22nd APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၂၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မြန်မာ့မြေပေါ်ကနေ အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ရည်ရွယ်ချက်နှစ်ခုဖြင့် ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင်အသိပေး
📌အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲသွားမယ်
📌သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၈) ပြည့်ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် blue shirt Campaign ပြုလုပ်
📌လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထမင်းစားရေသောက် ကျူးလွန်နေတဲ့ စစ်တပ်တစ်ခုဖြစ်နေပြီလို့ CDM ဗိုလ်ကြီးခန့်ကို ပြောကြား
📌မိုးကုတ်မြို့တွင် မကြာမီကာလအတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ Red Wolves Of Mogok ပြောက်ကျား တပ်ဖွဲ့ကြေညာ
📌ဒုတပ်ကြပ် တစ်ဦး CDF-Daai ထံသို့အလင်းဝင်ရောက်လာ
📌လက်ပံတောင်းကြေးနီစီမံကိန်း ပြန်လည်ပတ်ခွင့်မပြုကြောင်း PDF ၁၆ ဖွဲ့ ထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မြန်မာ့မြေပေါ်ကနေ အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ရည်ရွယ်ချက်နှစ်ခုဖြင့် ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင်အသိပေး

မြန်မာ့မြေပေါ်ကနေ အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ရည်ရွယ်ချက်နှစ်ခုဖြင့် ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင်အသိပေးပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံတင်ပြရာမှာ ဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။

"ကျနော်တို့ဝန်ကြီးဌာနအနေနဲ့ မြန်မာ့မြေပေါ်ကနေ အမြစ်ပြတ်ရေး ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက်နှစ်ချက်ချမှတ်ပြီးဆောင်ရွက်လျက်ရှိပါတယ်။ပထမ ရည်ရွယ်ချက်ကတော့ အာဏာရှင်ရဲ့ အကြမ်းဖက်ယန္တရားလည်ပတ်မှုမဖြစ်မနေလိုအပ်တဲ့ ဘဏ္ဍာရေးရလဒ်တွေ၊ဝင်ငွေရလမ်းတွေကို ပြည်သူနဲ့အတူပိတ်ဆို့ဟန့်တားရေးပဲ​ြဖစ်ပါတယ်။ဒါနဲ့ပတ်သတ်လို့ လျှပ်စစ်မီတာခတွေ မပေးဆောင်ရေး၊ အခွန်အခတွေမပေးဆောင်ရေး၊စိုက်ပျိုးစရိတ်တွေ ပြန်လည်ပေးဆပ်ရမဲ့ကာလရွှေ့ဆိုင်းခြင်း၊နိုင်ငံ့ဝန်ထမ်းတွေအတွက် ကိုဗစ်ကာလ ဝန်ထမ်းလခ နှစ်လခချေးငွေတွေကို ပြန်လည်ပေးဆပ်ရန်မလိုတဲ့အချက်တွေ သတ်မှတ်ပြောင်းလဲပေးခဲ့ပါတယ်"လို့ဆိုပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနမှ လောင်းကစားဥပဒေကိုပြင်ဆင်ပြဌာန်းကာ နွေဦးထီကို CDMများအတွက်ရည်ရွယ်၍ ဆောင်ရွက်ပေးနိုင်ခဲ့ကာ CDMဝန်ထမ်း၁၈၀၀၀၀နဲ့ချိတ်ဆက်ကူညီဆောင်ရွက်နိုင်ခဲ့ပါတယ်။

ပြည်ထောင်စုအခွန်အကောက်ဥပဒေကိုလည်း ပြဌာန်းနိုင်ခဲ့ကာ တာဝန်သိပြည်သူများထံမှ အခွန်အခများရရှိနိုင်ခဲ့ပြီးNUGထိန်းချုပ်နယ်မြေများအတွက်ကြားကာလ အခွန်အခဆိုင်ရာမူဝါဒကိုလည်းရေးဆွဲပေးနိုင်ခဲ့ပါတယ်။

=======================

📌📌အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲသွားမယ်

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲသွားမယ်လို့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက ဝန်ကြီးဌာနလုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ပြည်သူသို့အစီရင်ခံရာမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ဝန်ကြီးဌာနရဲ့ ဖက်ဒရယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှာဆိုရင် လုပ်ငန်းစဥ်အဆင့်သုံးဆင့်ခွဲဆောင်ရွက်နေပါတယ်။ ပထမအဆင့်မှာ အသွင်ကူးပြောင်းရေးအစီအမံများကို ဖော်ထုတ်တယ်။ ဒုတိယအဆင့်မှာ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲသွားမယ်။တတိယမှာ အမြဲတမ်းကျင့်သုံးမဲ့ ဖက်ဒရယ်ပြည်ထောင်စုအခြေ ခံဥပဒေကို ကျနော်တို့ပြင်ဆင်သွားမှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီးဖြစ်ပါတယ်။ လက်ရှိမှာ အမျိုးသာစညီညွတ်ရေးအစိုးရဟာ NUCCရဲ့နိုင်ငံရေးလမ်းပြမြေပုံအရ ကြားကာလအစီအမံများကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

========================

📌📌သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၈) ပြည့်ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် blue shirt Campaign ပြုလုပ်

ဧပြီလ ၂၁ ရက်နေ့မှာ မှာကျရောက်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန် ခြင်း (၈) ပြည့် ကို ဂုဏ်ပြုခြင်း နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် အပြာရောင် ရှပ်အင်္ကျီတွေဝတ်ဆင်ပြီး blue shirt Campaign ကို လူမှုကွန်ယက်စာမျက်နှာများတွင် ပြုလုပ်ခဲ့ကြပါတယ်။ အမျိုးသားညီးညွတ်ရေးအစိုးရ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများ ၊နိုင်ငံရေး အကျဉ်းသားဟောင်းများ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အပါအဝင် နိုင်ငံအနှံ့အပြား နဲ့ ကမ္ဘာတစ်ဝှမ်းက ပြည်သူများ က ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

========================

📌📌လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထမင်းစားရေသောက် ကျူးလွန်နေတဲ့ စစ်တပ်တစ်ခုဖြစ်နေပြီလို့ CDM ဗိုလ်ကြီးခန့်ကို ပြောကြား

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထမင်းစားရေသောက် ကျူးလွန်နေတဲ့ စစ်တပ်တစ်ခုဖြစ်နေပြီလို့ CDM ဗိုလ်ကြီးခန့်ကို​ ကပြောကြားလိုက်ပါတယ်။ ဧပြီ ၂၁ ရက် အ​ကြမ်းဖက်စစ်တပ်နဲ့ပတ်သတ်လို့လူမှုကွန်ရက်မှာရေးသားရာမှာ CDM ဗိုလ်ကြီးခန့်ကို ကမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

"အမှန်အတိုင်း ဝန်ခံရရင် ဒီ ၂၀၂၁ အာဏာသိမ်းမှုမတိုင်ခင်ထိ စစ်တပ်ရဲ့ မတရားသဖြင့် အနိုင်ကျင့်မှု ၊ ယုတ်မာမှုတွေကို မသိခဲ့ ၊ မယုံကြည်ခဲ့သလို အဖိနှိပ်ခံ တိုင်းရင်းသားတွေအပေါ်လည်း ကိုယ်ချင်းစာမပေးတတ်ခဲ့ပါဘူး။ အခု KNU နယ်မြေထဲ နေခွင့်ရတဲ့အချိန်မှာ စစ်တပ်ရဲ့ ယုတ်မာမှုတွေကို ကျွန်တော်သိခဲ့ ကြားခဲ့တာတွေက အသေးအဖွဲပဲရှိသေးတယ်ဆိုတာ သိခွင့်ရခဲ့တယ်။ ဒါကြောင့် စစ်သားဖြစ်ခဲ့ဖူးပေမယ့် စစ်တပ်ကို မုန်းတီးပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထမင်းစားရေသောက် ကျူးလွန်နေတဲ့ စစ်တပ်တစ်ခုဖြစ်နေပြီဆိုတာကို တပ်တွင်းက လူစိတ်ရှိသူတွေ နားလည်သင့်နေပါပြီ။ ကျွန်စိတ်တွေ မပျောက်သရွေ့ ပြည်သူရဲ့ မုန်းတီးမှုဒဏ်က လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး"လို့ဆိုပါတယ်။

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၇၇၉) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ AAPP မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၂၈၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၉၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။

========================

📌📌မိုးကုတ်မြို့တွင် မကြာမီကာလအတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ Red Wolves Of Mogok ပြောက်ကျား တပ်ဖွဲ့ကြေညာ

မိုးကုတ်မြို့တွင် မကြာမီကာလအတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ Red Wolves Of Mogok ပြောက်ကျား တပ်ဖွဲ့ကြေညာလိုက်ပါတယ်။ ဧပြီ ၂၁ ရက်မှာ ပြည်သူလူထုကို Red Wolves Of Mogok ပြောက်ကျား တပ်ဖွဲ့ကဆိုလိုက်တာဖြစ်ပါတယ်။

"မိုးကုတ်မြို့တွင် မကြာမှီ ကာလအတွင်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဖြစ်သဖြင့် ဆေးဝါးများ၊ အရေးကြီးစာရွက်စာတမ်းများ၊ စားနပ်ရိက္ခာခြောက်များ၊ ဗုံးခိုကျင်းများ၊ အဓိကထားပြင်ဆင်ကြရန် ပြည်သူလူထုအား မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်"လို့ဖော်ပြထားပါတယ်။

မိုးကုတ်မြို့နယ်ဟာ မကြာသေးခင်ကမှ မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

========================

📌📌ဒုတပ်ကြပ် တစ်ဦး CDF-Daai ထံသို့အလင်းဝင်ရောက်လာ

ဒုတပ်ကြပ် တစ်ဦး CDF-Daai ထံသို့အလင်းဝင်ရောက်လာတယ်လို့ သတင်းရရှိပါတယ်။ ဧပြီလ (၂၁) ရက် မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ် (၂) ကုတင် ၃၀၀ ဆံ့ စစ်ဆေးရုံ တဆရ (၂/၃၀၀) တပ်ရင်းမှ ဒု -တပ်ကြပ် မြင့်သိန်းဟာ Chinland Defense Force - Daai ထံသို့ မိသားစုနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ဆိုပါတယ်။

"ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ် (၂) ကုတင် ၃၀၀ ဆံ့ စစ်ဆေးရုံ တဆရ (၂/၃၀၀) တပ်ရင်းမှ ဒု -တပ်ကြပ် မြင့်သိန်း (ကိုယ်ပိုင်အမှတ် တ/ ၄ ၂၆၆၃၈) သည် စစ်ခေါင်းဆောင်းများ၏ မတရား အကြမ်းဖက်သည့် လုပ်ရပ်များကို မလိုလားသည့်အတွက် (၁. ၄. ၂၀၂၂) ရက်နေ့တွင် Chinland Defense Force - Daai ထံသို့ မိသားစုနှင့်အတူ (CDM) ပြုလုပ်ကာ လာရောက်အလင်းဝင်ခဲ့သဖြင့် နွေးထွေးစွာ လုပ်ခံခဲ့ပြီး လွက်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆောက်ပေးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။

ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသဖြင့် (CDM) ပြုလုပ်၍ ပြည်သူ့ရင်ခွင် ခိုလုံချင်သူ ပြည်သူ့ တပ်မတော်သားများအား CDF-Daai အနေဖြင့် နွေးထွေးစွာ လက်ခံကြိုဆိုသွားမည် ဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။

========================

📌📌လက်ပံတောင်းကြေးနီစီမံကိန်း ပြန်လည်ပတ်ခွင့်မပြုကြောင်း PDF ၁၆ ဖွဲ့ ထုတ်ပြန်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြန်လည်ပတ်ခွင့်ပြုမှာမဟုတ်ကြောင်း ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်အတွင်းက ဒေသတွင်းကာကွယ်ရေး ၁၆ ဖွဲ့က ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ လုပ်ငန်းပြန်လည်ပတ်ရင် ဒေသခံအဖွဲ့တွေပေါင်းပြီး စီမံကိန်းကို တိုက်ခိုက်သွားမယ်လို့ Salingyi G-Z Local PDF အဖွဲ့တာဝန်ခံက ပြောပါတယ်။

“စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နှစ်လလောက်အကြာမှာကတည်းက ကြေးနီစီမံကိန်း ရပ်နားထားခဲ့ပြီး အခုအလုပ်ပြန်လုပ်မယ်ဆိုပြီး ဒေသမှာ အလုပ်သမားတွေ ပြန်ခေါ်နေတာ။ စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုတာ တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်။ အဲဒီတော့ ဒီလိုကာလမှာ လုပ်ငန်းလည်ပတ်တာကို လက်မခံနိုင်ဘူး၊ ဒီလိုထုတ်ပြန်ချက် ထုတ်ဖို့ အဖွဲ့တွေ အစည်းအဝေး သုံးကြိမ်ခေါ်ပြီး အားလုံးသဘောတူညီချက်နဲ့ ထုတ်ပြန်လိုက်တာ" တားမြစ်ထားတဲ့ကြားက လုပ်ငန်းခွင်ဝင်ကြလို့ ဝန်ထမ်းတွေ ထိခိုက်လာရင် တာဝန်မယူလို့ ဆိုပါတယ်။

လက်ရှိ ဦးပိုင်ကုမ္ပဏီတွေမှာ လုပ်ကိုင်နေတဲ့သူတွေအနေနဲ့လည်း လာမယ့် မေလ ၅ ရက်နေ့ နောက်ဆုံးထားပြီး CDM လုပ်ဆောင်ပေးဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီစီမံကိန်းဟာ တိုင်းပြည်အကျိုး၊ ဒေသခံပြည်သူအကျိုးရှိကြောင်း ရှင်းရှင်းလင်းလင်း မချပြမချင်း ဆက်လက်ဆန့်ကျင်သွားမယ်လို့လည်း ဆိုပါတယ်။ ကြေးနီစီမံကိန်းဟာ အနီးနားက ကျေးရွာ ၂၆ ရွာက မြေယာတွေကို သိမ်းဆည်းပြီး နှစ် ၆၀ စီမံကိန်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment