21st APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၂၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အထူးငွေတိုက်စာချုပ်များကို​ တော်လှန်ရေးအမြန်ဆုံးအောင်နိုင်ရေးအတွက် အနည်းဆုံးလိုအပ်ချက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာသန်း၂၀၀ ပြည့်မီတဲ့အထိ ရောင်းချနိုင်အောင်ကြိုးစားစီစဉ်ဆောင်ရွက်နေပြီလို့ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
📌CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်နေတဲ့ စိုက်ပျိုးရေးဉီးစီးဌာန မှအရာထမ်း ၉၂ ဦးကို ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်နဲ့ထုတ်ပယ်
📌တော်လှန်ရေးကို ငွေကြေးထောက်ပံ့မှုနဲ့ အနိုင်ယူရန် စီးပွားရေးလုပ်ငန်းရှင်များပါဝင်ဖို့ သထုံမတ် ​ဒေါ်သီရိရတနာ တိုက်တွန်းပြောကြား
📌ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဂန့်ဂေါ တပ်ရင်း အတွက် ပြည်ပရောက် ဖရဲသီးရောင်းအဖွဲ့နှင့် ဖရဲသီးစားသုံးသူများမှ ကျပ်ခုနစ်သိန်းကျော် MOD မှတဆင့်ကူညီထောက်ပံ့
📌တစ်နှစ်ကျော်အတွင်း စကစရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၅၇,၀၀၀ ကျော်တွင်နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းခန့်သာပါဝင်
📌အမေရိကန် စေတနာ့ဝန်ထမ်း Peace Corps အဖွဲ့လုပ်ငန်းတွေပိတ်သိမ်းပြီ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အထူးငွေတိုက်စာချုပ်များကို​ တော်လှန်ရေးအမြန်ဆုံးအောင်နိုင်ရေးအတွက် အနည်းဆုံးလိုအပ်ချက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာသန်း၂၀၀ ပြည့်မီတဲ့အထိ ရောင်းချနိုင်အောင်ကြိုးစားစီစဉ်ဆောင်ရွက်နေပြီလို့ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

အထူးငွေတိုက်စာချုပ်များကို တော်လှန်ရေးအမြန်ဆုံးအောင်နိုင်ရေးအတွက် အနည်းဆုံးလိုအပ်ချက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာသန်း၂၀၀ ပြည့်မီတဲ့အထိ ရောင်းချနိုင်အောင်ကြိုးစားစီစဉ်ဆောင်ရွက်နေပြီလို့ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆိုကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံတင်ပြရာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

"တော်လှန်ရေးအစိုးရတစ်ရပ်က ထုတ်ဝေရောင်းချတဲ့ အတိုးမဲ့ငွေတိုက်စာချုပ်ဆိုတာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးဖြစ်ပြီးတော့၊ ဒီနေ့အချိန်ထိ စာချုပ်ပေါင်း ၇ သောင်းခွဲခန့် ရောင်းချနိုင်ခဲ့ပြီး၍ စာချုပ်တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်ဖိုးရောင်းချနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ရရှိလာတဲ့ ဘဏ္ဍာရန်ပုံငွေတွေကို နွေဦးတော်လှန်ရေး အောင်ပွဲအတွက် အဓိက အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ မဟာဗျူဟာကျကျ စီမံခန့်ခွဲသုံးစွဲလျက်ရှိပြီး၊ ထိရောက်တဲ့ အရွေ့တစ်ခုလည်း ရောက်ရှိဖော်ဆောင်နိုင်နေပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း တော်လှန်ရေးအမြန်ဆုံးအောင်နိုင်ရေးအတွက် အနည်းဆုံးလိုအပ်ချက်ဖြစ်တဲ့ ဒေါ်လာသန်း၂၀၀ ပြည့်မီတဲ့အထိ ရောင်းချနိုင်အောင်ကြိုးစားစီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ တော်လှန်ရေး ညီနောင်မဟာမိတ်အဖွဲ့အစည်းများကလည်း ကူညီ အားဖြည့်ရောင်းချပေးလျက်ရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။

လတ်တလောမှာ KPICT (ကချင်)၊ PNFC (ပအိုဝ်) တို့နှင့် အတူလက်တွဲပြီး ပြည်တွင်းပြည်ပမှာ ငွေတိုက်စာချုပ်များကိုရောင်းချပေးလျက်ရှိသလို KSCC (ကရင်နီ)၊ ICNCC (ချင်း) တို့နဲ့လည်း မကြာခင်မှာ ပူးပေါင်းရောင်းချနိုင်ရေးအတွက် ညှိနှိုင်းစီစဉ်လျက်ရှိတယ်လို့သိရပါတယ်။

=======================

📌📌CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်နေတဲ့ စိုက်ပျိုးရေးဉီးစီးဌာန မှအရာထမ်း ၉၂ ဦးကို ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်နဲ့ထုတ်ပယ်

CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်နေတဲ့ စိုက်ပျိုးရေးဉီးစီးဌာန မှအရာထမ်း ၉၂ ဦးကို ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်နဲ့ထုတ်ပယ်လိုက်တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၂၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ကြေညာချက်အမှတ် (၇/၂၀၂၂) နဲ့ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ပဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တသားတည်းဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေဖြင့်လည်း အောက်တိုဘာလမှစတင်၍ အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့ကြသည့် ဝန်ကြီးဌာနမဖွဲ့ရသေးသောဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနှင့် ဖိအားကင်းစင်ရေး တို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။

ယခုအခါ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ် ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပေဒနှင့်အညီပြန်ဆပ်ရန်မလိုတော့သည့် လစာချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများ စသည့် အမျိုးမျိုးသောဖိနှိပ်မှုများကို ကျူးလွန်နေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ဝန်ထမ်းများအား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်တယ်လို့ ဆိုပါတယ်။

========================

📌📌တော်လှန်ရေးကို ငွေကြေးထောက်ပံ့မှုနဲ့ အနိုင်ယူရန် စီးပွားရေးလုပ်ငန်းရှင်များပါဝင်ဖို့ သထုံမတ် ​ဒေါ်သီရိရတနာ တိုက်တွန်းပြောကြား

တော်လှန်ရေးကို ငွေကြေးထောက်ပံ့မှုနဲ့ အနိုင်ယူရန် စီးပွားရေးလုပ်ငန်းရှင်များပါဝင်ဖို့ သထုံမတ် ဒေါ်သီရိရတနာ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဧပြီ ၂၀ ရက်နေ့မှာ တော်လှန်ရေးနဲ့ပတ်သတ်လို့ လူမှုကွန်ရက်တွင် ရေးသားရာမှာ သထုံအမတ် ဒေါ်သီရိရတနာက ပြောကြားခဲ့တာပါ။

"အသက်စွန့်ပြီးတိုက်နေတဲ့ ပြည်သူတွေအတွက်၊ ဘဝစွန့်ပြီးကူနေတဲ့ပြည်သူတွေရှိတယ်။ အဲ့ဒီအတွက် နိုင်ကိုနိုင်မှာပါ။ အဲ့ဒီမှာ “ဘယ်တော့လောက်မြန်မြန်နိုင်မှာလဲဆိုတဲ့ “မေးခွန်းအတွက်တော့ “ပြည်သူဘယ့်လောက်က ကူနေသလဲ “ဆိုတဲ့ အမေးကပဲ အဖြေဖြစ်ပါတယ်။ အပိုမပါတဲ့အသက်ကိုတောင်စွန့်ထားကြပြီး တော်လှန်နေကြချိန်မှာ မသေမချင်းပြန်ရှာလို့ရတဲ့ ငွေအချို့ကို ဒီတော်လှန်ရေးအတွက် ကျမတို့ မသုံးသင့်ဘူးလား။ ခက်ခဲလည်းလုပ်မှဖြစ်မယ့် လုပ်ငန်းစဉ်မဟုတ်လား။ အထူးသဖြင့်တိုက်တွန်းချင်တာက စီးပွါးရေးလုပ်ငန်းရှင် အကြီး၊ အလတ်၊ အငယ်တွေကိုပါ။ အရင်လိုအေးချမ်းစွာပြန်နေနိုင်ဖို့အတွက် အသက်တွေ ဘဝတွေ အရာရာတွေကို စွန့်ပြီးနည်းမျိုးစုံနဲ့ တော်လှန်ရင်းနှီးနေကြရချိန်မှာ မြန်မြန်နဲ့များများကူနိုင်တဲ့ လုပ်ငန်းရှင်များရဲ့အားဟာလည်း သမိုင်းအလှည့်အပြောင်းမှာ အရေးပါလွန်းလှပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ငွေတိုက်စာချုပ်များ​ ရောင်းချပြီး တော်လှန်ရေးအတွက် အသုံးပြုလျက်ရှိပါတယ်။ အထူးငွေတိုက်စာချုပ်များကို အမေရိကန်ဒေါ်လာတစ်ရာတန်မှ ငါးထောင်တန်အထိရောင်းချပေးလျက်ရှိပြီးတော့ စုစုပေါင်းငွေတိုက်စာချုပ် ခုနစ်သောင်းကျော်ရောင်းချရပြီးဖြစ်ကာ အမေရိကန်ဒေါ်လာသုံးဆယ့်သုံးမီလီယံရရှိပြီးဖြစ်ပါတယ်။

========================

📌📌ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဂန့်ဂေါ တပ်ရင်း အတွက် ပြည်ပရောက် ဖရဲသီးရောင်းအဖွဲ့နှင့် ဖရဲသီးစားသုံးသူများမှ ကျပ်ခုနစ်သိန်းကျော် MOD မှတဆင့်ကူညီထောက်ပံ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဂန့်ဂေါ တပ်ရင်း အတွက် ပြည်ပရောက် ဖရဲသီးရောင်းအဖွဲ့နှင့် ဖရဲသီးစားသုံးသူများမှ ကျပ်ခုနစ်သိန်းကျော် MOD မှတဆင့်ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ 20 ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဂန့်ဂေါ တပ်ရင်းကထုတ်ပြန်ခဲ့ပါတယ်။

"ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဂန့်ဂေါ တပ်ရင်း အတွက် ပြည်ပရောက် ဖရဲသီးရောင်းအဖွဲ့နှင့် ဖရဲသီးစားသုံးသူများမှ စေတနာထက်သန်စွာဖြင့် ပါဝင်အားဖြည့် ကူညီလှူဒါန်းမှုအား ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။ တော်လှန်ရေးအတွက် အကျိုးရှိစွာအသုံးချသွားမည်ဖြစ်ကြောင်း ကတိပြုပါတယ်"လို့ဖော်ပြပါရှိပါတယ်။

လက်ရှိမှာ ကာကွယ်ရေးတပ်ဖွဲ့များအတွက် ကူညီထောက်ပံ့မှုများကို ပြည်တွင်းအလှူရှင်များသာမက ထိုင်း၊ ကိုရီးယား၊အမေရိကန်နဲ့ဥရောပ နိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း ကူညီထောက်ပံ့လျက်ရှိပါတယ်။

========================

📌📌တစ်နှစ်ကျော်အတွင်း စကစရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၅၇,၀၀၀ ကျော်တွင်နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းခန့်သာပါဝင်

တစ်နှစ်ကျော်အတွင်း စကစရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၅၇,၀၀၀ ကျော်တွင်နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းခန့်သာပါဝင်တယ်လို့သတင်းရရှိပါတယ်။ ဧပြီလအတွင်းမှာ ISP Myanmarက အချက်အလက်နဲ့ ကိန်းဂဏန်းများထုတ်ပြန်ချက်အရသိရပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်အတွင်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်းလုံးမှာ စစ်ကောင်စီက ဖမ်းဆီးထားသူဦးရေ စုစုပေါင်း ၁၃,၂၉၃ ဦးရှိပြီဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ နဲ့ ဧပြီလတွေမှာ အဖမ်းအဆီးအများဆုံးရှိခဲ့ပြီး တော့ ၂၀၂၂ ခုနှစ်မှာလည်း ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိနေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက် အတွင်း နိုင်ငံတဝန်းလုံးက အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီးတော့ တရားစွဲခံထားရသူများ နဲ့ ထောင်ဒဏ်ကျခံနေရသူများထဲက စုစုပေါင်း ၅၇,၀၉၁ ဦးကို စစ်ကောင်စီက လွတ်ငြိမ်း ချမ်းသာခွင့် ၇ ကြိမ် ကြေညာပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ အရေအတွက်တွေကို ပြန်ကြည့်ရရင် ၂၀၂၁ ခုနှစ်အတွင်းက ဖေဖော်ဝါရီ ၂၁ ရက်မှာ ၂၃,၃၁၄ ဦး၊ ဧပြီ ၁၇ ရက်မှာ ၂၃,၄၀၇ ဦး၊ ဇွန် ၃၀ ရက်မှာ ၂,၂၉၆ ဦး၊ အောက်တိုဘာ ၁၈ ရက်မှာ ၅,၆၃၆ ဦး ရှိခဲ့ပြီးတော့ ၂၀၂၂ ခုနှစ် အတွင်း ဖေဖော်ဝါရီ ၁၂ ရက်မှာ ၈၁၄ ဦး၊ မတ် ၂ ရက်မှာ ၅ ဦး၊ ဧပြီ ၁၇ ရက်မှာ ၁,၆၁၉ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းတွေအရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၅၇,၀၉၁ ဦးထဲမှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီး၊ ချုပ်နှောင်ခံရသူ ၄,၅၅၆ ဦးခန့် သာ ပါဝင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေရဲ့ ရှစ်ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ကျန် ၉၀ ရာခိုင်နှုန်းကျော်ကတော့ နိုင်ငံရေးနဲ့ ဆက်နွယ်ခြင်းမရှိတဲ့ အခြား ပြစ်မှု ၊ပြစ်ဒဏ်တွေနဲ့ အကျဥ်းကျခံနေရသူတွေသာဖြစ်တယ်လို့သိရပါတယ်။

========================

📌📌အမေရိကန် စေတနာ့ဝန်ထမ်း Peace Corps အဖွဲ့လုပ်ငန်းတွေပိတ်သိမ်းပြီ

အမေရိကန် စေတနာ့ဝန်ထမ်း Peace Corps အဖွဲ့လုပ်ငန်းတွေပိတ်သိမ်းပြီလို့ ကြေညာလိုက်ပါတယ်။ ဧပြီ ၁၈ ရက်နေ့မှာ Peace Corps အမှုဆောင် အရာရှိချုပ် Carol Spahnက ကြေညာလိုက်တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် တည်ငြိမ်မှုမရှိတဲ့အတွက် လုပ်ငန်းတွေဆက်လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ သို့ပေမဲ့လည်း နောင်တစ်ချိန် မြန်မာပြည်တည်ငြိမ်အေးပါက လုပ်ငန်းများပြန်လည်ဆောင်ရွက် မယ်လို့လည်းဆိုထားပါသေးတယ်။ အမေရိကန် စေတနာ့ဝန်ထမ်း Peace Corps အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂ဝ၁၆ ခုနှစ်ကစပြီး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာစတင်ခဲ့တာဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment