၂၀၂၅ ဇွန်လ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းမှုအစည်းအဝေး NUG တရားရေးဝန်ကြီး ဦးသိန်းဦးတက်ရောက်
📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်မှ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးခဲ့
📌 ၃။ တရုတ်နိုင်ငံ၊ ကူးမင်းလေဆိပ်မှာ တပ်မတော် (လေ) အမှတ်တံဆိပ်ဖြင့် Y-8 လေယာဉ် ၂ စီး တွေ့ရ
📌 ၄။ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ငြိမ်းအေးအိမ် ကွယ်လွန်
📌 ၅။ မင်းတပ်မြို့နယ်အတွင်း မင်းတပ်-မတူပီ လမ်းမကြီးအား လမ်းပြုပြင်ခြင်းများ ပြီးစီး၍ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း အသိပေး
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနား ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ တက်ရောက်
🚩 ၂။ မိုးမိတ်မြို့တွင် TNLA စစ်ကြောင်းထွက် ကင်းလှည့်နေစဉ် SSPP/SSAတပ်ဖွဲ့မှ ခြုံခိုပစ်ခတ်
🚩 ၃။ ဝက်လူးနယ်မြေ ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းအား တားဆီးတိုက်ခိုက်ခဲ့
🚩 ၄။ ကရင်နီ ပြည်နယ်က ကျေးရွာတစါခုကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့
🚩 ၅။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ
🚩 ၆။ ပေါက်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ
🚩 ၇။ မင်းလှမြို့နယ်က ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ ဖျက်စီးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းမှုအစည်းအဝေး NUG တရားရေးဝန်ကြီး ဦးသိန်းဦးတက်ရောက်
ဇွန်လ ၂၃ရက်
Radio NUG
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းမှုအစည်းအဝေး (Transitional Justice Coordination Meeting )ကို ၂၀၂၅ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့ ၊မြန်မာစံတော်ချိန် ညနေ (၃း၃၀) နာရီခွဲ အချိန်တွင် တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ပါတယ်။
တွေ့ဆုံအစည်းအဝေးသို့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဆရာဖြစ် ရက်ရှည် မွမ်းမံသင်တန်းတွင် ပါဝင်တက်ရောက်ခဲ့ကြသည့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာန (၉) ခုမှ တာဝန်ပေးအပ်ထားသည့် နိုင်ငံ့ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ လမ်းညွှန် အမှာစကားများကို ပြောကြားခဲ့ပြီးနောက် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု ဆရာဖြစ် ရက်ရှည် မွမ်းမံသင်တန်းတွင် ပါဝင်တက်ရောက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများမှလည်း အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနှင့်ပတ်သက်၍ လုပ်ဆောင်နေကြသည်များနှင့် ရှေ့ဆက် လုပ်ဆောင်ကြရမည့် လုပ်ငန်းတာဝန်တို့ကို အသီးသီးတင်ပြဆွေးနွေးမှုများ၊ အကြံပြုမှုများဖြင့် အပြန်အလှန် ဆွေးနွေးနှီးနှော ဖလှယ်မှုများ လုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်မှ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးခဲ့
ဇွန်လ(၂၃)ရက်
Radio NUG
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူများသည် ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ၂၀၂၅ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့ (၀၉၀၀)နာရီတွင် ကျင်းပခဲ့ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နှစ်ဘက်တက်ရောက်လာသူများမှ သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်မှ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးခဲ့ကြပါတယ်။
========================
📌📌 ၃။ တရုတ်နိုင်ငံ၊ ကူးမင်းလေဆိပ်မှာ တပ်မတော် (လေ) အမှတ်တံဆိပ်ဖြင့် Y-8 လေယာဉ် ၂ စီး တွေ့ရ
ဇွန်လ ၂၃ ရက်၊
Radio NUG
မြန်မာလေတပ် (MAF) မှာ မကြာခင် အသုံးပြုတော့မယ်ဟု ယူဆရတဲ့ Y-8 လေယာဉ်နှစ်စီးကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့ရှိရတယ်လို့ Myanmar Witness က ဇွန်လ၂၃ရက်မှာ ထုတ်ပြန်ထားပါတယ်။
လေယာဉ် ၂ စီးဟာ ‘Shaanxi Y-8F-200W’ နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ ဖြစ်ကြပြီး တပ်မတော် (လေ) ဟု ရေးသားထားကာ ယခင်က မရှိခဲ့ဘူးတဲ့ အမြီးနံပါတ် 5923 နှင့် 5924 ဖြစ်တယ်လို့ ဆိုပါတယ်။
မကြာသေးမှီက မိတ်ဆက်ခဲ့တဲ့ Y-8F-200W အမြီးနံပါတ် 5922 ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ စတင်အသုံးပြုခဲ့တာပါ။
စစ်ကောင်စီ လေတပ်ဟာ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဘက်စုံ အသုံးပြုနိုင်မှုအတွက် အထူးအလေးသာတဲ့ Y8 လို လေယာဉ်မျိုးကို ဆက်လက်တိုးချဲ့ အသုံးပြုသွားဖို့ ရှိနေတာကို တွေ့ရပါတယ်။
လက်ရှိ စစ်ကောင်စီလေတပ်မှာ သယ်ယူပို့ဆောင်ရေး Y8 လေယာဉ် အနည်းဆုံး ၇ စီးခန့် ရှိနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့အချို့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
========================
📌📌 ၄။ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ငြိမ်းအေးအိမ် ကွယ်လွန်
ဇွန်လ ၂၃ရက်
Radio NUG
မှိုင်းရာပြည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ၊ သရဖူမဂ္ဂဇင်း၏ အယ်ဒီတာချုပ်နှင့် ထုတ်ဝေသူအဖြစ် လူသိများသည့် ပို့စ်မော်ဒန်စာရေးဆရာ ငြိမ်းအေးအိမ် (ခ) ဦးကျော်ကျော်ဦးသည် ဇွန်လ ၂၃ရက် နေ့လယ် ၁၂ နာရီခန့်တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ကင်ဆာရောဂါဖြင့် အသက် ၆၉ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ဆရာငြိမ်းအေးအိမ်သည် ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်ကာ ၁၉၉၀ ပြည့်နှစ်များဝန်းကျင်တွင် သရဖူမဂ္ဂဇင်းကို ဦးဆောင်ထုတ်ဝေခဲ့သည့်အပြင် မြန်မာ့ပို့စ်မော်ဒန်စာပေလောကတွင် သြဇာကြီးမားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်တွင် လေဖြန်းမှုကြောင့် ဆေးရုံတက်ရောက်စစ်ဆေးစဉ် ကင်ဆာရောဂါခံစားနေရကြောင်း စတင်သိရှိခဲ့ပြီး ကုသမှုများခံယူနေခဲ့တယ်လို့ သိရပါတယ်။
စာရေးဆရာ ငြိမ်းအေးအိမ်၏ ကွယ်လွန်မှုအပေါ် စာပေနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားထားကြပြီး ဈာပနအခမ်းအနားကို ဇွန်လ ၂၅ ရက် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ကျင်းပမှာဖြစ်ပါတယ်။
========================
📌📌 ၅။ မင်းတပ်မြို့နယ်အတွင်း မင်းတပ်-မတူပီ လမ်းမကြီးအား လမ်းပြုပြင်ခြင်းများ ပြီးစီး၍ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း အသိပေး
ဇွန်လ ၂၃ရက်
Radio NUG
ယခုအခါ မင်းတပ်မြို့နယ်အတွင်း မင်းတပ်-မတူပီ လမ်းမကြီးတွင် မြေပြိုပျက်စီးမှုများ၊ ပျက်စီးမှုများကို လမ်းပြုပြင်ခြင်းများ ပြီးစီး၍ (၂၄. ၆.၂၀၂၅) မှစ၍ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ပါတယ်။
မင်းတပ်-မတူပီ လမ်းမကြီးသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများ၊ မြေပြိုပျက်စီးလျက်ရှိသည်ကို (၁၈.၆.၂၀၂၅) ရက်နေ့မှစ၍ စက်ယန္တရားများဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနား ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ တက်ရောက်
ဇွန်လ ၂၃ရက်
Radio NUG
ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနားအား KNU/KNLA တပ်မဟာ(၁) နယ်မြေ၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားအား လုံခြုံရေးအခြေအနေအရ အကျဉ်းချုံးကျင်းပခဲ့ပြီး KNU/KNLA မှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း အဖူးမန်းဂျော်နီ၊ ပဲခူးခရိုင်ပကဖမှ တာဝန်ခံများ၊ ပဲခူး-ရန်ကုန်တော်လှန်ရေးအင်အားစု ပူးပေါင်းစစ်ကြောင်းမှ တာဝန်ခံများ၊ ပဲခူးခရိုင်ရှိ မြို့နယ်/မြို့ပကဖတာဝန်ခံများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ရဲဘော်ရဲဘက်များ တက်ရောက်ချီးမြှင့်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများ၊ ဧည်သည့်တော်များအား စစ်ရေးပြအလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် (၄)ချက် အဓိဌာန်ပြုရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
တက်ရောက်လာသော ဧည့်သည်တော်များက ချီးမြှင့်အမှာစကား ပြောကြားပြီးနောက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ မြို့နယ်တာဝန်ခံ ကိုကျော်နိုင်က အမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ပဲခူးတိုင်း၊ ပဲခူးခရိုင် ကွပ်ကဲမှုတွင် ကဝမြို့နယ်ပကဖ အဖြစ် ရပ်တည်၍ တော်လှန်တိုက်ပွဲဝင်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ မိုးမိတ်မြို့တွင် TNLA စစ်ကြောင်းထွက် ကင်းလှည့်နေစဉ် SSPP/SSAတပ်ဖွဲ့မှ ခြုံခိုပစ်ခတ်
ဇွန်လ ၂၃ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ(၄)နယ်မြေ၊ မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စုအတွင်း တအာင်းတပ်မတော်-TNLA စစ်ကြောင်းထွက် ကင်းလှည့်နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSAတပ်ဖွဲ့မှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSAတပ်ဖွဲ့သည် ဇွန်လ၂၃ရက်နံနက် (၁၀း၁၄) နာရီအချိန်တွင် တစ်ကြိမ်၊ နံနက် (၁၁း၃၆)နာရီအချိန်တွင် တစ်ကြိမ် လက်နက်ငယ်ဖြင့် တအာင်းတပ်မတော် - TNLAတပ်ဖွဲ့ကို ခြုံခိုပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ထိုနောက် တအာင်းတပ်မတော်-TNLA စစ်ကြောင်းတည်ရှိရာကိုလည်း မွန်းလွဲပိုင်း (၁၂း၀၃)နာရီအချိန်တွင် လက်နက်ကြီး တစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSAတပ်ဖွဲ့သည် ဟူးဆွန်တောင်စခန်းကိုလည်း တအာင်းတပ်မတော် -TNLA၏ တပ်သားလှစ်ဟာနေချိန် အခွင့်ကောင်းယူပြီး နေရာဝင်ယူခဲ့သောကြောင့် ပြီးခဲ့သည့် ဇွန်လ (၁၅)ရက်နေ့တွင် တအာင်းတပ်မတော်-TNLAတပ်ဖွဲ့မှ စခန်းသို့ တက်လာစဉ် SSPP/SSAတပ်ဖွဲ့က လက်နက်ဖြင့် တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မိမိတို့တပ်ဖွဲ့ဝင် (၂)ဦး ဆုံးရှုံးသွားခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ဝက်လူးနယ်မြေ ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းအား တားဆီးတိုက်ခိုက်ခဲ့
ဇွန်လ ၂၃ ရက်၊
Radio NUG
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေ ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ပွဲငယ်များ ဖော်ဆောင်တားဆီး တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
9/A Nyar Myae Operation အဖြစ် မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းနဲ့ တံတားဦး (ပကဖ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲငယ်များအတွင်း စစ်ကောင်စီရဲ့ တပ်မ (၈၈) မှ ဒု-တပ်ကြပ် ၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ ရဲ တပ်သား ၁ ဦး လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့ပါတယ်၊ ထို့အပြင် ပြည်သူ့ စစ်မှုထမ်း ဥပဒေနဲ့ မတရား ပေါ်တာဆွဲ ခံထားရတဲ့ တပ်သား ၂ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် MA-1 ၁ လက် ၊ MA-3 ၁ လက် ၊ G-3 ကျည် ၉၂ တောင့် ၊ 5.56 ကျည် ၁,၅၀၀ တောင့် ၊ M9 ၁၂ လုံး ၊ 60mm ၈ လုံး ၊ 60mm ဒေါက် ၁ ခု ၊ RPG အဖူး ၂ ဖူး ၊ RPG ပို့ကျည် ၂ တောင့် ၊ နင်းမိုင်း ၁၄ လုံး ၊ လက်ပစ်ဗုံး ၁၁ လုံး ၊ Drone Shooter ၁ လက်နဲ့ ကျည်ဘောက် ၆ ဘောက် တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အလောင်း ၁ လောင်းကို သိမ်းဆည်းရမိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ကရင်နီ ပြည်နယ်က ကျေးရွာတစါခုကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့
ဇွန်လ ၂၃ ရက်၊
Radio NUG
ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀) တပ်မှ ကျေးရွာတစ်ရွာ အတွင်းကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာခဲ့တယ်လို့ KNDF-B12 မှ ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၂ ရက်၊ ညနေ ၅ နာရီခွဲခန့်မှာ ခလရ (၅၃၀) တပ်မှ ၆၀ မမ (၅) လုံးခန့်ကို လွိုင်လင်လေးမြို့နယ်၊ အရှေ့ဘက်က ကျေးရွာတစ်ခုအတွင်း အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၆ နှစ်အရွယ် အမျိုးသမီး ၁ဦး၊ ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ၁၈ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ၁၄ နှစ်အရွယ် အမျိုးသား ၁ ဦး စုစုပေါင်း ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ
ဇွန်လ ၂၃ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်နဲ့ မူး မြို့နယ်တို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၄ ရက်နေ့မှာ ပိန်းဇလုတ် အခြေစိုက် စစ်ကောင်စီ ရဲ့ ခလရ (၂၆၄) တပ်ရင်းက သမင်အင်းကုန်း ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၁ လုံး၊ ဖျံတလင်း ကျေးရွာကို ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း သမင်အင်းကုန်း ကျေးရွာမှ နော်ဃီးလာဖော (၂၆) နှစ်၊ ဖျံတလင်း ကျေးရွာမှ နော်မူမူ (၄၂) နှစ်နဲ့ စောဒေါင်ဖြောင့် (၁၁) နှစ်တို့ ၃ ဦး ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁၇ ရက်နေ့မှာလည်း ၎င်းတပ်မှ သမင်အင်းကုန်း ကျေးရွာကို ၁၂၀ မမ ၃ လုံး ထပ်မံပစ်ခတ်ခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့မှာ နတ်သံကွင်းမှ စစ်ကောင်စီတပ်က ဥသျှစ်ကုန်း ကျေးရွာကို ဒရုန်းဖြင့် ဗုံး ၁၂ လုံး၊ ရေလဲ ကျေးရွာကို လက်နက်ကြီး ၃ လုံးနဲ့ လယ်ကွင်းပြင်တွင် ၁ လုံး ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း၊ နေအိမ် ၄ လုံး ထိမှန်ပျက်စီး ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၆။ ပေါက်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ
ဇွန်လ ၂၃ရက်
Radio NUG
ဇွန်လ ၂၃ ရက် နံနက် ၆ နာရီခွဲခန့်တွင် ပေါက်မြို့နယ် တောင်ပိုင်းရှိ ဘိုမယ်၊ ဘိုကုန်၊ လက်ယာ၊ လက်ပံလှ၊ တံစူး၊ သက္ကကျင်နှင့် ကင်မရွာ စသည့် ကျေးရွာများကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များမှ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် သက္ကကျင်ရွာမှ ဒေသခံ ၃ ဦးနှင့် ဘိုမယ်ရွာမှ ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ အများအပြား ရှိသလို ပေါက်မြို့နယ် မြောက်ပိုင်းမှ အလုပ်ကိစ္စဖြင့် တောင်ပိုင်းသို့ ရောက်ရှိနေသူအချို့လည်း ထိခိုက်သေဆုံးမှုများ ရှိသော်လည်း တိကျသော အရေအတွက်ကို မသိရဘူးလို့ ဆိုပါတယ်။
ဒဏ်ရာရသူအချို့သည် နီးစပ်ရာ ဆေးခန်းများတွင် ကုသမှုခံယူနေသော်လည်း၊ စစ်ကောင်စီ၏ စစ်ကြောင်းများ ပေါက်အရှေ့ဘက် ရေနံမှော်၊ သာကြီးတောင်မှာ ရိက္ခာယာဉ်တန်းနဲ့ ရောက်နေပြီး ပျူစောထီးရွာများ အနီးတဝိုက်တွင် ရှိနေသောကြောင့် ဆေးကုသမှုခံယူရန် သွားလာရခက်ခဲနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ မင်းလှမြို့နယ်က ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ ဖျက်စီးခဲ့
ဇွန်လ ၂၃ ရက်၊
Radio NUG
ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဇွန်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးတင်ရှို့ ဖျက်စီးခဲ့တယ်လို့ မင်းလှ သတင်းရင်းမြစ်က သိရပါတယ်။
မနက် ၅ နာရီ ဝန်းကျင်ခန့်မှာ ဂန့်ဂေါ်ပင်အုပ်စု၊ ဗိုလ်တထောင်ကျေးရွာကို စစ်ကောင်စီ တပ်သားတွေက ဝင်ရောက်လာပြီး မီးတင်ရှို့ခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် မနက် ၇ နာရီခန့်မှာ ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာနဲ့ မနက် ၁၁ နာရီခန့်မှာ ထောက်ကြန့် အုပ်စု၊ ဆင်အိုင်ချောင်းပေါက် ရွာတို့ကို စစ်ကောင်စီ တပ်သားတွေက ထပ်မံမီးရှို့ ဖျက်စီးခဲ့ပါတယ်။
မွန်းလွဲ ၂ နာရီ ၁၀ မိနစ် ခန့်မှာလည်း ဂန့်ဂေါ်ပင်အုပ်စု၊ ဂန့်ဂေါ်ပင်ရွာကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့သလို မွန်းလွဲ ၃ နာရီခန့်မှာ ခွက်မအုပ်စု၊ ငလှစမ်းရွာမှ ပြည်သူ ၁၀ ဦးကို ရိုက်နှက်ဖမ်းဆီးထားပြီး ကျေးရွာကို မီးတင်ရှို့နေတယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment