ခု နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီပေါ်ပေါက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ၂၀၂၁ခု နှစ် စက်တင်ဘာ ၇ ရက်မှာ အကြမ်းဖက် စစ်တပ်ကို ခုခံ တော်လှန်စစ်များစတင်ရန် အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။

========================

📌📌သင်္ကြန် အတွင်း NUG ဘွန်းဝယ်ယူကာ ထောက်ပို့တပ်ဝင်ရန်နဲ့ နှစ်ဆန်းတစ်ရက်နေ့တွင် သံပုံးတီးသပိတ်ဆင်နွှဲရန် ကိုနေဘုန်းလတ်တိုက်တွန်း

သင်္ကြန် အတွင်း NUG ဘွန်းဝယ်ယူကာ ထောက်ပို့တပ်ဝင်ရန်နဲ့ နှစ်ဆန်းတစ်ရက်နေ့တွင် သံပုံးတီးသပိတ်ဆင်နွှဲရန် ဧပြီ ၉ ရက်နေ့မှာ သဃ်န်းကျွန်းအမတ်ဟောင်း ကိုနေဘုန်းလတ်က ၄င်းလူမှုကွန်ရက်ကနေ ရေးသားပြောကြားလိုက်ပါတယ်။

"သင်္ကြန်အကြိုနေ့နဲ့ အကျနေ့ (၁၃၊ ၁၄ ဧပြီ ၂၀၂၂) ကျဆုံးအာဇာနည်တွေ၊ အကျဉ်းကျ သူရဲကောင်းတွေ၊ PDF နဲ့ EROs စစ်သည်တော်တွေကို ဂုဏ်ပြုသောအားဖြင့် လေးစားသောအားဖြင့် တနည်းနည်းနဲ့ ထောက်ပံ့ ကူညီပံ့ပိုးတဲ့ လှုပ်ရှားမှုကြီးကို တနိုင်ငံလုံး ပြည်သူတွေ ဆင်နွှဲကြမယ်။ ဘယ်လိုကူမလဲဆိုရင် NUG Bond ဝယ်ကြမယ်။ PRF ထောက်ပို့တပ်ဝင်ကြမယ်။ယုံကြည်စိတ်ချရတဲ့ နီးစပ်ရာ PDF တွေ၊ LDF တွေကို လှူကြမယ်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ၁၇ ရက်​နေ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်တဲ့နေ့ဖြစ်တာကြောင့် သင်္ကြန်ရိုးရာနဲ့အညီ "သံပုံးတီးသပိတ်" ကို တနိုင်ငံလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဆင်နွှဲသွားကြမယ်။ သံပုံးတီးသံက မကောင်းဆိုးဝါးတွေ၊ ဖက်ဆစ်မိစ္ဆာတွေကို မောင်းထုတ်ခြင်း၊ တောထုတ်ခြင်းပါပဲ"လို့ဆိုထားပါတယ်။ စကစတပ်များဟာ သင်္ကြန်ပွဲတော်ကိုကျင်းပရင်း မြန်မာနိုင်ငံဟာ တည်ငြိမ်ကြောင်းပြသဖို့ လုပ်ဆောင်နေလျက်ရှိပါတယ်။

========================

📌📌စကစရဲ့ ပြည်ထဲရေးသင်္ကြန် စည်ကားစေရေး မဏ္ဍပ်သို့ ရဲအင်အားအကုန်သုံး၍ မပျက်မကွက်တက်ရန် ညွှန်ကြားစာပေါက်ကြား

စကစရဲ့ ပြည်ထဲရေးသင်္ကြန် စည်ကားစေရေး မဏ္ဍပ်သို့ ရဲအင်အားအကုန်သုံး၍ မပျက်မကွက်တက်ရန် ညွှန်ကြားစာပေါက်ကြားခဲ့တယ်လို့သတင်းရရှိပါတယ်။ တပ်တွင်းဖရဲသီး၏ ရုံးစာပေးပို့သတင်းပေးချက်အရ စစ်ကောင်စီပြည်ထဲရေးသင်္ကြန်အား စည်ကားစေရေး ဝန်ကြီးဌာနလက်အောက် ဌာနအသီးသီးရှိ အရာရှိများအားမဏ္ဍပ်တွင်ကြီးကြပ်ရန် စာရင်းတောင်းခံလျက်ရှိပြီး နေ့ရက်အလိုက် အလှည့်ကျ မပျက်မကွက် သွားရောက်ရန် ညွှန်ကြားလျှက်ရှိကြောင်းသိရပါတယ်။

အဆိုပါစာတွင်စကစ ပြည်ထဲရေးဝန်ကြီးဌာန၊ မိသားစုမဟာသင်္ကြန်ပွဲတော်အား (၁၃.၄.၂၀၂၂) ရက်နေ့မှ (၁၆.၄.၂၀၂၂) ရက်နေ့အထိ ယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းအင်အားများဖြင့် မပျက်မကွက် (မပျက်မကွက်) နေ့စဉ်အလှည့်ကျလာရောက်ကြည့်ရှု အားပေးနိုင်ရေးနှင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေး စနစ်တကျစီစဉ်ဆောင်ရွက်သွားရန်၊ သတ်မှတ်အင်အားအပြည့်ဖြင့် သွားရောက်ကြည့်ရှု အားပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ တက်ရောက်ရန်နှင့် နေ့ရက်အလိုက်ကြီးကြပ်မည့် အရာရှိများ၏ အမည်စာရင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့အား ပြန်လည်တင်ပြရန် ဟူ၍ဖော်ပြ ပါရှိပါတယ်။ လက်ရှိမှာ စကစရဲ့ သင်္ကြန်ပွဲတော်ကို ပြည်သူများမပါဝင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကနှိုးဆော်ထားပါတယ်။

========================

📌📌ထိုင်းက မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်ကို ပြည်ပရောက်မြန်မာနိုင်ငံသားတွေ လက်မခံ

မနေ့က ဧပြီလ ၈ ရက်နေ့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်အဖွဲ့တွေကို ထောက်ခံပံ့ပိုးတာတွေ မပြုလုပ်ဖို့ အကြမ်းဖက် စစ်အုပ်စုလက်အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက် ထွက်လာပြီးနောက် ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းကြားမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ မတရားအာဏာသိမ်းယူပြီးပြည်သူတွေကို နှိပ်စက်အကြမ်းဖက်နေတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို လက်ခံစရာ လုံးဝမရှိဘူးလို့ ပြည်ပရောက် မြန်မာနိုင်ငံသား တစ်ဦးက DNA ကို ပြောပါတယ်။

စစ်အုပ်စုကတော့ အဲဒီလုပ်ရပ်တွေလုပ်ပါက "အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ (၂၃/၂၀၁၄)၊ အခန်း (၁၂) ပါအကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မူဆိုင်ရာ ပြစ်မှုများအားတားဆီးနှိမ်နှင်းခြင်း" အရ အကြမ်းဖက်ပြစ်မှုနဲ့ ငြိစွန်းမယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုကပြည်သူတွေထောက်ခံအားပေးတဲ့ CRPH၊ NUG နဲ့ PDF တွေကို အကြမ်းဖက်အဖွဲ့တွေ အနေနဲ့ ရည်ညွှန်းထုတ်ပြန်ထားတာပါ။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment