သတင်းခေါင်းစဉ်များ -
📌ရန်သူရဲ့စစ်သုံးစစ်ကို အမြစ်ဖြတ်ရေး ဆောင်ရွက်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးပြောကြား
📌ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် တော်လှန်သင်္ကြန်ရံပုံငွေစျေးရောင်းပွဲမှာ ဘွန်း တွေကို ရောင်းချပေးသွားမယ်လို့ NUG ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးထုတ်ပြန်
📌မြောင်မြို့နယ်တွင် ဆရာပေါင်း ၂၂ ယောက်၊ ကျောင်းသားပေါင်း ၃၀၀ ကျော်နဲ့ အလယ်တန်းအဆင့်အထိ သင်ကြားရေးစတင်နိုင်ပြီ
📌ရဟတ်ယာဥ်ဝယ်ယူမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို မတရားစွဲဆိုထားတဲ့အမှုမှာ တရားလိုဘက်က တင်ပြတဲ့ စာရွက်စာတမ်း ပြဿနာတစ်ခု ဖြစ်ပွားခဲ့
📌ရုရှားကအကြွေးတောင်းလို့ ရန်ကုန်မှာ စက်သုံးဆီပြတ်ပြီ
📌နတ်မောက် PDF အမည်ကို ဖျက်သိမ်း၍ အလယ်ပိုင်းတိုင်းဌာနချုပ် စစ်ဒေသ ၃ တပ်ရင်း ၉၀၂ အဖြစ် ပြောင်းလဲ
📌ပဲခူးတိုင်းအတွင်းရှိ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့အတွက် Click2Donate (C2D) က လှူဒါန်းကူညီမှုဖြင့် MOD မှတဆင့် ကျပ်သိန်းငါးရာရရှိ
📌မီဇိုရမ်ပြည်နယ်မှာ ခိုလှုံလာတဲ့ မြန်မာတွေကို ဒုက္ခသည်အထောက်အထားကဒ်ထုတ်ပေးနေပြီ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ရန်သူရဲ့စစ်သုံးစစ်ကို အမြစ်ဖြတ်ရေး ဆောင်ရွက်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးပြောကြား
ရန်သူရဲ့စစ်သုံးစစ်ကို အမြစ်ဖြတ်ရေး ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက ဝန်ကြီးဌာန၏ တစ်နှစ်တာလုပ်ငန်းပြီးမြောက်မှုအား ပြည်သူသို့ အစီရင်ခံရာမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ရန်သူရဲ့ စစ်သုံးစစ်ဖြစ်တဲ့ အမြစ်ဖြတ်ရေးတွေမှာ စွမ်းစွမ်းတမံအားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိပါတယ်။ ရန်သူရဲ့ စစ်သုံးစစ်ဖြစ်တဲ့ အကြမ်းဖက် စစ်တပ်၊ စစ်တပ်ကြိုးကိုင်ထားသော စစ်ဗျူရိုကရက်အုပ်ချုပ်ရေးစနစ်၊ စစ်တပ်နဲ့စစ်တပ်နီးစပ်ရာ စီးပွားရေးလုပ်ငန်းများ အမြစ်ဖြတ်ရေးမှာ ကြိုးပမ်းဆောင်ရွက်နေပါတယ်” လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ၂၀၂၁ သြဂုတ်၂၆ ရက်တွင် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဝန်ကြီးဌာနဟာ အသေးစား/ အလတ်စားလုပ်ငန်းများ ထောက်ပံ့မှုရရှိအောင်လည်း ဆောင်ရွက်မယ်လို့ဆိုထားပါတယ်။
=======================
📌📌ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် တော်လှန်သင်္ကြန်ရံပုံငွေစျေးရောင်းပွဲမှာ ဘွန်း တွေကို ရောင်းချပေးသွားမယ်လို့ NUG ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးထုတ်ပြန်
ဧပြီ ၂၄ ရက်မှာ ပြင်သစ်ရောက်မြန်မာများအဖွဲ့က ကျင်းပမယ့် တော်လှန်သင်္ကြန် ရံပုံငွေစျေးရောင်းပွဲမှာ ဘွန်းတွေကို ရောင်းချပေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စား လှယ်ရုံးက ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဘွန်းအေးဂျင့်ရထားပြီဖြစ်ပြီး ပြင်သစ်ရောက်မြန်မာများ ဘွန်းဝယ်ယူအားပေးချင်ပါက ကိုယ်စားလှယ်ရုံးရဲ့ မက်ဆေ့ဘောက်ကနေ ဆက်သွယ်ထားနိုင်ပါပြီလို့ ဖော်ပြထားပါတယ်။
လတ်ရှိမှာတော့ ငွေတိုက်စာချုပ်တွေကို ပြည်တွင်းကိုယ်စားလှယ်တွေအပြင် ပြည်ပနိုင်ငံများဖြစ်ကြတဲ့ ပြင်သစ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ နဲ့ ဩစတေးလျနိုင်ငံတို့မှာလည်း ကိုယ်စားလှယ်များကတစ်ဆင့် ဝယ်ယူနိုင်ကြောင်း သိရပါတယ်။
အဲဒီအပြင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ပေါ်ထွန်းရေးတို့အတွက် ငွေတိုက်စာချုပ်တွေကို ပြည်တွင်း၊ ပြည်ပမှာ စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။
========================
📌📌မြောင်မြို့နယ်တွင် ဆရာပေါင်း ၂၂ ယောက်၊ ကျောင်းသားပေါင်း ၃၀၀ ကျော်နဲ့ အလယ်တန်းအဆင့်အထိ သင်ကြားရေးစတင်နိုင်ပြီ
စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ဆရာပေါင်း ၂၂ ယောက်၊ ကျောင်းသားပေါင်း ၃၀၀ ကျော်နဲ့ အလယ်တန်းအဆင့်အထိ သင်ကြားရေးစတင်နိုင်ပြီလို့ Myaung Education Network မြောင်ပညာရေးကွန်ရက်က ဧပြီ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
"Myaung Education Network မြောင်ပညာရေးကွန်ရက် နှင့် မတ်လ ၁ ရက်နေ့က စတင်ချိတ်ဆက်ပြီး ပညာရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ရပ်ရွာလူထုအခြေပြုသည့် ပညာရေးတွင် သင်ကြားရေး ဆရာ (၂၂ ) ယောက်၊ ကျောင်းသား (၃၀၃) ယောက် နှင့်အတူ အခြေခံပညာအလယ်တန်းအဆင့်အထိ စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ရပ်တန့်တာကြာပြီဖြစ်သော ပညာရေးလုပ်ငန်းများကို စတင်ခွင့်ရခဲ့တယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးထိန်းချုပ်နိုင်တဲ့နေရာများမှာ ကြားကာလ အုပ်ချုပ်ရေး၊ ပညာသင်ကြားရေး၊ တရားစီရင်ရေးလုပ်ငန်းများစတင်နေပြီဖြစ်ပါတယ်။
========================
📌📌ရဟတ်ယာဥ်ဝယ်ယူမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို မတရားစွဲဆိုထားတဲ့အမှုမှာ တရားလိုဘက်က တင်ပြတဲ့ စာရွက်စာတမ်း ပြဿနာတစ်ခု ဖြစ်ပွားခဲ့
ရဟတ်ယာဥ်ဝယ်ယူမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို မတရားစွဲဆိုထားတဲ့အမှုမှာ တရားလိုဘက်က တင်ပြတဲ့ စာရွက်စာတမ်း ပြဿနာတစ်ခု ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော်ရှိ တရားရုံးအသိုင်းအဝိုင်းက သတင်းရရှိပါတယ်။
ဧပြီ ၁၉ ရက်နေ့မှာ အမှုကို စစ်ဆေးခဲ့ပြီးတော့ တရားလိုဖြစ်သူ ဦးအောင်သန်းကိုကြားနာခဲ့တယ်လို့ သိရပါတယ်။ ရဟတ်ယာဉ်ဝယ်ယူမှုနှင့်ပတ်သက်ပြီး အမှုတွဲကိုကြားနာရာတွင် စစ်ဆေးနေစဉ်အတွင်း တရားလိုဘက်မှ တင်ပြသည့်စာရွက်စာတမ်းများနှင့် ပတ်သက်၍ ပြဿနာတစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် အမှုကြားနာမှုကို ဧပြီ ၂၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုတယ်လို့ သိရပါတယ်။
ရုံးထုတ်မျက်မြင်အဆိုအရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌ရုရှားကအကြွေးတောင်းလို့ ရန်ကုန်မှာ စက်သုံးဆီပြတ်ပြီ
ရန်ကုန်တိုင်းဒေသကြီးတွင် ဒီကနေ့ ဧပြီ ၁၉ ရက်နေ့တွင် စစ်ကောင်စီက အမေရိကန်ဒေါ်လာအဝင်အထွက်အား ထိန်းချုပ်ထားသဖြင့် ဆီပြတ်တောက်မှု စတင်ဖြစ်ပွားခဲ့ပါတယ်။
ဧပြီ ၅ ရက်နေ့မှစ၍ ဒေါ်လာငွေစာရင်းများအားလုံးကို မြန်မာငွေကျပ်ပြောင်းလဲရန်နှင့် သွင်းကုန်များ တင်သွင်းလိုပါက စစ်ကောင်စီခွင့်ပြုမှသာ တင်သွင်းရန် ဗဟိုဘဏ်ကကြေညာခဲ့ပြီး မြန်မာငွေကျပ်အား တစ်ဒေါ်လာ ၁၈၅၀ နဲ့ ဖြတ်ချခဲ့ပါတယ်။
"ဒေါ်လာက လိုသလောက်ရတယ်၊ တစ်နေ့ကို Seaman အဝင်အထွက်နဲ့တင် ထောင်ကျော်ရတယ်၊ ဒီမှာ ဒေါ်လာစီးဆင်းမှု အသာလေး သိန်းကျော်တယ်၊ လုပ်ငန်းရှင်တွေက ဒေါ်လာပဲ ကိုင်ထားတုန်းပဲ ၊ ပြည်ပဘဏ်တွေနဲ့ ချိတ်ထားပြီးသား၊ အဓိကက စစ်ကောင်စီက ပြည်ပသွင်းကုန်တွေ ထိန်းချုပ်ပြီး ဒေါ်လာမထွက်အောင်လုပ်နေတာ၊ သူတို့ကို Russia က အကြွေးတွေပြန်တောင်းနေတော့ မဆပ်လို့ကလဲ မရတော့ဘူးလေ၊ လက်နက်တွေ ဝယ်တာနဲ့ ပြည်ပကို ပညာတော်သင်ပို့ထားတာတွေအတွက် ဟိုက တောင်းနေပြီ၊ အဲ့တာတွေကြောင့်လို့ ထင်တယ်လို့" လုပ်ငန်းရှင် တစ်ယောက်မှ Moe Joe သတင်းဌာနကို ပြောပါတယ်။
စကစက သွင်းကုန်များကို ကန့်သတ်ပိတ်ဆို့ထား၍ စက်သုံးဆီ စတင်ပြတ်လပ်ခြင်းဖြစ်ပြီး ဒေါ်လာများကို ထိန်းချုပ်ပါက ကျန်ရှိသော သွင်းကုန်များပါ ပြည်တွင်းတွင်ပြတ်လပ်နိုင်တယ်လို့သိရပါတယ်။ ဧပြီ ၁၈ ရက်မှ စတင်ပြီး စက်သုံးဆီရောင်းချမှုများအား ခွဲတမ်းဖြင့် ရောင်းချပေးနေပြီး ဒီကနေ့ ၁၉ ရက်တွင် တစ်ချို့ဆိုင်များက ကားတစ်စီးလျှင် ၂၀၀၀၀ ဖိုးသာ ရောင်းချပေးနိုင်ကြောင်း သိရပါတယ်။
========================
📌📌နတ်မောက် PDF အမည်ကို ဖျက်သိမ်း၍ အလယ်ပိုင်းတိုင်းဌာနချုပ် စစ်ဒေသ ၃ တပ်ရင်း ၉၀၂ အဖြစ် ပြောင်းလဲ
နတ်မောက် PDF အမည်ကို ဖျက်သိမ်း၍ အလယ်ပိုင်းတိုင်းဌာနချုပ် စစ်ဒေသ ၃ တပ်ရင်း ၉၀၂ အဖြစ် ပြောင်းလဲလိုက်တယ်လို့ နတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီ ၁၉ ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။
"ယခုအခါ နတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ NPDF သည် ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကွပ်ကဲမှုနှင့်အတူ (၉၀၂) တပ်ရင်း၊ နတ်မောက်မြို့နယ်အဖြစ် တရားဝင် ဖွဲ့စည်းထားပြီဖြစ်ပြီး ယခင်ကထက် ပို၍စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ နတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ Facebook page ကို ဖျက်သိမ်း၍ တပ်ရင်း၏ Facebook page ဖွင့်လှစ်ပြီး တော်လှန်ရေးဆိုင်ရာကိစ္စရပ်များကို ပြည်သူများထံ အသိပေးကြေညာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကလည်း ဧပြီ ၁၈ ရက် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံပြောကြားရာတွင် မကွေးတိုင်းတွင်း ၆ မြို့နယ်ကို စိုးမိုးနယ်မြေအဖြစ်ဖော်ဆောင်၍ ကြားကာလအုပ်ချုပ်ရေးအစီအစဥ်များဆောင်ရွက်ဖို့ရှိတယ်လို့ အသိပေးပြောကြားထားပါတယ်။
========================
📌📌ပဲခူးတိုင်းအတွင်းရှိ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့အတွက် Click2Donate (C2D) က လှူဒါန်းကူညီမှုဖြင့် MOD မှတဆင့် ကျပ်သိန်းငါးရာရရှိ
ပဲခူးတိုင်းအတွင်းရှိ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့အတွက် Click2Donate(C2D) က လှူဒါန်းကူညီမှုဖြင့် MOD မှတဆင့် ကျပ်သိန်းငါးရာ ရရှိခဲ့တယ်လို့ အင်းတကော် PDF က ဧပြီ ၁၉ ရက်နေ့မှာ ဆိုပါတယ်။
“Click2Donate (C2D) မှ ပဲခူးတိုင်းအတွင်းရှိ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့အတွက် အလှူငွေတွေ ရောက်ရှိလာခဲ့ပါပြီ။ အင်းတကော် မြို့နယ်အတွင်းရှိ Clicker သမားများကို လေးစားစွာဖြင့် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပြအပ်ပါတယ်” လို့ဖော်ပြပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် ပေးပို့မှုအရ ဧပြီ ၆ ရက်နေ့တွင် ကျပ်သိန်းတစ်ရာ၊ ဧပြီ ၁၇ ရက်နေ့တွင် ကျပ်သိန်း ၄၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။
========================
📌📌မီဇိုရမ်ပြည်နယ်မှာ ခိုလှုံလာတဲ့ မြန်မာတွေကို ဒုက္ခသည်အထောက်အထားကဒ်ထုတ်ပေးနေပြီ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် နယ်စပ်၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေး တိမ်းရှောင်သူတွေအတွ မီဇိုရမ် ပြည်နယ်အစိုးရက ဒုက္ခသည်အထောက်အထား Refugee ID ကဒ်တွေ ထုတ်ပေးနေတယ်လို့ မီဇိုရမ်ရောက် ဒုက္ခသည်တစ်ဦးက ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်သူတွေကို ရပ်ကွက်ကျေးရွာတွေတိုင်းမှာ နေထိုင်ဖို့ စီစဉ်ပေးထားပြီး ရပ်ကွက်အလိုက်နေထိုင်နေတဲ့ ဒုက္ခသည်တွေကိုအထောက်အထားယူပြီး ကဒ်တွေထုတ်ပေးနေတာလို့ ဆိုပါတယ်။
အဆိုပါကဒ်ထုတ်ပေးမှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ကျန်ဖိုင်းဒေသအတွင်းကဒုက္ခသည် (၈,၅၀၀) ကျော်အတွက် ကဒ်ထုတ်ပေးထားပြီး တခြားဒေသစခန်းတွေကသူတွေအားလုံးနီးပါးကိုလည်း ကဒ် ထုတ်ပေးနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment