၂၀၂၂ မေလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်ကောင်စီအတွက် အချိန်များများ သိပ်မကျန်တော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို
📌NUG ကျန်းမာရေးဝန်ကြီးဌာန၏ တစ်နှစ်တာဆောင်ရွက်မှုလုပ်ငန်းများကို အမျိုးသားကျန်းမာရေးကော်မတီ (NHC) ထံ အစီရင်ခံတင်ပြသည့် အစည်းအဝေးကျင်းပ
📌စစ်တပ်နဲ့ငြိမ်းချမ်းရေး အကြံပေးလုပ်ဆောင်ခဲ့သူတွေဟာ ယခုအချိန်အထိတော်လှန်ရေး နဲ့ လူထုကို အထင်သေး၊ အမြင်သေးစိတ်ရှိနေတယ်လို့ဒုဝန်ကြီး အိသဉ္ဇာမောင်ဆို
📌စစ်ကောင်စီဟာ ဘယ်လို နိုင်ငံရေးဆွေးနွေးပွဲမျိုးနဲ့မှ မထိုက်တန်တဲ့အတွက် ဆွေးနွေးလို့မရဘူးလို့ KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောတောနီးပြောကြား
📌ချင်းပြည်နယ် မတူပီမှဆင်းလာသည့် စကစ များနှင့် CDF-Mindat တို့ ၂၅ မိုင်တွင် ယနေ့မနက်ပိုင်းမှစတင်၍ တိုက်ပွဲပြင်းထန်
📌Ayadaw Bone Naing PDF မှ 5.56 ကျည်ဖြင့် ပစ်ခတ်နိုင်သော Auto မောင်းပြန်သေနတ် ထုတ်လုပ်အောင်မြင်
📌စစ်ကိုင်းတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေကို ဒေသတွင်း PDF တွေက ၉ ရက်ကြာထိန်းသိမ်းထားနိုင်ခဲ့ပြီး စစ်ဆေးရေးဂိတ်တွေဖွင့်လှစ်စစ်ဆေးနေတဲ့သတင်း
📌အိမ်မီးရှို့ခံခဲ့ရတဲ့ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာက ပြည်သူတွေဟာ ဘုန်းကြီးကျောင်းမှာနေထိုင်နေရပြီး ဆေးဝါးနဲ့စားနပ်ရိက္ခာများလိုအပ်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်ကောင်စီအတွက် အချိန်များများ သိပ်မကျန်တော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို
စစ်ကောင်စီအတွက် အချိန်များများ သိပ်မကျန်တော့ဘူးလို့ အမျိုးသားညီဗညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကမေလအတွင်း သတင်းဌာနတစ်ခုနဲ့ သီးသန့်မေးမြန်းရာတွင်ပြောကြားခဲ့ပါတယ်။
"ပြည်သူကို အကြမ်းဖက်လေလေ သူတို့ဟာ ပြည်သူနဲ့ပိုပြီး အလှမ်းဝေးလေ၊ပိုပြီးတော့ စက်ဆုပ်ရွံရှာမှုကိုပိုပြီးတော့ ရလေ လို့ ကျနော် ဒီလိုပဲပြောရမယ်။ အဲဒီတော့ စစ်ကောင်စီရဲ့နောက်ဆုံးအချိန်က သိပ်ပြီးတော့ မဝေးတော့ဘူး။ စစ်ကောင်စီအတွက် အချိန်များများ မကျန်တော့ဘူးဆိုတာတော့ပြောနိုင်ပါတယ်"လို့ဆိုပါတယ်။
========================
📌📌NUG ကျန်းမာရေးဝန်ကြီးဌာန၏ တစ်နှစ်တာဆောင်ရွက်မှုလုပ်ငန်းများကို အမျိုးသားကျန်းမာရေးကော်မတီ (NHC) ထံ အစီရင်ခံတင်ပြသည့် အစည်းအဝေးကျင်းပ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ တစ်နှစ်တာဆောင်ရွက်မှုလုပ်ငန်းများကို အမျိုးသားကျန်းမာရေးကော်မတီ (National Health Committee - Myanmar - NHC) ထံသို့ အစီရင်ခံတင်ပြသည့် အစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဌ ပဒိုမန်းမန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားကျန်းမာရေးကော်မတီ၏ ဒုတိယဥက္ကဌ (၁)နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ အမျိုးသားကျန်းမာရေးကော်မတီ အဖွဲ့ဝင်နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံနှင့် တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာန၏ တစ်နှစ်တာဆောင်ရွက်မှုလုပ်ငန်းများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အကြား ချိတ်ဆက်ဆောင်ရွက်မှုများကို အစီရင်ခံတင်ပြခဲ့ပါတယ်။
ဆက်လက်၍ အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဌ ပဒိုမန်းမန်းက ဦးဆောင်၍ အစည်းအဝေးတက်ရောက်လာသူများက NUCC၊ NHC နှင့် ကျန်းမာရေးဝန်ကြီးဌာနအကြား ဆက်လက်ချိတ်ဆက်ဆောင်ရွက်မည့် မဟာဗျူဟာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌စစ်တပ်နဲ့ငြိမ်းချမ်းရေး အကြံပေးလုပ်ဆောင်ခဲ့သူတွေဟာ ယခုအချိန်အထိတော်လှန်ရေး နဲ့ လူထုကို အထင်သေး၊ အမြင်သေးစိတ်ရှိနေတယ်လို့ဒုဝန်ကြီး အိသဉ္ဇာမောင်ဆို
မေလ ၉ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်ရဲ့ ငြိမ်းချမ်းရေး အကြံပေးဆိုသူများအကြောင်းကို အမျိုးသာစညီညွတ်ရေးအစိုးရက ဒုဝန်ကြီး အိသဉ္ဇာမောင်က လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။
"ဒီတော်လှန်ရေးမှာ ကောင်းတာတခုက ''စစ်တပ်ရဲ့အကြံပေး ဆိုပြီး တချိန် က မာနထောင်ခဲ့တဲ့ သူတွေကလည်း'' အခုတော့ သမိုင်းတရားခံဖြစ်မှာစိုးလို့ ရှက်တတ်လာတဲ့ ကိစ္စပဲ။ “ဒါပေမဲ့ ရှက်တာရှက်တာ သူတို့ ရင်ထဲက စစ်တပ် ချစ်စိတ်ကိုတော့ ဖြတ်မရဘူးဆိုသလိုပဲ ကြုံရင်ကြုံသလို တချိန်က ရွှေထီးဆောင်းခဲ့တာတွေကို ပြန်ပြန်တမ်းတနေတုန်းပဲ”ပထမ အဖွဲ့ က မအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် (NCA) ကို အခုထိ အောက်စျေး နဲ့ promotion ပေးနေတဲ့ အဖွဲ့ဒုတိယ အဖွဲ့ က မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ ဆိုတဲ့ ဂရု။ သူတို့က နည်းနည်းတော့နပ်တယ်။ ဟိုဘက်ဒီဘက် သိပ်အများကြီး မပြောဘူး ''ဘယ်သူ အခြေအနေကောင်းလဲဆိုပြီး ဆည်ဝ က ဗျိုင်းစောင့် သလို စောင့်ကြည့်နေတဲ့အဖွဲ့'' အခြေအနေသာရင် ပြည်တော်ပြန် မင်းဆရာ တွေတောင် ဝင်လုပ်မဲ့အဖွဲ့။ ဘယ်လိုပဲ ဂရုကွဲကွဲ ဒီလူတွေမှာ တူတာတခု က တော်လှန်ရေး နဲ့ လူထုကို အထင်သေးတာပဲ"လို့ဆိုထားပါတယ်။
========================
📌📌စစ်ကောင်စီဟာ ဘယ်လို နိုင်ငံရေးဆွေးနွေးပွဲမျိုးနဲ့မှ မထိုက်တန်တဲ့အတွက် ဆွေးနွေးလို့မရဘူးလို့ KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောတောနီးပြောကြား
မေလအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ပတ်သတ်လို့ သဘောထားအမြင်ကို KNU ရဲ့တရားဝင် လူမှုကွန်ရက်မှာ ပဒိုစောတောနီးနဲ့ အမေးအဖြေရုပ်သံမှာ ဖော်ပြထားပါတယ်။
"သူတို့နဲ့ဆွေးနွေးလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ သူတို့ကတရားမဝင်တဲ့သူတွေဖြစ်တယ်။ကျနော်တို့ဆွေးနွေးစရာအကြောင်းမရှိဘူး။ ချုပ်ပြီးပြောရရင် ကျနော်တို့မသွားရဲတာမဟုတ်ဘူး။ဆယ်ပြန်မကသွားရဲတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ။ ဒါပေမဲ့ ဒီလိုအချိန်ကာလမျိုးမှာ စစ်ကောင်စီဟာ ဘာ်လို နိုင်ငံရေး ဆွေးနွေးပွဲမျိုးနဲ့မှ မထိုက်တန်ဘူးဆိုတာ ကျနော်ဒါကိုပြောချင်တယ်"လို့ဆိုပါတယ်။
စစ်ကောင်စီဟာ ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်ကို ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့မှုများရှိသလို လေကြောင်းပစ်ကူများနဲ့လည်းဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိမှာ စကစရဲ့ ဆွေးနွေးပွဲကို KNU၊ KNPP၊ KIO နဲ့ CNF စတဲ့ အင်အားကြီး တိုင်းရင်းသားအဖွဲ့အစည်းများ မတက်ရောက်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌ချင်းပြည်နယ် မတူပီမှဆင်းလာသည့် စကစ များနှင့် CDF-Mindat တို့ ၂၅ မိုင်တွင် ယနေ့မနက်ပိုင်းမှစတင်၍ တိုက်ပွဲပြင်းထန်
မေလ ၉ ရက်နေ့ မနက် ၉:၄၀ အချိန်မှစပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေတယ်လို့ CDF-Mindat (သတင်းနှင့်ပြန်ကြားရေးဌာန)ကဆိုပါတယ်။
"မတူပီမှဆင်းလာသည့် စကစ များနှင့် CDF-Mindat တို့ ၂၅ မိုင်တွင်ယနေ့မနက် ၉:၄၀ အချိန်မှစပြီးယခုချိန်ထိ တိုက်ပွဲပြင်းထန်နေလျက်ရှိပါတယ်"လို့ဆိုပါတယ်။
စကစတပ်များဟာ ချင်းပြည်နယ်ကို နယ်မြေစိုးမိုးရေ အသည်းအသန်ကြိုးစားနေရပြီး ပြည်နယ်တစ်ခုကို ထိန်းချုပ်နိုင်တဲ့ အနေအထားလည်းမရှိတော့ဘူးလို့ဒေသခံများထံက စုံစမ်းသိရှိရပါတယ်။
========================
📌📌Ayadaw Bone Naing PDF မှ 5.56 ကျည်ဖြင့် ပစ်ခတ်နိုင်သော Auto မောင်းပြန်သေနတ် ထုတ်လုပ်အောင်မြင်
Ayadaw Bone Naing PDF မှ 5.56 ကျည်ဖြင့် ပစ်ခတ်နိုင်သော Auto မောင်းပြန်သေနတ် ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
"ကျွန်တော်တို့ Ayadaw Bone Naing PDF မှ 5.56ကျည်ဖြင့် ပစ်ခတ်နိုင်သော Autoမောင်းပြန်သေနတ် ထုတ်လုပ်အောင်မြင်ပါပြီ။စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းနိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိဖို့ ကျွန်တော်တို့ စဥ်ဆက်မပြတ်ကြိုးစားလာခဲ့ရာ တူမီးကအစ၊ တစ်ထောင်ထိုး ရိုင်ဖယ်သေနတ်များနှင့် ယခု မောင်းပြန်သေနတ်အထိပါ တိုးမြင့်ထုတ်လာနိုင်ခဲ့သည်မှာ မိဘပြည်သူတို့၏ ပံ့ပိုးကူညီမှု့ကြောင့်သာ ဖြစ်ပါတယ်"လို့ဆိုထားပါတယ်။
========================
📌📌စစ်ကိုင်းတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေကို ဒေသတွင်း PDF တွေက ၉ ရက်ကြာထိန်းသိမ်းထားနိုင်ခဲ့ပြီး စစ်ဆေးရေးဂိတ်တွေဖွင့်လှစ်စစ်ဆေးနေတဲ့သတင်း
ချောင်းဦး-မုံရွာလမ်းပိုင်းကစပြီး တန့်ဆည်-လမ်းဆုံ -ရေဦး၊ ယာကြီး-ကလေး မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေကို ဧပြီ ၂၉ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခွင့်ကို ၉ ရက်ကြာတဲ့အထိ ပိတ်ပင်ခဲ့တာပါ။ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကြောင့် အတိုင်း အတာ တစ်ခုအထိအောင်မြင်မှုရှိတယ်လို့ ဒေသတွင်း PDF ခေါင်းဆောင်တွေကပြောပါတယ်။
(ကနီ PDF ခေါင်းဆောင်တစ်ဦး)
မေလဆန်းမှာ စစ်ကောင်စီက PDF စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်နေပြီး PDF တွေဟာ မိုးရာသီအတွက် လက်နက်ခဲယမ်းတွေ ကြိုတင်စုဆောင်းနေပါတယ်။ ဒီအကြောင်းကိုတော့မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအခုလိုပြေပါတယ်
(မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး)
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီနဲ့ ဒေသတွင်း PDF တွေရဲ့အပြန်အလှန်ပိတ်ဆို့မှုတွေကြောင့် ကုန်စည်စီးဆင်းမှုကတော့ မရှိသလောက်နည်းပါးသွားပါတယ်။ ဒေသခံပြည်သူတွေဟာ စီးပွားရေးလုပ်ငန်းတွေ၊ အိုးအိမ်တွေ၊ မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ရသလို စစ်ရေးမတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့ဒဏ်ကိုလည်း ကြုံတွေ့နေရပါတယ်။
========================
📌📌အိမ်မီးရှို့ခံခဲ့ရတဲ့ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာက ပြည်သူတွေဟာ ဘုန်းကြီးကျောင်းမှာနေထိုင်နေရပြီး ဆေးဝါးနဲ့စားနပ်ရိက္ခာများလိုအပ်နေတဲ့သတင်းကိုတင်ပြပေးပါ့မယ်
မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့တာပါ။ စစ်ကောင်စီက အကြမ်းဖက်ခဲ့တာကြောင့် ရွာသားတစ်ယောက်သေဆုံးခဲ့ပြီး ကျွဲ၊နွားတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေလည်း သေကြေပျက်စီးခဲ့တဲ့အကြောင်းကို ခင်ဦးမြို့နယ်၊ အင်းပတ်ရွာသူတစ်ဦးကအခုလိုပြောပါတယ်။
(ခင်ဦး၊ အင်းပတ်ရွာသူတစ်ဦး)
ခင်ဦးမြို့နယ်နဲ့ကပ်ရပ် ရေဦးမြို့နယ်မှာလည်း စစ်ကောင်စီက အကြမ်းဖက်မီးရှို့တာတွေဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နေရပါတယ်။ စားသောက်ကုန်တွေနဲ့အခြေခံလိုအပ်တဲ့ပစ္စည်းတွေ၊ ဆေးဝါးတွေကို စစ်တပ်က ကန့်သတ်စစ်ဆေးနေတာကြောင့် ဒေသခံတွေဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ ခက်ခဲနေပါတယ်။ဒီအကြောင်းကိုတော့ ရေဦး၊ သောင်ပြင်ငယ်ရွာဒေသခံတစ်ဦးက အခုလိုပြောပြထားပါတယ်
(ရေဦး၊ သောင်ပြင်ငယ်ရွာဒေသခံတစ်ဦး)
စစ်ကောင်စီက PDF တွေအားကောင်းလာတာဟာ ပြည်သူတွေရဲ့ပံ့ပိုးမှုကြောင့်လို့ အယူအဆရှိတဲ့အတွက် PDF တွေကိုတင်မကဘဲ ပြည်သူတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။ ပြည်သူတွေကို အကြောက်တရားရိုက်သွင်းဖို့ စစ်ကောင်စီကကြိုးစားခဲ့တာဖြစ်ပေမယ့် သူတို့လုပ်ရပ်တွေကြောင့်ပဲ တော်လှန်ရေးက ပိုအားကောင်းလာတာလို့ ဒေသတွင်း PDF ခေါင်းဆောင်တွေက ပြောဆိုပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment