၂၀၂၂ ဧပြီလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အကြမ်းဖက် စစ်အုပ်စုဟာ ရန်ကုန်ကိုတောင် ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌မြန်မာနိုင်ငံရဲ့ လူဦးရေတဝက်ဟာ ဆင်းရဲနွမ်းပါး ဒုက္ခရောက်နေပြီး လူဦးရေ ၁၄၄ သိန်းမှာ စားနပ်ရိက္ခာပြတ်လပ်နေပြီဖြစ်
📌နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ပြင်သစ်သံရုံးတောင်းဆို
📌မြောင်မြို့နယ်တွင် (၂၂ ) ကျောင်းမြောက်အခြေခံပညာစာသင်ကျောင်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့
📌ယနေ့မနက် ကမာရွတ်ရဲစခန်း ဗုံးပေါက်ကွဲ၍ စခန်းထဲက ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံး
📌ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာကို စစ်တပ်က မီးရှို့၍ နေအိမ် အလုံး ၄၀ မီးလောင်ဆုံးရှုံးကာ အရပ်သား တစ်ဦးကိုပါသတ်ဖြတ်ခဲ့
📌ကနီမြို့မှ ရေလယ်ကျွန်းသို့ ရိက္ခာလာပို့တဲ့ စကစတပ်ဖွဲ့ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ပြောက်ကျားတိုက်ခိုက်၍ စကစတပ်ဖွဲ့ဝင်တစ်ဦးသေ၊ လေးဦးပြင်းထန်ဒဏ်ရာရ
📌မြင်းခြံမြို့ အမှတ် ၁ ရဲစခန်းကို လက်ပစ်ဗုံးနဲ့ပစ်၍ ကင်းစောင့် နှစ်ဦးထိမှန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အကြမ်းဖက် စစ်အုပ်စုဟာ ရန်ကုန်ကိုတောင် ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
အကြမ်းဖက် စစ်အုပ်စုဟာ ရန်ကုန်ကိုတောင် ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘူးလို့ ဧပြီ ၂၀ ရက်နေ့ တွေ့ဆုံမေးမြန်းခြင်း ရုပ်သံအစီအစဥ်မှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့တာဖြစ်ပါတယ်
"နေပြည်တော်ကိုသူတို့ တစ်ရာ ရာခိုင်နှုန်း ထိန်းချုပ်နိုင်သလားလို့မေးရင် နေပြည်တော်မှာလည်း သူတို့ပြောက်ကျားအတိုက်ခံနေရတာပဲမဟုတ်လား။ အလားတူပဲ ရန်ကုန်ဒေသ၊ မန္တလေးဒေသ၊ ရန်ကုန်ကိုရော သူတို့အပိုင်ထိန်းချုပ်နိုင်သလားမေးရင် မထိန်းနိုင်ကြပါဘူး။ ဆရာတို့ပြောတဲ့ ထိန်းချုပ်နယ်မြေဆိုတာ ပညာရေး၊ ကျန်းမာရေး၊စီမံအုပ်ချုပ်ရေး လုပ်နိုင်တဲ့နေရာတွေကိုတွက်ထားတာပါ။ စစ်ကိုင်းတို့၊ မကွေးတို့၊ စစ်ကိုင်းအပါအဝင် တစ်နိုင်ငံလုံးမှာ ရှေ့တန်းဆေးရုံ ၁၆၇ ရုံ ဆရာတို့ဖွင့်ထားနိုင်ပြီ။ အခြေစိုက်ဆေးရုံ ၅၁ ရုံဖွင့်နိုင်ပြီ"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ထိန်းချုပ်ထားနိုင်တဲ့နယ်မြေများမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြို့နယ် ပအဖ၊ ပကဖ အဖွဲ့များနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာသင်ကြားရေး၊ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နေပြီး စစ်ကိုင်းတိုင်းတွင် ၁၀ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။
========================
📌📌မြန်မာနိုင်ငံရဲ့ လူဦးရေတဝက်ဟာ ဆင်းရဲနွမ်းပါး ဒုက္ခရောက်နေပြီး လူဦးရေ ၁၄၄ သိန်းမှာ စားနပ်ရိက္ခာပြတ်လပ်နေပြီဖြစ်
မြန်မာနိုင်ငံရဲ့ လူဦးရေတဝက်ဟာ ဆင်းရဲနွမ်းပါး ဒုက္ခရောက်နေပြီး လူဦးရေ ၁၄၄ သိန်းမှာ စားနပ်ရိက္ခာပြတ်လပ်နေပြီဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တနှစ်တာ လုပ်ငန်းဆောင်တာများပြည်သူသို့ အစီအစဥ်ခံရာမှာ ပြောကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော် ရှိပြီး ဆင်းရဲနွမ်းပါးဒုက္ခရောက် သူတို့ဟာအကူအညီမရှိရင် အသက်ရှင်လို့မရတော့ဘူး။ ဒီကိန်းဂဏန်းတွေနဲ့ပတ်သတ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့လုပ်နေပါတယ်။ နိုင်ငံတကာကိုသိအောင်လည်း တင်ပြထားပါတယ်"လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရမှုတို့ရှိပြီး ပြည်သူလူထုအများစုမှာ အလုပ်လက်မဲ့ဖြစ်ပွားခဲ့ပါတယ်။
========================
📌📌နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ပြင်သစ်သံရုံးတောင်းဆို
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ဧပြီ ၂၁ ရက်နေ့မှာ ပြင်သစ်သံရုံးရန်ကုန်က ကြေညာချက်ထုတ် တောင်းဆိုခဲ့ပါတယ်။
"ယနေ့တွင် ပြင်သစ်သံရုံးသည် မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးခံနေရသော ထောင်နှင့်ချီသည့် ပြည်သူများကို စာနာထောက်ထားကာ - ရှပ်အင်္ကျီအပြာရောင် - လှုပ်ရှားမှုကို ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ပြင်သစ်နိုင်ငံက ထပ်လောင်း တောင်းဆိုပါတယ်"လို့ဖော်ပြထားပါတယ်။ တစ်နှစ်ကျော်အတွင်း စကစရဲ့လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိသူ ၅၇,၀၀၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းခန့်သာပါဝင်တယ်လို့ ဧပြီလအတွင်းမှာ ISP Myanmar က ထုတ်ပြန်ချက်အရသိရပါတယ်။
========================
📌📌မြောင်မြို့နယ်တွင် (၂၂ ) ကျောင်းမြောက်အခြေခံပညာစာသင်ကျောင်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့
စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် (၂၂ ) ကျောင်းမြောက်အခြေခံပညာစာသင်ကျောင်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ကျောင်းဖွင့်ပွဲသို့ မြောင်ပညာရေးကွန်ရက်မှတာဝန်ခံများ၊ မြောင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၊ ကျောင်းပညာရေးကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်အမတ်၊ ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖ၊ မိဘ၊ ဆရာ၊ ကျောင်းသား ၊ကျောင်းသူများ တက်ရောက်ခဲ့ကြတယ်လို့ Myaung Education Network မြောင်ပညာရေးကွန်ရက်ကဆိုပါတယ်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်းနှင့် စတင်ပြီးကျောင်းများအတွက် သင်ကြားရေးလုပ်ငန်းများ၊ အခြေခံပံ့ပိုးမှုများ၊ ကွန်ရက်မှလုပ်ဆောင်သွားမည့် လုပ်ငန်များအကြောင်းဆွေးနွေးကြပြီး အခြေခံပညာအထက်တန်းအဆင့်အဖြစ် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌ယနေ့မနက် ကမာရွတ်ရဲစခန်း ဗုံးပေါက်ကွဲ၍ စခန်းထဲက ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံး
ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့ ကမာရွတ်ရဲစခန်း ဗုံးပေါက်ကွဲ၍ စခန်းထဲက ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးကြောင်း Dark Shadow အဖွဲ့ကပြောပါတယ်။
"ရဲ အထိခိုက်က ရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် ရမ်းသမ်းပစ်ခတ်တာပါ ရရာလူ ဖမ်းမိအောင်လို့ပါ"လို့ ဆိုပါတယ်။ ဗုံးပေါက်က်ကွဲမှုဖြစ်ပွားပြီးနောက် ရဲများစခန်းတွင်းမှ ရမ်းသန်းပစ်ခတ်ရာ အရပ်သား တစ်ဦး ကားပေါ် ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံများကဆိုပါတယ်။ "စခန်းထဲက ရဲတော့သေ၊ မသေမသိသေးဘူး။ ကောင်လေးတယောက် ကားထဲသေတယ်"လို့ ကမာရွတ်မြို့နယ် နေထိုင်သူအမျိုးသမီးတစ်ဦးကပြောပါတယ်။
========================
📌📌ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာကို စစ်တပ်က မီးရှို့၍ နေအိမ် အလုံး ၄၀ မီးလောင်ဆုံးရှုံးကာ အရပ်သား တစ်ဦးကိုပါသတ်ဖြတ်ခဲ့
ဧပြီ ၂၀ ရက်နေ့မှာ ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာကို စစ်တပ်က နေရာသုံးနေရာခွဲကာ မီးရှို့၍ နေအိမ် အလုံး ၄၀ မီးလောင်ဆုံးရှုံးကာ အရပ်သားတစ်ဦးကိုပါသတ်ဖြတ်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကဆိုပါတယ်။ ဧပြီ ၂၀ ရက်နေ့က ပုဆိုးဖြင့် လက်ပြန်ကြိုးတုပ်ကာ အရပ်သား ကိုနေမျိုးဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
========================
📌📌ကနီမြို့မှ ရေလယ်ကျွန်းသို့ ရိက္ခာလာပို့တဲ့ စကစတပ်ဖွဲ့ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ပြောက်ကျားတိုက်ခိုက်၍ စကစတပ်ဖွဲ့ဝင်တစ်ဦးသေ၊ လေးဦးပြင်းထန်ဒဏ်ရာရ
ဧပြီ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန် စစ်ကိုင်းတိုင်း ကနီမြို့မှ ရေလယ်ကျွန်းသို့ ရိက္ခာလာပို့တဲ့ စကစတပ်ဖွဲ့ယာဥ်တန်းကို ပြောက်ကျားစစ်ဆင်ရေးတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင်တစ်ဦးသေ၊ လေးဦးပြင်းထန်ဒဏ်ရာရတယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DPRA ကဆိုပါတယ်။ နေ့လည် ၁၂ နာရီ အချိန်မှာ မဟာမိတ်အင်အားစုများအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌မြင်းခြံမြို့ အမှတ် ၁ ရဲစခန်းကို လက်ပစ်ဗုံးနဲ့ပစ်၍ ကင်းစောင့် နှစ်ဦးထိမှန်
မြင်းခြံမြို့ အမှတ် ၁ ရဲစခန်းကို လက်ပစ်ဗုံးနဲ့ပစ်၍ ကင်းစောင့် နှစ်ဦးထိမှန်သွားတယ်လို့ သတင်းရရှိပါတယ်။ "ဧပြီ ၂၀ ရက် ည ၇ နာရီ ၃၀ အချိန် မြင်းခြံမြို့အမှတ် (၁) ရဲစခန်းအား နာနတ်သီး (၁) လုံးကျွေးခဲ့ပါတယ်။ အမှတ် (၁) ရဲစခန်းရှေ့ ကင်းစောင့် ၂ ဦးမှာ မြေပြင်ပေါ်တွင် အိပ်ပျော်သွားခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှုကို MG6 ပြောက်ကျားတပ်(မြင်းခြံ)နှင့် နှလုံးလှလူမိုက်ကြီးများအဖွဲ့ (မြင်းခြံ), ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင် အမှတ်(၅) တပ်ရင်းမှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment