20th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ဒေါ်အောင်ဆန်းစုကြည်က ပါတီတွင်း ညီညွတ်ကြရန်နဲ့ မြန်မာပြည်သူများ စည်းလုံးကြဖို့သာ မှာကြားဟုဆို
📌မြန်မာနွေဦးတော်လှန်ရေးဟာ အရှေ့တောင်အာရှက အာဏာရှင်တွေအတွက် မျက်ခုံးလှုပ်စရာဖြစ်နေပြီလို့ မှတ်ချက်ပြုပြောကြား
📌ပြည်သူ့ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန် စွမ်းရည်ပေါ်အခြေပြုပြီး အသက်အရွယ်နဲ့ ကိုက်ညီမယ့် အတန်းတွေကိုသက်မှတ်ပေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကတိပြု
📌တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသား ကျောင်းသူ၊ ကျောင်းသားများအတွက် ကြားကာလ သင်ကြားရေး အစီအစဥ်တစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက စီစဥ်ဆောင်ရွက်နေ
📌အကြမ်းဖက် စစ်တပ်က ကျန်းမာရေးဝန်ထမ်း ၃၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ၃၆၀ ကျော်ကို ဖမ်းဆီးထောင်ချထား
📌ယနေ့မနက် လေ့ကေ့ကော်မြို့သစ်အနီး တောင်ကုန်းများပေါ်သို့ အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ တိုက်လေယာဉ်တစ်စီး ဗုံးကြဲတိုက်ခိုက်
📌မုံရွာမှထွက်လာသော သံချပ်ကာကားတစ်စီးပါ စစ်ကားတန်းကို မြောင် TGR နဲ့မဟာမိတ်များ ရှေ့ထွက် မိုင်း ၁၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး
📌မန္တလေး-မုံရွာလမ်းမပေါ် ဖြတ်သန်းသွားတဲ့ စကစတပ်များ မိုင်းများဆွဲခံရ၍ တစ်ဖက်ပွင့်ပြောင်းများနဲ့ တိုက်ခိုက်ခံရရာ အနည်းဆုံး ၁၀ ဦးထက်မနည်း သေဆုံး
📌အရာတော်မြို့ အမှတ် (၅၀၀၄) သံချပ်ကာ ယန္တရားတပ် လက်နက်တိုက်ရှိရာ အဆောက်အဦးအား ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လက်နက်တိုက် မီးလောင်
📌ဗကသ ကျောင်းသူ မအေးနန္ဒာစိုး ဖမ်းဆီးခံရချိန် (၇) လကြာသည်အထိ အဆက်သွယ်မရဘဲ အသက်အန္တရာယ်အတွက် များစွာစိုးရိမ်နေရ
📌နွေဦးတက္ကသိုလ်မှ CDM ဝန်ထမ်းများကို ကျပ်သိန်း ၇၀ ကျော် ထောက်ပံကူညီပေးနိုင်ခဲ့
📌ဒီပဲယင်းမြို့နယ် မူးခံတွင်းကျေးရွာနဲ့ ညောင်လှကျေးရွာကို အကြမ်းဖက် စစ်အုပ်စု မီးရှို့ဖျက်ဆီးကာ အရပ်သား နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ဒေါ်အောင်ဆန်းစုကြည်က ပါတီတွင်း ညီညွတ်ကြရန်နဲ့ မြန်မာပြည်သူများ စည်းလုံးကြဖို့သာ မှာကြားဟုဆို

စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ လိုတယ်လို့ နေပြည်တော်ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတဲ့အကြောင်း ဆိုရှယ်မီဒီယာမှာ သတင်းများ တက်လာပြီးနောက် အဲသည်လို ပြောကြားခြင်းမရှိကြောင်း အင်န်အယ်ဒီပါတီတာဝန်ခံတဦးက တုန့်ပြန်လိုက်ပါတယ်။
ပြည်သူတွေအချင်းချင်းကြားမှာ အားလုံးညီညွတ်ကြဖို့လိုသလို အမြင်မတူတာက ပြဿနာမဟုတ်လို့ ဆွေးနွေးကြဖို့လိုတယ်လို့ ပြည်သူတွေကိုသာရည်ညွန်းပြီး မှတ်ချက်ပြုတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရကြောင်း ဘီဘီစီသတင်းမှာလည်း ဖော်ပြထားပါတယ်။
ကနဦးမှာ - စစ်ကောင်စီထောက်ခံတဲ့ ဆိုရှယ်မီဒီယာအကောင့်များနဲ့ စစ်တပ်လော်ဘီတွေက ဒေါ်အောင်ဆန်းစုကြည်က အမြင်မတူတာ ပြဿနာမဟုတ် ၊ ဆွေးနွေးကြဖို့လိုတယ်လို့ ပြောတာဟာ စစ်တပ်နဲ့ ဆွေးနွေးဖို့ လိုတယ်လို့ ပြောတာဆိုပြီး လိုရာဆွဲ ချဲဲ့ကားပြောဆိုခဲ့ကြပါတယ်။ အဲသည်အတွက် လူပရိသတ်အများအပြားမှာ အငြင်းပွားစရာ ငြင်းခုန်စရာ ဖြစ်ခဲ့ကြပါတယ်။
စစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်းရေး လှုံဆော်နေသူများကလည်း အဲသည်စကားလုံးကို ကိုင်စွဲပြီး လက်ရှိနွေဦးတော်လှန်ရေးလှုပ်ရှားမှုကိုပါ ဝေဖန်မှုတွေ ဖြစ်လာခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်ကောင်စီနဲ့ ပတ်သက်တဲ့သဘောထား ဘာမှ မှတ်ချက်မပေးခဲ့ဘူးလို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကနေ အင်န်အယ်ဒီပါတီဝင်အချို့က နောက်ရက်ပိုင်းအတွင်း တုန့်ပြန်ခဲ့ကြပါတယ်။
အဓိကမှတ်ချက်ကတော့ အင်န်အယ်ဒီပါတီတွင်း ညီညွတ်ကြဖို့၊ မြန်မာပြည်သူတွေအချင်းချင်း စည်းလုံးကြဖို့၊ မိမိတို့တွေ အမြဲတန်း ညှိနှိုင်းဆွေးနွေးအဖြေရှာကြဖို့သာ ပြောဆိုလေ့ရှိတာ ဖြစ်တယ်လို့ အဆိုပါတာဝန်ခံက ရှင်းပြသွားပါတယ်။

========================

📌📌မြန်မာနွေဦးတော်လှန်ရေးဟာ အရှေ့တောင်အာရှက အာဏာရှင်တွေအတွက် မျက်ခုံးလှုပ်စရာဖြစ်နေပြီလို့ မှတ်ချက်ပြုပြောကြား

မြန်မာနွေဦးတော်လှန်ရေးဟာ အရှေ့တောင်အာရှက အာဏာရှင်တွေအတွက် မျက်ခုံးလှုပ်စရာဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှာ မှတ်ချက်ပြုပြောကြားလိုက်ပါတယ်။

"ထိုင်း Social Media မှာ နာမည်ကြီးနေတာကတော့ မုံရွာ မန္တလေးလမ်းကို အာဏာရှင်ဆန့်ကျင်သူများ ဧပြီလ ၁၇ နေ့ သင်္ကြန်အတွင်း သိမ်းပိုက် လိုက်ပြီ ဆိုတဲ့ ပိုစ့် ဖြစ်ပါတယ်။ ကောမန့်တွေမှာတော့ နိုင်ငံချစ်တာ သူတို့မှ အမှန်အကန်၊ ဟီးရိုးတွေဆက်ကြိုးစားပါလေးစားပါတယ် ညီကိုများ၊ အားပေးတယ်ချချ၊ ဒီလိုပဲဖြစ်ရမှာပေါ့။ မြန်မာပြည်သူတွေဟာ ထိုင်းတွေအတွက် ပုံဥပမာ ဖြစ်စေချင်တယ်။ အာဏာရှင်မှန်သမျှတွန်းလှန်ကြ။ ထိုင်းမှာလဲ ဒီလိုဖြစ်စေချင်တယ် ဆိုတာတွေ တွေ့ရပါတယ်။ အရှေ့တောင်အာရှက အာဏာရှင်တွေအတွက် မျက်ခုံးလှုပ်စရာတော့ဖြစ်နေပြီ"လို့ ဝန်ကြီးကဆိုပါတယ်။

========================

📌📌ပြည်သူ့ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန် စွမ်းရည်ပေါ်အခြေပြုပြီး အသက်အရွယ်နဲ့ ကိုက်ညီမယ့် အတန်းတွေကိုသက်မှတ်ပေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကတိပြု

ပြည်သူ့ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန် စွမ်းရည်ပေါ်အခြေပြုပြီး အသက်အရွယ်နဲ့ ကိုက်ညီမယ့် အတန်းတွေကိုသက်မှတ်ပေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူသို့ အစီရင်ခံတင်ပြရာမှာ ဒုဝန်ကြီးဂျာထွယ်ပန်က ကတိပြုပြောကြားခဲ့တာဖြစ်ပါတယ်။

"စွမ်းရည်အခြေပြု အတန်းအလိုက် သတ်မှတ်ပေးနိုင်ဖို့အတွက် လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီးလုပ်ဆောင်ခဲ့ပါတယ်။မိဘပြည်သူတွေအနေနဲ့ ကိုယ့်ကလေး အသက်အရွယ်ကြီးသွားမှ အတန်းနောက်ကျကျန်နေမှာကို စိုးရိမ်စရာမလိုပါဘူး"လို့ ဒုဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကြားကာလပညာသင်ကြားရေးကို ၂၀၂၁ ခုနှစ် မေလ မှာစတင်နိုင်ခဲ့ပါတယ်။ ကြားကာလ ပညာသင်ကြားရေးမှာ အွန်လိုင်းသင်ကြားရေးစနစ်ကိုအခြေခံ၍ ချန်နယ်ငါးခုကနေ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပညာရေးဘုတ်အဖွဲ့ ၂၈၀ ကျော်ကိုလည်း အသိအမှတ်ပြု ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။

========================

📌📌တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသား ကျောင်းသူ၊ ကျောင်းသားများအတွက် ကြားကာလ သင်ကြားရေး အစီအစဥ်တစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက စီစဥ်ဆောင်ရွက်နေ

"ပထမဆုံး ဆယ်တန်းအောင်ပြီးသားကလေးတွေအတွက် သင်ကြားရေးအစီအစဥ်တစ်ခု စီစဥ်နေပါတယ်။ ဆယ်တန်းအောင်ပြီးသား ကလေးတွေအနေနဲ့စိတ်ပူစရာမလိုပါဘူး။ တက္ကသိုလ်မတက်ခင်မှာ သူတို့ကို သင်ကြားပေးနိုင်မဲ့ အစီအစဥ်တစ်ခုရှိပါတယ်။ ဒီအစီအစဥ်ကတဆင့် တက္ကသိုလ်တက်ရောက်နိုင်တဲ့အချိန်မှာ သူတို့ တက်ရောက်ချင်တဲ့ဘာသာရပ်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်"လို့အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး ဝန်ကြီးဌာန၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူသို့ အစီရင်ခံတင်ပြရာမှာ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်ကအသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

NUG ပညာ​​ရေးဝန်ကြီးဌာန အဆင့်မြင့်ပညာအနေနဲ့ နောက်ဆုံးနှစ်သင်တန်းများ ပြီးဆုံးအောင်သင်ကြား ဖွင့်လှစ်နိုင်ဖို့ မူအားဖြင့် သဘောတူညီထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရက အခြေခံဆရာဖြစ်သင်တန်းများအတွက် ခေါ်ယူရာ လျှောက်လွှာပေါင်း တစ်သောင်းရရှိခဲ့ပြီး လက်ရှိမှာ လူဦးရေတစ်ထောင်ကိုသင်တန်းဆင်းသင်ကြားပေးပြီးဖြစ်ပါတယ်။

========================

📌📌အကြမ်းဖက် စစ်တပ်က ကျန်းမာရေးဝန်ထမ်း ၃၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ၃၆၀ ကျော်ကို ဖမ်းဆီးထောင်ချထား

အကြမ်းဖက် စစ်တပ်က ကျန်းမာရေးဝန်ထမ်း ၃၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ၃၆၀ ကျော်ကို ဖမ်းဆီးထောင်ချထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံက တစ်နှစ်တာဆောင်ရွက်မှုလုပ်ငန်းများအား ပြည်သူသို့ အစီရင်ခံတင်ပြရာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုဟာ တိုင်းရင်းသားနယ်မြေဒေသက ဆေးရုံ၊ ဆေးခန်းတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ဆေးဝါးများကိုလည်း ဖမ်းဆီးဖျက်ဆီးခဲ့ပါတယ်။

========================

📌📌ယနေ့မနက် လေ့ကေ့ကော်မြို့သစ်အနီး တောင်ကုန်းများပေါ်သို့ အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ တိုက်လေယာဉ်တစ်စီး ဗုံးကြဲတိုက်ခိုက်

ဧပြီ ၂၀ ရက် နံနက် ၁ နာရီအချိန် လေ့ကေ့ကော်မြို့သစ်အနီး တောင်ကုန်းများပေါ်သို့ အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်မှ တိုက်လေယာဉ်တစ်စီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကော်ဘရာ စစ်ကြောင်းမှ စစ်သည်တော်များ တစ်စုံတစ်ရာ ထိခိုက်၊ ကျဆုံး မရှိပါဘူး"လို့ ကော်ပရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ လေးလေ့ကော်ဒေသကို စကစတပ်များ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုးစစ်ဆင်ခဲ့သော်လည်း အထိနာကာ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

========================

📌📌မုံရွာမှထွက်လာသော သံချပ်ကာကားတစ်စီးပါ စစ်ကားတန်းကို မြောင် TGR နဲ့မဟာမိတ်များ ရှေ့ထွက် မိုင်း ၁၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး

"ဧပြီ ၁၉ ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် မုံရွာ မန္တလေး ကားလမ်းမကြီးပေါ်တွင် မုံရွာမှထွက်လာသော Jumper ကားတစ်စီး၊ သံချပ်ကာကားတစ်စီး တို့အား Update မြှင့်ထားသော ရှေ့ထွက်မိုင်း ဆယ့်နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁၆ ဦး နေရာတင် သေဆုံးခဲ့ပါတယ်"လို့‌ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ကဆိုပါတယ်။

တိုက်ခိုက်မှုတွင် Jumper ကားတစ်စီး ထိခိုက်ပျက်စီးပြီး အများအပြားဒဏ်ရာ ရရှိကြောင်း မြောင် TGR ကဆိုပါတယ်။ တိုက်ခိုက်မှုအား မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ ဦးဆောင်၍ ဗိုလ်နေတိုး အထူးပြောက်ကြားအဖွဲ့ B.N.T F၊ 11 Brothers၊ B.G.F (Myingyan) တို့ပူပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

========================

📌📌မန္တလေး-မုံရွာလမ်းမပေါ် ဖြတ်သန်းသွားတဲ့ စကစတပ်များ မိုင်းများဆွဲခံရ၍ တစ်ဖက်ပွင့်ပြောင်းများနဲ့ တိုက်ခိုက်ခံရရာ အနည်းဆုံး ၁၀ ဦးထက်မနည်း သေဆုံး

" ဧပြီလ (၁၉) ရက်နေ့ ၊ နံနက် (၁၀:၁၅) မိနစ်ခန့်တွင် မန္တလေး-မုံရွာလမ်းမပေါ် ၊ မုံရွာ မှ မန္တလေးဘက်သို့အသွား၊ ရေပိုးစားရွာ နှင့် ဂွေးပင်တောရွာအကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်များမှ မိုင်းများကိုခွဲခဲ့ပြီး၊ တစ်ဆက်တည်းမှာပင် တဖက်ပွင့် ၂ လုံးဖြင့် ထပ်မံပစ်ခတ်ရာ အနည်းဆုံး မိုင်းရှာသော စကစတပ်များ (၁၀) ဦးထက်မနည်း သေဆုံးပြီး စကစတပ်သားတစ်ချို့ကို လူနာတင်ကား ၂ စီးဖြင့် သယ်ဆောင်သွားသည်ဟု ဒေသခံပြည်သူများထံ မှ ကြားသိရပါတယ်"လို့ဆိုပါတယ်။

အဆိုပါ မိုင်းစစ်ဆင်ရေးအား မြောင်မြို့နယ် ပကဖ CDSOM၊ Chaung U Revolution Army (CRA)၊ Farmer Revolution Force CHU (FRF)၊ Black Eagle Defense Force – MMU နှင့် ကန္တာရသိန်းငှက် အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်များမှ တပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိ၊ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။

========================

📌📌အရာတော်မြို့ အမှတ် (၅၀၀၄) သံချပ်ကာ ယန္တရားတပ် လက်နက်တိုက်ရှိရာ အဆောက်အဦးအား ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လက်နက်တိုက် မီးလောင်

ဧပြီ ၁၉ ရက် ညနေ ၅:၃၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း အရာတော်မြို့အမှတ် (၅၀၀၄) သံချပ်ကာ ယန္တရားတပ် လက်နက်တိုက်ရှိရာ အဆောက်အဦးအား ဒရုန်းစစ်ဆင်ရေး တစ်ခုနှင့် အဝေးပစ်လက်နက်ကြီးစစ်ဆင်ရေးတစ်ခု မဟာမိတ်များနဲ့ လုပ်ဆောင်ခဲ့ရာ လက်နက်တိုက် မီးလောင်ခဲ့တယ်လို့တယ်လို့ "လျှပ်စီးမိုးကြိုးမုန်တိုင်း"တပ်ဖွဲ့ကဆိုပါတယ်။ တိုက်ခိုက်ပြီးနောက် လက်နက်တိုက်မီးစွဲရာ ပုံရိပ်များရှုမြင်ခဲ့ရပြီး ရဲဘော်များ အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

========================

📌📌ဗကသ ကျောင်းသူ မအေးနန္ဒာစိုး ဖမ်းဆီးခံရချိန် (၇) လကြာသည်အထိ အဆက်သွယ်မရဘဲ အသက်အန္တရာယ်အတွက် များစွာစိုးရိမ်နေရ

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဥက္ကဌဖြစ်သူ မအေးနန္ဒာစိုးမှာ ၂၀၂၁၊ စက်တင်ဘာ (၁၉) ရက်နေ့ ညနေပိုင်းက ခရီးသွားစဥ် ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရချိန် (၇)လပြည့်သည့်ယနေ့အထိ အဆက်အသွယ်မရဖြစ်နေပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားရှိသည်ကိုပင် မသိရှိရတော့ဘဲ ပျောက်ဆုံးနေခြင်းဖြစ်တယ်လို့ ဧပြီ ၁၉ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးပြီးရက်အတော်ကြာတော့ တပ်မ (၃၃) ကနေ မန္တလေးနန်းတွင်းစစ်ကြောရေးမှာရှိနေတယ်လို့သိရတယ်။ အဲ့ဒီနန်းတွင်းစစ်ကြောရေးမှာ လအတော်ကြာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ လုံလောက်တဲ့ဆေးကုသခွင့်မရတဲ့အကြောင်းတွေ ပြန်သိခဲ့ရတာမျိုးရှိခဲ့တယ်"လို့ဆိုပါတယ်။ ၂၀၂၂ ဖေဖော်ဝါရီ လဆန်းပိုင်းကစလို့ မည်သည့်နေရာကိုပို့ဆောင်လိုက်တယ်ဆိုတာကိုပါ မသိရဘူးလို့ဆိုပါတယ်။

========================

📌📌နွေဦးတက္ကသိုလ်မှ CDM ဝန်ထမ်းများကို ကျပ်သိန်း ၇၀ ကျော် ထောက်ပံကူညီပေးနိုင်ခဲ့

ဧပြီလအတွင်းမှာ သတင်းထုတ်ပြန်ချက်အရ မတ်လအတွင်း ဖွင့်လှစ်ထားတဲ့ တန်းခွဲများမှတဆင့် လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း တစ်ရာ့ ခြောက်ဆယ့် ငါးသိန်း နှစ်သောင်း တစ်ထောင် )ရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါလက်ခံရရှိတဲ့ လှူဒါန်းငွေများကို SUM Cares မှတဆင့် (သိန်း ခုနှစ်ဆယ့် ခုနှစ်သိန်း တစ်သောင်း ခြောက်ထောင်) ကျပ်တိတိကို CDM သူရဲကောင်းများသို့လည်းကောင်း၊ (သိန်း သုံးဆယ့် ကိုးသိန်း တစ်သောင်း ငါးထောင်) ကျပ်တိတိကို CDM စစ်ဘေးရှောင်ပြည်သူများသို့ လည်းကောင်း၊ SUM Cares မှတဆင့် အသီးသီး ချီးမြှင့်လှူဒါန်းပေးခဲ့ပါတယ်။

========================

📌📌ဒီပဲယင်းမြို့နယ် မူးခံတွင်းကျေးရွာနဲ့ ညောင်လှကျေးရွာကို အကြမ်းဖက် စစ်အုပ်စု မီးရှို့ဖျက်ဆီးကာ အရပ်သား နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်

"ဧပြီ ၂၀ ရက်နေ့ နံနက် သုံးနာရီခန့်အချိန် မူးခံတွင်းကျေးရွာသို့သုံးနေရာမှ ဝင်ရောက်လာပြီး အသက် (၅၀) ကျော်ပြည်သူတစ်ဦးနဲ့အသက် (၆၀)ကျော်ပြည်သူတစ်ဦးကို ပစ်သတ်သွားကြောင်း သိရပါတယ်။ ညောင်လှကျေးရွာသို့ထပ်မံ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးလျှက်ရှိနေပြီးနေရာသုံးခုခွဲ မီးရှို့နေသည့်အတွက်ပျက်စီးဆုံးရှုံးမှု ကြီးနိုင်ကြောင်းသိရှိရပါတယ်"လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကဆိုပါတယ်။ ဧပြီ ၁၉ ရက်နေ့ကလည်း ပဲယင်းမြို့နယ် စိုင်ပြင်မြို့ပေါ် နေအိမ် (၃)လုံးမီးရှို့ဖျက်ဆီးခဲ့ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment