သတင်းခေါင်းစဉ်များ -
📌အမေရိကန်နိုင်ငံခြားဝန်ကြီးဌာန အထူးအကြံပေး Mr. Chollet နဲ့လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းတို့တွေ့ဆုံဆွေးနွေး
📌အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာ မြန်မာကျပ်ငွေ တန်ဖိုးကျသည့်အတွက် အဆိုးသက်ရောက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်စစ်တမ်းကိုမြန်မာ့စီးပွားရေးလုပ်ငန်း၅၇ရာခိုင်နှုန်းက ဖြေဆို
📌စစ်ကောင်စီတပ်များ မကွေးတိုင်း အနောက်ဘက်ကို ထိုးစစ် စတင်နေကာ လေယာဥ်များနဲ့ပစ်ခတ်၍ ရွာပေါင်း၅ရွာမှ လူဦးရေ ရာနဲ့ချီထွက်ပြေးတိမ်းရှောင်နေရ
📌သင်္ကြန်ပိတ်ရက် နေရပ်ပြန်တဲ့ အဝေးပြေးကားများကို စကစတပ်ဖွဲ့များငွေညှစ်တောင်းခံ
📌ကရင်နီဒေသ ဒေါညေးခူတိုက်ပွဲအပြီး KNDFကနယ်မြေရှင်းလင်းရာ စကစတပ်က သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတစ်လောင်းတွေ့ရှိ
📌ဘုတလင်မြို့နယ် ကူတော်ရဲစခန်းယမန်နေ့ညကတိုက်ခိုက်ခံရ
📌သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ သစ်ခွဲသားတွေကိုထုတ်လုပ်ပေးနေတဲ့ မုံရွာက မြန်မာ့သစ်လုပ်ငန်း မိုင်းနှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်
📌၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်အတွင်းသေဆုံးခဲ့ရတဲ့အရပ်သားဦးရေဟာ စုစုပေါင်း ၂,၃၄၅ ဦး ထက်မနည်း ရှိခဲ့
📌အလုံတပ်မြို့ (နမခ) နှင့် ဘုတလင်မြို့နယ်ကြား အဝေးပြေးကားလမ်းပိုင်းတွင် စကစတပ်များနှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခံရကာ စစ်ကားလေးစီးပျက်စီးပြီး ထိခိုက်သေဆုံးများနိုင်
📌ကလေးမြို့ အင်ဒိုင်းကုန်းရပ်ကွက်ထဲ စကစတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ရာ စကစလက်နက်ကြီးများ မြို့ထဲကျရောက် ပေါက်ကွဲ
📌မင်္ဂလာဒုံလေတပ်စခန်းမှလိုင်းခန်း ပစ်ခတ်တိုက်ခိုက်ခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမေရိကန်နိုင်ငံခြားဝန်ကြီးဌာန အထူးအကြံပေး Mr. Chollet နဲ့လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းတို့တွေ့ဆုံဆွေးနွေး
အမေရိကန်နိုင်ငံခြားဝန်ကြီးဌာန အထူးအကြံပေး Mr. Chollet နဲ့လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းတို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဧပြီ၉ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။
"အမေရိကန်နိုင်ငံခြားဝန်ကြီးဌာန အထူးအကြံပေး Mr. Chollet နဲ့ တွေ့ဆုံပြီး ဆွေးနွေးရာမှာ မြန်မာနိုင်ငံဒီမိုကရေးအတွက် ပိုမိုကူညီလုပ်ဆောင်မယ့်အကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်ကျူးလွန်မှုတွေအပေါ် တရားမျှတမှုဖော်ဆောင်နိုင်ဖို့ မြန်မာပြည်သူတွေအတွက် ကြိုးပမ်းသွားမယ့်အကြောင်း တင်ပြသွားပါတယ်။သတင်းကောင်းတွေ ထပ်မံကြားကြရမှာပါ"လို့ဝန်ကြီးကဆိုပါတယ်။
အမေရိကန် နိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာရောက်ရှိနေပြီးတော့ မြန်မာနိုင်ငံ အရေးမှာ ကူညီဆောင်ရွက်နိုင်မဲ့အကြောင်းအရာများကို အသားပေးဆွေးနွေးလျက်ရှိတယ်လို့သိရပါတယ်။
========================
📌📌အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာ မြန်မာကျပ်ငွေ တန်ဖိုးကျသည့်အတွက် အဆိုးသက်ရောက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်စစ်တမ်းကိုမြန်မာ့စီးပွားရေးလုပ်ငန်း၅၇ရာခိုင်နှုန်းက ဖြေဆို
အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာ မြန်မာကျပ်ငွေ တန်ဖိုးကျသည့်အတွက် လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အဆိုးသက်ရောက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်စစ်တမ်းကိုမြန်မာ့စီးပွားရေးလုပ်ငန်း၅၇ရာခိုင်နှုန်းက ဖြေဆိုခဲ့တယ်လို့ ဧပြီလအတွင်းမှာ ကမ္ဘာ့ဘဏ်စစ်တမ်းများ ထုတ်ပြန်ချက်အရသိရပါတယ်။
၄င်းစစ်တမ်းအား ကမ္ဘာ့ဘဏ်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူသည့် စီးပွားရေးလုပ်ငန်းများ စစ်တမ်း ဖြစ်ပြီးတော့လာမည့် သုံးလအတွင်း လုပ်ငန်း အပြီးပိတ်သိမ်းသွားမည်ဟု စစ်တမ်းတွင် ဖြေဆိုကြသည့် လုပ်ငန်းများ၏ ပမာဏမှာ ၃ %ရှိတယ်လို့သိရပါတယ်။
ဒီဇင်ဘာ ၂၀၂၁ တွင် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာ မြန်မာကျပ်ငွေ တန်ဖိုးကျသည့်အတွက် လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အဆိုးသက်ရောက်ခဲ့ကြောင်း စစ်တမ်းကောက်ယူရာတွင် အဖြေပေးခဲ့သည့် လုပ်ငန်းများ၏ အရေအတွက် ရာခိုင်နှုန်းမှာ ၅၇% ရှိခဲ့ပါတယ်။
လက်ရှိမှာ စကစထောက်ခံတဲ့ လုပ်ငန်းရှင်များပါ စကစရဲ့ မူဝါဒအပြောင်းအလဲကြောင့် ပိုင်ဆိုင်မှုများထိခိုက်နစ်နာဆုံးရှုံးလျက်ရှိတယ်လို့စုံစမ်းသိရှိရပါတယ်။
========================
📌📌စစ်ကောင်စီတပ်များ မကွေးတိုင်း အနောက်ဘက်ကို ထိုးစစ် စတင်နေကာ လေယာဥ်များနဲ့ပစ်ခတ်၍ ရွာပေါင်း၅ရွာမှ လူဦးရေ ရာနဲ့ချီထွက်ပြေးတိမ်းရှောင်နေရ
ဧပြီ၉ရက်နေ့မှာ စကစတပ်များရဲ့ မွှေနှောက်သောင်းကျန်းမှုများနှင့်အတူ မကွေးတိုင်း အနောက်ဘက်ကို ထိုးစစ် စတင်နေကာ လေယာဥ်များနဲ့ပစ်ခတ်၍ ရွာပေါင်း၅ရွာမှ လူဦးရေ ရာနဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့မကွေးလူထုတိုက်ပွဲကော်မတီကဆိုပါတယ်။
ဧပြီလ (၅)ရက်ကတည်းက ထိုးစစ် စတင်ခဲ့တာ ဖြစ်ပြီး ဧပြီလ (၆)ရက် နံနက်(၉)နာရီမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲများ ဆက်တိုက် ဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ လူအင်အား (၆၀၀)ကျော်ရှိတဲ့ သာလွန် အင်အား သုံးပြီးတော့ ထိုးစစ် ဆင်ခဲ့ကြရုံသာမက စစ်ရဟတ်ယာဥ် (၂)စီး၊ ဂျက်ဖိုက်တာ(၁)စီးနဲ့ မြေပြင် လက်နက်ကြီးတွေ သုံးပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေမှာ အကြမ်းဖက် စစ်အုပ်စုဟာ ဒေသခံ ကျေးလက်နေပြည်သူတွေ နေထိုင်တဲ့ စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းရွာရဲ့ အနောက်ဖက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ငဖဲမြို့နယ်အတွင်းက ခါကျင်ရွာနဲ့ ရှစ်ခုရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
တစ်ဆက်တည်းမှာပဲ အနီးဝန်းကျင်ကျေးရွာ (၅)ခု က စစ်ရှောင်မိသားစု (၁၅၀)ကျော်တို့ စစ်ဘေးသင့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
========================
📌📌သင်္ကြန်ပိတ်ရက် နေရပ်ပြန်တဲ့ အဝေးပြေးကားများကို စကစတပ်ဖွဲ့များငွေညှစ်တောင်းခံ
သင်္ကြန်ပိတ်ရက် နေရပ်ပြန်တဲ့ အဝေးပြေးကားများကို စကစတပ်ဖွဲ့များငွေညှစ်တောင်းခံတယ်လို့ စုံစမ်းသိရပါတယ်။ အများစုဟာ ဒဂုံဧရာအဝေးပြေးကွင်းကထွက်တဲ့ ရန်ကုန် ပုသိမ် ပြန် အဝေးပြေးကားများကို စစ်ဆေးသယောင်နဲ့ ငွေကြေးတောင်းခံမှုတွေရှိတယ်လို့ အမည်မဖော်တဲ့ခရီးသည်အချို့က ဆိုပါတယ်။
"ဘာလိုက်ရှာလို့ရှာမှန်းမသိဘူး။ဘာမှမတွေ့လည်းဆဲတယ်။အလိုက်တသိနဲ့ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက်က ပိုက်ဆံထုတ်ပေးလိုက်ရင် သိပ်မစစ်ဘူးမောင်းတာပဲ။တွေ့တာတော့ တဂိတ်ရောက်ရင် တစ်ခါပေးရတယ်"လို့ဆိုပါတာ်။
ယင်းဖြစ်စဥ်ဟာ ဧပြီလအတွင်းမှာဖြစ်နေပြီးတော့ စကစတပ်များ စစ်ဆေးရေးဂိတ် ငွေတောင်းခံရန် အကြောင်းပြရှာဖွေမှုများကြောင့်ရာနဲ့ချီတဲ့ကားများ ပုသိမ်-ရန်ကုန်ကားလမ်းမတလျှောက်ပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
========================
📌📌ကရင်နီဒေသ ဒေါညေးခူတိုက်ပွဲအပြီး KNDFကနယ်မြေရှင်းလင်းရာ စကစတပ်က သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတစ်လောင်းတွေ့ရှိ
ကရင်နီဒေသဒေါညေးခူတိုက်ပွဲအပြီး KNDFကနယ်မြေရှင်းလင်းရာ စကစတပ်က သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတစ်လောင်းတွေ့ရှိခဲ့တာ်လို့ဧပြီ၉ရက်နေ့မှာ ရုပ်အလောင်းတွေ့ရှိတယ်လို့ KNDF B-04ကထုတ်ပြန်ပါတယ်။
"ဒေါညေးခူတိုက်ပွဲအပြီး ယနေ့နံနက်စောစော KNDF B-04 မှ နယ်မြေရှင်းလင်းရာတွင် အလောင်းတစ်လောင်းတွေ့ရှိရကြောင်း ကနဦးသတင်းရရှိပါပါတာ်။ထိုသူသည် ၆ ရက်နေ့ကတည်းက အဖမ်းခံရသည်ဟုသိရပြီး မည်သူမည်ဝါ အတည်မပြုနိုင်သေးပါဘူး"လို့ဆိုပါတယ်။
စကစတပ်များဟာ မကြာခဏအရပ်သားများကိုဖမ်းဆီးသတ်ဖြတ်လေ့ရှိပြီးတော့ ကရင်နီဒေသတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုလည်း ကျူးလွန်ခဲ့ပါတယ်။
========================
📌📌ဘုတလင်မြို့နယ် ကူတော်ရဲစခန်းယမန်နေ့ညကတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကကူတော်ရဲစခန်းယမန်နေ့ညက တိုက်ခိုက်ခံရတယ်လို့ သတင်းရရှိပါတယ်။ ဧပြီ၈ရက်နေ့ ည၉နာရီ၂၀အချိန်ဘုတလင်နယ် ကူတော်ရဲစခန်းကို ဒေသခံ ကာကွယ်ရေးတပ်တွေကတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများကဆိုပါတယ်။
လတ်တလောမှာ ထိခိုက်သေဆုံးမှုအခြေအနေကိုအတည်ပြုနေဆဲ ဖြစ်ပါတယ်။ ဘုတလင်မြို့နယ်ဟာ စကစတပ်များ အခြေစိုက်ထားရာ မြို့နယ်လည်းဖြစ်ကာမြို့နယ်အတွင်း မကြာခဏတိုက်ခိုက်ခံရပါတယ်။
========================
📌📌သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ သစ်ခွဲသားတွေကိုထုတ်လုပ်ပေးနေတဲ့ မုံရွာက မြန်မာ့သစ်လုပ်ငန်း မိုင်းနှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်
သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ လိုအပ်တဲ့ သစ်ခွဲသားတွေကိုထုတ်လုပ်ပေးနေတဲ့ မုံရွာက မြန်မာ့သစ်လုပ်ငန်း မိုင်းနှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ၈ရက် နေ့ညပိုင်းမှာ မြန်မာ့သစ်လုပ်ငန်း(မုံရွာ)ကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့တယ်လို့ Demicratic Guerrilla Forceကဆိုပါတယ်။
"ယခုရက်ပိုင်းမှာ မြို့တော်မုံရွာနှင့် အခြားမြို့နယ်တွေအတွက် သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ လိုအပ်တဲ့ သစ်ခွဲသားတွေကို နေ့နေ့ညည စက်ရုံလည်ပတ်ပြီး အလောတကြီး ထုတ်လုပ်ပေးနေပါတယ်။ ဒါကြောင့် ယနေ့ ညဦးပိုင်းမှာ DGF(Monywa) က စကစထောက်တိုင် မြန်မာ့သစ်လုပ်ငန်း(မုံရွာ)ကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ထားပါတယ်။ အိုးဘိုေထာင်ရပ်ရှိ အမှတ်(၁)သစ်ပါးလွှာစက်ရုံ (မုံရွာ)စက်ရုံ မီးလိုင်းနှစ်လိုင်း ဖြတ်တောက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
========================
📌📌၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်အတွင်းသေဆုံးခဲ့ရတဲ့အရပ်သားဦးရေဟာ စုစုပေါင်း ၂,၃၄၅ ဦး ထက်မနည်း ရှိခဲ့
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်အတွင်းသေဆုံးခဲ့ရတဲ့အရပ်သားဦးရေဟာ စုစုပေါင်း ၂,၃၄၅ ဦး ထက်မနည်း ရှိခဲ့တယ်လို့နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေနဲ့ ISP-Myanmar က စုဆောင်းထားတဲ့ အချက်အလက်တွေအရသိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတို့မှာအရပ်သား အများဆုံးသေဆုံးခဲ့ပြီးတော့ စုစုပေါင်း သေဆုံးခဲ့ရတဲ့ အရေအတွက်ရဲ့ ၆၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း အရပ်သားသေဆုံးမှု စုစုပေါင်း ၂၈၀ ဦး ထက်မနည်းရှိခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ အရပ်သားသေဆုံးမှုအများဆုံးရှိခဲ့တဲ့ နေရာ ငါးခုဟာ တိုင်းဒေသကြီး တွေဖြစ်ကြပါတယ်။
========================
📌📌အလုံတပ်မြို့ (နမခ) နှင့် ဘုတလင်မြို့နယ်ကြား အဝေးပြေးကားလမ်းပိုင်းတွင် စကစတပ်များနှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခံရကာ စစ်ကားလေးစီးပျက်စီးပြီး ထိခိုက်သေဆုံးများနိုင်
ဧပြီ၉ရက်နေ့ နံနက် ၀၁နာရီ၃၀အချိန်တွင်တစ်ကြိမ်၊ ၀၃:၂၅နာရီတွင်တစ်ကြိမ် အလုံတပ်မြို့ (နမခ) နှင့် ဘုတလင်မြို့နယ်ကြား အဝေးပြေးကားလမ်းပိုင်းတွင် စကစတပ်များနှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခံရကာ စစ်ကားလေးစီးပျက်စီးပြီး ထိခိုက်သေဆုံးများနိုင်တယ်လို့ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့အောက်ချင်းတွင်းအဖွဲ့ကဆိုပါတယ်။
တိုက်ခိုက် မှုကိုDGF(အောက်ချင်းတွင်း) - ဘုတလင်တပ်ဖွဲ့နှင့်အတူ Anonymous Hero Guerrilla Force၊ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ထိခိုက်သေဆုံးများနိုင်ပါတယ်"လို့သိရပါတယ်။
========================
📌📌ကလေးမြို့ အင်ဒိုင်းကုန်းရပ်ကွက်ထဲ စကစတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ရာ စကစလက်နက်ကြီးများ မြို့ထဲကျရောက် ပေါက်ကွဲ
ဧပြီ၉ရက် မနက်၁၀နါရီမှ စတင်ကာ စစ်ကိုင်းတိုင်း ကလေးမြို့ အင်ဒိုင်းကုန်းရပ်ကွက်ထဲ စကစတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ရာ စကစလက်နက်ကြီးများ မြို့ထဲကျရောက်ပေါက်ကွဲခဲ့တယ်လို့ သတင်းရရှိပါတယ်။
ယင်းနောက်တောင်ဖီလာတောင်ကနေ စစ်ကောင်စီတပ်များက လက်နက်ကြီးနဲ့ ရပ်ကွက်ထဲသို့ ၂ ကြိမ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ မနက် ၁၁ နာရီတွင် သေနတ်ပစ်သံများ ယာယီရပ်ဆိုင်းသွားခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌မင်္ဂလာဒုံလေတပ်စခန်းမှလိုင်းခန်း ပစ်ခတ်တိုက်ခိုက်ခံရ
ဧပြီ၉ရက် မနက် မနက်ခုနစ်နာရီထိုးခါနီး မှာမင်္ဂလာဒုံလေတပ်စခန်းမှလိုင်းခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ပေါက်ကွဲမှုများ ဆက်တိုက်ကြားရ တယ်လို့ ဒေသခံများဆီက သိရှိရပါတယ်။ "လိုင်းခန်းကို ထိလားမထိလားတော့မသိဘူး။အဲဒီနားမှာ စစ်ကားတွေရောက်နေတယ်။လမ်းတချို့တောင်ပိတ်ထားတယ်"လို့ဒေသခံတစ်ဦးကအတည်ပြုပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းလုပ်ဆောင်တယ်ဆိုတော့လတ်တလောမသိရသေးပါဘူး။ ဒါ့အပြင် ညနေ၆နာရီမှောင်ရိပ်ပျိုးချိန်တွင် အရပ်သားများ တပ်စခန်းနားကပ်ပါက ပစ်မိန့်ပေးထားကြောင်း သတင်းများလည်းထွက်ပေါ်လျက်ရှိပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment