၂၀၂၂ မေလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံ
📌ဩစတြေးလျနိုင်ငံမှ အနိုင်ရလေဘာပါတီအနေနဲ့ မြန်မာ့ ဒီမိုကရေစီထွန်းကားရေးကိုပိုမို အားပေးထောက်ခံနိုင်မယ်လို့ မျှော်လင့်ကြောင်း လူ့အခွင့်ရေးရာဝန်ကြီးဆို
📌နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်ပေးကြဖို့အတွက် အမေရိကန်သမ္မနဲ့ တောင်ကိုးရီးယားသမ္မတတို့က ပူးတွဲကြေညာ
📌အကြမ်းဖက်စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်ထိရောက်စွာ စီရင်မည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရဆို
📌အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးများ ၇ နိုင်ငံတွင်ဖွင့်လှစ်ခွင့်ရပြီ
📌NUG BOND For Chin အရောင်းကိုယ်စားလှယ်များ ဖိတ်ခေါ်
📌နိုင်ငံတကာအကူအညီတချို့ လွိုင်ကော်မြို့ပေါ်မှာပေးနေပေမယ့် တကယ်လိုအပ်နေတဲ့ ဖရူဆိုနဲ့ ဒီမောဆိုးအနောက်ဘက်ခြမ်းစစ်ရှောင်စခန်းတွေဆီကို အကူအညီတွေရောက်မလာဘူးလို့ ကရင်နီစစ်ဘေးရှောင်ကူညီရေးကွန်ရက်က ပြော
📌မေလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၅ ရက်အတွင်းမှာ စစ်ကောင်စီက မြောင်မြို့နယ်၊ ကျေးရွာ ၈ ရွာက အိမ်ခြေ ၁၆၀ နီးပါးကို မီးရှို့ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံ
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ မေလ (၂၁)ရက် နံနက်(၁၀) နာရီက တွေ့ဆုံခဲ့ပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါတယ်။
အခမ်းအနားတွင်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တွေ့ဆုံပွဲတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင်များ၊ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များမှ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
========================
📌📌ဩစတြေးလျနိုင်ငံမှ အနိုင်ရလေဘာပါတီအနေနဲ့ မြန်မာ့ ဒီမိုကရေစီထွန်းကားရေးကိုပိုမို အားပေးထောက်ခံနိုင်မယ်လို့ မျှော်လင့်ကြောင်း လူ့အခွင့်ရေးရာဝန်ကြီးဆို
မေလ ၂၂ ရက်မှာ ဩစတြေးလျနိုင်ငံ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကအခုလိုဆိုခဲ့ပါတယ်။
"ဩစတြေးလျနိုင်ငံမှာ ရွေးကောက်ပွဲမဲစာရင်းအရ လေဘာပါတီက အနိုင်ရခဲ့ပါပြီ။ လစ်ဘရယ်ပါတီက မဲရှုံးတာလက်ခံပြီး မဲနိုင်သူကို ချီးကြူးဂုဏ်ပြုခဲ့တာ ကြည်နူးစရာအချက်ပါ။အနိုင်ရလေဘာပါတီအနေနဲ့ မြန်မာ့ ဒီမိုကရေစီထွန်းကားရေးကိုပိုမို အားပေးထောက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဩစတြေးလျနိုင်ငံေရာက်မြန်မာနိုင်ငံသားများအနေနဲ့ ဆက်လက်ကြိုးပမ်းသွားကြဖို့ ပန်ကြားပါရစေ"လို့ဝန်ကြီကဆိုပါတယ်။
========================
📌📌နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်ပေးကြဖို့အတွက် အမေရိကန်သမ္မနဲ့ တောင်ကိုးရီးယားသမ္မတတို့က ပူးတွဲကြေညာ
အကြမ်းဖက်စစ်ကောင်စီကြောင့် ဒုက္ခရောက်နေရတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံတကာအနေနဲ့ ခိုလှိုခွင့်ပေးကြဖို့အ တွက် မေ ၂၁ ရက်ကပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံ ပူးတွဲကြေညာချက်မှာ ထည့်သွင်းဖော်ပြလိုက်သလိုအကြမ်းဖက်စစ်ကောင်စီကို လက်နက်မရောင်းချရေးအတွက် တားမြစ်မှုတွေ ပြုလုပ်ဖို့ကိုလည်း ထုတ်ပြန် ချက်ထဲမှာ ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။
ဒါအပြင် သမ္မတ နှစ်ဦးလုံးက ပြည်သူတွေကို ရက်ရက်စက်စက်သ တ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကိုလည်း ပြတ်ပြတ်သားသားရှုတ်ချတယ်ဆိုပြီး ပြောကြားခဲ့သလို အကြမ်းဖက်စစ်ကောင်စီကို ဖမ်းဆီးထားသူတွေ ချက်ခြင်းပြန် လွှတ်ပေးရေး၊ နိုင်ငံတဝန်း လူသားချင်းစာနာမှုအကူအညီတွေ လွတ်လွတ်လပ်လပ်ပေးပို့နိုင်ရေးတို့အတွက်ပါ ဖော်ပြခဲ့တာတွေ့ရပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ခြင်းလျော့ချရမှာဖြစ်ပြီးတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် အမြန်ပြန်ရောက်ဖို့အတွက်လည်း လုပ်ဆောင်သွားကြဖို့ အမေရိကန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ က သဘောတူညီခဲ့ကြပါတယ်။
========================
📌📌အကြမ်းဖက်စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်ထိရောက်စွာ စီရင်မည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရဆို
မေလ ၂၂ ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၂)ကိုထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ဆေးတက္ကသိုလ်-မန္တလေး၊ တတိယနှစ်သင်တန်း၊ ၁၂/၂၀၁၇ Batch မှ CDM ကျောင်းသား မောင်ကျော်ညီဇင်၊ အသက် (၂၁) နှစ်သည် (၂၀-၅-၂၀၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေး-မုံရွာကားလမ်းမပေါ်၊ မြင်းမူမြို့နယ်အတွင်း၌ မိသားစုနှင့်အတူ အိမ်စီးကားတစ်စီးဖြင့် သွားလာနေစဉ် အကြမ်းဖက်စစ်ကောင်စီမှ အကြမ်းဖက်သမားများ၏ လူစိတ်မဲ့ ပစ်ခတ်မှုကြောင့် မောင်ကျော်ညီဇင်၏ ဦးခေါင်းကို ကျည်ထိမှန်၍ အပြစ်မဲ့ကျဆုံးခဲ့ရကြောင်း သိရှိရပါတယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည်ကျန်းမာရေးဝန်ထမ်းများအပေါ် အကြမ်းဖက်လုပ်ရပ်များကို အစဉ်တစိုက် ကျူးလွန်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် မောင်ကျော်ညီဇင် အပါအဝင် ကျဆုံးပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း၊ အပြစ်မဲ့ ကျဆုံးခဲ့ရသော ဆေးနှင့် ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများ၊ ကျန်းမာရေးလုပ်သားများ၊ ပြည်သူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်ထိရောက်စွာ စီရင်မည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးများ ၇ နိုင်ငံတွင်ဖွင့်လှစ်ခွင့်ရပြီ
အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးများ ၇ နိုင်ငံတွင်ဖွင့်လှစ်ခွင့်ရပြီလို့သတင်းရရှိပါတယ်။ထပ်မံဖွင့်လှစ်ခွင့်ရရှိတဲ့ကိုယ်စားလှယ်ရုံးများအပါအဝင် မေလ၂၂ ရက်နေ့အထိ နိုင်ငံ ၇ ခု မှာကိုယ်စားလှယ်ရုံးများဖွင့်ထားပြီးဖြစ်ပါတယ်။
ယင်းကိုယ်စားလှယ်ရုံးများဖွင့်လှစ်ထားတဲ့နိုင်ငံများမှာပြင်သစ်နိုင်ငံ၊ချက်နိုင်ငံ၊ ယူကေ၊နော်ဝေ၊တောင်ကိုရီးယား၊ဂျပန်၊ ဩစတြေးလျတို့ဖြစ်ပါတယ်။ လက်ရှိမှာလည်း အမေရိကန်နိုင်ငံတွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရန်ပြင်ဆင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကသတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌NUG BOND For Chin အရောင်းကိုယ်စားလှယ်များ ဖိတ်ခေါ်
မေလ ၂၂ ရက်နေ့မှာ ယူနိုက်တက်ဘွန်းက"NUG BOND For Chin အရောင်းကိုယ်စားလှယ်များ ဖိတ်ခေါ်နေပြီဖြစ်ကြောင်း တရားဝင်အသိပေးကြေညာထားပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန MoPFI နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပူးပေါင်း၍ နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ် စတင်ရောင်းချမည်ဖြစ်ပြီး Chin Relief Funding Program – CRFP မှ အလုပ်အဖွဲ့အဖြစ် တာဝန်ယူရောင်းချပေးမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ငွေတိုက်စာချုပ်ရောင်းရငွေများအား ချင်းဒေသများ အသုံးစရိတ်အတွက် အသုံးပြုမှာဖြစ်ပါတယ်။ လျှောက်ထားရန်ကာလ မှာ ( ၂၀၊၅၊၂၀၂၂) မှ (၂၀၊၆၊၂၀၂၂) အထိဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားပါ့မယ်။
📌📌နိုင်ငံတကာအကူအညီတချို့ လွိုင်ကော်မြို့ပေါ်မှာပေးနေပေမယ့် တကယ်လိုအပ်နေတဲ့ ဖရူဆိုနဲ့ ဒီမောဆိုးအနောက်ဘက်ခြမ်းစစ်ရှောင်စခန်းတွေဆီကို အကူအညီတွေရောက်မလာဘူးလို့ ကရင်နီစစ်ဘေးရှောင်ကူညီရေးကွန်ရက်က ပြောပါတယ်။
နိုင်ငံတကာအကူအညီတချို့ကို စစ်ကောင်စီခွင့်ပြုထားတဲ့လွိုင်ကော်မြို့ပေါ်မှာ ပေးဝေနေတယ်လို့ သတင်းတွေကြားနေရပေမယ့် တကယ်လိုအပ်နေတဲ့ ဖရူဆိုနဲ့ ဒီမောဆိုးအနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတွေဆီကို အကူအညီတွေရောက်မလာဘူးလို့ ကရင်နီစစ်ဘေးရှောင်ကူညီရေးကွန်ရက်တာဝန်ရှိသူတစ်ယောက်က ကြုံတွေ့နေရတဲ့အခြေအနေတွေကိုအခုလိုပြောပါတယ်။
ကရင်နီစစ်ဘေးရှောင်ကူညီရေးကွန်ရက်တာဝန်ရှိသူ
ကရင်နီပြည်နယ်မှာ စစ်ဘေးသင့်ပြည်သူ တစ်သိန်းခွဲကနေ တစ်သိန်းရှစ်သောင်းဝန်းကျင်အထိရှိနေပြီး အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေးအခက်အခဲက ပိုပြီးကြီးမားလာတာဖြစ်ပါတယ်။ ရိက္ခာနဲ့ဆေးဝါးသယ်တဲ့လမ်းကြောင်းတွေကိုလည်း စစ်ကောင်စီက လိုက်လံတားဆီးပိတ်ဆို့နေတဲ့အတွက် နိုင်ငံတကာအကူအညီတွေဝင်ရောက်လာဖို့ စစ်ဘေးရှောင်တွေက မျှော်လင့်နေ ကြောင်းကိုကရင်နီပြည် လူ့အခွင့်အရေးလှုပ်ရှားသူ ကိုဗညားကအခုလို ပြောပြပါတယ်။
ကိုဗညား (ကရင်နီပြည် လူ့အခွင့်အရေးလှုပ်ရှားသူ)
ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ရှောင်ပြည်သူတွေကို အကူအညီပေးဖို့ကြိုးစားနေပေမယ့် စစ်ကောင်စီက အကြောင်းပြချက်အမျိုးမျိုးပေးပြီး ကန့်သတ်နေတာဖြစ်ပါတယ်။ ကရင်နီပြည်နယ်ဒေသခံလက်နက်ကိုင်အဖွဲ့တွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့အနိုင်ကျင့်ဖိအားပေးတာကို ခံနေရတာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ နွေဦးK မှပေးပို့ထားတာဖြစ်ပါတယ်။
========================
📌📌မေလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၅ ရက်အတွင်းမှာ စစ်ကောင်စီက မြောင်မြို့နယ်၊ ကျေးရွာ ၈ ရွာက အိမ်ခြေ ၁၆၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မြောင်မြို့နယ်ထဲက ပန်းခြုံ၊ ညောင်ကားယား၊ ရွာပုလဲ၊ ပေါက်ချောင်း၊ မယ်မသော်၊ နဂါးပေါက်၊ နေပူကုန်းနဲ့ မင်းတန်းကျေးရွာတွေမှာ စစ်သားတွေက အကြမ်းဖက်မီးရှို့တာတွေပြုလုပ်ခဲ့တာပါ။ဒီအေခြအ နေနဲ့ပတ်သက်ပြီး မြောင်မြို့နယ် CDSOM မှမင်းယက္ခက အခုလိုပြောဆိုထားပါတယ်။
မင်းယက္ခ (မြောင်မြို့နယ်CDSOM)
မေလ ၁၉ ရက်နေ့က ဒုတိယအကြိမ် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကနီမြို့နယ်၊ နတ်ကြီးစံပြကျေးရွာသူတစ်ယောက်က အိမ်မီးရှို့ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။
ကနီမြို့နယ်၊ နတ်ကြီးရွာသူတစ်ဦး
၂၀၂၂ ဧပြီလကုန်အထိ စစ်ကိုင်းတိုင်း၊ ၃၄ မြို့နယ်မှာ စစ်ကောင်စီက အိမ်ခြေ ၇၅၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar အဖွဲ့က စာရင်းထုတ်ပြန်ထားပါတယ်။ အခုမေလအတွင်း မီးရှို့ခံရတဲ့အိမ်ခြေစာရင်းကို ထပ်ပေါင်းရင် စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၁ သောင်းထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ ဒီသတင်းကိုတော့ နွေဦးK ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment