သတင်းခေါင်းစဉ်များ -
📌ပြည်သူ့ဘဏ္ဍာငွေဖြစ်တဲ့ အမေရိကန်နိုင်ငံတွင် ထားရှိသော အရံဘဏ္ဍာငွေ ဒေါ်လာ (၁) ဘီလျံကို ပြည်သူလူထုအတွက် အသုံးပြုနိုင်ရေးကို အားစိုက် ဆောင်ရွက်လျက် ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကဆို
📌စစ်ကိုင်းတိုင်းထဲမှ မြို့နယ် ၃၆ မြို့နယ်တွင် ၂၈ မြို့နယ်ကို နယ်မြေစိုးမိုးထားကာ ၁၀ မြို့နယ်ကို ကြားကာလ အစီအစဥ်များအကောင်အထည်ဖော်ဆောင်နေပြီလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အသိပေးပြောကြား
📌PDF များကို လက်နက်တပ်ဆင်ပေးရာတွင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ရန်ပုံငွေ ၈၅ ရာခိုင်နှုန်းကိုအသုံးပြုနေ
📌ကိုရီးယားနိုင်ငံတွင် အထူးငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာကိုးသိန်းဖိုးအထိရောင်းချနိုင်ခဲ့ပြီးဖြစ်
📌ကာလတန်ဖိုး ကျပ်သိန်းကိုးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးခွက် ၃၈၆ ခွက် ကို ရွှေဘိုမြစ်ကြီးနားလမ်းပေါ် ကုဣိုကုန်းရွာအနီး ကောလင်းပကဖ ဖမ်းဆီးရမိ
📌ကရင်အမျိုးသားအစည်းအရုံးက ပထမဆုံးအကြိမ်အဖြစ်နဲ့ ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ နယ်မြေ ၅ ခုကို ထုတ်ပြန်လိုက်
📌ခလရ (၂၆၈) တပ်သားတစ်ဦး လက်နက်အပြည့်စုံဖြင့် CNDF ထံ အလင်းဝင်ရောက်၍ ဆုကြေးနဲ့အတူ လွတ်မြောက်နယ်မြေပို့ဆောင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်သူ့ဘဏ္ဍာငွေဖြစ်တဲ့ အမေရိကန်နိုင်ငံတွင် ထားရှိသော အရံဘဏ္ဍာငွေ ဒေါ်လာ (၁) ဘီလျံကို ပြည်သူလူထုအတွက် အသုံးပြုနိုင်ရေးကို အားစိုက် ဆောင်ရွက်လျက် ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကဆို
ပြည်သူ့ဘဏ္ဍာငွေဖြစ်တဲ့ အမေရိကန်နိုင်ငံတွင် ထားရှိသော အရံဘဏ္ဍာငွေ ဒေါ်လာ (၁) ဘီလျံကို ပြည်သူလူထုအတွက် အသုံးပြုနိုင်ရေးကို အားစိုက် ဆောင်ရွက်လျက် ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။
ဧပြီ ၁၈ ရက် နံနက် ၁၀ နာရီကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားခဲ့တာဖြစ်ပါတယ်။
"ပြည်သူလူထု၏ တော်လှန်ရေးအပေါ် ယုံကြည်စိတ်ဖြင့် ကူညီထောက်ပံ့မှုများကြောင့် နွေဦးထီမှစ၍ ငွေတိုက်စာချုပ်များ ရောင်းချခြင်းအပါအဝင် စီးပွားရေးလုပ်ငန်းများမှ အခွန်ငွေများ ပေးဆောင်ခြင်းကြောင့် ဘဏ္ဍာငွေများ ဒေါ်လာသန်းချီ၍ တော်လှန်ရေးအတွက် ရရှိအသုံးပြုနိုင်ခဲ့ပါတယ်။ ထို့အပြင် ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့် အမေရိကန်နိုင်ငံတွင် ထားရှိသည့် အရံဘဏ္ဍာငွေ ဒေါ်လာ (၁) ဘီလျံကို ပြည်သူလူထုအတွက် အသုံးပြုနိုင်ရေးကိုလည်း အားစိုက် ဆောင်ရွက်လျက် ရှိပါတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။
အဆိုပါအမေရိကန်နိုင်ငံမှာရှိတဲ့ ဒေါ်လာ ၁ ဘီလီယံ ရရှိပါက နွေဦးတော်လှန်ရေးအောင်မြင်မှုဟာ ကြီးမားတဲ့အပြောင်းအလဲဖြစ်သွားနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကထုတ်ဖော်ပြောကြားထားပါတယ်။
လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ ငွေတိုက်စာချုပ်များ ခုနစ်သောင်းကျော်ရောင်းချထားရပြီးတော့ အမေရိကန်ဒေါ်လာ ၃၃ မီလီယံ ရရှိထားပြီးဖြစ်ပါတယ်။
=======================
📌📌စစ်ကိုင်းတိုင်းထဲမှ မြို့နယ် ၃၆ မြို့နယ်တွင် ၂၈ မြို့နယ်ကို နယ်မြေစိုးမိုးထားကာ ၁၀ မြို့နယ်ကို ကြားကာလ အစီအစဥ်များအကောင်အထည်ဖော်ဆောင်နေပြီလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အသိပေးပြောကြား
စစ်ကိုင်းတိုင်းထဲမှ မြို့နယ် ၃၆ မြို့နယ်တွင် ၂၈ မြို့နယ်ကို နယ်မြေစိုးမိုးထားကာ ၁၀ မြို့နယ်ကို ကြားကာလ အစီအစဥ်များအကောင်အထည်ဖော်ဆောင်နေပြီလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကအသိပေးပြောကြားလိုက်ပါတယ်။
ဧပြီ ၁၈ ရက် နံနက် ၁၀ နာရီကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးဌာန တစ်နှစ်တာလုပ်ငန်းဆောင်တာများ အစီရင်ခံတင်ပြရှင်းလင်းရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အခါမှာ နယ်မြေစိုးမိုးရေးကိုဆောင်ရွက်နိုင်တဲ့ မြို့နယ် ၂၈ မြို့နယ်ရှိခဲ့ပါတယ်။ ဒီ၂၈ မြို့နယ်ထဲကမှ ကျနော်တို့ကနေပြီးတော့ ပထမဦးဆုံး စိုးမိုးထိန်းချုပ်နယ်မြေတွေကို ပိုင်းလော့အစီအစဥ်အဖြစ်အကောင်အထည်ဖော်ရာမှာ ၁၀ မြို့နယ်ရှိပါတယ်။ အဲဒီမြို့နယ်တွေက အင်းတော်၊ ကျွန်းလှ၊ ဝန်းသို၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ ကောလင်းတို့ဖြစ်ကြပါတယ်။ နောက်တိုးမြို့နယ်တွေအနေနဲ့လည်း စစ်ကိုင်းမှာရှိတဲ့ ၃၆ မြို့နယ်ထဲက နောက်ထပ် ၁၉ မြို့နယ်ကို ထိန်းချုပ်ထပ်တိုးထဲ တိုးလာဖို့ဆောင်ရွက်နေပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထံတင်ပြထားရာ အတည်ပြုပြဌာန်းပြီးတာနဲ့တပြိုင်နက် ရဲလုပ်ငန်းစဥ်များကို စတင်ဆောင်ရွက်မယ်လို့သိရပါတယ်။ လတ်တလောမှ စကစတပ်များ အကြမ်းဖက်လုပ်ဆောင်မှုများကို လူထုကတိုင်ကြားရာ တိုင်ကြားစာပေါင်း ၄၀၀ ကျော်ရရှိထားတယ်လို့သိရပါတယ်။
========================
📌📌PDF များကို လက်နက်တပ်ဆင်ပေးရာတွင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ရန်ပုံငွေ ၈၅ ရာခိုင်နှုန်းကိုအသုံးပြုနေ
PDF များကို လက်နက်တပ်ဆင်ပေးရာတွင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ရန်ပုံငွေ ၈၅ ရာခိုင်နှုန်းကိုအသုံးပြုနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကဆိုပါတယ်။ ဧပြီ ၁၈ ရက် နံနက် ၁၀ နာရီကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး"မှာ ဝန်ကြီးဌာန တနှစ်တာလုပ်ငန်းဆောင်တာများ အစီရင်ခံတင်ပြရှင်းလင်းရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"PDF များကို လက်နက်တပ်ဆင်ပေးနိုင်မှုအခြေအနေမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထားရှိတဲ့ ရန်ပုံငွေရဲ့ သုံးစွဲခွင့်ရတဲ့ရန်ပုံငွေရဲ့ ၈၅ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်ရေး အတွက်အသုံးပြုနေတာဖြစ်ပါတယ်။ လက်နက်တပ်ဆင်တဲ့နေရာမှာ မဟာမိတ်အဖွဲ့အစည်းများက မျှဝေပေးတဲ့ လက်နက်တချို့ ပါဝင်တယ်ဆိုတာလည်းပဲ ကျနော့်အနေနဲ့အစီရင်ခံလိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ညီနောင် များတပ်ရင်း ၂၅၇ ရင်းဖွဲ့စည်းပြီးဖြစ်ကာ ၁၀၁ ရင်းကို MOD ကစီစစ်အတည်ပြုပြီးဖြစ်ပါတယ်။ ဒါ့အပြင်မြို့နယ်ပကဖအနေနဲ့ အဖွဲ့ပေါင်း၂၅၀ ဖွဲ့စည်းပြီးဖြစ်ကာ LDF နဲ့မြို့ပြကျေးလက်ပြောက်ကျားအဖွဲ့များ ၄၀၁ ဖွဲ့ရှိပြီးတော့ ယင်းအဖွဲ့များမှ ၆၀ ရာခိုင်နှုန်းမှာ MOD နဲ့ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌ကိုရီးယားနိုင်ငံတွင် အထူးငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာကိုးသိန်းဖိုးအထိရောင်းချနိုင်ခဲ့ပြီးဖြစ်
ကိုရီးယားနိုင်ငံတွင် အထူးငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာကိုးသိန်းဖိုးအထိရောင်းချနိုင်ခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။
ဧပြီ ၁၈ ရက် နံနက် ၁၀ နာရီကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး"မှာ ဝန်ကြီးဌာန တစ်နှစ်တာလုပ်ငန်းဆောင်တာများ အစီရင်ခံတင်ပြရှင်းလင်းရာမှာဝန်ကြီးဒေါ်ဇင်မာအောင်ကထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကိုရီးယားနိုင်ငံမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ NUG ရဲ့ ငွေတိုက်စာချုပ် အေးဂျင့်အဖွဲ့ကို ဖွဲ့စည်းပြီးတော့ မြေပြင် ကမ်ပိန်းတွေမှာ တက်တက်ကြွကြွ နဲ့ဆောင်ရွက်ပြီးတော့ ရန်ပုံငွေရှာဖွေပေးလျက်ရှိပါတယ်။ အခုချိန်အထိ ကိုယ်စားလှယ်များရဲသတင်းပေးပို့ချက်အရဆိုရင် ကိုရီးယားနိုင်ငံကနေပြီးတော့ ဒေါ်လာကိုးသိန်းဖိုး ရောင်းချနိုင်ခဲ့ပြီးဖြစ်ပါတယ်"လို့ ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ငွေတိုက်စာချုပ်ပေါင်း ခုနစ်သောင်းကျော်ရောင်းချပြီးဖြစ်ကာ အမေရိကန်ဒေါ်လာသုံးဆယ့်သုံးမီလီယံရရှိခဲ့ပါတယ်။ အဆိုပါငွေတိုက်စာချုပ်ရောင်းချရငွေများကို တော်လှန်ရေးနဲ့လိုအပ်တဲ့နေရာများမှာ အစိုးရက စီစစ်သုံးစွဲနေပါတယ်။
========================
📌📌ကာလတန်ဖိုး ကျပ်သိန်းကိုးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးခွက် ၃၈၆ ခွက် ကို ရွှေဘိုမြစ်ကြီးနားလမ်းပေါ် ကုဣိုကုန်းရွာအနီး ကောလင်းပကဖ ဖမ်းဆီးရမိ
ကာလတန်ဖိုး ကျပ်သိန်းကိုးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးခွက် ၃၈၆ ခွက် ကို ရွှေဘိုမြစ်ကြီးနားလမ်းပေါ် ကုဣိုကုန်းရွာအနီး ကောလင်းပကဖ ဖမ်းဆီးရမိခဲ့ပါတယ်။ ဧပြီ ၁၈ ရက်နေ့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိသတင်းကို ကောလင်းပကဖကထုတ်ပြန်ပါတယ်။
"ဧပြီ ၁၂ ရက်ကောလင်းခရိုင် ကောလင်းမြို့ ရွှေဘိုမြစ်ကြီးနားလမ်းပေါ်ကုဣိုကုန်းရွာအနီး မွန်းလွဲ၁၂ နာရီခွဲ အချိန်တွင် ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) နှင့် ကောလင်းမြို့နယ်ပြည်သူ့လုံခြုံရေး (ပလဖ) တို့ပူပေါင်း၍ရှောင်တခင်စစ်ဆေးနေစဉ် ရွှေဘိုမှ မြစ်ကြီးနားသို့ မောင်းနှင်လာသော ယာဉ်မောင်း ဦးဇော်မြင့်ဦးအဖ ဦးကြီးညို ယာဥ်နောက်လိုက် ဦးဝင်းလွင်ဦး အဖ ဦးအောင်ကျော်ဦး ယာဉ်အမျိုးအစား AD-Van နံပတ် FF- 8876 အားစစ်ဆေးရာ ယာဉ်ပေါ်တွင် ဘိန်းဖြူဟုယူဆရသော မူးယစ်ဆေးဝါး အထုပ် (35) ထုပ် (တစ်ထုပ် လျှင် မူးယစ်ဆေးခွက် ဆယ့်တစ်ခွက်ပါရှိပြီး မူးယစ်ဆေးခွက်ပေါင်း သုံးရာရှစ်ဆယ့်ခြောက်ခွက်၊ ကာလတန်ဖိုး သိန်းကိုးရာကျော်) ဖုန်းနှစ်လုံး၊ ငွေကျပ် ၁၉၄၀၀၀ ကျပ်တို့ ဖမ်းဆီးသိမ်းမိရခဲ့ပါတယ်"လို့ဆိုပါတယ်။
ဖမ်းဆီးရခဲ့သော မူးယစ်ဆေးဝါး ဆပ်ပြာခွက်များအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ နောက်နောင်တွင်လည်း တရားမဝင်လုပ်ငန်းများအား အချိန်မရွေးဖမ်းဆီးထိန်းသိမ်းသွားမည်ဖြစ်ကြောင်းကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး (ပကဖ) ကထုတ်ပြန်ပါတယ်။
========================
📌📌ကရင်အမျိုးသားအစည်းအရုံးက ပထမဆုံးအကြိမ်အဖြစ်နဲ့ ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ နယ်မြေ ၅ ခုကို ထုတ်ပြန်လိုက်
ဧပြီ ၁၈ ၊ ၂၀၂၂
ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုမြေယာကော်မတီက ကရင့်သမိုင်းမှာ ပထမဆုံးအဖြစ်နဲ့ ဌာနေ ကရင်လူမျိုးစုတွေရဲ့ ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ ဒေသအခေါ် “ကော်” နယ်မြေ ၅ ခုကို ဧပြီ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီ တိုးချဲ့လိုက်တဲ့ နယ်မြေ ၅ ခုကို တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကော်သေးဒဲအုပ်စု၊ မော်သေးဒဲကျေးရွာက သောသီတောအူးဌာနေ တိုင်းရင်းသားများဥယျာဉ်မှာ တရားဝင်အသိအမှတ်ပြုလက်မှတ်ပေးအပ်ခဲ့တာပါ။
KNU ခရိုင် နယ်မြေနှစ်ခုဖြစ်တဲ့ တောင်ငူခရိုင်အတွင်းမှ ခိုဘွယ်ဒဲကော်၊ မွီးလိုဃဲဒဲကော၊ ကော်ယော်မူပယ် ၊ ကော်မူလားဟေးနဲ့ မူတြော်(ဖာပွန်) ခရိုင်အတွင်းမှ ကော်သေဂူ စတဲ့ ကော်နယ်မြေ ၅ ခုကို ကေအဲန်ယူရဲ့ အသိအမှတ်ပြုမှုနဲ့ တရားဝင် ပိုင်ဆိုင်စီမံခန့်ခွဲခွင့်လက်မှတ်ကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ ကေအိုင်စီသတင်းဌာနက ဖော်ပြထားပါတယ်။ “ကော်” ပိုင်ဆိုင်စီမံခန့်ခွဲခွင့် အသိအမှတ်ပြုလက်မှတ် အပ်နှံပေးအပ်ခြင်းက ကရင့်သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းလက်မှတ်ပေးအပ်ရခြင်းမှာလည်း ကရင်ဌာနေလူမျိုးစုတွေရဲ့ ဘိုးစဉ် ဘောင်ဆက် စီမံခန့်ခွဲ အသုံးပြုလာခဲ့တဲ့ ဘိုးဘွားမြေပေါ်မှာ ငြိမ်းချမ်းရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တည်ဆောက်ရေးဆိုတဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်းအကောင်အထည်ဖော်သွားရန်အတွက် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်တွေက နိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းအထိ စိုးမိုးထားနိုင်ပြီး စစ်ကောင်စီရဲ့ ထိန်း ချုပ်နယ်မြေက တစ်နိုင်ငံလုံးမှာ တစ်ဝက်စွန်းစွန်းလောက်ပဲ ကျန်ရှိတော့တယ်လို့ ပြောကြားထားတာ တွေ့ရ ပါတယ်။
========================
📌📌ခလရ (၂၆၈) တပ်သားတစ်ဦး လက်နက်အပြည့်စုံဖြင့် CNDF ထံ အလင်းဝင်ရောက်၍ ဆုကြေးနဲ့အတူ လွတ်မြောက်နယ်မြေပို့ဆောင်
ခလရ (၂၆၈) တပ်သားတစ်ဦး လက်နက်အပြည့်စုံဖြင့် CNDF ထံ အလင်းဝင်ရောက်၍ ဆုကြေးနဲ့အတူ လွတ်မြောက်နယ်မြေပို့ဆောင်ပေခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီလ ၁၈ ရက်နေ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ်က တရားဝင်အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခလရ (၂၆၈) တပ်မှ ထက်မြတ်အောင်၊ ကိုယ်ပိုင်အမှတ် တ-၅၇၂၅၅၇ မှ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့တယ်လို့ဖော်ပြပါတယ်။ CNO/CNDF မှလည်း ဆုကြေးငွေချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့တယ်ဘို့သိရပါတယ်။ လက်ရှိမှာ တနိုင်ငံလုံး CDM ဝင်တဲ့ရဲနဲ့စစ်တပ် တစ်သောင်းနီးပါးရှိပြီဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment