၂၀၂၂ ဧပြီလ ၉ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမြတ်အေးနှင့် NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်းတို့ ရှီဇုအိုကာမြို့ မြို့တော်ကောင်စီဥက္ကဌနှင့် အွန်လိုင်းမှတဆင့်တွေ့
📌နိုင်ငံခြားငွေကို ထိန်းချုပ်ပါက မြန်မာနိုင်ငံဟာကမ္ဘာ့ စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်တို့မှ အဆက်အသွယ်ပြတ်သွားမယ်လို့ နိုင်ငံတကာလုပ်ငန်းရှင်အဖွဲ့အစည်း ၁၁ ခုက ထုတ်ပြန်
📌စစ်အုပ်စုဟာ ကြီးမားတဲ့ အကြောက်တရားတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်ကို ရောက်လာပြီလို့ CDM ဗိုလ်ကြီးခန့်ကိုဆို
📌ကလေးတက္ကသိုလ်ရှိ CDM ဝန်ထမ်းများအခက်အခဲရှိပါက “ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ “ထံဆက်သွယ် အကူအညီတောင်းခံနိုင်
📌စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရတဲ့ ပြည်သူ ၅၉ ဦးတွင် ကလေး ၂ ဦးပါဝင်
📌ဝေါလေမြိုင်အနီးတွင် စစ်တပ်က အရပ်သား နှစ်ဦးကို ပစ်သတ်သွားပါတယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမြတ်အေးနှင့် NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်းတို့ ရှီဇုအိုကာမြို့ မြို့တော်ကောင်စီဥက္ကဌနှင့် အွန်လိုင်းမှတဆင့်တွေ့
ယခင်နှစ်ကတည်းက ရှီဇုအိုကာတွင်နေထိုင်လျှက်ရှိကြတဲ့ မြန်မာလူမျိုးလူငယ်များနဲ့ ဖွဲ့စည်းထားတဲ့ ShizuYouth For Myanmar မှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြန်လည်ရရှိရေးကူညီထောက်ပံ့ခြင်းကို ထောက်ခံပံ့ပိုးပေးပါရန် ရှီဇုအိုကာမြို့ မြို့တော်ကောင်စီထံသို့ တွေ့ဆုံတောင်းဆိုခဲ့ပါတယ်။
ဒီတောင်းဆိုမှုအပေါ်၊ ရှီဇုအိုကာမြို့ကောင်စီမှ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပါလီမန်အဖွဲ့အားလုံး၏ သဘောတူညီချက်ကိုရယူပြီး၊ ဥက္ကဋ္ဌ Kazuhiko Suzuki မှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရစနစ် တည်ဆောက်ခြင်းကို လျှင်မြန်စွာ ပြန်လည်အကောင်အထည်ဖော်နိုင်ရေးကို လိုလားတောင်းဆိုကြောင်း သဘောထားကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ရှီဇုအိုကာမြို့ ကောင်စီအနေဖြင့်၊ မြို့အမတ်များထံမှ ထောက်ပံ့ငွေကို ကောက်ယူပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနထံသို့ လှူဒါန်းလိုကြောင်း အကြောင်းကြားလာပါတယ်။
ထိုလှူဒါန်းထောက်ပံ့ငွေကို ပေးပို့မယ့် ကိစ္စနှင့် စပ်လျဥ်းပြီး ဥက္ကဋ္ဌ Kazuhiko Suzuki နှင့် ထောက်ပံ့ငွေလက်ခံမည့် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၀န်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမြတ်အေးနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်းတို့မှ တက်ရောက်ပြီး ကျေးဇူးတင်စကားပြောကြားကာ အတူတကွ ရှေ့ဆက်လုပ်ဆောင်ကြမည့် အကြောင်းအရာများအား ရင်းရင်းနှီးနှီး ပြောကြားခဲ့ကြတယ်လို့ သိရှိရပါတယ်။
ထို့အပြင် မြန်မာနိုင်ငံအတွက် ထောက်ပံ့ငွေများကို ဥက္ကဋ္ဌ Kazuhiko Suzuki ရာထူးတွင်ရှိနေသ၍ ကာလပတ်လုံး မြို့သူမြို့သားများထံမှ ထောက်ပံ့ငွေများ လှူုဒါန်းရန် ဘဏ်အကောင့်သီးသန့်ဖွင့်ထားကာ တိုက်တွန်းနှိုးဆော်သွားမယ်လို့ သိရှိရပါတယ်။
========================
📌📌နိုင်ငံခြားငွေကို ထိန်းချုပ်ပါက မြန်မာနိုင်ငံဟာကမ္ဘာ့ စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်တို့မှ အဆက်အသွယ်ပြတ်သွားမယ်လို့ နိုင်ငံတကာလုပ်ငန်းရှင်အဖွဲ့အစည်း ၁၁ ခုက ထုတ်ပြန်
နိုင်ငံခြားငွေကို ထိန်းချုပ်ပါက မြန်မာနိုင်ငံဟာကမ္ဘာ့ စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်တို့မှ အဆက်အသွယ်ပြတ်သွားမယ်လို့ နိုင်ငံတကာလုပ်ငန်းရှင်အဖွဲ့အစည်း ၁၁ ခုက ထုတ်ပြန်လိုက်ပါတယ်။ ဧပြီ ၈ ရက်နေ့ မြန်မာနိုင်ငံတွင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်အဖွဲ့အစည်း ၁၁ ခုကဆိုလိုက်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီက နိုင်ငံခြားငွေများကို ပြည်တွင်းသို့ ဝင်ရောက်လာပါက တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့် မရောင်းမနေရ ရောင်းချရမယ်လို့ စည်းမျဥ်းချမှတ်ထားပါတယ်။
နိုင်ငံခြားငွေ ထိန်းချုပ်ခြင်းဟာ မြန်မာလူမျိုးများလူနေမှုအဆင့်အတန်းနိမ့်ကျစေခြင်း၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို ရပ်တန့်စေခြင်းနဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကို ရပ်တန့်စေပြီး ကုန်သွယ်မှု တင်းမာမှုများ ဖြစ်ပေါ်စေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်ကိုမြန်မာနိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း၊ အာရှပစိဖိတ် မွေးကင်းစကလေးငယ်နှင့် လူငယ်အာဟာရအဖွဲ့ ၊ မြန်မာနိုင်ငံရှိ သြစတြေးလျ ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံရှိ ဗြိတိသျှ ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံရှိ ပြင်သစ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း၊ ဂျာမဏီ-မြန်မာကုန်သည်ကြီးများအသင်း၊ အီတလီ မြန်မာကုန်သည်များအသင်း၊ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ နယူးဇီလန်မြန်မာကုန်သည်ကြီးများအသင်း တို့ကထုတ်ပြန်ခဲ့တာပါ။
========================
📌📌စစ်အုပ်စုဟာ ကြီးမားတဲ့ အကြောက်တရားတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်ကို ရောက်လာပြီလို့ CDM ဗိုလ်ကြီးခန့်ကိုဆို
စစ်အုပ်စုဟာ ကြီးမားတဲ့ အကြောက်တရားတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်ကို ရောက်လာပြီလို့ CDM ဗိုလ်ကြီးခန့်ကိုဆိုလိုက်ပါတယ်။ ဧပြီ ၈ ရက်လူမှုကွန်ရက်မှာ CDM ဗိုလ်ကြီးခန့်ကိုကရေးသားပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ "တော်လှန်ရေးရဲ့ အရှိန်ဟာ တဖြည်းဖြည်း မြင့်တက်လာနေပါပြီ ။ စစ်ကောင်စီရဲ့ ထိခိုက်ကျဆုံး၊ ဆုံးရှုံးမှုတွေလည်း တဖြည်းဖြည်း စိပ်လာတာကိုတွေ့ရပါတယ်။ အားပြိုင်မှု ကြီးမားတဲ့ ကာလတစ်ခုဖြစ်တဲ့အတွက် တော်လှန်ရေး အင်အားစုတွေအနေနဲ့ အဖက်ဖက်က ပိုမိုဂရုစိုက်ကြဖို့လိုပါတယ် ။ သေချာတာကတော့ စစ်အုပ်စုဟာ ကြီးမားတဲ့ အကြောက်တရားတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်ကို ရောက်လာပါပြီ။ လက်နက်ရှိရင် အနိုင်ကျင့်လို့ရတယ်ထင်နေတဲ့ အဖွဲ့အစည်းတစ်ခုကို အနိုင်ယူဖို့ အကြောက်တရားဆိုတဲ့အရာကို သူတို့ခေါင်းထဲ ထည့်ပေးရုံကလွဲပြီး တခြားအဖြေမရှိပါဘူး"လို့ဆိုပါတယ်။
စကစတပ်များဟာ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာ အထိအခိုက်အကျအဆုံးများပြားလျက်ရှိပါတယ်။ လတ်တလောမှာရွာတွေကို မီးရှို့တာ၊ ဖျက်ဆီးတာတွေကို စကစတပ်တွေဟာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌ကလေးတက္ကသိုလ်ရှိ CDM ဝန်ထမ်းများအခက်အခဲရှိပါက “ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ “ထံဆက်သွယ် အကူအညီတောင်းခံနိုင်
ကလေးတက္ကသိုလ်ရှိ CDM ဝန်ထမ်းများအခက်အခဲရှိပါက “ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ “ထံဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ဆိုပါတယ်။ ဧပြီ ၈ ရက်နေ့မှာ “ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကထုတ်ပြန်ခဲ့ပါတယ်။
"မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် ပြည်သူ့ရွေးကောက်ထားသော အစိုးရထံမှ တိုင်းပြည်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ ထိုနေ့မှစ၍ ပြည်သူ့ဘက်မှနေ၍ အမှန်တရားဘက်တွင်ရပ်တည်ပေးကြသည့် ကလေးတက္ကသိုလ်ရှိ ပြည်သူ့ဝန်ထမ်းများကို ကလေးတက္ကသိုလ် CDM အထောက်အကူပြုကော်မတီ၊ ဘာသာရပ်အလိုက် CDM အထောက်အကူပြူအဖွဲ့များနှင့် ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့မှ ဦးဆောင်ကာ ၃ ကြိမ်တိုင်ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။ယခုအချိန်သည် ပြည်သူတစ်ရပ်လုံး အခက်အခဲဆုံးကာလကို ဖြတ်ကျော်နေရသဖြင့် ကလေးတက္ကသိုလ်ပြည်သူ့ဝန်ထမ်းများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာဖြစ်ပွားပါက ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံ အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါတယ်"လို့ ဖော်ပြထားပါတယ်။
ကလေးတက္ကသိုလ်မှာလက်ရှိ ကလေးတက္ကသိုလ်ယာယီတက္ကသိုလ်အုပ်ချူပ်ရေးကောင်စီလည်းဖွဲ့စည်းထားရှိကာ တက္ကသိုလ်များအရေးကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရတဲ့ ပြည်သူ ၅၉ ဦးတွင် ကလေး ၂ ဦးပါဝင်
စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရတဲ့ ပြည်သူ ၅၉ ဦးတွင် ကလေး ၂ ဦးပါဝင်တယ်လို့သတင်းရရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၁၃၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၇၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၅၉) ဦးမှာ သေဒဏ်ချမှတ်ခံထားရပါတယ်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဖြစ်ပါတယ်။ လတ်တလောမှာ သေဒဏ်ချမှတ်ခံထားရသူများကို စစ်ကောင်စီက ကြိုးမိန့်ပေးဖို့လည်း စီစဥ်နေတယ်လို့ အတည်မပြုနိုင်တဲ့သတင်းများထွက်ပေါ်လျက်ရှိပါတယ်။
========================
📌📌ဝေါလေမြိုင်အနီးတွင် စစ်တပ်က အရပ်သား နှစ်ဦးကို ပစ်သတ်သွားပါတယ်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊ မောခီးကျေးရွာအုပ်စု၊ မောခီးစခန်းအနီးရှိ ကွီးဆဲဖောကျေးရွာတွင် အေပရယ်လ ၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီအချိန်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်များက အရပ်သားနှစ်ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံ KNLA တပ်မှူးတဦးထံမှ သိရပါတယ်။ မော်ဖိုးကလိုး ဒေသခံ ကျေရွာသား (၂) ဦးဟာ ထော်လာဂျီနဲ့ ကွီးဆဲဖော ကျေးရွာသို့ လာရာလမ်းတွင် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်များနဲ့ ထိပ်တိုက်တွေ့ပြီး အမေးအမြန်းမရှိ ပစ်သတ်ခဲ့တယ်လို့ ဒေသခံ သတင်းဌာန ကေအိုင်စီက ရေးသားဖော်ပြထားပါတယ် “၇ နာရီလောက်က မောခီးစခန်းက စစ်တပ်က ကွီးဆဲဖောကို ဆင်းသွားတယ်။ အဲ့မှာ ဒေသခံနှစ်ယောက်က မော်ဖိုးကလိုးကနေ ကွီးဆဲဖောကို ထော်လာဂျီနဲ့လာတဲ့အခါ ရွာထပ်ရောက်ရင်ပဲ တခါတည်း ပစ်သတ်လိုက်တယ်။ အဲ့မှာ ထော်လာဂျီ ပေါ်မှာပဲ ပွဲချင်းပြီးပဲ သေသွားတယ်။ “လို့ KNLA တပ်မှူးက ဆက်လက်ပြောပြပါတယ်
အပစ်သတ်ခံရသူများမှာ မော်ဖိုးကလိုး ဒေသခံ အသက် (၅၀) နှစ်အရွယ် စောဖားလီနော်နှင့် အသက် (၃၅) နှစ်အရွယ် စောတာသူးတို့ဖြစ်ကြပြီး ပစ်သတ်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်ရှိ မောခီးစခန်းကို ပြန်လည်ဝင်ရောက်လာသည့် အမှတ် (၁၃) စစ်ဆင်ရေးကွပ်မှုဌာနချုပ် လက်အောက်ခံ နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့(နဗဟ-၁) မှ မြင့်ကျော် ဦးစီးသည့် ခြေမြန်တပ်ရင်း (ခမရ-၅၆၀)(ခမရ-၅၆၁) (ခမရ-၅၈၅) (ခမရ-၅၅၉) ပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်ကြောင်းသိရှိရပါတယ်။ လွန်ခဲ့တဲ့ မတ်လက မောခီးအခြေစိုက် စစ်ကောင်စီခံစစ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက် သိမ်းယူနိုင်ခဲ့ပြီးနောက်မှာ စစ်ကောင်စီဘက်က အဆိုပါစခန်းကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment