၂၀၂၂ ဧပြီလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးကဆက်သွယ်မေးမြန်းထားသောအင်တာဗျူးမှ ကောက်နုတ်ချက်များ
📌တိုကျိုမြို့တွင်ကျင်းသော အမျိုးသားညီညွတ်ရေးအစိုးရ ထူထောင်ခြင်း (၁) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုး တက်ရောက် နှုတ်ခွန်းဆက်စကားပြောကြား
📌မြန်မာ့တော်ဝင်နဂါးတပ်တော် ခြုံခိုတိုက်ခိုက်၍ တစ်နေ့တည်း စကစတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံး
📌မတ္တရာမြို့နယ် သဖန်းကိုင်းရွာကို မီးရှို့ဖျက်ဆီးပြန်လာတဲ့ စကစတပ်များအား MPDF နဲ့မဟာမိတ်များ မိုင်းဆွဲတိုက်ခိုက်၍ အယောက် ၂၀ နီးပါးသေဆုံး
📌ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦး (၁၆) လုံးထိ ပျက်စီး
📌သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးအုပ်စု ကျောက်ဖြူကျေးရွာက NLD ပါတီဝင် အလုပ်မှု့ဆောင် ဥက္ကဋ္ဌ နေအိမ်ကို စကစတပ်နဲ့ ပျူများဖျက်ဆီးခဲ့
📌ZTH ပြောက်ကျား ကာကွယ်ရေးတပ်ဖွဲ့မှ ထန်းတပင်တိုးဂိတ်အား ဗုံးခွဲသတိပေး တဲ့သတင်း
📌စစ်ကောင်စီက ထိန်းသိမ်းထားတယ်လို့ဆိုတဲ့ ပုဂံဘုရား အမှတ် ၄၁၈ က ဦးခေါင်းသုံးလုံးဗြမ္ဗာရုပ် နဲ့ ၇၁၆ က ကျောက်ဆစ်ရာတွေအကုန်လုံး ဖြုတ်ယူခိုးခံရ တဲ့သတင်း
📌ဂန့်ဂေါမြို့နယ် နှမ်းခါးရွာသို့ စကစတပ်နဲ့ ပျူစောထီးအင်အား တစ်ရာကျော် ဝင်ရောက်ကာ ဒေသခံများရဲ့ဆန်၊ ဆီနဲ့ တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းများကို ခိုးယူသယ်ဆောင်ကာ ရွာသားတစ်ဦးကိုပါ သတ်ဖြတ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးကဆက်သွယ်မေးမြန်းထားသောအင်တာဗျူးမှ ကောက်နုတ်ချက်များကိုတင်ပြပေးပါ့မယ်
၁။ ယခင်က PDF တွေအနေနဲ့ အနှစ် ၇ဝ သက်တမ်းရှိ စစ်ကောင်စီတပ်တွေကို နိုင်အောင်တိုက်နိုင်မှာ မဟုတ်ဟု ပြောကြသည်။ ယခု စစ်ကောင်စီတပ်တွေဟာ PDF တွေကို နိုင်အောင် မတိုက်နိုင်တော့ပါ။
၂။ PDF တပ်ရင်း ၂၅၉ တပ်ရင်း ဖွဲ့စည်းပြီးပြီ။ မြို့နယ်အခြေခံ ပကဖ တွေကို မြို့နယ် ၂၅ဝ မှာ ဖွဲ့စည်းပြီးပြီ။ LDF ခေါ် မြို့ပြနဲ့ ကျေးလက်လူငယ်တွေရဲ့ ပြောက်ကျားတပ်ဖွဲ့က ၄ဝ၁ ဖွဲ့ ရှိပြီ။ အများစုက NUG နဲ့ ချိတ်ဆက်ပြီး။
၃။ PDF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေကို အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေပြီ။
၄။ တော်လှန်ရေးအင်အားစုတွေဟာ ကျေးလက်ကိုပဲ ထိန်းချုပ်နိုင်ရာကနေ မြို့ပြတချို့ကိုပါ ထိန်းချုပ်နိုင်တဲ့ အဆင့်တိုးတက်ရောက်ရှိ။
၅။ လက်ရှိ PDF သက်သက်အင်အား ၅ သောင်းမှ ၁ သိန်းအကြားရှိပြီ။ အသေးစိပ်ပြောရန်ငြင်းဆို။
၆။ အခုအချိန်ထိ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ အသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၄ သန်း ရရှိခဲ့ပြီး အဆိုပါငွေရဲ့ ၈၅% ကို လက်နက်တပ်ဆင်ရေးအတွက် သုံးစွဲခဲ့သည်။
၇။ ယင်းမာပင် PDF လို ဥပဒေမဲ့အဖွဲ့တွေကို လိုအပ်သလို စစ်ခုံရုံးနဲ့ စစ်ဆေးမည်။
၈။ လေယာဉ်ကွင်းတချို့ PDF ထိန်းချုပ်မှုအောက် မကြာခင် ရောက်ရှိလာနိုင်သည်။ ရဟတ်ယာဉ် ဆင်းရန်ပြေးလမ်းမလို။ လေယာဉ်၊ စစ်ရေယာဉ်၊ တင့်ကား၊ သံချပ်ကာကားတွေနဲ့ လာရောက်ခိုလှုံရေးအစီအစဉ် စကစ တပ်အတွင်းမှ ဆက်သွယ်တုံ့ပြန်ချက်ရရှိနေ။
၉။ EAO ၅ ဖွဲ့နဲ့ NUG အကြားနိုင်ငံရေးနဲ့ စစ်ရေးအပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ပြီး PDF တွေကို လေ့ကျင့်သင်ကြားရေးနဲ့ လက်နက်တပ်ဆင်ရေးအတွက် အကူအညီပေးနေတဲ့ EAO က အနည်းဆုံးနောက်ထပ် ၄ ဖွဲ့ရှိသည်။ အသေးစိပ်ပြောကြားရန်ငြင်းဆို။
၁ဝ။ AA သည် NUG နဲ့ တလှေတည်း စီးနေတယ်လို့ မပြောနိုင်တောင် တခရီးတည်း သွားနေတဲ့ မိတ်ဆွေကောင်း ဖြစ်သည်။
၁၁။ စစ်ကောင်စီ လက်လွှတ်ထားရပြီဖြစ်တဲ့ လွတ်မြောက်နယ်မြေ နိုင်ငံတခုလုံးရဲ့ ၅ဝ% ကျော်ရှိနေပြီဖြစ်ပြီး အဆိုပါ စိုးမိုးဒေသတွေမှာ NUG က ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ တရားစီရင်ရေးကို စတင်ဆောင်ရွက်နေပြီ။
၁၂။ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည်။ စစ်အာဏာရှင်စနစ် အာဏာရှင်အတွေးအခေါ်ရှိသူတွေနဲ့ ဘယ်လို အပေးအယူမျှ NUG အနေနဲ့ လုပ်ကိုင်မည် မဟုတ်။
၁၃။ စစ်တပ်ရဲ့ အနာဂတ်ကို လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆုံးဖြတ်ရမည်ဖြစ်သည်။ စစ်တပ်တခုလုံး ပြိုကွဲပျက်စီးမှုကို ရွေးမှာလား။ ပြည်သူကိုစောင့်ရှောက်ပြီး အရပ်သားအစိုးရရဲ့ အမိန့်ကို နာခံမည်လား ရွေးချယ်နိုင်သည်။
၁၂။ အမေရိကန်အစိုးရထံမှ ကူညီထောက်ပံ့ငွေ ရရှိလျှင် NUG နဲ့ အမေရိကန်အစိုးရ ညှိနိုင်းသုံးစွဲမည်။
၁၃။ တော်လှန်ရေးပြီးဆုံးတဲ့အခါ လက်ရှိစစ်ဘေးသင့်ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေအတွက် ပြည်သူ့အစိုးရက အပြည့်အဝတာဝန်ယူစောင့်ရှောက်မည်။
၁၄။ ၂ဝ၂၂ ခုနှစ်အတွင်း PDF နဲ့ မဟာမိတ်တွေလက်တွဲပြီး အရေးကြီးတဲ့ အောင်ပွဲတွေ ရယူမည်။
၁၅။ နွေဦးတော်လှန်ရေးကို အောင်ပွဲနဲ့ အမြန်ဆုံး အဆုံးသတ်ဖို့ NUG ကြိုးစားမည်ဟုမေးမြန်းဖြေကြားချက်ကို တင်ပြလိုက်ရပါတယ်။
========================
📌📌တိုကျိုမြို့တွင်ကျင်းသော အမျိုးသားညီညွတ်ရေးအစိုးရ ထူထောင်ခြင်း (၁) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုး တက်ရောက် နှုတ်ခွန်းဆက်စကားပြောကြားတဲ့သတင်း
Koto Culture Center, Tokyo, Japan တွင် ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ ထူထောင်ခြင်း (၁) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုး online မှ တက်ရောက် နှုတ်ခွန်းဆက်စကားပြောကြား ခဲ့ပါတယ်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန် နိုင်ငံကိုယ်စားလှယ် စောဘလှသိန်း နှင့် ဂျပန် နိုင်ငံရောက် မြန်မာပြည်သူများ နှင့်အတူ ဂျပန် လွှတ်တော် မှ တာဝန်ရှိသူများပါ တတ်ရောက် ဂုဏ်ပြု ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ တော်လှန်ရေးအစိုးရအဖြစ် လူထူကိုအသိပေးကြေညာခဲ့ပါတယ်။
========================
📌📌မြန်မာ့တော်ဝင်နဂါးတပ်တော် ခြုံခိုတိုက်ခိုက်၍ တစ်နေ့တည်း စကစတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံး
"ဧပြီလ ၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီခန့် အချိန်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ခွဲမှ ပုလဲမြို့နယ်၊ ဆင်ရှင်နှင့် ကြောင်သန်းကျေးရွာအကြားတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုဖြတ်တောက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ စကစတပ် ၃ ယောက်ကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ နေ့ခင်း ၁:၀၀ အချိန်ခန့်မှ ၄:၁၀ အချိန်ခန့်ထိ ယင်းစစ်ကြောင်းကိုပင် ပုလဲမြို့နယ်၊ အရှေ့သီတင်းကျေးရွာအနီးတွင် ဒုတိယမ္ပိ ခြုံခိုဖြတ်တောက်ခဲ့ရာ စကစတပ်က ၃၀ ကျော်ကို ထပ်မံ လက်စတုန်းနိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
တိုက်ပွဲတွင် တစ်ရက်တည်း စုစုပေါင်း စကစတပ်ဖွဲ့ဝင် ၃၃ ဦးကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ဒုတိယအကြိမ်ထိတွေ့မှုတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) တပ်ခွဲမှ နဂါးစစ်သည်တော်တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရလို့သိရပါတယ်။
========================
📌📌မတ္တရာမြို့နယ် သဖန်းကိုင်းရွာကို မီးရှို့ဖျက်ဆီးပြန်လာတဲ့ စကစတပ်များအား MPDF နဲ့မဟာမိတ်များ မိုင်းဆွဲတိုက်ခိုက်၍ အယောက် ၂၀ နီးပါးသေဆုံး
ဧပြီ ၁၉ ရက် နံနက် ၃ နာရီအချိန် အင်ကြင်းမြိုင်စစ်တပ်မှ မတ္တရာအရှေ့ပိုင်းသို့ နယ်မြေရှင်းလင်းရေးရောက်ရှိနေသော အင်အား (၅၀)ပါ စကစအဖွဲ့ဟာသဖန်းကိုင်းရွာ၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးပြီးပြန်ရာတွင် မိုင်းဆွဲခဲ့ရာအယောက် ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ Radio NUG ကိုမတ္တရာ ပကဖက အတည်ပြုပြောပါတယ်။
တိုက်ခိုက်မှုကို MPDF MDY နဂါးညီနောင်၊ ဇာမဏီအဖွဲ့တို့ပူးပေါင်းခဲ့ပါတယ်။ အင်အား (၅၀) ပါ စကစအဖွဲ့သည် သဖန်းကိုင်းရွာ၊ လူနေအိမ် (၇) လုံးကိုမီးရှို့ဖျက်စီးပြီး ကျေးရွာသားတစ်ဦးအားဖမ်းဆီးသွားခဲ့ပါတယ်။
========================
📌📌ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦး (၁၆) လုံးထိ ပျက်စီးတဲ့သတင်း
ကရင်နီဒေသ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဖက်ခြမ်းတွင် ငွေတောင်အခြေစိုက်ခလရ (၁၀၄) တပ်မှ ယနေ့ ဧပြီလ (၁၉) ရက်နေ့ နံနက် (၃) နာရီအချိန်တွင် တာဝေးပစ်လက်နက်ကြီး(၁၅) လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒီမော့ဆို PDF ကဆိုပါတယ်။
"ယနေ့အကြမ်းဖက်စစ်ကောင်စီတပ်ပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် နောင်ပုလဲကျေးရွာအုပ်စု၊ လေးမိုင်ယပ်ခူကျေးရွာရှိ ဗုဒ္ဓဘုန်းကြီးကျောင်း (၁) လုံးကို လက်နက်ကြီးကျည်စထိမှန်ပျက်စီးခဲ့ပါတယ်"လို့ DMO PDF ကဆိုပါတယ်။
ထိုအပြင် ဒီးမော့ဆိုအနောက်ဖက်ခြမ်းတွင်ဧပြီလ (၁၈) ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လက်ကြီးကြီး (၁၀) လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး ပြည်သူနေအိမ် (၃) ခန့်ထိမှန်ပျက်စီးခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့လက်ချက်ကြောင့် ဘာသာရေးအဆောက်အဦး (၁၆) လုံးထိ ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) သသတင်းအချက်အလက်စုဆောင်းရေးထံမှသိရပါတယ်။
========================
📌📌သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးအုပ်စု ကျောက်ဖြူကျေးရွာက NLD ပါတီဝင် အလုပ်မှု့ဆောင် ဥက္ကဋ္ဌ နေအိမ်ကို စကစတပ်နဲ့ ပျူများဖျက်ဆီးခဲ့တဲ့သတင်း
ဧပြီ ၁၈ ရက် ည ၁၁ နာရီအချိန်မှာ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးအုပ်စု ကျောက်ဖြူကျေးရွာက NLD ပါတီဝင် အလုပ်မှု့ဆောင် ဥက္ကဋ္ဌ နေအိမ်ကို စကစတပ်နဲ့ ပျူများဖျက်ဆီးခဲ့တယ်လို့ သပိတ်ကျင်းတော်လှန်ရေးအင်အားစုကအတည်ပြုပါတယ်။
ထိုကိစ္စနဲ့ပက်သက်ပြီး စစ်ကောင်စီဘက်မှ ပြုလုပ်တာမဟုတ်ဘဲ PDF ကပြုလုပ်ခဲ့တာလို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဒေါ်စန်းယုခိုင် နဲ့ USDP ပါတီဝင် ဦးမြတ်ဇော်တို့က သတင်းမှားဖြန့်နေတယ်လို့ သပိတ်ကျင်း TR ကဆိုပါတယ်။
မြို့နယ်အတွင်းမှာလည်း ယခုကဲ့သို့ လုပ်ရပ်များအား စကစမှ တွင်တွင် ကျယ်ကျယ် ပြုလုပ်လာနိုင်ပြီး PDF အား ပုံဖျက်လုပ်ကြံမှု့များ လုပ်ဆောင်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အထူးသတိထား နေထိုင်ကြပါရန်သပိတ်ကျင်း TR ကထုတ်ပြန်ပါတယ်။
========================
📌📌ZTH ပြောက်ကျား ကာကွယ်ရေးတပ်ဖွဲ့မှ ထန်းတပင်တိုးဂိတ်အား ဗုံးခွဲသတိပေး တဲ့သတင်း
ရန်ကုန်တိုင်းဒေသကြီး ၊ ထန်းတပင်မြို့ အဝင်တိုးဂိတ်အား ဧပြီ ၁၉ ရက် နံနက် (၄:၁၅) အချိန်တွင် မြို့ပြပြောက်ကျား ကာကွယ်ရေးတပ်ဖွဲ့ ZTH အဖွဲ့မှ ဗုံး ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် ၎င်းဂိတ်အား လေလံယူကာ ပိုက်ဆံကောက်ခံနေသော ကုမ္မဏီမှာ ဧပြီ ၁ ရက်နေ့တွင် စာချုပ်သက်တန်းကုန်ဆုံးခဲ့ပြီး ယခုငွေကြေးကောက်ခံနေသူများမှာ စစ်ကောင်စီထောက်တိုင်အဖြစ် ငွေရှာပေးနေသော ဂိတ်ဖြစ်သောကြောင့် သတိပေးဖောက်ခွဲခဲ့ကြောင်း သိရပါတယ်။
၂ယောက် ထိတယ် ၊ ဂိတ်ကသူတောင်းစားတွေထိတာ "လို့ ZTH တပ်ဖွဲ့မှ ပြောပါတယ်။
စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသမျှကို ဖြိုလှဲမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့် ဝေးဝေးမှ သွားလာကြရန် နှင့် တတ်နိုင်တဲ့ဘက်မှ ထောက်ပံ့ကူညီမှုများ လုပ်ပေးကြရန် ZTH အဖွဲ့မှ ပြောပါတယ်။
========================
📌📌စစ်ကောင်စီက ထိန်းသိမ်းထားတယ်လို့ဆိုတဲ့ ပုဂံဘုရား အမှတ် ၄၁၈ က ဦးခေါင်းသုံးလုံးဗြမ္ဗာရုပ် နဲ့ ၇၁၆ က ကျောက်ဆစ်ရာတွေအကုန်လုံး ဖြုတ်ယူခိုးခံရ တဲ့သတင်း
စစ်ကောင်စီက ထိန်းသိမ်းထားတယ်လို့ဆိုတဲ့ ပုဂံဘုရား အမှတ် ၄၁၈ က ဦးခေါင်းသုံးလုံးဗြမ္ဗာရုပ် နဲ့ ၇၁၆ က ကျောက်ဆစ်ရာတွေအကုန်လုံး ဖြုတ်ယူခိုးခံရတယ်လို့ ဧပြီလအတွင်းမှာ ရှေးဟောင်းသမိုင်းဝင်နယ်မြေ ပုဂံနဲ့ပတ်သတ်တဲ့ ပညာရှင်တစ်ဦးကလူမှုကွန်ရက်မှာ ခိုးယူခံရတဲ့နေရာတွေကို ဖော်ထုတ်ရေးသားခဲ့ပါတယ်။
"တောင်ပြေး မြောက်ပြေး ဟန်ရေးပြစောင့်ရှောက်နေတုန်းမှာဘဲ ပုဂံဘုရားအမှတ် ၄၁၈ နှင့် ၇၁၆ က ကျောက်ဆစ်လက်ရာတွေ အခိုးခံလိုက်ရတာပါ၊ တစ်စုံတစ်ရာ အကွယ်အကာလည်း မလုပ်ဘဲထားခဲ့ကြတာမို့ အခိုးခံရတဲ့ အထိဖြစ်လာတယ်လို့ဆိုပါတယ်။
ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေက ဘုရားကြီးများနဲ့ နေရာများဟာ ပြည်သူ့အစိုးရလက်ထက်မှာ ယူနက်စကိုက အသိအမှတ်ပြုမှတ်တမ်းတင်ခဲ့ပါတယ်။ သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဂံဘုရားများမှာ လုံခြုံရေးနဲ့ ထိန်းသိမ်းမှုကင်းမဲ့လျက်ရှိပါတယ်။
========================
📌📌ဂန့်ဂေါမြို့နယ် နှမ်းခါးရွာသို့ စကစတပ်နဲ့ ပျူစောထီးအင်အား တစ်ရာကျော် ဝင်ရောက်ကာ ဒေသခံများရဲ့ဆန်၊ ဆီနဲ့ တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းများကို ခိုးယူသယ်ဆောင်ကာ ရွာသားတစ်ဦးကိုပါ သတ်ဖြတ်ခဲ့ တဲ့သတင်း
"ဂန့်ဂေါမြိုနယ် နှမ်းခါးရွာ သို့ ဧပြီ ၁၈ ရက်နေ့ မနက် ၁၁ နာရီ ၃၀ အချိန်မှာ မြောက်ခရန်ရွာ၊ ကုက္ကာရွာ၊ ဟံသာဝတီရွာ၊ လယ်ကြီးရွာ၊ ကျောက်ပြုတ်ရွာ များမှ ပျူစောထီး ဒလန့်များနှင့်စကစတပ်များ ပူပေါင်းအင်အား ၁၅၀ ခန့် ကား ၆ စီးဖြင့် အကြမ်းဖက်ဝင်ရောက်၍ အပြစ်မဲ့ပြည်သူပိုင်ပစ္စည်းများဖြစ်သော ဆီပိသာ ၈၀၀ ခန့်၊ နေကြာတင်း ၁၀၀ ၊ မြေပဲတင်း ၅၀ ၊ဆန်များနှင့် တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းများကို ကားကြီးကားငယ်များဖြင့် ခိုးယူသယ်ဆောင်သွားကျပါတယ်"လို့ ဆိုပါတယ်။
ဒါ့အပြင် အပြစ်မဲ့ပြည်သူ ဦးစန်းဝင်း(အသက် ၆၇ နှစ်ကျော်)ကို လက်ပြန်ကြိုးတုတ်၍ သတ်ဖြတ်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment