၂၀၂၂ ဧပြီလ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်သူ့ဘက်မှာရပ်တည်ပူးပေါင်းပြီး အမှန်တရားအတွက်တိုက်ပွဲဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တိုက်တွန်း
📌အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာန၊ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေး၊ ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်စတင်
📌ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဦးဆောင်၍ စစ်ကောင်စီစခန်းအား စခန်းသိမ်းတိုက်ပွဲဆင်နွှဲ၍ စကစတပ်ဖွဲ့ဝင် ငါးဦး သေဆုံး၊ ခုနစ်ဦး ထိခိုက်ဒဏ်ရာရ
📌မန္တလေးမြို့ ၄၃ လမ်း၊ ၆၅-၆၆ ကြားရှိ မြို့နယ်ထွေအုပ်ရုံးနဲ့ ၈၇ လမ်းထောင့်ရှိ ရပ်ကွက်ရုံးတို့အား ပြောက်ကျားတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်
📌MOGOK PSF တပ်ဖွဲ့ လက်နက်တပ်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ကျောက်ပန်းချီကားများကို ကံစမ်းမဲဖောက်ပေးရာ ကံထူးရှင် သုံးဦးထွက်ပေါ်
📌တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက် တိုက်နယ် အတွင်းရှိ စစ်ဘေးရှောင်သူပြည်သူများ အယောက် ငါးထောင် အထိတိုးလာ
📌သင်္ကြန်ပွဲတော်အား စကစမှ ပြည်သူများအား ချောင်းမြောင်းပစ်ခတ်မည့် စနိုက်ပါသမားများအပါအဝင် လုံခြုံရေးအင်အား အများအပြား အသုံးပြုမယ့် လျှို့ဝှက်ကြေးနန်းပေါက်ကြား
📌မြိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ပြုလုပ်ကျင်းပမယ့် သင်္ကြန်ပွဲတွင် ပြည်သူများအနေဖြင့် ပါဝင်ခြင်းမပြုရန် မြိတ် ပကဖ က ပြည်သူလူထုအား မေတ္တာရပ်ခံပန်ကြား
📌ဧပြီလ အတွက် နွေဦးထီများ စတင်ရောင်းချ
📌၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားသူများအား တက္ကသိုလ်ဝင်ခွင့် လက်ခံမည်မဟုတ်ကြောင်း ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကြေညာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်သူ့ဘက်မှာရပ်တည်ပူးပေါင်းပြီး အမှန်တရားအတွက်တိုက်ပွဲဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တိုက်တွန်း
ဧပြီ ၂ ရက် နေ့မှာ ပြည်သူ့သားကောင်းများကို နွေးထွေးစွာကြိုဆိုတယ်လို့ထုတ်ပြန်ကြေညာခဲ့သလို ပြည်သူ့ဘက်မှာရပ်တည်ပူးပေါင်းပြီး အမှန်တရားအတွက်တိုက်ပွဲဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။
"တော်လှန်ရေးက အရှိန်ရလာတာနဲ့အမျှ အစစအရာရာကိုစွန့်လွှတ်ပြီး တရားတဲ့ဘက်မှာရပ်တည်ခိုဝင်လာကြတဲ့ ပြည်သူ့သားကောင်းများရဲ့ အင်အားကလည်း အရေးအကြီးဆုံးအင်အားတစ်ရပ် ဖြစ်လာပါတယ်။ လူတစ်စု အာဏာတည်မြဲဖို့အတွက် စစ်ကောင်စီရဲ့ အသုံးချခံအနေနဲ့ ဆက်လက် မရပ်နိုင်တော့တဲ့ ပြည်သူ့စစ်သားကောင်းတွေက မိမိတတ်သိကျွမ်းကျင်ထားတဲ့ ဥာဏ်ပညာ ၊ ရဲရင့်မှုတွေကို မှန်ကန်တဲ့ ပြည်သူ့ဘက်မှရပ်တည်ပြီး တော်လှန်ရေးအတွက် နိုင်ရာဝန်ကို ထမ်းပိုးဆောင်ရွက်နေကြပါတယ်"လို့ဖော်ပြထားပါတယ်။ ဒါ့အပြင်စစ်ကောင်စီရဲ့ မတရားဖိနှိပ် အနိုင်ကျင့်မှုတွေကြောင့် တပ်အတွင်းမှာလည်း လှိုက်စားပြိုကွဲနေကြသလို အားလုံးရဲ့ ပူးပေါင်းမှုတွေကလည်း အရှိုက်ထိစေပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ကဆိုပါတယ်။
"ဒီလိုမတရားမှုတွေကိုတွန်းလှန်နိုင်ဖို့ အချိန်ကောင်းအခါကောင်းဖြစ်တဲ့အတွက် ပြည်သူ့ဘက်မှာရပ်တည်ပူးပေါင်းပြီး အမှန်တရားအတွက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်"လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ကဖော်ပြပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာန၊ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေး၊ ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်စတင်
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာန ကျောင်းသား၊ ကျောင်းသူ လူငယ်များစဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးကာလတိုသင်ကြားရေး (Short Course) အစီအစဉ်စတင်မယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၂ ရက် နေ့မှာ ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ကထုတ်ပြန်ခဲ့ပါတယ်။ ကြားကာလပညာရေးအစီအစဉ် (Short Course for Students) ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ကျောင်းသားများကို ပညာဆက်လက် သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာနမှ စီစဉ်လျက်ရှိတာဖြစ်ပါတယ်။
သင်ကြားမည့်ပုံစံမှာ- Zoom Meeting နဲ့ဖြစ်ပြီးတော့
သင်ကြားမည့်နေ့ရက်မှာ- 5.4.2022 & 6.4.2022 ဖြစ်ပြီး၊
သင်ကြားမည့်အချိန်- နံနက် 10နာရီမှ 12 နာရီ နေ့လည် 1နာရီမှ 3နာရီ ( တစ်ရက်လျှင် နှစ်ချိန် )ဖြစ်ပါတယ်။
သင်ကြားမယ့်အကြောင်းအရာများမှာ ပတ်ဝန်းကျင်လုံခြုံမှု၊သွေးထွက်လွန် ဒဏ်ရာပြုစုနည်း၊ရုတ်တရက် နာမကျန်းဖြစ်သူကို ပြုစုနည်း၊ ပတ်ဝန်းကျင်ကြောင့် ထိခိုက်ဒဏ်ရာရသည်ကို ပြုစုနည်း၊ အသက်ရှူခြင်း-နှလုံးခုန်ခြင်းကိုနှိုးဆွခြင်း၊ အစာပြွန်လေပြွန် ပိတ်မိခြင်းကိုပြုစုနည်းတို့ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ပိုမိုအားကောင်းလာသည့်အလျောက် အရေးပေါ် အခြေအနေများတွင် မိမိကိုယ်အားလည်းကောင်း၊ မိမိပတ်ဝန်းကျင်အားလည်းကောင်း ကုသကယ်ဆယ်နိုင်ရန် ရည်ရွယ်၍ ဤသင်တန်းအား စီစဉ်ခြင်းဖြစ်တယ်လို့သိရပါတယ်။
========================
📌📌ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဦးဆောင်၍ စစ်ကောင်စီစခန်းအား စခန်းသိမ်းတိုက်ပွဲဆင်နွှဲ၍ စကစတပ်ဖွဲ့ဝင် ငါးဦး သေဆုံး၊ ခုနစ်ဦး ထိခိုက်ဒဏ်ရာရ
ဧပြီ ၁ ရက် နေ့ မွန်းလွဲ ၁ နာရီ အချိန်က ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဦးဆောင်၍ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာ စစ်ကောင်စီစခန်းအားမန်နေ့က စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တယ်လို့သတင်းရရှိပါတယ်။
" စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်တာ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နှင့်အတူ သပြေညို FALCON FORCE ၊ အရာတော်ဘုန်းနိုင်၊ ပတ္တမြားညီနောင်အဖွဲ့များမှ လက်နှက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခ (၇) ကောင်သေဆုံးပြီး၊ (၅) ကောင်ဒါဏ်ရာရရှိခဲ့ပါတယ်"လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် (၂) နာရီကျော် ကြာမြင့်ခဲ့ပြီး စခန်းအားသိမ်းနိုင်ခဲ့သလို ဆိုင်ကယ် (၃) စီး သိမ်းဆီးရမိခဲ့ကာ ၎င်းတို့အသုံးပြုနေသော လူနာတင်ယာဉ်မှာ လက်နက်ကြီးထိမှန်ပျက်စီး မီးလောင်ကျွမ်းခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
========================
📌📌မန္တလေးမြို့ ၄၃ လမ်း၊ ၆၅-၆၆ ကြားရှိ မြို့နယ်ထွေအုပ်ရုံးနဲ့ ၈၇ လမ်းထောင့်ရှိ ရပ်ကွက်ရုံးတို့အား ပြောက်ကျားတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်
ဧပြီ ၁ ရက်နေ့ ညနေ ၅ နာရီ ၅၀ အချိန်နဲ့ ညပိုင်း ၈ နာရီ ၂၀ အချိန်တို့မှာ မန္တလေးမြို့ ၄၃ လမ်း၊ ၆၅-၆၆ ကြားရှိ မြို့နယ်ထွေအုပ်ရုံးနဲ့ ၈၇ လမ်းထောင့်ရှိ ရပ်ကွက်ရုံးတို့အား Phoenix အထူးပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
"ဧပြီ ၁ ရက်နေ့ ညနေ 5:50 ခန့်တွင် မန္တလေးမြို့ ၄၃ လမ်း၊ ၆၅-၆၆ ကြားရှိ မြို့နယ်ထွေအုပ်ရုံးတွင် တပ်စွဲထားသော စကစတပ်များအား နှုတ်ခမ်းနီနှစ်တောင့် ကျွေးခဲ့ပြီး ထိခိုက်မှုအခြေအနေကို မသိရှိရသေးပါ။ ထို့အတူ ညပိုင်း ၈:၂၀ ခန့်အချိန်တွင်လည်း ၃၃ လမ်း၊ ၈၇ လမ်းထောင့်ရှိ ရပ်ကွက်ံရုံးတွင် တပ်စွဲထားသော စကစတပ်များအား ငရုတ်သီးဝင်ကျွေးခဲ့ရာ စကစတပ်ဖွဲ့ဝင် (၄) ကောင်ထိပြီး (၃) ကောင်မှာ နေရာတွင်ပင် မြေကြီးအားငုံ့နမ်းခဲ့တယ်"လို့ ဆိုပါတယ်။ မဟာမိတ် အဖွဲ့ JMPDF မှ ရဲဘော်တစ်ယောက် မစိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
========================
📌📌MOGOK PSF တပ်ဖွဲ့ လက်နက်တပ်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ကျောက်ပန်းချီကားများကို ကံစမ်းမဲဖောက်ပေးရာ ကံထူးရှင် သုံးဦးထွက်ပေါ်
ဧပြီ ၂ ရက်နေ့မှာ MOGOK PSF တပ်ဖွဲ့က လက်နက်တပ်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ကျောက်ပန်းချီကားများကို ကံထူးသူ ပေါက်မဲနံပါတ်များ ကြေညာခဲ့ရာ ကံထူးရှင် သုံးဦး ထွက်ပေါ်ခဲ့ပါတယ်။
"MOGOK PSF တပ်ဖွဲ့ လက်နက်တပ်ဆင်ရန်အတွက်အမေစုပုံ ကျောက်ပန်းချီလက်မှတ်များကို တစ်စောင် (3000) ကျပ်နှုန်းဖြင့် ရောင်းချခဲ့ရာ အစောင်ရေ 300 ကျော် ရောင်းချခဲ့နိုင်ပြီး Ruby Land Mogok Addmin Team မှ မဲနှိုက်ပေးရာ ပေါက်မဲနံပါတ်များမှာ 254၊ 509၊ 026 တို့ဖြစ်ပါတယ်"လို့ ဆိုပါတယ်။ မဲပေါက်သူများကို အမေစုပုံ ဂုဏ်ပြုလက်ဆောင် ပေးအပ်သွားမှာဖြစ်ပါတယ်လို့သိရပါတယ်။
========================
📌📌တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက် တိုက်နယ် အတွင်းရှိ စစ်ဘေးရှောင်သူပြည်သူများ အယောက် ငါးထောင် အထိတိုးလာ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက် တိုက်နယ် အတွင်းရှိ စစ်ဘေးရှောင်သူပြည်သူများ အယောက် ငါးထောင် အထိတိုးလာတယ်လို့ ဒေါန တနင်္သာရီ အဖွဲ့သားများမှ ဧပြီလ ၂ ရက်နေ့မှာ ဆိုထားပါတယ်။
"နှစ်ဖက်ထိတွေ့မှုများ မရှိသေးသော်လည်း ဧပြီ (၁) ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲရာ သဲချောင်းကြီး တပ်စခန်းမှ အနီးနားပတ်ဝန်းကျင် ကျေးရွာများသို့ လက်နက်ကြီးများနှင့် ပစ်ခတ်မှုများရှိခဲ့ပါတယ်။ လက်ရှိချိန်အထိ တောင်ပျောက်တိုက်နယ်အတွင်းတွင် စစ်ရှောင်ဦးရေမှာ တိုးလာလျက်ရှိပြီး ခန့်မှန်းစစ်ရှောင်ဦးရေ (၅၀၀၀) ဝန်းကျင်ရှိပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။ ဆက်သွယ်ရေးလိုင်းများ တည်ငြိမ်မှုမရှိဘဲ စစ်ရှောင်ပြည်သူများအကြား သတင်းအမှားပြန့်နှံ့မှုမှာလည်း ဆိုးရွားလျက်ရှိတယ်လို့ သိရပါတယ်။
"စားနပ်ရိက္ခါနှင့် ဆေးဝါးများမှာ လက်ရှိတွင် အသင့်အတင့်အဆင်ပြေနေသော်လည်း ရေရှည်တွင် ပြတ်လပ်မှုများရှိလာနိုင်တယ်"လို့ ဒေါန တနင်္သာရီ အဖွဲ့သားများမှ ဆိုပါတယ်။
========================
📌📌သင်္ကြန်ပွဲတော်အား စကစမှ ပြည်သူများအား ချောင်းမြောင်းပစ်ခတ်မည့် စနိုက်ပါသမားများအပါအဝင် လုံခြုံရေးအင်အား အများအပြား အသုံးပြုမယ့် လျှို့ဝှက်ကြေးနန်းပေါက်ကြား
ဧပြီ ၁ ရက်နေ့မှာ ကြေးနန်းစာသတင်းပေးပို့ချက်ကို Myanmar Police CDM Channel - MPCC ရဲ့ဖော်ပြချက်အရ သင်္ကြန်ပွဲတော်မှာ စကစများက ပြည်သူများအား ချောင်းမြောင်းပစ်ခတ်မည့် စနိုက်ပါသမားများအပါအဝင် လုံခြုံရေးအင်အား အများအပြား အသုံးပြုမဲ့ လျှို့ဝှက်ကြေးနန်း ပေါက်ကြားတယ်လို့ သတင်းရရှိပါတယ်။
ဖရဲသီး၏ ကြေးနန်းစာသတင်းပေးပို့ချက်အရ စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပမည်ဟု ကြွေးကြော်နေသော်လည်း ကြောက်လန့်စိုးရွံ့မှုများရှိနေသဖြင့် စကစ လက်အောက်ခံ စစ်သားများ/ ရဲသားများ/ယာဉ်ထိန်းရဲများမှလက်နက်များကိုင်ဆောင်ကာ မြန်မာ့ယဉ်ကျေးမှုပွဲတော်အား ယဉ်ကျေးမှုကင်းမဲ့စွာဖြင့် ကျင်းပရန် စီစဉ်နေလျက်ရှိကြောင်း သတင်းရရှိပါတယ်လို့ဆိုပါတယ်။
အဆိုပါကြေးနန်းတွင် လုံခြုံရေးဖြန့်ခွဲထားရှိမှု၊ လှည့်ကင်း/ပတ်ကင်းများလှည့်ရန်နှင့် အမြင့်တင်(စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်ရန်အဖွဲ့) တာဝန်ချထားမှု၊ ဆေးအကာကွယ်ပေးရေးအဖွဲ့များ စုဖွဲ့တာဝန်ချထားမှုများ ဆောင်ရွက်သွားကြရန် ညွှန်ကြားထားပြီး တာဝန်ယူ ဆောင်ရွက်ကြရမည့် ဦးစီးခေါင်းဆောင်၊ အင်အား၊ ဖုန်းနံပါတ်တို့အား စစ်ဦးစီးဌာန (စစ်ဆင်ရေး) သို့ ၁.၄.၂၀၂၂ ရက်နေ့ ၀၉၀၀ အချိန် အရောက် ပေးပို့တင်ပြသွားရန် ဟု ဖော်ပြထားရှိပါတယ်။
========================
📌📌မြိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ပြုလုပ်ကျင်းပမယ့် သင်္ကြန်ပွဲတွင် ပြည်သူများအနေဖြင့် ပါဝင်ခြင်းမပြုရန် မြိတ် ပကဖ က ပြည်သူလူထုအား မေတ္တာရပ်ခံပန်ကြား
"၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ၁၃ ရက်တွင် ကျရောက်သောမြိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ပြုလုပ်ကျင်းပမယ့် သင်္ကြန်ပွဲတွင် ပြည်သူများအနေဖြင့် ရေကစားမဏ္ဍပ်သို့ သွားရောက်ရေကစားခြင်း၊ ယိမ်းကအဖွဲ့အနေနဲ့ ပူးပေါင်းပါဝင်ဆင်နွဲခြင်း၊ စစ်ကောင်စီအဖွဲ့နီးစပ်ရာသို့ သွားလာခြင်း မပြုကြဖို့နှင့် တော်လှန်သင်္ကြန်တွင် ပူးပေါင်း ပါဝင်ပေးကြဖို့ကိုလည်း အထူးအလေးပေး တိုက်တွန်းလိုပါတယ်"လို့ မြိတ် ပကဖ က ဖော်ပြပါတယ်။
ထို့အပြင် သင်္ကြန်ပွဲတော်ရက် မတိုင်မီနေ့ ညများတွင်လည်း စစ်ကောင်စီမှ လုံခြုံရေးအကြောင်းပြကာ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေတောင်းခြင်းများအား အစဉ်တစိုက်ပြုလုပ်နေပါသဖြင့် ပြည်သူများအနေဖြင့် သတိထား သွားလာနေထိုင်ကြဖို့ကိုလည်း မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်လို့ဆိုပါတယ်။ လက်ရှိတွင် မြိတ်မြို့နယ်အတွင်း လုံခြုံရေးတင်းကြပ်စွာချထားလျက်ရှိပါတယ်။
========================
📌📌ဧပြီလ အတွက် နွေဦးထီများ စတင်ရောင်းချ
ဧပြီလ အတွက် နွေဦးထီများ စတင်ရောင်းချနေပြီလို့ နွေဦးထီမိသားစုကဖော်ပြပါတယ်။ ဧပြီ ၂ ရက်နေ့မှာ နွေဦးထီမိသားစုက ထီလက် မှတ်များ ဝယ်ယူနိုင်ပြီလိူ့ အများပြည်သူကို အသိပေးကြေညာခဲ့ပါတယ်။
"တော်လှန်ရေးထီဖြစ်သည့်အလျောက် အာဏာရှင်ကို ဆန့်ကျင်ရာတွင် ဘယ်သောအခါမျှ သွေးအေးသွားမှာမဟုတ်ကြောင်းကို အကြမ်းမဖက်ပြသနိုင်မယ့် လမ်းကြောင်းတစ်ရပ်လဲဖြစ်တာမို့ နွေဦးထီကိုအားပေးရင်း တော်လှန်ရေးမှာ ပူးပေါင်း ပါဝင်အားဖြည့်ပေးကြဖို့အလေးအနက်တိုက်တွန်းလိုက်ရပါတယ်။ နွေဦးထီကို အခက်အခဲ အကြပ်တည်းများကြားမှ အားပေးနေကြတဲ့မိဘပြည်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်"လို့ နွေဦးထီမိသားစုကဆိုပါတယ်။
နွေဦးထီထိုးရန် အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရန် အတွက် Telegram မှ တစ်ဆင့် “နွေဦးထီ Customer Care Bot https://t.me/SpringLotteryCustomerCare_bot” ကို ဆက်သွယ်နိုင်ပါတယ်။ မတ်လအတွက် ဖွင့်ခဲ့တဲ့နွေဦးထီ ဆုမဲများတွင် ကျပ်သိန်းတစ်ရာအထူးဆုတစ်ဆု၊ ဆယ့်ငါးသိန်းဆုမဲပေါင်းများစွာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ နွေဦးထီရောင်းရငွေများကိူ CDM ဝန်ထ့မ်းများအား အဓိကထောက်ပံ့ရာတွင် သုံးစွဲလျက်ရှိပါတယ်။
========================
📌📌၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားသူများအား တက္ကသိုလ်ဝင်ခွင့် လက်ခံမည်မဟုတ်ကြောင်း ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကြေညာ
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားသူများအား တက္ကသိုလ်ဝင်ခွင့် လက်ခံမည်မဟုတ်ကြောင်း ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီက ဧပြီ ၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးရဲ့ တော်လှန်ရေးဖြစ်ရပ်များကို မျက်ကွယ်ပြု၍ မိမိရဲ့အကျိုးစီးပွားအတွက် စစ်ကောင်စီက ဖွင့်လှစ်သော အတန်းများတက်ရောက်ခြင်း၊ စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခြင်းများကို တွေ့ရှိခဲ့ရပါတယ်။ ထိုသို့တော်လှန်ရေးကို မျက်ကွယ်ပြုကာ စစ်အုပ်ထောက်တိုင်တွင် ပါဝင်သူမည်သူ့ကိုမဆို ရတနာပုံတက္ကသိုလ်က ပြင်းထန်စွာရှုတ်ချပါတယ်"လို့ ဆိုထားပါတယ်။ သို့ဖြစ်၍ ၂၀၂၂ ခုနှစ်တွင် ကျင်းပလျက်ရှိသော အကြမ်းဖက်စစ်ကောင်စီ၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားသူများအား ရတနာပုံတက္ကသိုလ်က တက္ကသိုလ်ဝင်ခွင့် လက်ခံမည်မဟုတ်ကြောင်း ကြေညာလိုက်ပါတယ်လို့ဆိုထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment