၂၀၂၂ ဇွန်လ ၁၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ အတည်ပြုပြီးသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး ကျင်းပ
📌 ၂။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
📌 ၃။ နွေဦးတော်လှန်ရေးဟာကမ္ဘာသင်ရိုး တကယ်ဖြစ်လာတယ်လို့ ကိုမင်းကိုနိုင်ဆို
📌 ၄။ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအတွက် ILO နှင့် NUG ပူးပေါင်းဆောင်ရွက်မည်။
📌 ၅။ တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီ အနိုင်ယူနိုင်မည့်ပုံ မပေါ်၊ ဒီမိုကရေစီ ပြန်လည် ထူထောင်သင့်ဟု အမေရိကန် သံတမန် ဆို
📌 ၆။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နွေဦးတက္ကသိုလ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
📌 ၇။ စစ်ကိုင်းမှမုံရွာသို့သွားသော စကစတပ်ရဲ့ ၁၂ ဘီးယာဥ်မြင်းမူမြို့နယ် နပဲကြူးဇရပ် နှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲခံရ
📌 ၈။ ကမ္ဘာ့ကလေးများနေ့အထိန်းအမှတ်ပွဲ လေးကေ့ကော်စစ်ရှောင်စခန်း၌ကျင်းပပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ အတည်ပြုပြီးသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး ကျင်းပ
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ အတည်ပြုပြီးသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇွန်လ ၁၁ ရက် zoom meeting မှတဆင့်တွေ့ဆုံခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးမှ လက်ရှိတွင် အထူးဒေသတွင် ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နိုင်မှုအပြင် မိမိတို့၏ အုပ်ချုပ်ရေးနယ်မြေများ တိုးချဲ့နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခုထပ်တိုးအတည်ပြုထားသော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအတွက် မြေပြင်အုပ်ချုပ်ရေးဖော်ဆောင်မှုဆိုင်ရာကိစ္စရပ်များအတွက် လိုအပ်သည့်ပံ့ပိုးမှုများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊အဖွဲ့များအနေဖြင့် မိမိတို့တာဝန်ယူရသော သက်ဆိုင်ရာနယ်မြေအလိုက် လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဝန်ကြီးဌာနဘက်မှ လိုအပ်သော စစ်တမ်းကောက်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ နယ်မြေအုပ်ချုပ်ရေးအတွက် အဓိကကျသည့် အချက်မှာ နယ်မြေလုံခြုံရေးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နယ်မြေလုံခြုံရေးခိုင်မာအားကောင်းစေရန် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ တွေ့ဆုံပွဲ ပြုလုပ်ရခြင်းအကြောင်းအရင်းကို အသေးစိတ်ချပြရှင်းလင်းခဲ့ပြီးနောက် တက်ရောက်လာသူများမှ မြေပြင်တွင် ကြုံတွေ့နေရသော အခက်အခဲနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ဦးဆောင်တက်ရောက်ပြီး အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ပအဖ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး( ၁၂/ ၂၀၂၂) ကို ဇွန်လ ၁၂ ရက်နေ့မှာကျင်းပခဲ့ပါတယ်။ အစည်းအဝေးတွင်လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် အထူးအုပ်ချုပ်ရေးဒေသ အတွင်း လျှပ်စစ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ အခွန်ကောက်ခံမှု၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများမှ အတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များတက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးဟာကမ္ဘာသင်ရိုး တကယ်ဖြစ်လာတယ်လို့ ကိုမင်းကိုနိုင်ဆို
နွေဦးတော်လှန်ရေးဟာကမ္ဘာသင်ရိုး တကယ်ဖြစ်လာတယ်လို့ ကိုမင်းကိုနိုင်ဆိုလိုက်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်က လူမှုကွန်ရက်မှာ ရေးသားပြောကြားလိုက်တာပါ။
"လူထုတော်လှန်ရေးဘက်ကတော့ နွေဦးတော်လှန်ရေးဟာကမ္ဘာသင်ရိုး တကယ်ဖြစ်လာတယ်။ သံအမတ်ဦးကျော်မိုးထွန်းလုပ်သလိုပဲရုရှားသံအမတ်လိုက်လုပ်ခဲ့ရတာကိုး။ မကြာသေးမီကတွေ့ခဲ့ကြမှာပါ"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့ပါတယ်။
"NUGကာ/ဝန် ကလက်နက်လှမ်းတောင်း၊ သမ္မတနဲ့ ဝန်ကြီးချုပ် မြေပြင်မှာရပ်ပြ၊ ပီဒီအက်ဖ်တွေကရှေ့တိုးပြလိုက်တယ်။ စစ်တပ် ဘာလုပ်သလဲ။ မယှဉ်နိုင်တော့တဲ့အဆုံး ထုံးစံအတိုင်းရွာကိုမီးတင်ရှို့တယ်။ ဝမ်းစာစပါး၊ မျိုးစပါးတွေပါအားလုံးကုန်ပဲ။ ဒါ သူတို့ကိုယ်တိုင်လည်းပျက်ဆီးကြောင်းပြုမိ အမှားကိုစစ်အုပ်စုမသိရှာဘူး"လို့ ကိုမင်းကိုနိုင်ကထပ်မံဆိုပါတယ်။
========================
📌📌 ၄။ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအတွက် ILO နှင့် NUG ပူးပေါင်းဆောင်ရွက်မည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ၏ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အလုပ်သမားဝန်ကြီးဌာနတို့ ချိတ်ဆက်၍ မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်သော်လည်း လက်ရှိတွင် လုပ်ငန်းမစတင်သေးကြောင်း NUG အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ဇွန်လ ၁၂ ရက်နေ့က သံလွင်ခက်မီဒီယာအား အင်တာဗျူးဖြေရာတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၅။ တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီ အနိုင်ယူနိုင်မည့်ပုံ မပေါ်၊ ဒီမိုကရေစီ ပြန်လည် ထူထောင်သင့်ဟု အမေရိကန် သံတမန် ဆို
မြန်မာစစ်ကောင်စီအနေနဲ့ သူတို့အုပ်ချုပ်မှုကို လက်မခံဘဲ တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို အနိုင်ယူနိုင်မယ့်ပုံ မပေါ်ကြောင်း၊ ဒီမိုကရေစီ ပြန်လည်ထူထောင်သင့်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က ပြောကြားလိုက်ပါတယ်။
“လက်ရှိအခြေအနေတွေကို ကြည့်ရင် သူတို့ နိုင်မယ်လို့ မြင်ဖို့ ခက်ပါတယ်။ စစ်ကောင်စီဟာ နယ်မြေတွေ ဆုံးရှူံးနေပြီ။ သူတို့ဟာ ကြီးမားတဲ့ ဆုံးရှူံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်”လို့ သူက ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီဟာ ပြည်ပမှာသာမကဘဲ ပြည်တွင်းမှာပါ ထောက်ခံသူမရှိတော့တာကြောင့် အထီးကျန်စွာရပ်တည်နေရတဲ့ သီးခြားအဖွဲ့အစည်းဖြစ်နေပြီး တိုက်ခိုက်မှုတွေကို ရပ်တန့်ရင်း ဒီမိုကရေစီ ပြန်လည်ရှင်သန်လာဖို့ လုပ်သင့်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ရိုက်တာအပါအဝင် သတင်းထောက်အချို့နဲ့ ဘန်ကောက်မှာ တွေ့ဆုံချိန်အတွင်း ပြောကြားသွားခဲ့တာပါ။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာဖြစ်သလို နောက်ပိုင်းမှာ ဆန္ဒပြသူတွေကို ဖိနှိပ်ဖို့ အစုလိုက်အပြုံလိုက်ဖမ်းဆီးတာ၊ သေစေလောက်တဲ့ အင်အားသုံး ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ပြည်သူတွေဟာ သူတို့အပေါ် အကြမ်းဖက်ခဲ့တဲ့ ရဲနဲ့ စစ်သားတွေကို ပြန်လည်တိုက်ခိုက်ဖို့ မဟာမိတ်တွေရဲ့ တော်လှန်ရေးအတွက် ကူညီမှုတွေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။ စစ်ကောင်စီက မဟာမိတ်တွေကို အကြမ်းဖက်တွေလို့ ကြေညာခဲ့ပါတယ်။
Derek Chollet ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူဆီ ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
Derek Chollet ဟာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံအစည်းအဝေး နောက်ဆက်တွဲအဖြစ် ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်း နိုင်ငံတွေဆီ အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနဲ့ ပတ်သက်ပြီး နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ အာစီယံနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေနဲ့ အတူတကွ လုပ်ဆောင်နေတယ်လို့ သူက ဆိုခဲ့တာပါ။
Derek Chollet က တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာ့အရေး အဖြေရှာဖို့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ပေးဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
========================
📌📌 ၆။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နွေဦးတက္ကသိုလ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နွေဦးတက္ကသိုလ်ကိုယ်စားလှယ်များယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ၏ ထိုင်းနိုင်ငံခရီးစဉ်တွင် မြန်မာအရေးတက်ကြွလှုပ်ရှားသူ လူငယ်များနှင့် အမေရိကန်အစိုးရ ပညာတော်သင်ဟောင်းများနှင့် တွေ့ဆုံကာဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
ထိုဆွေးနွေးပွဲတွင် နွေဦးတက္ကသိုလ်မှ ကိုယ်စားလှယ်အချို့ တက်ရောက်ခွင့်ရခဲ့ပြီး နွေဦးတော်လှန်ရေးအပေါ် လူငယ်များ၏ အတွေးအမြင်များ၊ ကြားကာလပညာရေး ဖော်ဆောင်နေမှုများ၊ အာဏာဖီဆန်နေဆဲ CDM ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများ၏ အခြေအနေ၊ အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြတယ်လို့သိရပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Cholletဟာ ထိုင်းနိုင်ငံ မဲဆောက်သို့ နေ့ချင်းပြန်ခရီးစဥ်ဖြင့်လာရောက်ခဲ့ပြီး စစ်ဘေးရှောင်စခန်းကိုလည်းရောက်ရှိခဲ့ပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းမှမုံရွာသို့သွားသော စကစတပ်ရဲ့ ၁၂ ဘီးယာဥ်မြင်းမူမြို့နယ် နပဲကြူးဇရပ် နှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲခံရ
စစ်ကိုင်းမှမုံရွာသို့သွားသော စကစတပ်ရဲ့ ၁၂ ဘီးယာဥ်မြင်းမူမြို့နယ် နပဲကြူးဇရပ် နှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲခံရတယ်လို့သိရပါတယ်။
ဇွန်လ ၁၂ ရက်နေ့မှာ မြင်းမူမြို့နယ် နပဲကြူးဇရပ် နှင့် ကန်ဖျားဇရပ်ကြားတွင် စကစတပ်ရဲ့ ၁၂ ဘီးယာဥ်ကိုတိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force M.N.R.F ကဆိုပါတယ်။
" ဇွန်လ ၁၂ရက် စစ်ကိုင်းမှမုံရွာသို့သွားသော ခွေး ၁၂ ဘီးကားတစ်စီးအား မြင်းမူမြို့နယ် နပဲကြူးဇရပ် နှင့် ကန်ဖျားဇရပ်ကြားတွင် ညီနောင်လေးဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိထိမိမိထိမှန်ခဲ့ပါတယ်"လို့ဆိုပါတယ်။
စစ်ဆင်ရေးအား Moe Nyo Revolution Force M.N.R.F၊ PENTAGRAM ငါးထောင့်ကြယ်၊ PEOPLE REVOLUTION FORCE P.R.F နှင့် People's Guerillas Commando – Myinmu တို့ပါဝင်ခဲ့ပါတယ်။
========================
📌📌 ၈။ ကမ္ဘာ့ကလေးများနေ့အထိန်းအမှတ်ပွဲ လေးကေ့ကော်စစ်ရှောင်စခန်း၌ကျင်းပပြုလုပ်
ဇွန်လ ၁၂ ရက်တွင်ကျရောက်သည့်ကမ္ဘာ့ကလေးများနေ့အထိန်းအမှတ်အဖြစ် လေးကေ့ကော်စစ်ရှောင်စခန်းရှိ ကလေးငယ်များအတွက်ပျော်ပွဲရွှင်ပွဲကျင်းပပေးခဲ့သည်ဟုသိရသည်။
အဆိုပါအစီအစဥ်တွင် ကလေးငယ်များအားဆုတောင်းပေခြင်း၊ သီချင်းဖျော်ဖြေပေးခြင်း၊ သာကူ၊ ခေါက်ဆွဲကြော်စသည့်အစား၊ အသောက်များကျွေးမွေးခြင်း၊ ပစ္စည်းများမဲဖောက်ပေးခြင်းတို့ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထိုစစ်ရှောင်စခန်းတွင်ကလေးငယ် ၃၀၀ ကျော်ရှိပြီး ကလေးအသုံးအဆောင် ပစ္စည်းများကိုမဲဖောက်ပေးရာ၌ ပစ္စည်းအခု ၅၀၀ ကျော် အထိမဲဖောက်ပေးခဲ့ကြသည်ဟု သိရသည်။
No comments:
Post a Comment