၂၀၂၂ မေလ ၁၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌သယံဇာတစီမံအုပ်ချုပ်ရာတွင် ရေရှည်တည်တံ့ရေး ကာကွယ်ထိန်းသိမ်းခြင်းသာမက ဒေသခံ ပြည်သူလူထု၏ နေ့စဥ်လူမှုဘဝ အဆင်ပြေစေရေးကိုပါ ချိန်ညှိလုပ်ဆောင်သွားရန် ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
📌ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (၃/၂၀၂၂) အစည်းအဝေးကျင်းပ
📌၂၀၂၂ ခုနှစ်မှာ ပြည်သူလူထုခံစားနေရတဲ့ဆင်းရဲဒုက္ခ တွေအဆုံးသတ်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား
📌စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်တဲ့ တော်လှန်ရေးအဖွဲ့အစည်းများထုတ်ပြန်ချက်ကို အင်အားရှိတဲ့ စာများလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကတင်စား
📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ရဟတ်ယာဉ်ကိစ္စနဲ့ တရားစွဲဆိုခိုင်းလို့ တရားလိုလုပ်ရတဲ့ အဂတိကော်မရှင်အဖွဲ့ဝင်ကို ရှေ့နေများ အပြန်အလှန်မေးခွန်းထုတ်
📌မအူပင်အမတ် ဒေါ်အိအိပြုံးအား စကစတပ်ထောက်ခံတဲ့ သွေးသောက်အဖွဲ့က ချိန်းခြောက်
📌ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA), ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့၏ ပူးတွဲထုတ်ပြန် ကြေညာချက် (၂/၂၂)
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌သယံဇာတစီမံအုပ်ချုပ်ရာတွင် ရေရှည်တည်တံ့ရေး ကာကွယ်ထိန်းသိမ်းခြင်းသာမက ဒေသခံ ပြည်သူလူထု၏ နေ့စဥ်လူမှုဘဝ အဆင်ပြေစေရေးကိုပါ ချိန်ညှိလုပ်ဆောင်သွားရန် ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
သယံဇာတစီမံအုပ်ချုပ်ရာတွင် ရေရှည်တည်တံ့ရေး ကာကွယ်ထိန်းသိမ်းခြင်းသာမက ဒေသခံ ပြည်သူလူထု၏ နေ့စဥ်လူမှုဘဝ အဆင်ပြေစေရေးကိုပါ ချိန်ညှိလုပ်ဆောင်သွားရန် ပြည်ထောင်စုဝန်ကြီးချုပ်ကမှာကြားခဲ့ပါတယ်။
မေလ၉ ရက်နေ့တွင် ကျင်းပတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (NAB-NR) ၏ (၃/၂၀၂၂) အစည်းအဝေးတွင် အဖွဲ့ဥက္ကဌဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားခဲ့တာပါ။
"သယံဇာတစီမံအုပ်ချုပ်ရာတွင် ရေရှည်တည်တံ့ရေး ကာကွယ်ထိန်းသိမ်းခြင်းသာမက ဒေသခံ ပြည်သူလူထု၏ နေ့စဥ်လူမှုဘဝ အဆင်ပြေစေရေး၊ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေရေး၊ သယံဇာတစီမံအုပ်ချုပ်ခြင်းနှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများအကြား နားလည်မှု မလွဲမှားစေရေးတို့အတွက် ချိန်ညှိ လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ သစ်တောကဏ္ဍနှင့် သတ္တု/ကျောက်မျက်ကဏ္ဍတို့သည် စစ်ကောင်စီအတွက် ဝင်ငွေရလမ်းကြောင်းများဖြစ်ပြီး အဆိုပါ ဝင်ငွေရလမ်းကြောင်းများကို ဖြတ်တောက်မည့် လုပ်ငန်းအစီအမံများတွင် ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း"ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ကို နိုင်ငံတကာနည်းတူ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အစီအစဉ်များ ထည့်သွင်း ကျင်းပသွားရန် လိုအပ်တယ်လို့လည်း ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
=======================
📌📌ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (၃/၂၀၂၂) အစည်းအဝေးကျင်းပ
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (၃/၂၀၂၂) အစည်းအဝေးကို ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃/၂၀၂၂) အစည်းအဝေးအား မေလ ၉ ရက် မနက် (၁၀) နာရီတွင် Zoom Meeting ဖြင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဝန်ကြီး၊ ဒုဝန်ကြီး၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တက်ရောက်ခဲ့ကြပါတယ်။
ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဌဖြစ်သူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးဆက်လက်၍ ဒုတိယဥက္ကဌဖြစ်သူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ ကြားကာလ သယံဇာတစီမံအုပ်ချုပ်မှုအတွက် မူကြမ်းရေးဆွဲပြီးဖြစ်သည့် ကြားကာလ သယံဇာတစီမံအုပ်ချုပ်ရေးမူဘောင် (သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲကဏ္ဍ) ကို အကျဉ်းချုံး တင်ပြခဲ့ပါတယ်။
ဆက်လက်၍ ကြားကာလသယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းတိုးတက်မှုအခြေအနေ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကျင်းပရေးတို့ကို အတွင်းရေးမှူးရုံးအဖွဲ့မှ တင်ပြခဲ့တယ်လို့သိရပါတယ်။
========================
📌📌၂၀၂၂ ခုနှစ်မှာ ပြည်သူလူထုခံစားနေရတဲ့ဆင်းရဲဒုက္ခ တွေအဆုံးသတ်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား
၂၀၂၂ ခုနှစ်မှာ ပြည်သူလူထုခံစားနေရတဲ့ဆင်းရဲဒုက္ခ တွေအဆုံးသတ်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သရုပ်ဆောင် ဒေါင်းက ဆက်သွယ်မေးမြန်းရာမှာ ဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။
"၂၀၂၂ ခုနှစ်ဟာ ပြည်သူလူထုအတွက် တော်လှန်ရေးအတွက် အောင်မြင်တဲ့ နှစ်တစ်နှစ်၊ အချိုးအကွေ့ကောင်းမွန်တဲ့ နှစ်တစ်နှစ်ကို ရရှိနိုင်တဲ့ နှစ်အဖြစ်တော့ မျှော်လင့်လို့ ရပါတယ်လို့ပြောချင်ပါတယ်။စစ်ရေး၊ နိုင်ငံရေး၊ သံတမာန်ရေး ဘက်ပေါင်းစုံပေါ့။ဘဏ္ဍာရေးလည်း အရေးကြီးပါတယ်။ ကဏ္ဍာပေါင်းစုံ စုံပြီးတော့ ဟန်ချက်ညီညီနဲ့ တော်လှန်မယ်ဆိုလို့ရှိရင်တော့ ဒီ ၂၀၂၂ ဟာ ပြည်သူလူထုခံစားနေရတဲ့ ဆင်းရဲဒုက္ခ တွေအဆုံးသတ်ပြီးတော့ ကောင်းမွန်တဲ့ နိုင်ငံရေးအချိုးအကွေ့တစ်ခုကို ရောက်မယ်ဆိုတာ ကျမကိုယ်တိုင်လည်း ယုံကြည်တယ်။ပြည်သူလူထုကိုလည်း ယုံကြည်စေချင်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီဒေသတို့မှာ အထိနာကျဆုံးများပြားလျက်ရှိပါတယ်။
========================
📌📌စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်တဲ့ တော်လှန်ရေးအဖွဲ့အစည်းများထုတ်ပြန်ချက်ကို အင်အားရှိတဲ့ စာများလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကတင်စား
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်တဲ့ တော်လှန်ရေးအဖွဲ့အစည်းများထုတ်ပြန်ချက်ကို အင်အားရှိတဲ့ စာများလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကတင်စားခေါ်ဝေါ်လိုက်ပါတယ်။ မေလ ၉ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက ၄င်းလူမှုကွန်ရက်မှာ "ခွန်အားရှိသော စာများ"လို့ရေးသားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်များအတွင်းက အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများကို သူကိုယ်တိုင်တွေ့မယ်လို့ ဆိုခဲ့ပါတယ်။ လက်ရှိမှာ ABSDF၊ KIO၊ KNU၊ KNPP၊ CNF စတဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်နိုင်ဘူးလို့ ကြေညာချက်များ ထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ရဟတ်ယာဉ်ကိစ္စနဲ့ တရားစွဲဆိုခိုင်းလို့ တရားလိုလုပ်ရတဲ့ အဂတိကော်မရှင်အဖွဲ့ဝင်ကို ရှေ့နေများ အပြန်အလှန်မေးခွန်းထုတ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ရဟတ်ယာဉ်ကိစ္စနဲ့တရားစွဲဆိုခိုင်းလို့ တရားလိုလုပ်ရတဲ့ အဂတိကော်မရှင်အဖွဲ့ဝင်ကို ရှေ့နေများ အပြန်အလှန်မေးခွန်းထုတ်ခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။ မေလ ၉ ရက်နေ့ နေပြည်တော်ရှိ ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးမှာ စစ်ဆေးခဲ့တယ်လို့သတင်းရရှိပါတယ်။
တရားရုံးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး နေကောင်းကျန်းမာကြောင်းသိရပါတယ်။ အမှုတွင် စကစခန့်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှအရာရှိ ဦးအောင်ခန့် အား အတိုင်ပင်ခံပုဂ္ဂိုလ်ရှေ့နေများက အပြန်အလှန်မေးခွန်းမေးခဲ့ရာ ညနေ သုံးနာရီအချိန်အထိ ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါအမှုမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားရဟတ်ယာဉ်ဝယ်ယူအသုံးပြုခြင်းနှင့်ပတ်သက်၍ စကစက မတရားအမှုဆင်စွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌မအူပင်အမတ် ဒေါ်အိအိပြုံးအား စကစတပ်ထောက်ခံတဲ့ သွေးသောက်အဖွဲ့က ချိန်းခြောက်
ဧရာတီတိုင်း မအူပင်အမတ် ဒေါ်အိအိပြုံးအား စကစတပ်ထောက်ခံတဲ့ သွေးသောက်အဖွဲ့က ချိန်းခြောက် လိုက်တယ်လို့သတင်းရရှိပါတယ်။ မေလ ၉ ရက်နေ့မှာ မအူပင်မြို့နည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးကလူမှုကွန်ရက်မှာဖော်ပြထားပါတယ်။
ချိန်းခြောက်စာအရ ဒေါ်အိအိပြုံးရဲ့ လုပ်ငန်းဆောင်တာများ မရပ်ပါက မိသားစုဝင်များကို ဘေးဖြစ်အောင် လုပ်ဆောင်မယ်လို့ ချိန်းခြောက်ထားတာဖြစ်ပါတယ်။ မအူပင်အမတ်ဒေါ်အိအိပြုံးဟာ ပြည်သူ့ရေးရာကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်ကာ ပြည်သူ့ရေးရာလုပ်ငန်းဆောင်တာများနဲ့ CDM များအရေးကို အဓိက ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။
========================
📌📌ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA), ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့၏ ပူးတွဲထုတ်ပြန် ကြေညာချက် (၂/၂၂)
ပူးတွဲထုတ်ပြန်ကြေညာချက် (၂/၂၂)
၁။ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့တွင် စစ်ကောင်စီ၏ အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တိုင်းရင်းသားခုခံတော်လှနရေး အဖွဲ့အစည်းတို့၏ ခေါင်းဆောင်များအား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ရုပ်မြင်သံကြားမှ တဆင့်ထုတ်လွှင့်ပြောကြားသည်ကို ကြားသိရပါသည်။
၂။ ပြည်ထောင်စု၏ ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် မိမိတို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှ အစဥ်တစိုက်တောင်းဆိုခဲ့သည့် တောင်းဆိုချက်ပင်ဖြစ်ပါသည်။ သို့ရာတွင် လက်ရှိတိုင်းပြည်မှ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကြပ်အတည်းများကို တွေ့ဆုံဆွေးနွေးအဖြေရှာမည်ဆိုပါက ပါဝင်သင့်သော stakeholders များအားလုံး ပါဝင်ရန်နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ ကြားဝင်စေ့စပ်ပေးသည့် မျှတသော တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းအမှန် ဖြစ်ပေါ်လာမည်ဖြစ်ပြီး အဆိုပါတွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှတဆင့် မိမိတို့မျှော်မှန်းသော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားနိုင်မည် ဖြစ်သည်။
၃။ ထို့ကြောင့် စစ်ကောင်စီ၏ လက်ရှိထိုးစစ်ဆင်နေမှုများအား အမြန်ဆုံးရပ်တန့်ပြီးပါဝင်သင့်ပါဝင်ထိုက်သော stakeholder များ အားလုံးပါဝင်လျက် အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ရန်အပြင် နိုင်ငံတကာလူမှုအဖွဲ့ အစည်းများမှ စစ်ဘေးသင့် ပြည်သူလူထုများအား လွတ်လပ်စွာ လူမှုကူညီထောက်ပံ့မှုအား ဆောလျင်စွာ ဖိတ်ခေါ်ခွင့်ပြုသွားရန် ထုတ်ပြန်အပ်ပါသည်။
နေ့စွဲ။ ၂၀၂၂ ခုနှစ် မေလ ၉ ရက်
ဆက်သွယ်ရန်
( ၁ ) ပဒိုစောတောနီး (KNU) ဖုန်း +၆၆၆၃၀၂၀၂၄၁၁
( ၂ ) နဲနယ်ဖလိုး (KNP) ဖုန်း +၆၆၉၈၇၅၇၂၃၀၉
( ၃ ) ဆလိုင်းထက်နီ (CNF) ဖုန်း +၉၁၆၉၀၉၇၅၁၇၂၁
No comments:
Post a Comment