၂၀၂၂ မေလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတွင် NLD ဆက်လက်ပါဝင်နေကြောင်း ဦးအောင်ကြည်ညွန့်ပြောကြား
📌စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲဟာ လူထုကိုအတုအယောင်မျှော်လင့်ချက်ပေးတာ သက်သက်ပဲဖြစ်တယ်လို့ဆို
📌တန်းခွဲအသစ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် မိုးကုတ်ဖက်ဒရယ်ကျောင်းမှ ဆရာဆရာမများ၊ ရုံးဝန်ထမ်းများ ခေါ်ယူ
📌တထောင့်ထိုးသေနတ်များ ဗိုလ်ဂဠုန် တပ်ရင်းမှ ထုတ်လုပ်အောင်မြင်
📌ဒိုက်ဦး PDF စခန်းကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ဝင်စီးလို့ နောက်ဆုတ်ပေးလိုက်ရ
📌ပခုက္ကူမြို့နယ်မြောက်ပိုင်းနှင့် မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စကစတပ်များကို ပြောက်ကျားတပ်များဝိုင်းပစ်ရာ လေးဦးသေ
📌ဂန့်ဂေါမြို့နယ်၊ စန်းမြို့ရွာအနီးတွင် စစ်ကြောင်းထိုးလာသော စကစတပ်များနှင့် ပျူစောထီးများ ကိုဂန့်ဂေါ PDF တပ်ခွဲ ၃ နဲ့ မဟာမိတ်တပ်များတိုက်ခိုက်
📌ဖရူဆိုမြို့နယ် ထားလဲကျေးရွာနှင့် ကျွန်းပင်ကုန်းကြားမှာ စစ်ကားတန်းများကို KNDF နဲ့ ပူးပေါင်းအဖွဲ့တိုက်ခိုက်ခဲ့ရာ ကားသုံးစီးပျက်စီး
📌ဂန့်ဂေါမြို့နယ်၊ စန်းမြို့ရွာစစ်ဘေးရှောင်တွေ မိုးတွင်းအတွက်စုထားတဲ့ ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်တွေအားလုံးကို စစ်ကောင်စီက မေလ ၂၂ ရက်နေ့မှာ လုယူသွားတယ်လို့ ဒေသခံတွေကပြော
📌မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ရိုးအတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီကျောက်စိမ်းတင်မော်တော်တွေကို PDF တွေတိုက်ခိုက်လို့မရအောင် ပြည်သူတွေကိုပါတင်ဆောင်လာခဲ့တယ်လို့ မင်းကင်း PDF ကပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတွင် NLD ဆက်လက်ပါဝင်နေကြောင်း ဦးအောင်ကြည်ညွန့်ပြောကြား
မေလအတွင်းမှာ NLD ပါတီဗဟိုအလုပ်အမှုဆောင်ဦးအောင်ကြည်ညွန့်က ခေတ်သစ်သတင်းဌာန၏ မေးမြန်းမှုနှင့်ပတ်သက်ပြီး အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။
"NUCC မှာ ကျနော်တို့က အပြည့်အ၀ ပါဝင်နေပါတယ်။ NUCC မှာ ကျနော်တို့ ၂၀၂၀ အနိုင်ရ ကိုယ် စားလှယ် များ အစုအဖွဲ့မှာ ၁၄ ယောက်ကျနော်တို့ ပေးထားတယ်။ ကောင်စီမှာ ပါနေတယ်။ NUCCC မှာ Joint Committeeတွေမှာလည်း CRPH က ကိုယ်စားလှယ်တွေကို ပေးထားတယ်"လို့ဆိုပါတယ်။
မေလအတွင်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့က ၄င်းတို့လူမှုကွန်ရက်စာမျက်နှာတွင် NUCCမှ NLDပါတီနုတ်ထွက်သွားကြောင်းဖော်ပြခဲ့ပါတယ်။
"NLD ရဲ့မူက ပြည်သူက အဓိကပဲ။ ပြည်သူရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့ အနေအထားနဲ့ ဘာမှ မလုပ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပဲ သွားနေတယ်။ ကျနော်တို့သည် NLD ပါတီမူဝါဒက နဂိုကတည်းက ရှိထားပြီး။ NUCC မှာလည်း အခုလက်ရှိ ရှိနေတဲ့ ပဋိညာဉ်တွေနဲ့လည်း အတူတူပဲဖြစ်တယ်ဆိုတာကို လေ့လာကြည့်ရင် သိနိုင်ပါတယ်ဆိုတဲ့ အခြေအနေမျိုးရှိပါတယ်။ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နေကြတာပါ"လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင်ဦးအောင်ကြည်ညွန့်ကဆိုပါတယ်။
========================
📌📌စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲဟာ လူထုကိုအတုအယောင်မျှော်လင့်ချက်ပေးတာ သက်သက်ပဲဖြစ်တယ်လို့ဆို
မေလအတွင်း သီးသန့်တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ တရားရေးဝန်ကြီး ဦးသိန်းဦးကအခုလိုဆိုခဲ့ပါတယ်။
"သူတို့လုပ်မဲ့ ရွေးကောက်ပွဲကတော့ လူထုကို အတုအယောင်မျှော်လင့်ချက်ပေးတာပါပဲ။လူထုထက်စာလို့ရှိရင် အဓိက သူတို့ရဲတပ် ပြိုကွဲနေတာဖြစ်ပါတယ်။အခုဆိုလို့ရှိရင် ဒီတပ်ဘက်ကနေ ဘက်ပြောင်းလာတဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်မှုထမ်းတွေ အများကြီး ဖြစ်နေပါပြီ"လို့ ဝန်ကြီးကဆိုပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပြီး မဲစာရင်းများကို ပြုစုနေတယ်လို့လည်းသိရပါတယ်။
========================
📌📌တန်းခွဲအသစ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် မိုးကုတ်ဖက်ဒရယ်ကျောင်းမှ ဆရာဆရာမများ၊ ရုံးဝန်ထမ်းများ ခေါ်ယူ
မေလ ၂၃ ရက်နေ့တွင် မိုးကုတ်မြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ထုတ်ပြန်ကြေညာချက်အရ ဝန်ထမ်းသစ်များခေါ်ယူမယ်လို့သိရပါတယ်။
"ကျောင်းဖွင့်ကာလ တစ်လ ကြာခဲ့ပြီဖြစ်သော်လည်း ကျောင်းအပ်နှံလိုသူအများအပြားရှိနေသေးသည့်အတွက် ကျောင်းနေအရွယ်ကလေးများ ကြားကာလတွင် ပညာသင်ယူခွင့်မဆုံးရှုးစေရန်ရည်ရွယ်၍ တန်းခွဲအသစ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။တိုးချဲ့ဖွင့်လှစ်သော တန်းခွဲအသစ်များအတွက် ဆရာဆရာမများ၊ ရုံးဝန်ထမ်းများ အရေးတကြီး လိုအပ်လာပါသဖြင့် ယခုကဲ့သို ထပ်မံ ခေါ်ယူလိုက်ပါတယ်"လို့ဆိုပါတယ်။
မိုးကုတ်ဖက်ဒရယ်ကျောင်းကိုဧပြီလ ၁၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး စာသင်ကာလတစ်လတာကို အောင်မြင်စွာ သင်ကြားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် မူ၊ လယ်၊ ထက် ကျောင်းသားဦးရေ ၁၀၀၀ ကျော်၊ ဆရာဆရာဦးရေ ၁၀၀ ကျော် ရှိနေပါတယ်။
လျှောက်ထားလိုသူများဟာဆရာအတတ်ပညာသင်တန်းတစ်ခုခု ပြီးမြောက်အောင်မြင်ထားသူ နှင့် သင်ကြားရေးအတွေ့အကြုံရှိ ဆရာ၊ ဆရာမများ (သိုမဟုတ်) လေ့လာသင်ယူလိုစိတ်ရှိပြီး တာဝန်ယူ သင်ကြားပေးနိုင်မည့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို ပူးပေါင်းပါဝင်ကူညီပေးပါရန် ဖိတ်ခေါ်ထားပါတယ်။
========================
📌📌တထောင့်ထိုးသေနတ်များ ဗိုလ်ဂဠုန် တပ်ရင်းမှ ထုတ်လုပ်အောင်မြင်
မေလအတွင်းမှာ ဗိုလ်ဂဠုန် တပ်ရင်းမှ ဒုတိယတကြိမ် ထုတ်လုပ်လိုက်တဲ့ အိန္ဒိယ ကျည်တထောင့်ထိုးလက်နက်များကို စမ်းသပ်ပစ်ခတ်ပြသခဲ့ရာထုတ်လုပ်အောင်မြင်တယ်လို့ သတင်းရရှိပါတယ်။ဤလက်နက်ဟာဆိုရင် မိုးရွာနေတဲ့အချိန်မှာလည်း ပြန်လည် ခုခံလို့ရ ပါပြီ"လို့ဆိုထားပါတယ်။
ဗိုလ်ဂဠုန် တပ်ရင်းဟာပထမအကြိမ် ဝေဟင်ပစ် ရှော့တိုက်ဒုံးများ ထုတ်လုပ်မှုအောင်မြင်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင်တော်လှန် ရေးအတွက် အဝေးထိန်းမိုင်းများထုတ်လုပ်သွားမယ်လို့သိရပါတယ်။
========================
📌📌ဒိုက်ဦး PDF စခန်းကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ဝင်စီးလို့ နောက်ဆုတ်ပေးလိုက်ရ
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်ထဲက ဒိုက်ဦး PDF စခန်းကို စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ ဒီကနေ့ မေလ ၂၃ ရက်က ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရပါတယ်။
"မနက် ၉ နာရီခွဲလောက်က ဝင်စီးတာ၊ လမ်းခက်တာရယ် ဝေးနေတာရယ်ကြောင့် သွားကူလို့ မရလိုက်ဘူးလို့ " ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ခုက တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
လက်ရှိမှာ ဒိုက်ဦး PDF ဘက်က ရဲဘော်တစ်ဦး ကျည်ထိမှန်ထားပြီး ၊ တပ်ဖွဲ့ လူစုကွဲနေတာကြောင့် သတင်းအတိအကျကို မရသေးကြောင်း သိရပါတယ်။ အပြန်အလှန်ပစ်ခတ်နေစဥ်တွင် စစ်ကောင်စီဘက်က စစ်ကူတပ်များ ထပ်မံရောက်ရှိလာတာကြောင့် PDF စခန်းကို နောက်ဆုတ်ပေးလိုက်ရကြောင်း သိရပါတယ်။
========================
📌📌ပခုက္ကူမြို့နယ်မြောက်ပိုင်းနှင့် မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စကစတပ်များကို ပြောက်ကျားတပ်များဝိုင်းပစ်ရာ လေးဦးသေ
"မေလ ၂၂ ရက် နံနက်ပိုင်းမှာ ပခုက္ကူမြို့နယ်မြောက်ပိုင်းနှင့် မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ကျေးရွာများသို့စစ်ကြောင်းထိုးလာသော စကစတပ်စစ်ကြောင်းအား ကျွန်တော်တို့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)နှင့် မဟာမိတ်တပ်ဖွဲ့များ စုပေါင်း၍ လက်နက်ကြီးများ၊ Auto Gun များနှင့်ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်ဘက်ကလေးဦးသေဆုံးခဲ့ပါတယ်"လို့ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)ကဆိုပါတယ်။
စစ်ဆင်ရေးကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF)၊ နံ့သာမြိုင် တပ်ဖွဲ့၊ တမာမြေပြောက်ကျားတပ်ဖွဲ့ ၊ Urban Underground Revolution Force (UURF_YSO)၊ King Cobra၊PPDF (PKU) တို့ပါဝင်ခဲ့ပါတယ်။
========================
📌📌ဂန့်ဂေါမြို့နယ်၊ စန်းမြို့ရွာအနီးတွင် စစ်ကြောင်းထိုးလာသော စကစတပ်များနှင့် ပျူစောထီးများ ကိုဂန့်ဂေါ PDF တပ်ခွဲ ၃ နဲ့ မဟာမိတ်တပ်များတိုက်ခိုက်
မေလ ၂၂ ရက်မွန်းတည့် ၁၂ နာရီအချိန်မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊စန်းမြို့ရွာအနီးတွင်စစ်ကြောင်းထိုးလာသော စစ်ခွေးများနှင့် ပျူစော
ထီးများ ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ-၇၊ တပ်ရင်း -၇၀၁ (people defence force - gangaw battalion) မှတပ်ခွဲ (၃) နှင့် မဟာမိတ်တပ်ပေါင်းစုတို့လက်နက်ကြီးဖြင့် အပြန်အလှန်တိုက်ခိုက်ခဲ့ပြီး မိမိတို့ပြည်သူ့ရဲဘော်များမှာ အထိအခိုက်မရှိ ခုခံဟန့်တားနိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ဆက်လက်တိုက်ပွဲဖြစ်ပွားသောကြောင့် စကစတပ်နှင့်ပျူစောထီးများ ကျဆုံးမှုအရေအတွက်ကို အတိအကျ မသိရသေးဘူးလို့ဆိုပါတယ်။
========================
📌📌ဖရူဆိုမြို့နယ် ထားလဲကျေးရွာနှင့် ကျွန်းပင်ကုန်းကြားမှာ စစ်ကားတန်းများကို KNDF နဲ့ ပူးပေါင်းအဖွဲ့တိုက်ခိုက်ခဲ့ရာ ကားသုံးစီးပျက်စီး
"မေလ (၂၂) ရက်နေ့ကကရင်နီဒေသ ဖရူဆိုမြို့နယ်တွင် မိမိတို့ KNDF B - 04 နှင့် KA တို့ပူးပေါင်းပြီး ထားလဲကျေးရွာနှင့်ကျွန်းပင်ကုန်းကြားမှာ အကြမ်းဖက်စစ်ကောင်စီနှင့် ၂ နာရီခွဲနီးပါး တိုက်ပွဲကြာချိန်မြင့်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတို့ မောင်းနှင်းလာသောကားများကို မိမိတို့ တိုက်ခိုက်ခဲ့ရာ ကားသုံးစီးပျက်စီးခဲ့သည့်အပြင် အကြမ်းဖက်စစ်ကောင်စီ အထိအခိုက်များကာ ကျဆုံးသူများရှိပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်မှ သာလွန်သော အင်အားစစ်ကူ အသုံးပြုသောကြောင့် KNDF/ B - 04 နှင့် KA တို့ဘက်မှ ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ မေလ၂၃ ရက်နေ့မှာ KNDF B04 ကထုတ်ပြန်ပါတယ်။ အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌ဂန့်ဂေါမြို့နယ်၊ စန်းမြို့ရွာစစ်ဘေးရှောင်တွေ မိုးတွင်းအတွက်စုထားတဲ့ ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်တွေအားလုံးကို စစ်ကောင်စီက မေလ ၂၂ ရက်နေ့မှာ လုယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စန်းမြို့ရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့အထဲက အိမ်ခြေ ၁၃၀ ကျော်ကို စစ်ကောင်စီက ၂၀၂၁ ဒီဇင်ဘာလကုန်နဲ့ ၂၀၂၂ ဇန်နဝါရီလဆန်းပိုင်းတို့မှာ ၂ ကြိမ်တိုင်မီးရှို့ဖျက်ဆီးခဲ့တာပါ။ နောက်ပိုင်းမှာလည်း မထင်ရင်မထင်သလို မီးရှို့တာတွေဆက်လုပ်ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ စန်းမြို့ဒေသခံရွာသူတစ်ဦးတွေကပြောပါတယ်။
ဂန့်ဂေါမြို့နယ်၊ စန်းမြို့ရွာသူတစ်ဦး
စစ်ကိုင်း၊ ချင်းနဲ့ မကွေးတိုင်းတို့ပါဝင်တဲ့ အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီနဲ့ပျူစောထီးတွေက ကျေးရွာတွေကို အကြိမ်ကြိမ်ဝင်ရောက်ပြီး အကြမ်းဖက်လုပ်ရပ်တွေပြုလုပ်နေတာပါ။ စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီပြန်ကြားရေးက အကြမ်းဖက်မှုတွေကို သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုထားပေမယ့် မြေပြင်ကအောက်ခြေစစ်သားတွေဟာ သူတို့မခိုင်းဘဲလုပ်တာမဟုတ်ဘူးလို့ မြန်မာ့တော်ဝင်နဂါးတပ်တော်မှဗိုလ်နဂါးကအခုလို ဝေဖန်လိုက်ပါတယ်။
ဗိုလ်နဂါး (မြန်မာ့တော်ဝင်နဂါးတပ်တော်)
အနောက်မြောက်တိုင်းစစ်ဒေသဟာ နွေဦးတော်လှန်ရေးမှာ အားအကောင်းဆုံးဒေသဖြစ်လာပြီး မြန်မာနိုင်ငံမှာ ပထမဆုံးလွတ်မြောက်နယ်မြေဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေကသုံးသပ်ထားပါတယ်။ ဒေသခံတွေဟာ အိုးအိမ်တွေ၊ စီးပွားရေးတွေ၊ မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ရပြီးဖြစ်တဲ့အတွက် စစ်အာဏာရှင်ကို နောက်ဆုံးအချိန်အထိ တွန်းလှန်သွားမယ်လို့ ပြောဆိုကြပါတယ်။ ဒီသတင်းကို နွေဦးK မှပေးပို့ထားတာဖြစ်ပါတယ်။
========================
📌📌မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ရိုးအတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီကျောက်စိမ်းတင်မော်တော်တွေကို PDF တွေတိုက်ခိုက်လို့မရအောင် ပြည်သူတွေကိုပါတင်ဆောင်လာခဲ့တယ်လို့ မင်းကင်း PDF ကပြောပါတယ်။
မေလ ၂၁ ရက်နေ့တွင်စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုးထဲကို ဝင်ရောက်လာတဲ့ ကျောက်စိမ်းတင်မော်တော်တွေကို မင်းကင်း PDF က တိုက်ခိုက်ခဲ့ရာမှာ အဲ့ဒီအခြေအနေကို မြင်တွေ့ခဲ့ရတဲ့မင်းကင်း PDF တာဝန်ရှိသူတစ်ဦးကအခုလိုဆိုပါတယ်။
မင်းကင်း PDF တာဝန်ရှိသူတစ်ဦး
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း ထောက်ပို့လုပ်ငန်းတွေလုပ်ဆောင်ရာမှာ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရေလမ်းကို အဓိကထားအသုံးပြုခဲ့ပါတယ်။ ကနီနဲ့မင်းကင်းနယ်ခံ PDF တွေက ကြားဖြတ်တိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်ခဲ့ပေမယ့် ပျူစောထီးတွေရဲ့သတင်းပေးမှုတွေကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ဘူးလို့ ကနီဒေသခံ DRPA တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကနီ DRPA တာဝန်ရှိသူတစ်ဦး
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ စစ်တပ်ပိုင်ကျောက်စိမ်းမှော်တွေက ကျောက်စိမ်းတွေကို ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရေလမ်းကနေတဆင့် မန္တလေးမြို့ကို တင်ပို့နေပြီး မန္တလေးကျောက်မျက်ဈေးကွက်ကနေ တရုတ်ကုန်သည်တွေဆီကို ပြန်လည်ရောင်းချပြီး စစ်ကောင်စီက ဝင်ငွေရှာဖွေနေတာလို့ လမ်းကြောင်းတစ်လျှောက်လေ့လာသူတွေက ပြောပါတယ်။ ဒီသတင်းကို နွေဦးK မှပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment