23rd MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၂၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌ဒီနှစ် မိုးတွင်းမှာပဲ အကြမ်းဖက် စစ်အုပ်စု လက်မြှောက်အရှုံးပေးရမယ်လို့ တရားရေးဝန်ကြီးပြောကြား

📌ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံ

📌ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ အစည်းအဝေးတွင် MMC ကိုဖျက်သိမ်း အရေးယူရန် ဆွေးနွေးခဲ့

📌KIA အနေနဲ့ စစ်ကိုင်းတိုင်းကို ကူညီပေးစေလိုတယ်လို့ ရှေ့နေ ဦးကြီးမြင့် ပြောကြား

📌KDF က လက်နက်နဲ့ကျည်ဆန်များ ဝယ်ယူဖြည့်တင်း

📌မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ ရွာ သုံးရွာတွင် စစ်တပ်က မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌ဒီနှစ် မိုးတွင်းမှာပဲ အကြမ်းဖက် စစ်အုပ်စု လက်မြှောက်အရှုံးပေးရမယ်လို့ တရားရေးဝန်ကြီးပြောကြား


ဒီနှစ် မိုးတွင်းမှာပဲ အကြမ်းဖက် စစ်အုပ်စု လက်မြှောက်အရှုံးပေးရမယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦး မေလအတွင်း တွေဆုံမေးမြန်းခန်းတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။

"ပြည်သူအားလုံးဟာ လက်တွဲပြီး ညီညီညွတ်ညွတ်လုပ်မယ်ဆိုလို့ရှိရင် ဒီအငြမ်းဖက် စစ်အုပ်စုဟာ ဒီနှစ်မိုးတွင်းမှာပဲလက်မြှောက်ပြီးအရှုံးပေးရမဲ့အနေအထားဖြစ်နေပါတယ်" လို့ဝန်ကြီးက ဆိုခဲ့တာပါ။

အကြမ်းဖက် စစ်အုပ်စုဟာ လေကြောင်းပစ်ကူကြောင့်တောင့်ခံထားနိုင်သော်လည်း တပ်တွင်း ဖရိုဖရဲဖြစ်နေပြီလို့  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ဆိုပါတယ်။

ပြည်သူ့ခုခံစစ် တော်လှန်ဆင်နွှဲမှုရှစ်လတာ ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် - ၁၆၇၉၁ ဦး သေဆုံးခဲ့တယ်လို့ မေလ ၁၉ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသေးတယ်။


=======================


📌📌ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံ


အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ မေလ (၂၂) ရက် နံနက် ၁၀ နာရီက တွေ့ဆုံခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ဆွေးနွေးပွဲတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များမှ တက်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


========================


📌📌ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ အစည်းအဝေးတွင် MMC ကိုဖျက်သိမ်း အရေးယူရန် ဆွေးနွေးခဲ့


မေလ၂၂ ရက်မှာ ကျင်းပခဲ့တဲ့   ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (Federal Health Professional Council) ၏အစည်းအဝေးတွင် စစ်ကောင်စီလက်အောက်ခံ Myanmar Medical Council (MMC) ကိုဖျက်သိမ်းအရေးယူရန် ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

အစည်းအဝေးတွင် Dr ခင်မောင်လွင်၊ Dr ဆလိုင်းပါကျင်၊ Dr မြင့်ချို၊ သူနာပြုတက္ကသိုလ်များကိုယ်စားလှယ်တဦး နှင့် FHPC ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး MMC ကိုဖျက်သိမ်းအရေးယူရန် အစီအမံများ၊ စံချိန်စံညွှန်းပြည့်ဝသော ဖက်ဒရယ်ဆမလက်မှတ်များစိစစ်ထုတ်ပေးရေး၊ တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးပညာရှင်များမွေးထုတ်ရေး၊ Nurse Aid သင်တန်းများကို အရည်အသွေးစိစစ်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌KIA အနေနဲ့ စစ်ကိုင်းတိုင်းကို ကူညီပေးစေလိုတယ်လို့ ရှေ့နေ ဦးကြီးမြင့် ပြောကြား


KIA အနေနဲ့ စစ်ကိုင်းတိုင်းကို ကူညီပေးစေလိုတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က မေလ၂၂ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

"ကချင်လွတ်မြောက်ရေးတပ်မတော် စစ်ကိုင်းတိုင်းကို ပစ်မထားစေချင်ပါ။ တော်လှန်ရေးတွေ တခုနဲ့တခု ဆက်စပ်နေတာပါ။ ဗမာက ခုမှ နဖူးတွေ့ ဒူးတွေ့ဆိုတော့ အထနှေးခဲ့တယ်။ ဒါပေမဲ့ လူငယ်တွေပြည်သူချင်း မျက်နှာထောက်ထားပြီး လက်နက်အကူအညီတိုးမြှင့်ပေးစေလိုပါတယ်" လို့ ဆိုပါတယ်။ လက်ရှိမှာ စကစတပ်များဟာ အင်အားရာနဲ့ချီကာ စစ်ကိုင်းတိုင်းတွင်းရှိ ရွာများကိုမီးရှို့ဖျက်ဆီးလျက်ရှိနေပါတယ်။


========================


📌📌KDF က လက်နက်နဲ့ကျည်ဆန်များ ဝယ်ယူဖြည့်တင်း


ကရင်နီဒီမို ကရက်တစ် တပ်ဦး (KDF) က လက်နက်နဲ့ ကျည်ဆန်များ ဝယ်ယူဖြည့်တင်းခဲ့တယ်လို့ မေလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

"ကရင်နီ ဒီမိုကရက်တစ် တပ်ဦး (KDF) သည် မြို့ပြပျောက်ကျား အခြားသော တိုက်ပွဲများကို တိုက်ပွဲ ဝင်ခဲ့ပြီးပြည်တွင်း အလှူရှင် အထောက်ပံ့များ၊ ပြည်ပအလှူရှင် အထောက်အပံ့ များဖြင့် ကောင်းမွန်စွာ ရပ်တည် နိုင်ခဲ့ပါတယ်။ ယခင်က (KDF) အဖွဲ့အနေဖြင့် အလှူရှင်များထံ မှ ၇၉ တစ်လက် အလှူခံ ခဲ့ပြီး သိန်း၁၈၀ကျပ်တိတိ ရရှိခဲ့ပြီး အဆိုပါလက်နက်အား သိန်း ၁၅၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပါပြီး အပိုငွေများအား ၇၉ ကျည်များ ဝယ်ယူခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။

မကြာသေးသော အချိန်ကာလ မှာလည်း AK ကျည် အမျိုးအစား အကူအညီ တောင်းခံခဲ့ပြီး သိန်း ၁၀၀ ကျပ်တိတိ ရရှိခဲ့ပါတယ်။ အဆိုပါငွေများအား AK ကျည်ဆံ  အတောင့်ရေ ၂၀၀၀  ဝယ်ယူ၍ အဖွဲ့အား ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။


========================


📌📌မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ ရွာ သုံးရွာတွင် စစ်တပ်က မီးရှို့ဖျက်ဆီး


မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ နှင်းကြီး၊ လက်ချိတ်၊ ဖက်ခက် သုံးရွာမှ အိမ်ခြေ စုစုပေါင်း (၂၀၀) ခန့်ကို မေလ ၂၁ ရက်နေ့တွင် စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့တဲ့အတွက် ရွာသူရွာသားများဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေက ဖော်ပြပါတယ်။

မင်းကင်းမြို့နယ်အတွင်း စကစတပ်နဲ့ ပျူများ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမှာ မြစ်ရိုး‌အောက်ဒေသတွင် ဘင်၊ အနောက်တော၊ သံပေါက်၊ လောင်းပြည့်၊ ဇင်ကလဲ၊ နှင်းကြီး၊ လက်ချိတ်၊ ဖက်ခက် တောင်လက်ဒေသမှ ပွင့်လျက်၊ အနောက်ကူလဲ စုစုပေါင်း (၁၀ )ရွာအထိ ရှိလာပြီဖြစ်ပါတယ်။

စကစတပ်များဟာ ၎င်း‌တို့၏ မော်တော်များ စုန်/ဆန်ပြုလုပ်သည့် ခရီးစဉ်များအတွင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့မှုဖြစ်စဉ်များပြီးတိုင်း  မြစ်ဘေး ဝဲ/ယာကျေးရွာများကို အခုလို နိုင်ထက်စီးနင်းပြုကျင့်ကာ မီးရှို့ဖျက်ဆီးလေ့ရှိတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment