၂၀၂၂ မေလ ၉ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌နိုင်ငံတကာက အမျိုးသားညီညွတ်ရေးအစိုးရ စွမ်းဆောင်ရည်ကို စောင့်ကြည့်အကဲခတ်နေ
📌စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ABSDF မတက်ဘူးလို့ဆို
📌စစ်ကောင်စီဟာ အင်တာနက်ခေတ်မှာ press media ကိုနှိပ်ကွပ်တော့နာမည်ပျက်ပြီး အမုန်းပဲအဖတ်တင်တယ်လို့ ကိုမင်းကိုနိုင် ဆို
📌Social Punishment လုပ်ရာမှာ ရာခိုင်နှုန်းပြည့်အဖြစ် စစ်ကောင်စီရဲ့မီဒီယာတွေကို လုံးဝမကြည့်ဖို့ သရုပ်ဆောင်ချစ်သုဝေ လူထုကိုတိုက်တွန်း
📌စစ်ကောင်စီရဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်နိုင်တာဘာမှမရှိဘဲ အာဏာရရှိရေးသာ လုပ်နေတယ်လို့သရုပ်ဆောင် ဒေါင်းက ဖွင့်ဟပြောကြား
📌စက်လက်နက်ပစ္စည်း ညွှန်ကြားရေးရုံး ကက (ကြည်း) ပိုင် ရာဘာစက်ရုံအား ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) နှင့် ပူပေါင်းအဖွဲ့တို့ ဝင်ရောက်စီးနင်းရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့၍ စစ်မတိုက်ခဲ့ရ
📌ရဲတပ်သားတစ်ဦး CDF-KKG ထံသို့လက်နက်နဲ့အတူ အလင်းဝင်
📌တောင်ကိုရီးယား ဂင်မဲမြို့မှာ အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်း ဆန္ဒပြ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌နိုင်ငံတကာက အမျိုးသားညီညွတ်ရေးအစိုးရ စွမ်းဆောင်ရည်ကို စောင့်ကြည့်အကဲခတ်နေ
နိုင်ငံတကာက အမျိုးသားညီညွတ်ရေးအစိုးရ စွမ်းဆောင်ရည်ကို စောင့်ကြည့်အကဲခတ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။ မေလအတွင်းသတင်းဌာန တစ်ခုနဲ့သီးသန့်အင်တာဗျူးမှာ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကဆိုပါတယ်။
"နိုင်ငံတကာကလည်း NUG ရဲ့စွမ်းဆောင်ရည်ကို စောင့်ကြည့်အကဲခတ်နေတယ်လို့ မြင်ပါတယ်။ လက်ရှိအခြေအနေမှာ NUG ဟာ တကယ် အမျိုးသားညီညွတ်ရေးကို ဘယ်လောက်ထိ တည်ဆောက်နိုင်ပြီးတော့မှ တော်လှန်ရေးကိုရော တကယ်အောင်မြင်နိုင်မလား။ သူတို့စောင့်ကြည့် အကဲဖြတ်နေတယ်။ ဒါနဲ့လည်း မပြီးသေးဘူး။ တော်လှန်ရေးပြီးတဲ့အခါမှာလည်း နိုင်ငံကို အမျိုးသားညီညွတ်ရေးကိုတကယ်အခြေခံပြီးတော့မှ တကယ်တည်ငြိမ်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံမျိုးဖြစ်အောင် တည်ဆောက်နိုင်မလားဆိုတာ စောင့်ကြည့်အကဲဖြတ်နေတယ်လို့ မြင်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာနိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ ပေါ်ပေါက်ခဲ့ပါတယ်။
=======================
📌📌စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ABSDF မတက်ဘူးလို့ဆို
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ABSDF မတက်ဘူးလို့ဆိုလိုက်ပါတယ်။ မေလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်တွင် အားလုံးပါဝင်နိုင်သည့် တန်းတူရည်တူဆွေးနွေး အဖြေရှာရန် ပြည့်စုံလုံလောက်သော အခင်းအကျင်းမရှိတဲ့အတွက် ၎င်းတို့အနေဖြင့် တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ABSDF ကဆိုထားပါတယ်။
ထို့အပြင် ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံးပါဝင်ပြီးအဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု များပေါ်ပေါက်ရန်လိုအပ်တယ်လို့လည်း တိုက်တွန်းဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO ကလည်း ငြင်းပယ်ထားပြီး လက်နက်အင်အားရှိသော တိုင်းရင်းသားလက်နက်ကိုင်များကလည်း တက်ရောက်မှာမဟုတ်ဘူးလို့ဆိုထားပါတယ်။
========================
📌📌စစ်ကောင်စီဟာ အင်တာနက်ခေတ်မှာ press media ကိုနှိပ်ကွပ်တော့နာမည်ပျက်ပြီး အမုန်းပဲအဖတ်တင်တယ်လို့ ကိုမင်းကိုနိုင် ဆို
စစ်ကောင်စီဟာ အင်တာနက်ခေတ်မှာ press media ကိုနှိပ်ကွပ်တော့နာမည်ပျက်ပြီး အမုန်းပဲအဖတ်တင်တယ်လို့ ကိုမင်းကိုနိုင်ကဆိုပါတယ်။ မေလ ၈ ရက်နေ့မှာ စစ်ကောင်စီရဲ့အခြေနေအရပ်ရပ်ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုမင်းကိုနိုင်က လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။
"ဒီတော်လှန်ရေးမှာ စစ်ရေးအရေးကြီးတယ်။ ဒါပေမယ့် အခြားမျက်နှာစာတွေလည်း အရေးကြီးတာ အများကြီး။ နိုင်ငံတကာမျက်နှာစာ၊ ပြည်သူ့ထောက်ခံမှု ပူးပေါင်းမှု အပါအဝင်ပေါ့။ ဒီနေရာမှာ အရည်အချင်းကစကားပြောပြီ။ပြည်သူဖက်ကတော့ ပြည်တွင်းပြည်ပ ရှိသမျှပညာရှင် မျိုးဆက်အသီးသီး ကောသာမန်ပြည်သူထဲက အတွေးအမြင်လက်စောင်းထက်တွေကော တဝုန်းဝုန်း ညှပ်တိုက်ကြတာ ဘယ်အကြောင်းအရာတက်လာလာ အငိုက်မိလည်းတအောင့်ပဲ။ တယောက်ကျောတယောက်ပုတ်နှိုး ခရီးဆက်လာနိုင်တာ။ စစ်ကောင်စီတို့တွေးခေါ်ပုံကိုကြည့်ပါ။ ပြည်တွင်းမီဒီယာကိုနှိပ်ကွပ်ပြတယ်။အင်တာနက်ခေတ်မှာ press media ကိုနှိပ်ကွပ်တော့နာမည်ပျက် အမုန်းပဲအဖတ်တင်တာ"လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် မှာ သတင်းသမား ၁၆၆ ဦးအထိဖမ်းဆီးခဲ့ပြီးအချို့မှာ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ၅၀ ကျော်မှာ လက်ရှိအချိန်အထိ အကျဉ်းထောင်များအတွင်း ဆက်လက်ထိန်းသိမ်း ခံနေရဆဲဖြစ်ကာ သတင်းသမား ၃ ဦးဖြစ်သည့် ကိုစိုးနိုင်၊ အေစိုင်းကေ(ခ) စိုင်းဝင်းအောင် နှင့် Pu Tuidim တို့မှာ စစ်မြေပြင်၌လည်းကောင်း၊ ဖမ်းဆီးခံရစဉ် စစ်ကြောရေး၌လည်းကောင်း ကျဆုံးခဲ့ရပြီးဖြစ်ပါတယ်။
========================
📌📌Social Punishment လုပ်ရာမှာ ရာခိုင်နှုန်းပြည့်အဖြစ် စစ်ကောင်စီရဲ့မီဒီယာတွေကို လုံးဝမကြည့်ဖို့ သရုပ်ဆောင်ချစ်သုဝေ လူထုကိုတိုက်တွန်း
Social Punishment လုပ်ရာမှာ ရာခိုင်နှုန်းပြည့်အဖြစ် စစ်ကောင်စီရဲ့ မီဒီယာတွေကို လုံးဝမကြည့်ဖို့ သရုပ်ဆောင်ချစ်သုဝေက လူထုကို တိုက်တွန်းပြောကြား လိုက်ပါတယ်။ မေလ ၈ ရက်နေ့ သွေးစွန်းငွေ ဖြတ်တောက်ရေး စကားဝိုင်းမှာ သရုပ်ဆောင် ချစ်သုဝေက ပြောကြားခဲ့ပါတယ်။
“Social Punishment ဆိုတာက အဖက် မလုပ်တာ လုံးဝကိုရှောင်ဖယ်တာ။ ဆိုရှယ်မီဒီယာမှာ ပြန့်နေတဲ့ဟာတွေကို ဟာ... ကြည့်စမ်း ပေါရဲလိုက်တာ။ ရယ်ရတယ်။ ဒီလိုမျိုးမဟုတ်ဘူး။ လုံးဝကို မကြည့်တာ။ အဲဒီတော့ သူတို့ရဲ့ မီဒီယာတွေကို လုံးဝမကြည့်ခြင်း၊ Like မပေးခြင်း၊ အသည်းမပေးခြင်းတို့နဲ့ ပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်" လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူလူထုအနေနဲ့ နွေဦးတော်လှန်ရေးနဲ့ ဝေးမသွားဘဲ တတ်နိုင်တဲ့နေရာက တော်လှန်ရေးတွင် ပါဝင်ပေးရန်လည်း သရုပ်ဆောင်ချစ်သုဝေက ဆိုပါတယ်။
"တော်လှန်ရေးဟာ အသက်တွေ၊ ဘဝတွေပေးထားတာမို့ တော်လှန်ရေးမှာ ပါဝင်တဲ့သူတွေက ရိုးသားပါ။ အမြဲတမ်း ရိုးသားပါ။ ကိုယ်ထိလက်ရောက် ပါဝင်မှုမျိုးမရှိဘဲ ကိုယ့်ကိုယ်ကိုယ် အရှက်ရမဲ့ဟာမျိုး မလုပ်ပါနဲ့လို့ ပြောချင်တယ်" လို့ ၄င်းက ထပ်မံဆိုပါတယ်။
========================
📌📌စစ်ကောင်စီရဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်နိုင်တာဘာမှမရှိဘဲ အာဏာရရှိရေးသာ လုပ်နေတယ်လို့သရုပ်ဆောင် ဒေါင်းက ဖွင့်ဟပြောကြား
စစ်ကောင်စီရဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်နိုင်တာဘာမှမရှိဘဲ အာဏာရရှိရေးသာ လုပ်နေတယ်လို့သရုပ်ဆောင် ဒေါင်းကဖွင့်ဟပြောကြားလိုက်ပါတယ်။ မေလ ၈ ရက်ကျင်းပတဲ့ တော်လှန်ရေးကာလမှာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လိုအပ်လား ခေါင်းစဥ်နဲ့ဆွေးနွေးရာမှာ သရုပ်ဆောင်ဒေါင်းကပြောကြားခဲ့ပါတယ်။
"ဒီကာလအတွင်း စကစလက်အောက်မှာ သဘာဝပတ်ဝန်းကျင်နဲ့သယံဇာတ ထိန်းသိမ်းရေးဆိုတာ သူတို့ ဝန်ကြီးဌာနက လုပ်နိုင်တာဘာမှမရှိဘူး။သူတို့အာဏာရရှိရေးကိုပဲလုပ်နေတယ်။အခုဆိုရင် အထူးသဖြင့် ကချင်တို့ မကွေးတို့ စစ်ကိုင်းတို့ အားလုံးလိုလိုတိုက်ပွဲတွေဖြစ်နေတယ်။အဲဒီလိုနေရာတွေမှာ သယံဇာတကို အုပ်ချုပ်ထိန်းသိမ်းဖို့ ထိထိရောက်ရောက်ဖြစ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး"လို့ သရုပ်ဆောင်ဒေါင်းကဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့လုပ်ငန်းရှင်အချို့ တရားမဝင်ရွှေတူးဖော်ရေး လုပ်ငန်းများကို အင်းတော်ကြီး အိုင်အတွင်းသို့စီးဝင်တဲ့ချောင်းများအတွင်း ရွှေမျောလုပ်ကွက်များလုပ်ကိုင်ရာ တိမ်ကောမှု ဧက ၅၀ ကျော်အထိရှိလာပြီး ရေအရောင်နှစ်မျိုးကွဲတဲ့အထိဖြစ်ပေါ်လာခဲ့ပါတယ်။
"အခုလို စစ်အာဏာသိမ်းတဲ့ကာလမှာ တပ်တွေအတွက်ပွဲတော်လိုဖြစ်နေတာပေါ့။ ဒီတစ်ခေါက်ငါ သူတို့အာဏာသိမ်းပြီးရင် ကျနော်တို့တိုင်းပြည်က အခွံပဲကျန်တော့မှာ။ ဒီသယံဇာတတွေကို ပြည်သူတွေဆီက ခိုးယူနေကြတာပေါ့"လို့ CDM ဗိုလ်ကြီး လင်းထက်အောင်ကလည်းဆိုပါတယ်။
========================
📌📌စက်လက်နက်ပစ္စည်း ညွှန်ကြားရေးရုံး ကက (ကြည်း) ပိုင် ရာဘာစက်ရုံအား ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) နှင့် ပူပေါင်းအဖွဲ့တို့ ဝင်ရောက်စီးနင်းရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့၍ စစ်မတိုက်ခဲ့ရ
စက်လက်နက်ပစ္စည်းညွှန်ကြားရေးရုံး ကက (ကြည်း)ပိုင် ရာဘာစက်ရုံအား ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) နှင့် ပူပေါင်းအဖွဲ့တို့ ဝင်ရောက်စီးနင်းရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့၍ စစ်မတိုက်ခဲ့ရဘူးလို့သိရပါတယ်။ မေလ (၈)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိစစ်လက်နက်ပစ္စည်းညွှန်ကြားရေးရုံး ကက(ကြည်း)ပိုင် ရာဘာစက်ရုံအား ဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။
"မေလ (၈)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိစစ်လက်နက်ပစ္စည်းညွှန်ကြားရေးရုံး ကက(ကြည်း)ပိုင် ရာဘာစက်ရုံအား ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂)နှင့်ပူပေါင်းအဖွဲ့တို့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ထိုသို့ဝင်ရောက်စီးနင်းရာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်"လို့ဖော်ပြပါတယ်။
ထိုသို့ပြန်လည်ဆုတ်ခွာပြီးနောက် တနင်္သာရီမြို့နယ်၊ ညောင်းပင်ကွင်းကျေးရှာရှိ ခမရ (၅၆၁) မှ လက်နက်ကြီးနှင့်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူပေါင်းအဖွဲ့တို့မှာထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ဆိုပါတယ်။
========================
📌📌ရဲတပ်သားတစ်ဦး CDF-KKG ထံသို့လက်နက်နဲ့အတူ အလင်းဝင်
ရဲတပ်သားတစ်ဦး CDF-KKG ထံသို့ လက်နက်နဲ့အတူ အလင်းဝင်တယ်လို့ မေလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လောင်းရှည်နယ်မြေ ရဲစခန်းမှ (ဂန့်ဂေါမြို့တွင် ယာယီ တွဲဖက် တာဝန်ထမ်းဆောင်နေသည့်) တပ်သားဖြစ်သူ အောင်ကျော်လင်း (ကိုယ်ပိုင်အမှတ် - လ/ ၂၇၇၄၀၄) သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်ပြီး လက်နက်အပြည့်အစုံနှင့်တကွ CDF-KKG မှတဆင့် အလင်းဝင်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
"ရဲတပ်သား အောင်ကျော်လင်းသည် M22 မောင်းပြန်သေနတ်တစ်လက်၊ ကျည်အိမ်အပိုတစ်ခုနှင့် ကျည် (၉၁) ထောင့်တို့ကို တပါတည်းယူဆောင်လာသဖြင့် ထိုက်သင့်သည့် ဆုကြေးငွေများချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ပေးခဲ့တယ်"လို့ဆိုပါတယ်။
ယခုအခါ CDF-KKG မှတဆင့် CDM ပြုလုပ်ပြီး အလင်းဝင်ရောက်လာသည့် စစ်သားနှင့် ရဲအရေအတွက် စုစုပေါင်း (၈) ဦးအထိ ရှိပြီးဖြစ်ပါတယ်။ လက်နက်/ကျည်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသူများကိုသာ လုံခြုံစိတ်ချရသော နယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကာ ထိုက်သင့်သော ဆုကြေးကိုလည်း ချီးမြှင့်သွားမယ်လို့ Chinland Defense Force - Kalay Kabaw Gangaw ကထုတ်ပြန်ပါတယ်။
========================
📌📌တောင်ကိုရီးယား ဂင်မဲမြို့မှာ အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်း ဆန္ဒပြ
တောင်ကိုရီးယား ဂင်မဲမြို့မှာ အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်း ဆန္ဒပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ မေလ ၈ ရက်နေ့ တောင်ကိုရီးယားနိုင်ငံ ဂင်မဲမြို့မှာ အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
တောင်ကိုရီးယားအစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုအသိအမှတ်ပြုရန်၊ သကစတပ်သားများအား ပညာတော်သင် ခေါ်ယူနေမှုများရပ်တန့်ရန် စတဲ့အချက်များကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရောက် မြန်မာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများနဲ့ ဒယ်ဂူးဆရာတော်နဲ့ ရွှေဝါ ရောင်ဆရာတော် အရှင်ထာဝရ(နော်ဝေ)တို့က ဦးဆောင်ပြီး ကိုရီးယားရောက်မြန်မာတွေနဲ့ မြန်မာ့အရေးစိတ်ဝင် စားတဲ့ ကိုရီးယားတွေ တက်ရောက်ခဲ့ကြပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment