၂၀၂၂ ဧပြီလ ၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အပေါ် ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သတင်းထုတ်ပြန်
📌ပြည်သူ့သားကောင်းများကို နွေးထွေးစွာကြိုဆိုပါကြောင်း NUG အစိုးရက ထုတ်ဖော်ရေးသားလိုက်ပါတယ်
📌ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ မျက်နှာစုံညီဆွေးနွေးပွဲပြုလုပ်တဲ့သတင်း
📌စစ်ကောင်စီမှ ကောက်ခံသော အခွန်အခများကိုကင်းလွတ်ခွင့်ပြုကြောင်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေညာ
📌ခမရ (၅၈၅) ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်သားဟိန်းမင်းထွေးတို့ ကော်ဘရာစစ်ကြောင်းထံ လက်နက်များနှင့်အတူ အလင်းဝင်လာ
📌CDM သူရဲကောင်းတွေကို အကူညီပေးနိုင်ဖို့ အလှူရှင် အပလီကေးရှင်းမှ ဧပြီလ ၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ တစ်ရာကျော် ရရှိထား
📌ပြည်သူလူထု၏ထောက်ပံ့မှု့ဖြင့် လက်နက်များ ဝယ်ယူနိုင်ပြီလို့ Ranger Kalay Defence Force က အသိပေး
📌ပြင်ပပေါက်စျေး သိန်း ၇၀ ဝန်းကျင်ရှိသော 5.56 ကျည်ဖြင့် ပစ်ခတ်နိုင်တဲ့ သေနတ်ကို TGR မြောင် ပြည်သူ့ကာကွယ်ရေးတပ်များ ထုတ်လုပ်အောင်မြင်
📌စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့ဝင်နှစ်ဦးဟာ လက်နက်စမ်းသပ်ထုတ်လုပ်နေစဉ်မှာပဲ အသက်ဆုံးရှုံးခဲ့တဲ့သတင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အပေါ် ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သတင်းထုတ်ပြန်
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အပေါ် ကြိုဆိုတယ်ဆိုပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာ့အရေးဆုံးဖြတ်ချက်မှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒတွေကို လေးစားဖို့နဲ့ လက်ရှိအချိန်မှာ ဒီမိုကရေစီနဲ့ အရပ်သားအစိုးရအတွက် မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကို အပြည့်အဝအားပေးထောက်ခံမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီကိုလည်း မတရားဖမ်းဆီးထားတဲ့သူတွေ အားလုံးကို ပြန်လွှတ်ဖို့၊ မတရားပြု ကျင့်ခဲ့သူအားလုံးကို တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ပေးဖို့နဲ့ မတရားပြုကျင့်ခံရသူတွေ၊ ရှင်ကျန်ရစ်သူတွေ အားလုံးအတွက် တရားမျှတမှုရှိစေရေးတို့အတွက် လုပ်ဆောင်ပေးရန်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
========================
📌📌ပြည်သူ့သားကောင်းများကို နွေးထွေးစွာကြိုဆိုပါကြောင်း NUG အစိုးရက ထုတ်ဖော်ရေးသားလိုက်ပါတယ်
တော်လှန်ရေးက အရှိန်ရလာတာနဲ့အမျှ အစစအရာရာကိုစွန့်လွှတ်ပြီး တရားတဲ့ဘက်မှာရပ်တည်ခိုဝင်လာကြတဲ့ ပြည်သူ့သားကောင်းများရဲ့ အင်အားကလည်း အရေးအကြီးဆုံးအင်အားတစ်ရပ် ဖြစ်လာပါတယ်။ လူတစ်စု အာဏာတည်မြဲဖို့အတွက် စစ်ကောင်စီရဲ့ အသုံးချခံအနေနဲ့ ဆက်လက်မရပ်နိုင်တော့တဲ့ ပြည်သူ့စစ်သားကောင်းတွေက မိမိတတ်သိကျွမ်းကျင်ထားတဲ့ ဥာဏ်ပညာ ၊ ရဲရင့်မှုတွေကို မှန်ကန်တဲ့ ပြည်သူ့ဘက်မှရပ်တည်ပြီး တော်လှန်ရေးအတွက် နိုင်ရာဝန်ကို ထမ်းပိုးဆောင်ရွက်နေကြပါတယ်။ စစ်ကောင်စီရဲ့ မတရားဖိနှိပ် အနိုင်ကျင့်မှုတွေကြောင့် တပ်အတွင်းမှာလည်း လှိုက်စားပြိုကွဲနေကြသလို အားလုံးရဲ့ ပူးပေါင်းမှုတွေကလည်း အရှိုက်ထိစေပါတယ်။ ဒီလိုမတရားမှုတွေကို တွန်းလှန်နိုင်ဖို့ အချိန်ကောင်းအခါကောင်းဖြစ်တဲ့အတွက် ပြည်သူ့ဘက်မှာရပ်တည်ပူးပေါင်းပြီး အမှန်တရားအတွက်တိုက်ပွဲဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။
========================
📌📌ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ မျက်နှာစုံညီဆွေးနွေးပွဲပြုလုပ်တဲ့သတင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ဦးရန်နိုင်ထွန်းနှင့် ရုံးအဖွဲ့ဝင်များ၊ ကိုရီးယားနိုင်ငံသား အကြံပေးတာဝန်ခံများသည် ၂၀၂၂ ခုနှစ် ဧပြီလ ၂ ရက် စနေနေ့ ညနေ ၅ နာရီမှ ၇ နာရီအထိ ၂ နာရီကြာ ကိုယ်စားလှယ်ရုံးခန်းတွင် မျက်နှာစုံညီအစည်းအဝေးအား ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးတွင် အသစ်တက်လာမည့် ကိုရီးယားသမ္မတသစ်လက်ထက် မြန်မာ့ဒီမိုကရေစီရေး အခြေအနေများ၊ NUG အစိုးရ၏ နွေဦးတော်လှန်ရေးတွင် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အနာဂတ် နိုင်ငံရေးမူဝါဒလမ်းစဉ်များ၊ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ကြုံတွေ့နေကြရသည့် အခက်အခဲများ စသည်တို့အား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌စစ်ကောင်စီမှ ကောက်ခံသော အခွန်အခများကိုကင်းလွတ်ခွင့်ပြုကြောင်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေညာ
စစ်ကောင်စီမှ ကောက်ခံသော အခွန်အခများကိုကင်းလွတ်ခွင့်ပြုကြောင်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။ ဧပြီ ၂ ရက်နေ့မှာ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုင်/လုပ်ငန်းများနှင့် ပတ်သက်သည့် စည်ပင်လုပ်ငန်းခွန်များကို ပေးဆောင်ခြင်းမပြုဘဲ လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ရန် ကင်းလွတ်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်အရ စစ်ကောင်စီ၏ လက်အောက်ခံ အရာတော်မြို့နယ်၊ စည်ပင်ဌာနသို့ နှစ်စဉ် ပေးဆောင်ရမည်ဖြစ်သော အရာတော်မြို့နယ်တွင်းမှ ဆိုင်/လုပ်ငန်းများနှင့် ပတ်သက်တဲ့ စည်ပင်လုပ်ငန်းခွန်များကို ပေးဆောင်ခြင်းမပြုဘဲ လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ရန် ကင်းလွတ်ခွင့်ပြုလိုက်တယ်"လို့ဖော်ပြပါတယ်။
စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလက်အောက်တွင် ပေးဆောင်ရမည့် အခွန်အခအားလုံးကို ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း အရာတော်မြို့နယ် ပြည်သူလူထု သိရှိစေရန် ထုတ်ပြန်ကြေညာအပ်ပါတယ်လို့လည်းဆိုပါတယ်။ အရာတော်မြို့နယ်၊ စစ်ကောင်စီ စည်ပင်ဌာနမှ လေလံတင်ရောင်းချနေသော သားသတ်လိုင်စင်အပါအဝင် လုပ်ကိုင်ခွင့်လိုင်စင်အမျိုးမျိုးကို လေလံဝယ်ယူ၍ အခွန်ပေးဆောင်ခြင်းမျိုးကိုလည်း လုံးဝ မပြုလုပ်ကြရန် သတိပေးအပ်ပါတယ်လို့အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကကြေညာပါတယ်။
========================
📌📌ခမရ (၅၈၅) ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်သားဟိန်းမင်းထွေးတို့ ကော်ဘရာစစ်ကြောင်းထံ လက်နက်များနှင့်အတူ အလင်းဝင်လာတဲ့သတင်း
ခမရ (၅၈၅) ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်သားဟိန်းမင်းထွေးတို့ ကော်ဘရာစစ်ကြောင်းထံ လက်နက် များနှင့်အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၂ ရက်နေ့မှာ စကစတပ်က ဒုတပ်ရင်းမှူးနဲ့ စစ်သားတစ်ဦး အလင်းဝင်ရောက်ကြောင်းကို ကော်ဘရာ စစ်ကြောင်းကဆိုပါတယ်။
"လေ့ကေ့ကော်ဒေသသို့ စစ်ကြောင်းထိုး ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ ခမရ (၅၈၅) ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင် (ကြည်း - ***၅၃) နှင့် တပ်သား ကိုဟိန်းမင်းထွေး (တသ -***၁၈၀) တို့သည် ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်"လို့ ဖော်ပြပါတယ်။ ၄င်းတို့နှင့်အတူ MA -1 သေနတ် တစ်လက်၊ MA - 3 သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်တို့ ပါဝင်ခဲ့ပြီး ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးတာပေါမှ လက်ခံရယူခဲ့ပါတယ်။
ထိုသို့ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသော ပြည်သူ့ဘက်တော်သားများအား မိမိတို့စစ်ကြောင်းမှ လုံခြုံကောင်းမွန်စွာ စောင့်ရှောက်ပေးလျက်ရှိတယ်လို့ ကော်ပရာ စစ်ကြောင်းကထုတ်ပြန်ပါတယ်။
========================
📌📌CDM သူရဲကောင်းတွေကို အကူညီပေးနိုင်ဖို့ အလှူရှင် အပလီကေးရှင်းမှ ဧပြီလ ၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ တစ်ရာကျော် ရရှိထားတယ်လို့ သတင်းရရှိပါတယ်။
ဧပြီ ၂ ရက်နေ့ မွန်းလွဲတစ်နာရီအထိ 142 USD ရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ နွေဦးတော်လှန်ရေးသူရဲကောင်းတွေဖြစ်တဲ့ ပြည်သူ့ဝန်ထမ်း (CDMer) တွေကို သီးသန့် ထောက်ပံ့ကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရေးရာကော်မတီက Ahlu Shin App (အလှူရှင် အပလီကေးရှင်း) ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
App ကနေ ရရှိတဲ့ ကြော်ငြာခ 100 % ကို CDMer ကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီးတော့ Ahlu Shin App မှာ သတင်းကဏ္ဍ၊ စာပေကဏ္ဍ၊ ရုပ်ရှင်ကဏ္ဍနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ကဏ္ဍ ဆိုပြီး ကဏ္ဍ (၄) ခုပါဝင်ပါတယ်။
ပြည်တွင်း ပြည်ပသတင်းတွေ၊ ဟာသ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု/ပုံပြင်နဲ့ CDM ဝန်ထမ်းတွေနဲ့ အင်တာဗျူးထားချက်တွေကို ဖတ်ရင်း လှူ၍ရသလို၊ တော်လှန်ရေးသီချင်းတွေ၊ ကာတွန်းရုပ်ရှင်အတိုလေးတွေ ကြည့်ရင်း လှူဒါန်းနိုင်ကာစိတ်ကြိုက် ရွေးချယ် ကြည့်ရှုပြီး ပြည်သူ့ဝန်ထမ်း (CDMer) တွေအတွက် လှူဒါန်းနိုင်တယ်လို့သိရပါတယ်။
========================
📌📌ပြည်သူလူထု၏ထောက်ပံ့မှု့ဖြင့် လက်နက်များ ဝယ်ယူနိုင်ပြီလို့ Ranger Kalay Defence Force က အသိပေး
ပြည်သူလူထု၏ထောက်ပံ့မှု့ဖြင့် လက်နက်များဝယ်ယူနိုင်ပြီလို့ Ranger Kalay Defence Force က အသိပေးလိုက်ပါတယ်။ ဧပြီ ၂ ရက်နေ့မှာ လက်နက်အသစ်များရောက်ရှိကြောင်း Ranger Kalay Defence Force ကဆိုပါတယ်။
"လက်နက်ဝယ်ရခက်ခဲခြင်း ၊ သယ်ယူရေးလမ်းကြောင်းခက်ခဲခြင်းများကြောင့် ကြန့်ကြာနေခဲ့ရသော လက်နက်များ ကျွန်တော်တို့အဖွဲ့ဆီကိုရောက်ရှိလာပါပြီ။ ကျည်စျေးတွေဟာ ထက်ဝက်စျေးတွေအထိ မြင့်တက်ခဲ့လို့ (40 MM) ကျည်တွေကို အနည်းငယ်ပဲ ဝယ်ခဲ့ရပါတယ် ။ 2 week project မှ AK တလက်လည်း ဒီလထဲ ရောက်လာမှာပါ။ ကျွန်တော်တို့ ဒီထက်ပိုပြည့်စုံဖို့အတွက် ပြည်သူတွေကိုပဲ အားကိုးရတာမို့ တတ်အားသ၍ ပါဝင်ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်"လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့ဟာ လက်ရှိမှာ စကစတပ်များ ထိုးစစ်ဆင်နေတဲ့နေရာလည်းဖြစ်ပြီးတော့ နယ်မြေစိုးမိုးရေးကို ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ကြိုးပမ်းဆောင်ရွက်နေရတဲ့အချိန်လည်းဖြစ်ပါတယ်။
========================
📌📌ပြင်ပပေါက်စျေး သိန်း ၇၀ ဝန်းကျင်ရှိသော 5.56 ကျည်ဖြင့် ပစ်ခတ်နိုင်တဲ့ သေနတ်ကို TGR မြောင် ပြည်သူ့ကာကွယ်ရေးတပ်များ ထုတ်လုပ်အောင်မြင်
ပြင်ပပေါက်စျေး သိန်း ၇၀ ဝန်းကျင်ရှိသော 5.56 ကျည်ဖြင့် ပစ်ခတ်နိုင်တဲ့ သေနတ်ကို TGR မြောင် ပြည်သူ့ကာကွယ်ရေးတပ်များ ထုတ်လုပ်အောင်မြင်တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၂ ရက်နေ့မှာ TGR ပြည်သူ့ကာကွယ်ရေးတပ်က လက်လုပ်သေနတ်ထုတ်လုပ်အောင်မြင်ကြောင်း ပစ်ခတ်ပြသခဲ့ပါတယ်။
"TGR ပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်များနှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့မှရဲဘော်များ ပူးပေါင်းပြီး 5.56 ကျည်ဖြင့်ပစ်ခတ်နိုင်သော လက်နက်ကို ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ အစစ်က အရှည်တစ်လက် သိန်း၇၀ ဝန်းကျင်ဝယ်နေရတာမို့ အဖွဲ့ရဲ့ ရန်ပုံငွေ နည်းတာကြောင့် PDF ရဲဘော်တိုင်း လက်နက် မကိုင်နိုင်ကြပါဘူး။ ရဲဘော်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့ ရဲဘော်တွေ ကြိုးစားပြီး ထုတ်လုပ်နေပါတယ်။ သေနတ် တစ်လက် ကုန်ကျစရိတ် ၁သိန်းဝန်းကျင် ကုန်ကျပါတယ်"လို့ ဆိုထားပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးတွင် လက်လုပ်ကာဘိုင်သေနတ်များ၊ ၆၀မမ လက်နက်ကြီးများ တီထွင်အောင်မြင်လျက်ရှိပြီးတော့ ကာကွယ်ရေးတပ်ဖွဲ့များမျှဝေသုံးစွဲလျက်ရှိပါတယ်။
========================
📌📌စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့ဝင်နှစ်ဦးဟာ လက်နက်စမ်းသပ်ထုတ်လုပ်နေစဉ်မှာပဲ အသက်ဆုံးရှုံးခဲ့တဲ့သတင်း
စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ တခုဖြစ်တဲ့ ဒေါင်းလုလင်-LPDF အဖွဲ့ဟာ လက်နက်ကြီးစမ်းသပ်ပစ်ခတ် ထုတ်လုပ်ရင်း ကျဆုံးခဲ့ရကြောင်း ဒေါင်းလုလင် PDF တပ်ဖွဲ့က မတ်လ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ ကျဆုံးခဲ့ရသည့်ရဲဘော် ၂ ဦးမှာ ဒေါင်းလုလင် PDF ၏ တပ်စု ၁ မှ အသက် ၂၆နှစ်အရွယ် ရဲဘော် ကျော်မြင့်ဌေးနှင့် တပ်စု ၂ မှ အသက် ၂၃ နှစ်အရွယ် ရဲဘော် ဇော်နိုင်ထွန်းတို့ဖြစ်ကြပါတယ်။ ၆၀ မမ လက်နက်ကြီး စမ်းသပ်ပစ်ခတ်ရာကနေ ချို့ယွင်းမှုဖြစ်၍ အခုလို အသက်ပေးကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ '' ဒီ ၆၀ မမ စပြီးထုတ်တာကတော့ကြာနေပြီ။ ထုတ်တာက ၂မျိုးပေါ့။ ရှော့တိုက်ဒုံးနဲ့ ၆၀ မမ ၂မျိုးထုတ်တာ။ ကျဆုံးသွားတာက ရဲဘော် ကျော်မြင့်ဌေးက ဖေဖော်ဝါရီလထဲမှာ၊ ရဲဘော် ဇော်နိုင်ထွန်းက မတ်လ ထဲမှာပေါ့ ။ ၂ ယောက်လုံးဟာ ကိုယ်တိုင်လုပ်ထားတဲ့ ၆၀ မမ ကို စမ်းသပ်ပစ်ခတ်ရင်းကနေ ကျဆုံးရတာ'' ဟု ဒေါင်းလုလင်-LPDF ပြန်ကြားရေးတာဝန်ခံ ၂ ဗိုလ်ကျားကြီးက ပြောပြပါတယ်။ လက်ရှိတွင် ၆၀ မမ လက်နက်နှင့် ရှော့တိုက်ဒုံး ၂ မျိုးလုံးကို အောင်မြင်စွာထုတ်လုပ်ပစ်ခတ်နိုင်ပြီဖြစ်ကြောင်း ၄င်းကဆက်လက်ပြောပြပါတယ်။
'' အရင်ထက်တော့စိတ်ချရတဲ့အခြေနေမျိုးရှိပြီ။ ၆၀ မမ ရော ရှော့တိုက်ဒုံးရော။ error အနည်းဆုံးဖြစ်အောင် ဂရုစိုက်ပြီးလုပ်ရတာပေါ့။ သတင်းထုတ်ပြန်တာတွေကတော့ အနည်းငယ်နောက်ကျတယ်ပေါ့။ ကျနော်တို့နယ်မြေ အခြေအနေနဲ့ အင်တာနက်က မရတော့ ရတဲ့နေရာထိသွားရတာမျိုးတွေရှိတယ်'' ဟု သူကဆက်လက်ပြောဆိုပါတယ်။ စစ်ကောင်စီဘက်က ပြည်သူများရဲ့ ခုခံတွန်းလှန်စစ်ကို ရင်ဆိုင်ရာမှာ လုံလောက်သော လက်နက်မျိုးစုံများ PDF များထံရောက်ရှိသွာခြင်းမရှိအောင် တားဆီးနေကြတာဖြစ်ပါတယ်။ အခုလို စစ်ကိုင်းတိုင်းအတွင်းသို့ လက်နက်စီးဆင်းမှု မရှိစေရေး ပိတ်ဆို့စစ်ဆေးမှုများလုပ် ဆောင်နေသဖြင့် စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုများဟာ စစ်ကောင်စီကိုတော်လှန်ရာတွင်မိုင်းများ၊ လက်နက်ကြီးများ၊ လက်နက်ကြီးကျည်ဆံများကို ကိုယ်တိုင်ပြုလုပ် ပစ်ခတ်နေရတာဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment