၂၀၂၂ မေလ ၂၉ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌NUG အစိုးရဟာ ပြည်ပြေးအစိုးရမဟုတ်ဘဲ ပြည်သူ့အစိုးရဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌PDF ရဲဘော်လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကို ကိုယ့်အသိစိတ်ဓာတ်နဲ့ လက်နက်ကိုင်ပါဝင်ပြီး နည်းပေါင်းစုံနဲ့ဆန့်ကျင်တိုက်ခိုက်ခဲ့ရတယ်လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
📌အမေရိကန်နိုင်ငံရှိမြို့ပေါင်း (၁၀၀) ကျော်ဆီသို့ နွေဦးအောင်နိုင်ရေးခရီးစဉ် ‘‘Democracy Road Trip for Burma’’ ကို ဇွန်လ ၄ ရက်နေ့စတင်မည်
📌စကစတွေကို ဖိအားပေးရေးတွေ နိုင်ငံတကာက ပိုလုပ်လာနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌ကောလင်းမြို့နယ်တွင် စေတနာ့ဝန်ထမ်းဆရာ၊ဆရာမပေါင်းတစ်ထောင်ကျော်နဲ့ ကျောင်းပညာသင်ကြားရေးစတင်နေပြီလို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌NUG အစိုးရဟာ ပြည်ပြေးအစိုးရမဟုတ်ဘဲ ပြည်သူ့အစိုးရဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
မေလနောက်ဆုံးပတ်အတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ယာယီသမ္မတ ဒူဝါလရှီးလကအခုလိုဆိုခဲ့ပါတယ်။ NUG အစိုးရဟာ ပြည်ပြေးအစိုးရမဟုတ်ဘဲ ပြည်သူ့အစိုးရဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။
"ကျနော် အပါအဝင် ဝန်ကြီးချုပ်နဲ့တကွ ဝန်ကြီးတော်တော်များများဟာ ပြည်တွင်းမှာပဲနေပြီး ပြည်သူနဲ့မခွာဘဲ အတူတကွ လှုပ်ရှားနေကြတာဖြစ်ပါတယ်။ ကာကွယ်ရေးကို PDF တွေနဲ့ပူးပေါင်းလုပ်နေသလို ၊အုပ်ချုပ်ရေးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်နေပြီဖြစ်ပါတယ်။ ဒါက ကျနော်တို့လေ လှိုင်းပေါ်ကပဲမဟုတ်ဘူးဆိုတဲ့ သက်သေတွေ ဖြစ်ပါတယ်။ကျနော်တို့ဟာ ပြည်ပြေးအစိုးရလည်းမဟုတ်ပါဘူး။ ကျနော်တို့ဟာ ပြည်သူ့အစိုးရဖြစ်တယ်ဆိုတာကို ထပ်ပြီးအသိပေးချင်ပါတယ်"လို့ဆိုပါတယ်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပေါ်ပေါက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်လည်းဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပါတယ်။
=======================
📌📌PDF ရဲဘော်လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကို ကိုယ့်အသိစိတ်ဓာတ်နဲ့ လက်နက်ကိုင်ပါဝင်ပြီး နည်းပေါင်းစုံနဲ့ဆန့်ကျင်တိုက်ခိုက်ခဲ့ရတယ်လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
မေလ ၂၈ ရက်ကျင်းပတဲ့ပြည်ပထောက်ပံ့ရေးတပ်ဖွဲ့ဝင် တစ်ထောင်ပြည့် (၁၀၀၀) အထိမ်းအမှတ် နှင့်တပ်သားသစ်များ ကြိုဆိုပွဲအခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အခုလိုပြောကြားခဲ့ပါတယ်။
"PDF ကိုကျနော်တို့ တည်ထောင်တဲ့အခါမှာ တော်လှန်ရင်းတည်ဆောက်၊တည်ဆောက်ရင်း တော်လှန် ဒါမျိုး ကျနော်တို့သွားခဲ့ရတယ်။ကျနော်တို့ ရဲဘော် လူငယ်တွေဆိုရင် ဒီစစ်အာဏာရှင်စနစ်ကို ကိုယ့်အသိစိတ်ဓာတ်နဲ့လက်နက်ကိုင်ပါဝင်ပြီး နည်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ခဲ့ကြရတယ်။ဒီလို ခိုင်မာတဲ့ သံဓိဌာန်နဲ့ ပြည်သူ့ခုခံ တွန်းလှန်စစ်ကိုကိုယ်တိုင်ပါဝင်ပြီး ဆင်နွှဲခဲ့ကြရတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ၂၀၂၁ ခုနှစ်မေလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ညီနောင်တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ ရင်းနဲ့ မြို့နယ် ပကဖပေါင်း ၂၅၀ ဖွဲ့စည်းပြီးဖြစ်ပါတယ်။
========================
📌📌အမေရိကန်နိုင်ငံရှိမြို့ပေါင်း (၁၀၀) ကျော်ဆီသို့ နွေဦးအောင်နိုင်ရေးခရီးစဉ် ‘‘Democracy Road Trip for Burma’’ ကို ဇွန်လ ၄ ရက်နေ့စတင်မည်
အမေရိကန်နိုင်ငံရှိမြို့ပေါင်း (၁၀၀) ကျော်ဆီသို့ လှည့်လည်ပြီး တော်လှန်ရေးမှာ အဆုံးထိပါဝင်ကြဖို့ တိုက်တွန်းစည်းရုံးသွားမည့် နွေဦးအောင်နိုင်ရေးခရီးစဉ်‘‘Democracy Road Trip for Burma’’ ကို ဇွန်လ ၄ ရက်နေ့စတင်မည်ဖြစ်ကြောင်း သိရပါတယ်။ ဒီအကြောင်းကို မေလ၂၈ ရက်မှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က လူမှုကွန်ရက်မှာ အသိပေးဖော်ပြခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားညီညွတ်ရေးအစိုးရအားထောက်ခံသည့် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများဦးဆောင်၍ မြန်မာပြည်ဖွား တိုင်းရင်းသား အများအပြားနေထိုင်လျှက်ရှိသော ပြည်နယ်ပေါင်း (၃၀) ၊ မြို့ပေါင်း (၁၀၀) ကျော်ဆီသို့ လှည့်လည်ပြီး တော်လှန်ရေးကြီးမှာ အဆုံးထိပါဝင်ကြဖို့ တမြို့ဝင်တမြို့ထွက် တိုက်တွန်းစည်းရုံးသွားမည့် နွေဦးအောင်နိုင်ရေးခရီးစဉ် ‘‘Democracy Road Trip for Burma’’ ကို ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် စတင်ရန် စီစဉ်ထားရှိတယ်လို့သိရပါတယ်။
အထက်ပါအစီအစဉ်နှင့်အတူ (၁) အမေရိကန်အစိုးရမှ ထိမ်းသိမ်းထားသောငွေ 1 billon ကို NUG အစိုးရထံသို့ လွှဲပြောင်း ပေးရန် အတွက် အမေရိကန်ရှိ မြန်မာနွယ်ဖွားများမှ in person ကိုယ်တိုင်ကိုယ်ကျ DocuSign ဖြင့်လက်မှတ် ရေးထိုးပြီး တောင်းဆိုမည့် “one million signatures for one billion campaign တို့လည်းပါဝင်မှာဖြစ်ပါတယ်။
========================
📌📌စကစတွေကို ဖိအားပေးရေးတွေ နိုင်ငံတကာက ပိုလုပ်လာနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
NUG နဲ့နိုင်ငံတကာ အစိုးရများတွေ့ဆုံပြီးနောက် စကစတွေကိုဖိအားပေးရေးတွေ နိုင်ငံတကာက ပိုလုပ်လာနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆိုလိုက်ပါတယ်။
မေလ ၂၅ ရက်နေ့ကတည်းက ယူကေနိုင်ငံကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကရောက်ရှိနေခြင်းဖြစ်ပါတယ်။
"ဆရာတို့ NUG မှာ ဗျူဟာငါးခုရှိတယ်။ အဲဒီငါးခုထဲမှာမှ နိုင်ငံတကာရေးရာ ဆရာတို့ အစိုးရရဲ့တရားဝင် အသိအမှတ်ပြုမှုခံရဖို့အရေး၊နောက်တစ်ခုက အခုဆိုရင် နိုင်ငံတကာကပိုမိုပြီးတော့ စကစကို ဖိအားပေးရေးတွေကို ပိုမိုပြီးတော့ လုပ်လာနိုင်တယ်။အရင်တုန်းက နိုင်ငံတကာက အွန်လိုင်းနဲ့တွေ့တယ်။အခုလိုလူချင်းတွေ့တဲ့အချိန်မှာ ပိုပြီးဖလှယ်ခွင့်ရတယ်"လို့ဝန်ကြီးကဆိုပါတယ်။
မေလ ၂၅ ရက်ယူကေနိုင်ငံ အာရှရေးရာဝန်ကြီး Amanda Milling ဟာ လန်ဒန်မြို့ရှိ နိုင်ငံခြားရေးရုံးအဆောက်အအုံတွင် National Unity Government of Myanmar မှ ဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့် တွေ့ဆုံခဲ့ပါတယ်။
========================
📌📌ကောလင်းမြို့နယ်တွင် စေတနာ့ဝန်ထမ်းဆရာ၊ဆရာမပေါင်းတစ်ထောင်ကျော်နဲ့ ကျောင်းပညာသင်ကြားရေးစတင်နေပြီလို့ဆို
ကောလင်းမြို့နယ်တွင် ကျောင်းသားကျောင်းသူပေါင်းတစ်သောင်းကျော်ကို စေတနာ့ဝန်ထမ်းဆရာ၊ဆရာမပေါင်းတစ်ထောင်ကျော်နဲ့ ကျောင်းပညာသင်ကြားရေးစတင်နေပြီလို့ဆိုပါတယ်။
မေလ၂၈ ရက်တွင် ကောလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တရားဝင်အသိပေးကြေညာခဲ့ပါတယ်။
"ကောလင်းပညာရေး ဘယ်တော့မှနောက်မကျဘူးဆိုတာ ကျွန်တော်တို့နှင့်တကွ မြေပြင်က ဆရာ/မ များ၊ပအဖ၊ပကဖ၊ပလဖ များက လုပ်ပြနိုင်နေပါပြီ။ စာသင်ကျောင်းများ ၁၁၃ ကျောင်းနှင့်ကျောင်းသား/သူပေါင်း ၁၀၀၀၀ ကျော်၊ CDM ၃၇၀ ၊စေတနာ့ ဝန်ထမ်းဆရာ၊ဆရာမ ၁၀၀၀ ကျော်နဲ့စတင်လည်ပတ်နေပါပြီ"လို့ဆိုပါတယ်။
ကောလင်းမြို့နယ်ပညာရေး အောင်မြင်နေခြင်းအတွက် မြေပြင်မှ ကူညီပေးနေသူများအားလုံးကို အထူးကျေးဇူးတင်ကြောင်း ကောလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ကထုတ်ပြန်ကြေညာထားပါတယ်။
No comments:
Post a Comment