22nd MAY 2022 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ(ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၂ α€™ေα€œ ၂၂ α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 

πŸ“ŒπŸ“Œα။ မင်းတပ်α€™ြို့တွင် ထ ခြေခံα€…ားα€žောα€€်α€€ုα€”်α€™ျားပြတ်α€œα€•် α€”ေ၊ α€™ြို့တွင်း တိုα€€်ပွဲα€–ြα€…်α€œာα€”ိုင်α€žα€Š့် α€žα€α€„်း α€™ျား ပျံ့α€”ှံ့α€œျα€€်α€›ှိ 


မင်းတပ်α€™ြို့တွင် ထ ခြေခံα€…ားα€žောα€€်α€€ုα€”်α€™ျား ပြတ်α€œα€•် α€”ေ၊ α€™ြို့တွင်း တိုα€€်ပွဲα€–ြα€…်α€œာα€”ိုင်α€žα€Š့် α€žα€α€„်းα€™ျား ပျံ့α€”ှံ့α€œျα€€်α€›ှိα€€ြောင်း α€’ေα€žα€ံပြα€Š်α€žူα€™ျားထံα€™ှ α€žိα€›α€žα€Š်။ 

 

"α€‘α€žား ငါး α€Ÿα€„်းα€žီးα€Ÿα€„်းα€›ွα€€် α€€ြα€€်α€₯ကထစ ထကုα€”်ပြတ်α€œα€•် α€”ေα€α€š်၊ α€€ားမထွα€€်တာα€€ြာα€œို့ ထခြေခံ α€…ားα€žောα€€်α€€ုα€”်တွေ ပြတ်α€œα€•် α€”ေတဲ့ ထ ခြေထ α€”ေပါ" α€Ÿူ၍ မင်းတပ်α€™ြို့ ပေါ် α€˜ုα€”်း တော်α€€ြီး α€€ျောင်းတွင် α€žီတင်းα€žုံး α€”ေထိုင်α€œျα€€်α€›ှိα€žα€Š့် α€₯ီးဇင်းတစ်ပါးα€€ α€™ိα€”့်α€žα€Š်။

 

မင်းတပ်α€™ြို့တွင်း α€”ေ ပြα€Š်α€žူတစ်α€₯ီးα€€ "α€…ားα€žောα€€်α€€ုα€”်တွေ α€…ျေးတက်α€œာα€α€š်၊ α€›ှားပါးα€œာα€α€š်၊ တိုα€€်ပွဲ တွေα€€ တောα€€် α€œျှောα€€်α€›ှိ α€”ေ တော့ α€‘α€œုပ်ထကိုင်α€”ှင့် ဝင်ငွေα€€ α€™α€›ှိα€€ြပြα€”်α€˜ူး၊ တော် တော်α€€ို α€’ုα€€္ခ α€›ောα€€် α€”ေတဲ့ ထ α€”ေထထားပါ" α€Ÿူ၍ ပြောα€žα€Š်။

 

"α€™ြို့တွင်းα€™ှာ တိုα€€်ပွဲ တွေ α€–ြα€…်α€œာα€”ိုင်α€α€š်ဆိုပြီး α€žα€α€„်း တွေα€œα€Š်း α€Ÿိုတစ်α€… α€’ီတစ်α€… α€€ြား α€”ေα€›α€α€š်၊ ထင်တာα€”α€€် တွေ၊ α€–ုα€”်းα€œိုင်း တွေ ခက်ခဲ α€”ေ တော့ α€˜α€š်α€Ÿာα€€ ထမှα€”်ဆိုတာ α€žေချာ α€‘α€α€Š်ပြုα€–ို့ α€™α€œွα€š်α€˜ူး။ α€™ြို့ ပေါ်α€€ α€”ေ ထပ် α€›ှောင်α€›α€™α€œိုα€œို၊ α€˜ာα€œိုα€œို တွေပေါ့။ α€˜ာα€™ှ ဆက်α€™α€–ြα€…်α€œာပါ α€…ေα€”ဲ့α€œို့ ဆု တောင်းရင်း α€˜ုα€›ားတ α€”ေα€›α€α€š်" α€Ÿု ၎င်းα€€ ဆက်၍ပြောα€žα€Š်။

 

ပြα€Š်ပရောα€€် မင်းတပ်α€™ြို့ α€’ေα€žα€ံ ထမျိုးα€žားတစ်α€₯ီးကတော့ "α€’ီတစ် ခေါα€€် တိုα€€်ပွဲ တွေα€žာ ထပ်α€–ြα€…်α€œာရင် α€˜α€š်α€žူ့ထတွα€€်α€™ှ α€œွα€š်α€™α€š် မထင်α€˜ူး၊ α€šα€α€„်ကထက် ပိုပြီး ပြင်းထန်α€œာα€”ိုင်α€α€š်α€œို့ α€™ြင်α€α€š်။ ထားα€œုံး ဆင်းα€›ဲ α€’ုα€€္ခ α€›ောα€€် α€”ေ တာ α€™ြင်α€› α€€ြားα€› α€€ိုα€š့် α€™ိα€žားα€…ုဝင် တွေပါ α€€ြုံα€”ေα€€ြα€› တော့ α€’ီα€œို တွေ ထပ်α€™α€–ြα€…် α€…ေချင်ပါα€˜ူး" α€Ÿု α€žုံးα€žα€•်ပြောဆိုα€žα€Š်။

 

α€šα€ုα€”ှα€…်ဧပြီα€œα€œα€š်ပိုင်းα€™ှα€…၍ မတူပီα€™ှ မင်းတပ်α€™ြို့α€˜α€€်α€žို့ ပြα€”်ဆင်းα€œာ ခဲ့ α€žော α€…α€…် α€€ောင်α€…ီα€šာဉ်တန်းα€€ို CDF မင်းတပ်α€€ α€€ြားα€–ြတ်တိုα€€်ခိုα€€်ခဲ့ပြီး α€…α€…် α€€ောင်α€…ီα€˜α€€်တွင် ထိခိုα€€်α€€ျဆုံး ထများထပြားα€›ှိခဲ့α€€ြောင်း CDF မင်းတပ်၏ α€žα€α€„်းထုတ်ပြα€”်ချα€€်α€™ျားထရ α€žိα€›α€žα€Š်။

 

πŸ“ŒπŸ“Œα‚။ မင်းတပ်α€™ြို့α€’ေα€žα€ံပြα€Š်α€žူ ၃ α€₯ီး မတရားα€–α€™်းဆီးခံထားα€›


မင်းတပ်α€™ြို့ပေါ်တွင် α€’ေα€žα€ံပြα€Š်α€žူ ၃ α€₯ီးα€€ို α€…α€…်α€€ောင်α€…ီα€€ ပြီးခဲ့α€žα€Š့် α€™ေ ၁၅ α€”ှင့် ၁၆ တို့တွင် မတရားα€–α€™်း ဆီး ထားα€€ြောင်း မင်းတပ်α€™ြို့ α€’ေα€žα€ံပြα€Š်α€žူတစ်α€₯ီး၏ ပြောဆိုချα€€်ထရ α€žိα€›α€žα€Š်။

"α€…ိချဲ့α€–α€€်α€™ှာ α€€ောင်α€œေး α€”ှα€…်α€šောα€€်ပါ။ α€žူတို့α€€ ပိုα€€်ဆံထုတ်တဲ့ α€‘α€žိα€€ောင်α€™α€œေးတစ်α€šောα€€် α€œိုα€€်ပို့ ပြီးထပြα€”်α€™ှာ α€…ောင့်ပြီးထဖမ်းခံရတာα€œို့α€€ြားα€α€š်။ α€”ောα€€်ပြီး α€€ျောα€€်ထုα€€ို ဆိုင်α€€α€š်ပြင်α€–ို့α€‘α€žွား α€€ောင်α€œေးတစ်α€šောα€€်α€œα€Š်း ထဖမ်းခံα€œိုα€€်α€›α€α€š်။ ထဲ့α€’ီα€”ေ့α€€ α€˜α€š်α€žူα€™ှ ထပြင်မထွα€€်α€›α€œို့ α€€ြေα€Šာ ထားတဲ့α€”ေ့ပါ၊ ပြα€Š်α€žူထားα€œုံးα€œα€Š်း α€žα€€်ဆိုင်α€›ာα€€ α€œိုထပ်α€œို့ထုတ်ပြα€”်တာတွေ α€žေချာဂရုα€…ိုα€€် α€œိုα€€်α€”ာ ပေးα€–ို့တော့ α€œိုထပ်ပါα€α€š်" α€Ÿု မင်းတပ်α€’ေα€žα€ံပြα€Š်α€žူတစ်α€₯ီးα€€ ပြောα€žα€Š်။

 

α€–α€™်းဆီးခံထားα€›α€žα€Š့် α€œူα€„α€š် ၃ α€₯ီးα€€ို မင်းတပ်α€™ြို့α€”α€š်α€™ြေခံတပ်ရင်း α€α€œα€› ၂၇၄ α€žို့ ပို့ဆောင်ထားတာ α€–ြα€…်α€”ိုင်ပြီး ပြီးခဲ့α€žα€Š့် α€™ေα€œα€†α€”်းပိုင်းတွင်α€œα€Š်း α€™α€€ွေးတိုင်း၊ α€€ျောα€€်ထုα€žို့ ဆိုင်α€€α€š်α€α€š်α€šူα€›α€”်α€žွားα€žα€Š့် မင်းတပ်α€™ြို့α€”α€š်α€’ေα€žα€ံ α€œူα€„α€š်α€”ှα€…်α€₯ီး ပျောα€€်ဆုံးα€”ေပြီး α€šα€ုချိα€”်ထိ α€™ိα€žားα€…ုα€”ှင့် ထဆက်α€‘α€žွα€š်α€™α€›α€–ြα€…်α€”ေ α€€ြောင်း α€’ေα€žα€ံပြα€Š်α€žူα€™ျားထံα€™ှ α€žိα€›α€žα€Š်။

 

πŸ“ŒπŸ“Œαƒ။ α€šောα€’ေα€žα€•ြα€Š်α€žူ့ α€€ာα€€ွα€š်α€›ေးတပ် α€œα€€်α€”α€€်α€€ိုင်တော်α€œှα€”်α€›ေး တစ်α€”ှα€…်ပြα€Š့် ထခမ်းထနားα€€ျင်းပ


α€šောα€’ေα€žα€•ြα€Š်α€žူ့ α€€ာα€€ွα€š်α€›ေးတပ်၏ α€…α€…်ထာဏာα€›ှင်α€…α€”α€…် α€œα€€်α€”α€€်α€€ိုင်တော်α€œှα€”်α€›ေး တစ်α€”ှα€…်ပြα€Š့် ထခမ်းထနားα€€ို α€™ေ ၁၉ (α€šα€™α€”်α€”ေ့) တွင် α€šောα€’ေα€ž၏ α€”ေα€›ာ တနေα€›ာ၌ α€…α€…်α€›ေးပြα€žα€™ှုα€™ျားα€”ှင့်ထတူ ထောင် α€™ြင်α€…ွာ ပြုα€œုပ်α€€ျင်းပခဲ့α€€ြောင်း α€šောα€’ေα€ž ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်၏ ထုတ်ပြα€”်ချα€€်ထရ α€žိα€›α€žα€Š်။

 

α€šα€„်းထခမ်းထနားတွင် ဂန့်ဂေါ၊ ထီးα€œα€„်း၊ α€€ျော၊ α€€ျောα€€်ထု၊ ဆော α€…α€žα€Š့်α€™ြို့α€”α€š် ၅ α€”ေα€›ာထခြေα€…ိုα€€် α€šောα€’ေα€žα€ံα€€ာα€€ွα€š်α€›ေးတပ်α€™ျားပါဝင်α€€ြောင်း ၎င်းထုတ်ပြα€”်ချα€€်တွင် ပါα€›ှိα€žα€Š်။ 

 

α€™α€Ÿာα€™ိတ်α€Šီ α€”ောင်α€–ြα€…်α€žα€Š့် α€šောပြα€Š်α€žူ့ α€€ာα€€ွα€š်α€›ေးတပ်၏ α€œα€€်α€”α€€်α€€ိုင်တော်α€œှα€”်α€›ေးတစ်α€”ှα€…်ပြα€Š့် ထခမ်း ထနားα€žို့ CDF မင်းတပ်α€™ှ ၇ α€₯ီးတက်α€›ောα€€် ဂုဏ်ပြုခဲ့α€€ြောင်း CDF မင်းတပ်တာဝန်α€›ှိα€žူတစ်α€₯ီးα€€ ဆိုα€žα€Š်။

 

πŸ“ŒπŸ“Œα„။ ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€›၊ α€™α€Ÿာα€™ိတ်ဆက်ဆံα€›ေးα€€ော်မတီ α€”ှင့် α€›α€€္ခိုင်ပြα€Š်α€žူ့ထစိုးα€›၊ α€›α€€္ခိုင် ထမျိုး α€žားထဖွဲ့ချုပ်တို့တွေ့ဆုံ

 

ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€› α€”ိုင်ငံခြားα€›ေးဝန်α€€ြီးα€Œာα€” α€’ေါ်ဇင်α€™ာထောင်၊ ဦးမင်းα€€ိုα€”ိုင်တို့ဦးဆောင်α€žော ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€›၊ α€™α€Ÿာα€™ိတ်ဆက်ဆံα€›ေးα€€ော်မတီα€”ှင့် α€›α€€္ခိုင်ထမျိုးα€žားထဖွဲ့ချုပ်၊ α€₯α€€္ကဋ္α€Œ α€—ိုα€œ်ချုပ်ထွα€”်းα€™ြတ်α€”ိုင်၊ ထထွေထွေထတွင်းα€›ေးα€™ှူး α€’ေါα€€်တာ α€Šိုထွα€”်းထောင်တို့ ဦးဆောင်α€žα€Š့် α€›α€€္ခိုင် ပြα€Š်α€žူ့ထစိုးရတို့ α€™ေ ၁၆ α€”ံα€”α€€်ပိုင်းတွင် ၂ α€”ာα€›ီα€€ြာ ထွα€”်α€œိုင်းα€™ှတဆင့် တွေ့ဆုံဆွေးα€”ွေးခဲ့α€€ြα€žα€Š်α€Ÿု ထမျိုး α€žားα€Šီα€Šွတ်α€›ေးထစိုးα€› NUG ထုတ်ပြα€”်ချα€€်ထရ α€žိα€›α€žα€Š်။

ထဆိုပါထုတ်ပြα€”်ချα€€်တွင် α€™ြα€”်α€™ာα€”ိုင်ငံ၏ α€œα€€်α€›ှိα€–ြα€…်ပျα€€်α€”ေα€žော α€”ိုင်ငံα€›ေး ထခြေထနေα€™ျား၊ တိုင်းပြα€Š်၏ ထခြေထနေα€™ျားα€€ို ရင်းα€”ှီးပွင့်α€œα€„်းα€…ွာ α€”ှα€…်α€–α€€် ထပြα€”်α€‘α€œှα€”်ဆွေးα€”ွေးခဲ့α€€ြပြီး α€”ှα€…်α€–α€€်ထကြား ထမြင်ချင်း α€–α€œှα€š်ဆွေးα€”ွေးခဲ့α€€ြα€€ြောင်း ထို့ထပြင် ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€›α€–α€€်α€€ α€œα€€်α€›ှိα€œုပ်ဆောင်α€œျα€€်α€›ှိα€žော ထခြေထနေα€™ျား၊ ထခင်းထကျင်းα€™ျားα€€ို α€žα€€်ဆိုင်α€›ာဝန်α€€ြီးα€Œာα€”α€‘α€œိုα€€် ဆွေးα€”ွေးခဲ့α€€ြα€€ြောင်း α€–ော်ပြထားα€žα€Š်။

 

πŸ“ŒπŸ“Œα…။ α€₯α€›ောပတွင် α€™ျောα€€်α€€ျောα€€်α€›ောဂါ α€€ူးα€…α€€်ပြα€”့်ပွားα€™ှုα€€ြောင့် WHO ထရေးပေါ် α€‘α€…α€Š်းထဝေးခေါ်

 

α€₯α€›ောပနိုင်ငံα€™ျားတွင် α€™ျောα€€်α€€ျောα€€်α€›ောဂါ α€€ူးα€…α€€်ပြα€”့်ပွားα€™ှု ၁၀၀ α€€ျော်တွေ့α€›ှိရပြီးα€”ောα€€် ထိုထကြောင်း α€€ိုဆွေးα€”ွေးα€”ိုင်α€›α€”် ပြီးခဲ့α€žα€Š့် α€™ေ ၂၀ α€›α€€် α€žောα€€ြာα€”ေ့α€€ α€€α€™္α€˜ာ့α€€ျα€”်းα€™ာα€›ေးထဖွဲ့ WHO ထရေးပေါ်α€‘α€…α€Š်း ထဝေး ခေါ်α€šူတွေ့ဆုံခဲ့α€žα€Š်။

 

α€œα€€်α€›ှိတွင် α€₯α€›ောပနိုင်ငံα€™ျားတွင် ပြα€”့်ပွားα€™ှုထများဆုံးα€–ြα€…်ပြီး α€˜α€š်α€œ်ဂျီα€šံ၊ ပြင်α€žα€…်၊ ဂျာα€™α€”ီ၊ ထီα€α€œီ၊ α€”α€š်α€žာα€œα€”်၊ ပေါ်တူဂီ၊ စပိα€”်၊ ဆွီဒင်α€”ှင့် α€—ြိတိα€”်α€”ိုင်ငံတို့တွင် ပြα€”့်ပွားα€™ှုα€–ြα€…်α€”ေပြီး၊ ထမေα€›ိα€€α€”်၊ α€€α€”ေα€’ါα€”ှင့် α€žြစတေးα€œျα€”ိုင်ငံα€™ျားတွင်ပါ တွေ့α€›ှိα€”ေα€›α€žα€Š်။ 

 

α€™ေ ၂၀ α€€α€œα€Š်း စပိα€”်α€”ိုင်ငံတွင် α€™ျောα€€်α€€ျောα€€်α€›ောဂါα€€ူးα€…α€€်ခံα€›α€žူ ၂၄ α€šောα€€်ထိ တွေ့α€›ှိခဲ့ရပြီး α€™α€€်α€’α€›α€…် α€’ေα€ž တွင် ထများဆုံးα€–ြα€…်α€€ြောင်း α€žα€α€„်းα€™ျားα€€α€–ော်ပြα€žα€Š်။ ၎င်းα€™ျောα€€်α€€ျောα€€်α€›ောဂါα€žα€Š် SARS-COV-2 α€—ိုင်းရပ်α€…်α€€ဲ့α€žို့ α€€ူးα€…α€€်α€™ှု α€™α€™ြα€”်α€žောα€€ြောင့် α€€ိုα€—α€…် ၁၉ α€œိုα€™ျိုး ကပ်α€›ောဂါα€‘α€žွင်ဆောင်α€œာα€”ိုင်ခြေ α€™α€›ှိα€Ÿု α€šူဆကြောင်း α€žိပ္ပံα€•α€Šာα€›ှင်α€™ျားα€€ ပြောα€žα€Š်။ 

 

α€™ျောα€€်α€€ျောα€€်α€›ောဂါ α€€ူးα€…α€€်ခံရပါα€€ α€žာα€™α€”်α€–ျားα€”ာပြီး ခန္ဓာα€€ိုα€š်α€œα€€်ပေါ်တွင် ထဖုထပိα€”့်α€™ျား ထွα€€်α€œာ α€žα€Š်α€€ိုတွေ့α€›ှိα€›α€žα€Š်။ α€€α€›ောဂါα€žα€Š် ထာα€–α€›ိα€€ α€™ျောα€€်α€™ျားα€™ှတဆင့် ပြα€”့်ပွားα€œာခဲ့ခြင်းα€–ြα€…်ပြီး၊ α€›ောဂါ α€€ူးα€…α€€်ခံထားα€›α€žα€Š့် တိα€›α€…္ဆာα€”်α€™ျားα€”ှင့် ထနီးကပ်ထိတွေ့α€”ေထိုင်α€žူα€™ျားတွင် ထဓိα€€ α€–ြα€…်ပွားα€”ေα€€ြောင်း WHO ကပြောဆိုထားα€žα€Š်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment