8th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြေညာချက်အမှတ် (၈/၂၀၂၂)
📌ကလေးမြို့ သပိတ်ခံတပ် KCA တစ်နှစ်ပြည့်အထိမ်းမှတ်နေ့မှာ PDF (kalay) ကတိုက်ခိုက် မှုကြောင့် စကစတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး
📌ဆားတောင်မြို့၊ ညောင်ငုတ္တိုရွာ ထိတွေ့တိုက်ပွဲတွင် ပျူစောထီး ၁၂ ဦးနဲ့ စကစတပ် ၁၀ ဦးသေဆုံး
📌တန့်ဆည်မြို့ ရွှေဥယျာဥ်အနီး တန့်ဆည်ဖီးနစ်အဖွဲ့ မိုင်းခွဲ၍ ထွေအုပ်အရာထမ်းအပါအဝင် သုံးပွင့်နဲ့စစ်ဗိုလ်တစ်ဦး၊ ရဲတစ်ဦး အပြင်းအထန်ဒဏ်ရာရ
📌ငွေတောင် ရွာသစ်တိုက်ပွဲတွင် အထူးစစ်ဆင်ရေးစနိုက်ပါအဖွဲ့မှ ပစ်ခတ်၍ စကစတပ်သားနှစ်ဦး ထိမှန်သေဆုံး
📌ပင်လည်ဘူးမြို့ပေါ်သို့ စစ်တပ်ကလေယာဥ်နဲ့ ၃ ကြိမ်တိတိ လာရောက်ဗုံးကြဲ
📌အရာတော်မြို့နယ် ရှောက်ခါးကျေးရွာ ကို စကစတပ်များ ဝင်ရောက်မွှေနှောက်သောင်းကျန်း
📌ပွဲတက်အခမ်းအနား အားလုံးကိုဖျက်သိမ်းတယ်လို့ သရုပ်ဆောင် ပိုင်တံခွန်ဆို

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြေညာချက်အမှတ် (၈/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြေညာချက်အမှတ် (၈/၂၀၂၂)
၂၀၂၂၊ ဧပြီ ၈ ရက်
ဖခင်ဖြစ်သူအား ရှာဖွေမတွေ့ရှိသဖြင့် ၄ နှစ်အရွယ်သားဖြစ်သူကို မူကြိုကျောင်းမှနေ၍ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်ဝတ်များဝတ်ကာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်ရပ်တစ်ခု ဧပြီလ (၅) ရက်နေ့တွင် အလုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့ပါသည်။ ကလေးငယ်အား ဖမ်းဆီးခေါ်ဆောင်သွားချိန်မှစ၍ ယခုအချိန်အထိ မည်သည့်နေရာတွင် ထားရှိသည်ကိုလဲ မသိရှိရသေးပါ။ ကလေးငယ်၏ မိခင်အားဖမ်းဆီးထားပြီး စစ်ကြောရေး လုပ်နေစဉ်ကာလအတွင်း ကလေးငယ်အား ထပ်မံဖမ်းဆီးခြင်းဖြစ်သောကြောင့် ကလေးငယ်နှင့် မိခင်တို့၏ အသက်အန္တရာယ်ပါ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ကြောင်းသိရှိရပါသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ချောက်မြို့နယ်တွင် ကလေးသူငယ်(၂၀) ဦးအား ဖမ်းဆီးပြီး ခြိမ်းခြောက်မှုများပြုလုပ်ခြင်း၊ မတ်လ (၆) ရက်နေ့ ပေါက်မြို့နယ်တွင် (၄) နှစ်အရွယ် ကလေးငယ်အား လှံစွပ်ဖြင့်ထိုးသတ်ခြင်း အပါအဝင် အလိုရှိသူများအား ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် မိသားစုဝင်များဖြစ်သည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ကို ဓားစာခံအဖြစ်ဖမ်းဆီးသည့်လုပ်ရပ်များကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သူရဲဘောကြောင်စွာ လုပ်ဆောင်ခဲ့ကြပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပြုစုထားသော စာရင်းများအရ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော (၁၈) နှစ်အောက် ကလေးသူငယ်ဦးရေမှာ ဧပြီလ (၄)ရက်နေ့ထိ (၁၃၂) ဦး၊ ဖမ်းဆီးခံထားရသူ ဦးရေမှာ ဧပြီလ (၁) ရက်နေ့အထိ (၂၁၆) ဦးရှိပြီဖြစ်သည်ဟု သိရပါသည်။ ဖမ်းဆီးခံထားရသူများထဲမှ (၂) ဦးမှာ သေဒဏ်ချမှတ် ခံထားရပြီး သေဒဏ်ချမှတ်ခံထားရသည့် ကလေး (၂)ဦးထဲတွင် အသက် (၁၅)နှစ်အောက် တစ်ဦးပါဝင်ပါသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် အပိုဒ် ၁၉ တွင်ပါဝင်သော “ကလေးများ ကောင်းမွန်စွာ စောင့်ရှောက်မှုခံရစေရန် နိုင်ငံအစိုးရများက စီစဉ်ဆောင်ရွက်ပေးရပါမည်။ ကလေးများအပေါ် အကြမ်းဖက်ခြင်း၊ လွဲမှားစွာပြုမူခြင်းနှင့် လျစ်လျူရှုခြင်းများကို မိဘများ သို့မဟုတ် ၄င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူ မည်သူမဆို မပြုလုပ်ရန်လည်း တားဆီးကာကွယ်ပေးရပါမည်” ဟူသည့်အချက်အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ကလေးသူငယ်များအား အကာကွယ်ပေးရမည်ဟု ခံယူပါသည်။ သို့ဖြစ်ပါ၍ ကလေးသူငယ်များအား သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီး ထောင်ချခြင်း၊ ကလေးသူငယ်များကို ပြန်ပေးဆွဲကာ မိဘများကို လာရောက် အဖမ်းခံခိုင်းခြင်း စသည့် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး အဆိုပါ ဖြစ်ရပ်တိုင်းတွင် တစ်စုံတစ်ရာပါဝင်ပတ်သက်သူများအားလုံးအား စုံစမ်းစစ်ဆေးဖော်ထုတ်ကာ ထိုက်သင့်သော တရားစီရင်မှု ပြုလုပ်နိုင်ရေး အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်အပ်ပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လဲ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အားလုံး၏ လုံခြုံရေး၊ အသက်ရှင်သန်နိုင်ရေး တို့ကိုငဲ့ကွက်၍ အကြမ်းဖက်စစ်ကောင်စီအပေါ် ထိရောက်ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

========================

📌📌ကလေးမြို့ သပိတ်ခံတပ် KCA တစ်နှစ်ပြည့်အထိမ်းမှတ်နေ့မှာ PDF (kalay) ကတိုက်ခိုက် မှုကြောင့် စကစတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

ကလေးမြို့ သပိတ်ခံတပ် KCA တစ်နှစ်ပြည့်အထိမ်းမှတ်နေ့မှာ PDF (kalay) ကတိုက်ခိုက် မှုကြောင့် စကစတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့တယ်လို့ ဧပြီ ၈ ရက်မှာ PDF (kalay) ကထုတ်ပြန်ပါတယ်။

"မြန်မာနိင်ရဲ့ ပထမဦးဆုံးသော စစ်အာဏာရှင်ကို ရရာလက်နက်ဆွဲကိုင်တော်လှန်ခဲ့သော ကလေးမြို့ သပိတ်ခံတပ်က KCA တစ်နှစ်ပြည့်အထိမ်းမှတ်နေ့မှာ PDF (kalay) က လက်စွမ်းပြလိုက်တာ ၉ ဦးသေဆုံးခဲ့ပါတယ်"လို့ဖော်ပြခဲ့ပါတယ်။ စကစတပ်များဟာ ကလေးမြို့မှာ ခံတပ်အနေအထားနဲ့ရှိနေပြီးတော့ ကာကွယ်ရေးတပ်များနဲ့ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။

========================

📌📌ဆားတောင်မြို့၊ ညောင်ငုတ္တိုရွာ ထိတွေ့တိုက်ပွဲတွင် ပျူစောထီး ၁၂ ဦးနဲ့ စကစတပ် ၁၀ ဦးသေဆုံး

ဧပြီ ၆ ရက် ညနေ လေးနာရီ အချိန်က ဆားတောင်မြို့၊ ညောင်ငုတ္တိုရွာထိတွေ့တိုက်ပွဲတွင်စောထီများနဲ့အပြန်အလှန်ပစ်ခတ်ပြီး ပျူစောထီး ၁၂ ဦးနဲ့ စကစတပ် ၁၀ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုအပ်ပါတယ်"လို့ဆိုပါတယ်။

ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထိခိုက်မှုအနည်းငယ်ဖြင့် ပြန်လည်ဆုပ်ခွါလာခဲ့ပါတယ်။ ပါဝင်တိုက်ခိုက်သောအဖွဲ့များမှာ ဇင်ယော်နီအထူးပျောက်ကြားတပ်ဖွဲ့၊ Pantagram (ငါးထောင့်ကြယ်)၊ Ayadaw Falcom Force(AF2) ၊ Special Operation Force Sagaing၊ ဖောင်းဒိုင်းဖောင်းဒိုင်း၊ တပ်ရင်း ၁၈ နယ်စည်းမခြားတော်လှန်ရေး အင်အားစု ဝက်လက်မြို့၊ မြင်းဖြူရှင် ပျောက်ကြားတပ်ဖွဲ့၊ GZ ညီနောင်၊ မြင်းမူ ဗိုလ်သံခဲတို့ပါဝင်ခဲ့ကြပါတယ်။

========================

📌📌တန့်ဆည်မြို့ ရွှေဥယျာဥ်အနီး တန့်ဆည်ဖီးနစ်အဖွဲ့ မိုင်းခွဲ၍ ထွေအုပ်အရာထမ်းအပါအဝင် သုံးပွင့်နဲ့စစ်ဗိုလ်တစ်ဦး၊ ရဲတစ်ဦး အပြင်းအထန်ဒဏ်ရာရ

ဧပြီ ၈ ရက်နေ့ နံနက် ၉ နာရီမှာ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ရွှေဥယျာဥ်အနီး တန့်ဆည်ဖီးနစ်အဖွဲ့မိုင်းခွဲ၍ ထွေအုပ်အရာထမ်းအပါအဝင် သုံးပွင့်နဲ့စစ်ဗိုလ်တစ်ဦး၊ ရဲတစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

"ယနေ့နံနက် ၉:၀၀ နာရီအချိန် တန့်ဆည်မြို့ ရွှေဥယျာဥ်အနီးတွင် ထွေအုပ်အကြီးအကဲတစ်ဦး သုံးပွင့်အရာရှိ စကစတပ်တစ်ဦး သုံးပွင့်အရာရှိရဲတစ်ဦး စုစုပေါင်း (၃) ကောင်ကို တန့်ဆည်မြို့နယ် တပ်မဟာ (၂)၊ တပ်ရင်း (၇)၊ တပ်ခွဲ (၃) ဖြစ်သော တန့်ဆည်ဖီးနစ် (Phoenix Defence Force - Taze) မှ မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်ဒါဏ်ရာများရရှိ လွင့်စင်သွားခဲ့တယ်"လို့ ဆိုပါတယ်။ လတ်တလောမှာစကစတပ်များ သေဆုံးမှုကိုအတည်ပြုနေဆဲဖြစ်ပါတယ်။

========================

📌📌ငွေတောင် ရွာသစ်တိုက်ပွဲတွင် အထူးစစ်ဆင်ရေးစနိုက်ပါအဖွဲ့မှ ပစ်ခတ်၍ စကစတပ်သားနှစ်ဦး ထိမှန်သေဆုံး

ဧပြီ ၈ ရက်‌နေ့မှာ ငွေတောင်ရွာသစ်တိုက်ပွဲတွင် အထူးစစ်ဆင်ရေးစနိုက်ပါအဖွဲ့မှ ပစ်ခတ်၍ စကစတပ်သားနှစ်ဦးထိမှန်‌ သေဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဧပြီ ၇ ရက်နေ့နှင့် ၆ ရက်နေ့များတွင်လည်း စကစတပ်များကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးစနိုက်ပါအဖွဲ့မှ ပစ်ခတ်ရာ တစ်ဦးထိမှန်သေဆုံးခဲ့ပါတယ်။

========================

📌📌ပင်လည်ဘူးမြို့ပေါ်သို့ စစ်တပ်ကလေယာဥ်နဲ့ ၃ ကြိမ်တိတိ လာရောက်ဗုံးကြဲ

ဧပြီ ၈ ရက် နံနက် လေးနာရီက စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ပေါ်ကို စစ်တပ်ကလေယာဥ်နဲ့ ၃ ကြိမ်တိတိ လာရောက်ဗုံးကြဲခဲ့တယ်လို့ Kawlin Information Team ကဆိုပါတယ်။

"အကြမ်းဖက်စစ်ကောင်စီမှ ယနေ့တစ်ရက်တည်း ပင်လည်ဘူးမြို့ပေါ်သို့ ၃ ကြိမ်တိတိ လာရောက်ဗုံးကျဲချသဖြင့် နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ပေါ်သို့အကြမ်းဖက်စစ်ကောင်စီမှ စစ်လေယာဉ်များဖြင့် ယနေ့နံနက် ၄ နာရီ အချိန်ခန့်တွင် (၁)ကြိမ်၊ ယနေ့နံနက် ၇ နာရီ အချိန်ခန့်တွင် (၁)ကြိမ်၊ နံနက် ၈ နာရီ အချိန်ခန့်တွင် (၁)ကြိမ် လာရောက် ဗုံးကြဲခဲ့တယ်လို့သိရပါတယ်။ လတ်တလောမှာ နေအိမ်အချို့ မီးလောင်ပျက်စီးပြီး ထိခိုက်ဒဏ်ရာရထားသူများလည်းရှိခဲ့ပါတယ်။

========================

📌📌အရာတော်မြို့နယ် ရှောက်ခါးကျေးရွာ ကို စကစတပ်များ ဝင်ရောက်မွှေနှောက်သောင်းကျန်း

ဧပြီ ၈ ရက်နေ့က အရာတော်မြို့နယ် ရှောက်ခါးကျေးရွာကို စကစတပ်များက အင်အားတစ်ရာကျော်နဲ့ဝင်ရောက် မွှေနှောက်သောင်းကျန်းခဲ့တယ်လို့ ဒေသခံများကဆိုပါတယ်။

"ယနေ့မနက် အစောပိုင်းမှ စတင်၍ အကြမ်းဖက် စစ်သား ၁၀၀ ကျော်ဟာ အရာတော်မြို့နယ် ရှောက်ခါးကျေးရွာသို့ ဝင်ရောက်စီးနင်းပါတယ်။ တရွာလုံးထွက်ပြေးတိမ်းရှောင်နေရပြီး ရွာခံပြည်သူလူထုအချို့ ထိခိုက်သေဆုံးမှုရှိထားပါတယ်"လို့ဆိုပါတယ်။

စကစတပ်များဟာ မနက်သုံးနာရီမှာ စစ်ကားသုံးစီးနဲ့ ဝင်ရောက်ကာ ပစ်ခတ်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်များက ဆိုပါတယ်။ လက်ရှိမှာ ဒေသခံရာနဲ့ချီထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

========================

📌📌ပွဲတက်အခမ်းအနား အားလုံးကိုဖျက်သိမ်းတယ်လို့ သရုပ်ဆောင် ပိုင်တံခွန်ဆို

ဧပြီလအတွင်းမှာ လက်ခံထားသည့် ပွဲတက်အခမ်းအနား အားလုံးကိုဖျက်သိမ်းလိုက်တယ်လို့ သရုပ်ဆောင် ပိုင်တံခွန်က လူမှုကွန်ရက်မှာ ဆိုလိုက်ပါတယ်။

"ကျွန်တော် တစ်နှစ်နီးပါး ဆင်းရဲဒုက္ခခံစားခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ထက် အခုအချိန်မှာ ပိုခက်ခဲ ကြပ်တည်းနေတဲ့ သူတွေရှိတာ ကျွန်တော်နားလည်ပါတယ်။ ဒါကြောင့် ဒီအတောအတွင်း လက်ခံထားတဲ့ ပွဲတက်တွေအားလုံးကို ကျွန်တော့်ဘက်က တရားဝင်ဖျက်သိမ်းလိုက်ပါပြီ"လို့ဆိုပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ဧပြီလအတွင်း ကဖမ်းဆီးခံခဲ့ရပါတယ်။ ယင်းနောက်တရားသူကြီးက ထောင်သုံးနှစ်ချမှတ်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment