18th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူ့အိုးအိမ်များကို တော်လှန်ရေးအောင်မြင်ပြီးတာနဲ့တစ်ပြိုင်နက် ပြန်လည်တည်ဆောက်ပေးမှာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကတိပြုပြောကြား
📌စစ်ကောင်စီရဲ့ထိန်းချုပ်နယ်မြေ တစ်နိုင်ငံလုံးရဲ့ တဝက်စွန်းစွန်းသာကျန်ရှိတော့တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ပြည်သူလူထုကိုအသိပေးပြောကြား
📌စစ်ကောင်စီက အပျော်သင်္ကြန်ဖြစ်အောင်လုပ်ဆောင်ခဲ့သော်လည်း ပြည်သူအများစုက တော်လှန်သင်္ကြန်အဖြစ် ကမ္ဘာသိအောင် ဖော်ထုတ်ပြသနိုင်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်နာယကမှတ်ချက်ပြု
📌ခမရ ၂၆၆ မှ ဗိုလ်ကြီးဝဏ္ဍဖြိုးဆိုင်ကယ်ကို အခြားသူမောင်းနှင်လာစဥ် တမူး CDM ရဲကသိမ်း
📌CDM ၀င်ထားတဲ့ ရဲတပ်ဖွဲ့၀င်များအား ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KPS) တွင် လာရောက်တာ၀န်ထမ်းဆောင်ရန် ဖိတ်ခေါ်
📌နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုညီညီလွင်၏ နေအိမ်အား စစ်တပ်နှင့် ရဲမှ ကား ၇ စီးဖြင့်လာရောက် တင်ဆောင်သိမ်းယူခဲ့
📌ထားဝယ်ဘက်မှ ဆင်းလာသော စစ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မိုင်းဆွဲ တိုက်ခိုက်ရာ စကစတပ်ကပွဲချင်းပြီးနှစ်ဦးသေ
📌ကျားဖြူတပ်ခွဲ ၁ အားနှစ်သစ်ကူး လက်ဆောင်အ​ဖြစ်အလှူရှင်များက M16 A1 တစ်လက်နှင့် ကျည်ဆံအတောင့် ၂၀၀ ကူညီထောက်ပံ့

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူ့အိုးအိမ်များကို တော်လှန်ရေးအောင်မြင်ပြီးတာနဲ့တစ်ပြိုင်နက် ပြန်လည်တည်ဆောက်ပေးမှာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကတိပြုပြောကြား

မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူ့အိုးအိမ်များကို တော်လှန်ရေးအောင်မြင်ပြီးတာနဲ့တစ်ပြိုင်နက် ပြန်လည်တည်ဆောက်ပေးမှာဖြစ်တယ်လို့ ဧပြီ ၁၈ ရက် နံနက် ၁၀ နာရီမှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး"မှာအမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ကတိပြုပြောကြားလိုက်ပါတယ်။

" AAPP ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ စစ်တပ်က ပစ်သတ်လို့ အရပ်သား ၁၇၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ ပြည်သူလူထု ၁၀၀၀၀ ကျော်ရှိခဲ့ပါတယ်။ ပြည်သူလူထုရဲ့အိုးအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာ ၉၀၀၀ ကျော်ပါတယ်။ ပြည်သူလူထုရဲ့ ဆုံးရှုံးနစ်နာမှုများကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရမယ်လို့မူဝါဒ ချမှတ်ပေးထားပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာ စကစတပ်များဟာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်၊ ကရင်နီဒေသတို့မှာ အရပ်သားနေအိမ်များကို မီးရှိူ့ဖိက်ဆီးခြင်းနဲ့ အိမ်ခြေဒေါက်တိုင်များဖြုတ်ပစ်ခြင်း၊ အကာအရံများဖြိုချပစ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပါတယ်။

========================

📌📌စစ်ကောင်စီရဲ့ထိန်းချုပ်နယ်မြေ တစ်နိုင်ငံလုံးရဲ့ တဝက်စွန်းစွန်းသာကျန်ရှိတော့တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ပြည်သူလူထုကိုအသိပေးပြောကြား

ဧပြီ ၁၈ ရက် နံနက် ၁၀ နာရီကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စစ်ကောင်စီရဲ့ထိန်းချုပ်နယ်မြေတစ်နိုင်ငံလုံးရဲ့ တဝက်စွန်းစွန်းသာကျန်ရှိတော့တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ပြည်သူလူထုကိုအသိပေးပြောကြားလိုက်ပါတယ်။

"ယခုအခါ တန်းတူညီမျှရေး ဖက်ဒရယ်ရေးနဲ့ စ်အာဏာရှင်နဲ့ လူမျိုးကြီးဝါဒ ဆန့်ကျင်ရေးအတွက် နှစ်ပေါင်းများစွာလက်နက် ကိုင်တော်လှန်လျက်ရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ အသစ်ပါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်များ လက်တွဲညီညီပူးပေါင်းဆောင်ရွက် နိုင်ကြပြီဖြစ်ပါတယ်။ အခုဆိုရင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ မဟာမိတ်များက နယ်မြေများစိုးမိုးထားနိုင်ပြီဖြစ်ပါတယ်။

လက်ရှိ နယ်မြေစိုးမိုးနိုင်မှုမှာ တစ်နိုင်ငံလုံးရဲ့ဧရိယာ ၅၀ ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ပါတယ်။

========================

📌📌စစ်ကောင်စီက အပျော်သင်္ကြန်ဖြစ်အောင်လုပ်ဆောင်ခဲ့သော်လည်း ပြည်သူအများစုက တော်လှန်သင်္ကြန်အဖြစ် ကမ္ဘာသိအောင် ဖော်ထုတ်ပြသနိုင်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်နာယကမှတ်ချက်ပြု

စစ်ကောင်စီက အပျော်သင်္ကြန်ဖြစ်အောင်လုပ်ဆောင်ခဲ့သော်လည်း ပြည်သူအများစုကတော်လှန်သင်္ကြန်အဖြစ် ကမ္ဘာသိအောင် ဖော်ထုတ်ပြသနိုင်ခဲ့တယ်လို့ ဧပြီ ၁၈ ရက် နံနက် ၁၀ နာရီကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး"မှာ ပြည်ထောင်စုလွှတ်နာယက ဦးအောင်ကြည်ညွန့်ကမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

"နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းသယောင် နိုင်ငံတကာနဲ့ပြည်သူလူထုကို လိမ်လည်လှည့်စားလိုတဲ့ စစ်ကောင်စီဟာ ငွေကြေးများစွာအကုန်အကျခံပြီး အ​ပျော်သင်္ကြန်ဖြစ်အောင်ကြံဆောင်ခဲ့ပေမဲ့ မိမိတို့ပြည်သူအများစု ပါဝင်ဆင်နွှဲခြင်းမရှိဘဲ တော်လှန်သင်္ကြန်အဖြစ် ကမ္ဘာသိအောင်ဖော်ထုတ်ပြသခဲ့ကြပါတယ်။ ပြည်သူများရဲ့လိုလားပြင်းပြတဲ့ ဆန္ဒနဲ့လက်တွဲညီညီဆောင်ရွက်မှုတွေကြောင့် တော်လှန်ရေဟာ မုချအောင်မြင်မယ်ဆိုတာယုံကြည်ပါတယ်"လို့ ဆိုပါတယ်။

ဧပြီ ၁၃ ရက်နေ့ စတင်ကျင်းပတဲ့ စကစရဲ့ ရန်ကုန်မြို့တော်ခန်းမ ဗဟိုမဏ္ဍပ်မှာ ဖောကားသုံးစီးနဲ့ဟိုက်ဂျက်ကားများသာ လှည့်ပတ် မောင်းနှင်ခဲ့ပြီး သင်္ကြန်ရေကစားရန် နေ့စားခများပေး၍ လူအချို့ကိုခေါ်ယူခဲ့ပါတယ်။

========================

📌📌ခမရ ၂၆၆ မှ ဗိုလ်ကြီးဝဏ္ဍဖြိုးဆိုင်ကယ်ကို အခြားသူမောင်းနှင်လာစဥ် တမူး CDM ရဲကသိမ်း

ဧပြီ ၁၇ ရက်နေ့ တမူးမြို့ နန်းဖာလုံစျေးလမ်းဆုံတွင် Fighter Police CDM Tamu က စစ်ဆေးနေစဥ် ခမရ ၂၆၆ မှ ဗိုလ်ကြီးဝဏ္ဍဖြိုးဆိုင်ကယ်ကို အခြားသူမောင်းနှင်လာစဥ် တမူး CDM ရဲကသိမ်းဆည်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဆိုင်ကယ်အမျိုးအစားမှာ Apache အမျိုးအစားဖြစ်ကာ မောင်းနှင်လာသူများကို စစ်ဆေး၍ သိမ်းယူခဲ့တယ်လို့သိရပါတယ်။ နောင်တွင်လည်း စကစတပ်နဲ့ပတ်သတ်တဲ့ မည်သည့်အရာမဆို သိမ်းဆည်းသွားမှာဖြစ်ကြောင်း Fighter Police CDM Tamu ကထုတ်ပြန်ပါတယ်။

========================

📌📌CDM ၀င်ထားတဲ့ ရဲတပ်ဖွဲ့၀င်များအား ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KPS) တွင် လာရောက်တာ၀န်ထမ်းဆောင်ရန် ဖိတ်ခေါ်

CDM ၀င်ထားတဲ့ ရဲတပ်ဖွဲ့၀င်များအား ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KPS) တွင် လာရောက်တာ၀န်ထမ်းဆောင်ရန် ဧပြီလအတွင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) ကဖိတ်ခေါ် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

"CDM ၀င်ထားတဲ့ ရဲတပ်ဖွဲ့၀င်အားလုံးကို NUG အစိုးရ၊ ပြည်ထဲရေးနှင့်လူ၀င်မှု့ကြီးကြပ်ရေး၀န်ကြီးဌာနအောက်ရှိ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) တွင် လာရောက်တာ၀န်ထမ်းဆောင်ရန် ကမ်းလှမ်းပါတယ်"လို့ဆိုထားပါတယ်။ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KPS) အနေနဲ့ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၂၅ မှု နှင့် သက်ငယ်မုဒိန်းမှု ၁ မှု စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

========================

📌📌နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုညီညီလွင်၏ နေအိမ်အား စစ်တပ်နှင့် ရဲမှ ကား ၇ စီးဖြင့်လာရောက် တင်ဆောင်သိမ်းယူခဲ့

"နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုညီညီလွင် ကော့ကရိတ်မြို့လုံးဆိုင်ရာအထွေထွေသပိတ်စစ်ကြောင်း ဦးဆောင်ခဲ့သူရဲ့ နေအိမ် ချိတ်ပိတ်ခံရ​ ပြီးနောက် ၁၆.၄.၂၀၂၂ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေများမှ ကိုညီညီလွင်၏ နေအိမ်တွင်း ပစ္စည်းများအပါအ၀င် အိမ်ဆောက်ပစ္စည်းဆိုင်မှ ပစ္စည်းများ သိန်း ၃၀၀ ကျော်ဖိုးခန့်ကို စစ်တပ် ရဲမှ ကား ၇ စီးဖြင့်လာရောက် တင်ဆောင် သိမ်းယူခဲ့တယ်လို့ ဧပြီ ၁၇ ရက်တွင် ပန်းဘဲတန်းအမတ်ကို စည်သူမောင်ကထုတ်ပြန်ခဲ့ပါတယ်။

ထို့အပြင် နေအိမ်ကိုလည်း အနောက်ဖက်ခြံ၀န်းမှ ခိုးကြောင်ခိုးဝှက် ထပ်မံရိုက်ဖွင့် ဖောက်ထွင်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

========================

📌📌ထားဝယ်ဘက်မှ ဆင်းလာသော စစ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မိုင်းဆွဲ တိုက်ခိုက်ရာ စကစတပ်ကပွဲချင်းပြီးနှစ်ဦးသေ

ဧပြီ ၁၇ ရက် မွန်းလွဲ (၁၂) နာရီ (၄၅) မိနစ် ခန့်တွင် ထားဝယ်ဘက်မှ ဆင်းလာသော စစ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)ရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်ကပွဲချင်းပြီး နှစ်ဦးသေဆုံးပြီး တချို့ဒဏ်ရာပြင်းထန်ရခဲ့တယ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အထက်ပါ မိုင်းဆွဲမှုနှင့် ပတ်သက်၍ စကစများမှာ (၂၈၅) တပ်ရင်း တောင်ပေါ်တွင် PDF များရောက်ရှိနေပြီ အထင်ဖြင့် လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့လည်းသတင်းရရှိပါတယ်။

========================

📌📌ကျားဖြူတပ်ခွဲ ၁ အား နှစ်သစ်ကူး လက်ဆောင်အ​ဖြစ်အလှူရှင်များက M16 A1 တစ်လက်နှင့် ကျည်ဆံအတောင့် ၂၀၀ ကူညီထောက်ပံ့

ဧပြီလအတွင်းမှာ ကျားဖြူတပ်ခွဲ ၁ အား နှစ်သစ်ကူး လက်ဆောင်အ​ဖြစ်အလှူရှင်များက M16 A1 တစ်လက် နှင့် ကျည်ဆံအတောင့်၂၀၀ ကူညီထောက်ပံ့ခဲ့ မနန်းမိုးမိုးအား ကျေးဇူးအထူးပင်တင်ရှိပါတယ်"လို့ ကျားဖြူတပ်ခွဲ ၁ ကထုတ်ပြန်ထားပါတယ်။ လက်ရှိကရင်ပြည်နယ်မှာ ထိတွေ့တိုက်ပွဲများပြင်းထန်နေပြီးတော့ လက်နက်ခဲယမ်းလိုအပ်မှုနေ့စဥ်ရှိကြောင်းသိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment