၂၀၂၂ ဇွန်လ ၁၇ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ရေးပိုင်းတွင်အရှိန်မြှင့်တင်ဆောင်ရွက်ရာတွင် ထောက်လှမ်းရေးဆိုင်ရာ အချက်လက်များသည်လွန်စွာအရေးကြီးကာ ပစ်မှတ်ပိုင်းဆိုင်ရာထောက်လှမ်းရေးလုပ်ငန်းဘက်ကို ပိုမိုဦးတည်အဓိကထားဆောင်ရွက်မယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
📌 ၂။ ကရင်နီပြည်နယ်အတွင်း ယာယီစစ်ဘေးရှောင် စခန်းများမှ အိမ်ထောင်စု (၄၆၁) စုအတွက် အခြေခံစားနပ်ရိက္ခာများ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ကူညီထောက်ပံ့
📌 ၃။ နိုင်ငံတကာကအမျိုးသားညီညွတ်ရေးအစိုးရကိုလက်နက်ပေးတဲ့နေ့ စစ်ကောင်စီလက်နက်ချပြီးထွက်သွားရမဲ့နေ့လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၄။ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ပစ်မှတ်ထားပြီး ယူကေအစိုးရကမြန်မာကုမ္ပဏီသုံးခုကို ထပ်တိုးပိတ်ဆို့အရေးယူ
📌 ၅။ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ NUG ပညာရေးဘုတ်အဖွဲ့နှင့် ချိတ်ဆက်၍ ကျောင်းဖွင့်ခြင်းများ လုပ်ဆောင်နိုင်ခဲ့
📌 ၆။ အင်းတော်မြို့နယ်တွင်CDMဆရာမနှစ်ဦးကို လာဖမ်းတာမတွေ့၍ အသက်၈၀အရွယ် မိခင်ဖြစ်သူနဲ့ ခဲအိုဖြစ်သူကို စကစရဲ့ရဲတပ်ဖွဲ့ကဖမ်းဆီး
📌 ၇။ ၆၀ မမ အလက်ရေ (၁၀၀)ကျော် ထုတ်လုပ်အောင်မြင်၍ ၁၂၀ မမ တာဝေးပစ်လက်နက်ကို စမ်းသပ်ထုတ်လုပ်နေပြီလို့ နေပြည်တော်ပကဖ အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ရေးပိုင်းတွင်အရှိန်မြှင့်တင်ဆောင်ရွက်ရာတွင် ထောက်လှမ်းရေးဆိုင်ရာ အချက်လက်များသည်လွန်စွာအရေးကြီးကာ ပစ်မှတ်ပိုင်းဆိုင်ရာထောက်လှမ်းရေးလုပ်ငန်းဘက်ကို ပိုမိုဦးတည်အဓိကထားဆောင်ရွက်မယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
စစ်ရေးပိုင်းတွင်အရှိန်မြှင့်တင်ဆောင်ရွက်ရာတွင် ထောက်လှမ်းရေးဆိုင်ရာ အချက်လက်များသည်လွန်စွာအရေးကြီးကာ ပစ်မှတ်ပိုင်းဆိုင်ရာထောက်လှမ်းရေးလုပ်ငန်းဘက်ကို ပိုမိုဦးတည်အဓိကထားဆောင်ရွက်မယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဆိုလိုက်ပါတယ်။ ဇွန်လ ၁၆ ရက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ဦးလွင်ကိုလတ်နှင့် အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ဗဟို/တိုင်း/ခရိုင်/မြို့နယ်အဖွဲ့ဝင်များတွေဆုံပွဲ ကျင်းပရာတွင် ဝန်ကြီးကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
"ထောက်လှမ်းရေးကိစ္စများသည် စစ်ရေး ၊နိုင်ငံရေးတွင် လွန်စွာအရေးကြီးပါကြောင်း၊ တစ်နှစ်တာဆောင်ရွက်ချက်များကိုပြန်လည်သုံးသပ်ပြီး ကျစ်ကျစ်လျစ်လျစ်ဖြင့် ပိုမိုလုပ်ကိုင်ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ ထိုသို့လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် လုံခြုံရေးကဏ္ဍ ၊အုပ်ချုပ်ရေးကဏ္ဍများတွင်လည်း အားကောင်းလာပြီး တော်လှန်ရေးလုပ်ငန်းများကိုထိထိရောက် ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း ၊စစ်ရေးပိုင်းတွင်အရှိန်မြှင့်တင်ဆောင်ရွက်ရာတွင် ထောက်လှမ်းရေးဆိုင်ရာ အချက်လက်များသည်လွန်စွာအရေးကြီးလှပါကြောင်း၊ နောက်ပိုင်းတွင် ပစ်မှတ်ပိုင်းဆိုင်ရာထောက်လှမ်းရေးလုပ်ငန်းဘက်ကို ပိုမိုဦးတည်အဓိကထားဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း"ဝန်ကြီးကဆိုခဲ့ပါတယ်။
ဆက်လက်၍ တက်ရောက်လာကြသောအထူးစုံစမ်းထောက်လှမ်းရေး ဗဟို၊ တိုင်း၊ ခရိုင်၊ မြိုနယ် အဖွဲ့ဝင်များက မြေပြင်တွင်တွေ့ကြုံနေရသော အခက်အခဲများ၊ လိုအပ်ချက်များ၊ မြေပြင်အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များနှင့် ပတ်သက်၍ အတွင်းဝန်မှ ပြန်လည်ဖြည့်စွက်ဖြေကြားခဲ့ပါတယ်။
အဆိုပါအစည်းဝေးကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်ဦးဆောင်တက်ရောက်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုုပ်နှင့် ဗဟို/ ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ် များမှတာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ ကရင်နီပြည်နယ်အတွင်း ယာယီစစ်ဘေးရှောင် စခန်းများမှ အိမ်ထောင်စု (၄၆၁) စုအတွက် အခြေခံစားနပ်ရိက္ခာများ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ကူညီထောက်ပံ့
ကရင်နီပြည်နယ်အတွင်း ယာယီစစ်ဘေးရှောင် စခန်းများမှ အိမ်ထောင်စု (၄၆၁) စုအတွက် အခြေခံစားနပ်ရိက္ခာများ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ကူညီထောက်ပံ့ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။
ဇွန်လ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာန MoHADM ကသတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဌာန (MoHADM) အဖွဲ့သားများကဒေသခံ မဟာမိတ်အဖွဲ့များနှင့်လက်တွဲ၍ ကရင်နီပြည်နယ်အတွင်း ယာယီစစ်ဘေးရှောင် စခန်းများတည်ရှိရာ ကျေးရွာသို့ သွားရောက်၍ ရိက္ခာထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။
အဆိုပါ စခန်းများရှိ စစ်ဘေးရှောင်ပြည်သူများတောင်းဆိုသည့် အမှန်တကယ် လိုအပ်ချက်ကို စာရင်းကောက်ယူ၍ အိမ်ထောင်စု တစ်စုချင်းအလိုက် လက်ဝယ်အရောက် မျှဝေပေးနိုင်ခဲ့ပြီး အိမ်ထောင်စု (၄၆၁) စုအတွက် ထောက်ပံ့ပေးခဲ့ပါတယ်။
========================
📌📌 ၃။ နိုင်ငံတကာကအမျိုးသားညီညွတ်ရေးအစိုးရကိုလက်နက်ပေးတဲ့နေ့ စစ်ကောင်စီလက်နက်ချပြီးထွက်သွားရမဲ့နေ့လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
နိုင်ငံတကာက အမျိုးသားညီညွတ်ရေးအစိုးရကို လက်နက်ပေးတဲ့နေ့ စစ်ကောင်စီလက်နက်ချပြီးထွက်သွားရမဲ့နေ့လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားလိုက်ပါတယ်။
"ကျနော်တို့ လက်နက်ကတော့ တောင်းတယ်။ဒါတွေတောင်းတာ လူတွေသေစေချင်လို့မဟုတ်ဘူး။ဒါပေမဲ့ ကျနော်တို့ အဲဒါရတဲ့နေ့ ဟိုလူတွေ လက်နက်ချတဲ့နေ့ပါ။ထွက်သွားရမဲ့နေ့ပါ။ လက်နက်က ရဖို့လည်းရှိကောင်းရှိနိုင်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ PDF တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ ရင်း ဖွဲ့စည်းထားပြီးဖြစ်ကာ MOD အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေ ၈၅ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်ရေးမှာ အသုံးပြုလျက်ရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း နိုင်ငံတကာကို လက်နက် အကူအညီပေးဖို့ တောင်းခံထားကြောင်းလည်းသိရပါတယ်။
========================
📌📌 ၄။ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ပစ်မှတ်ထားပြီး ယူကေအစိုးရကမြန်မာကုမ္ပဏီသုံးခုကို ထပ်တိုးပိတ်ဆို့အရေးယူ
မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ပစ်မှတ်ထားပြီး ယူကေအစိုးရကမြန်မာကုမ္ပဏီသုံးခုကို ထပ်တိုးပိတ်ဆို့ အရေးယူလိုက်တယ်လို့သတင်းရရှိပါတယ်။ မြန်မာစစ်တပ်သို့ လေယာဉ်အစိတ်အပိုင်းများ အထောက်အပံ့ပေးရာတွင် တာဝန်ရှိသည့် ကုမ္ပဏီများကို ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအသစ်များကို ယူကေအစိုးရက ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
မြန်မာစစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းအပါအဝင် ကျယ်ပြန့်သော ရက်စက်ကြမ်းကြုတ်မှုများကို စနစ်တကျ ကျူးလွန်နေကြောင်း
Amnesty International ၏ မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာအပြီး အဆိုပါ ဒဏ်ခတ်အရေးယူမှုကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
စစ်အာဏာရှင်ကို ကန့်သတ်ခြင်းနှင့် ပူတင်၏ စစ်ယန္တရားသို့ စီးဆင်းသွားနိုင်သည့်၀င်ငွေကို ပစ်မှတ်ထားကာ မြန်မာနှင့် ရုရှားနိုင်ငံရှိ လက်နက်ကုမ္ပဏီကြီးများ၏ ပိုင်ဆိုင်မှုတို့အား တင်းတင်းကြပ်ကြပ် ထိန်းချုပ်သွားမှာဖြစ်တယ်လို့ ယူကေအစိုးရကဆိုပါတယ်။ လက်ရှိဒဏ်ခတ်ပိတ်ဆို့အရေးယူခံရသော မြန်မာကုမ္ပဏီများမှာ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နှင့် Sky Aviator Company Ltd တို့ဖြစ်ပါတယ်။
အဆိုပါ ကုမ္ပဏီသုံးခုလုံးဟာ အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းများ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့တယ်လို့ဖော်ပြပါတယ်။ မြန်မာစစ်တပ်အတွက် လက်နက်နှင့် လေယာဥ်အစိတ်အပိုင်းများ ထောက်ပံ့ရာတွင် ပါ၀င်ပတ်သက်နေသည့် ရုရှားကုမ္ပဏီ သုံးခုကိုလည်း အရေးယူပိတ်ဆို့ခြင်းများအပြင် ပူတင်၏ မဟာမိတ်များကို ပစ်မှတ်ထား၍ ပိုမိုကျယ်ပြန့်သော ဒဏ်ခတ်အရေးယူမှုများလည်း ပါ၀င်တယ်လို့သိရပါတယ်။
========================
📌📌 ၅။ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ NUG ပညာရေးဘုတ်အဖွဲ့နှင့် ချိတ်ဆက်၍ ကျောင်းဖွင့်ခြင်းများ လုပ်ဆောင်နိုင်ခဲ့
ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်) မှ NUG ပညာရေးဘုတ်အဖွဲ့နှင့် ချိတ်ဆက်၍ ကျောင်းဖွင့်ခြင်းများ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဇွန်လ ၁၆ ရက်မှာ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
"ကျွန်တော်တို့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်) မှ ကျွန်တော်တို့နှင့်အနီးအနားကျေးရွာများအား ကာကွယ်ရေးနှင့် ပညာရေးအတွက် ပြုလုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့မှ ကျောင်းသားမိဘများနှင့်ကျောင်းသားများအား လုံခြုံရေးတာဝန်ယူပေးခဲ့ပြီး NUG ပညာရေးဘုတ်အဖွဲ့နှင့် ချိတ်ဆက်၍ ကျောင်းဖွင့်ခြင်းများ ပြုလုပ်နိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
ယခုတွင် မြိုင်မြို့နယ်ကျေးရွာများတွင် ကျောင်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ အများအပြား ပညာသင်ကြားလျှက်ရှိပါတယ်။
========================
📌📌 ၆။ အင်းတော်မြို့နယ်တွင်CDMဆရာမနှစ်ဦးကို လာဖမ်းတာမတွေ့၍ အသက်၈၀အရွယ် မိခင်ဖြစ်သူနဲ့ ခဲအိုဖြစ်သူကို စကစရဲ့ရဲတပ်ဖွဲ့ကဖမ်းဆီး
စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်တွင်CDMဆရာမနှစ်ဦးကို လာဖမ်းတာမတွေ့၍ အသက်၈၀အရွယ် မိခင်ဖြစ်သူနဲ့ ခဲအိုဖြစ်သူကို စကစရဲတပ်ဖွဲ့ကဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။
ဇွန်လ ၁၆ ရက် ညနေ ၄ နာရီ ၁၃ အချိန် ရဲအင်အား၁၀ယောက်နဲ့ အင်းတော်မြို့နယ် ရေတွင်းကုန်းရပ်ကွက်ကို ဝင်ရောက်ဖမ်းဆီးတာလို့ အင်းတော် တော်လှန်ရေးအင်အားစုကဆိုပါတယ်။
ဇွန်လ ၁၆ ရက် ညနေ ၄ နာရီ ၁၃ အချိန် အင်းတော်မြို့ပေါ်တွင် ရဲအင်အား ဆယ်ယောက်ကျော်ခန့် ကားနဲ့မြို့ပတ်ပြီး သေနတ်တွေဖောက်နေပါတယ်။ ညနေ ၃ နာရီခန့်အချိန်ကလည်း ရေတွင်းကုန်းရပ်ကွက်တွင် သေနတ်တွေဖောက်ပြီး CDM ဆရာမနှစ်ဦးကို ဖမ်းလာတာမတွေ့၍ ဘေးအိမ်က ကျူရှင်ပြနေတဲ့ အပြင်ဆရာမနှစ်ဦးကို ဖမ်းဆီးပြီး ရိုက်နှက်၍ ပြန်လွှတ်ခဲ့ပါတယ်။ CDM ဆရာမကို မတွေ့လို့ အသက် ၈၀ အရွယ် မိခင်ဖြစ်သူနဲ့ ခဲအိုဖြစ်သူကို ဖမ်းသွားပြန်တယ်လို့ သိရပါတယ်"လို့ IR Team က ဆိုထားပါတယ်။
လက်ရှိတွင် စကစတပ်နဲ့ရဲများမှ CDM များကို ပြန်လည်ဖမ်းဆီးချုပ်နှောင်ဖို့ တကျော့ပြန် စတင်ခဲ့ပါတယ်။ လက်ရှိမှာ စကစက တစ်နိုင်ငံလုံးရှိအကျဥ်းထောင်များတွင် လူတစ်သောင်းကျော် ဖမ်းဆီးချုပ်နှောင်ထားပါတယ်။
========================
📌📌 ၇။ ၆၀ မမ အလက်ရေ (၁၀၀)ကျော် ထုတ်လုပ်အောင်မြင်၍ ၁၂၀ မမ တာဝေးပစ်လက်နက်ကို စမ်းသပ်ထုတ်လုပ်နေပြီလို့ နေပြည်တော်ပကဖ အသိပေး
၆၀ မမ အလက်ရေ (၁၀၀)ကျော် ထုတ်လုပ်အောင်မြင်၍ ၁၂၀ မမ တာဝေးပစ်လက်နက်ကို စမ်းသပ်ထုတ်လုပ်နေပြီလို့ နေပြည်တော် ပကဖ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ဇွန်လ ၁၆ ရက်နေ့မှာ ၆၀ မမ တာဝေးပစ်လက်နက် ထုတ်လုပ်အောင်မြင်ကြောင်း အသိပေးရာမှာ နေပြည်တော် ပကဖ ကဆိုပါတယ်။
"ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် စစ်ရေးတာဝန်ခံဗိုလ်တေဇ မှ ဦးဆောင်၍ ၆၀ မမ တာဝေးပစ်လက်နက်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိတွင် ၆၀မမ အလက်ရေ (၁၀၀) ကျော် ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။ ဆက်လက်၍ ၁၂၀ မမ တာဝေးပစ်လက်နက်ကို စမ်းသပ်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
၆၀ မမ ထုတ်လုပ်ရာတွင် ပူးပေါင်းပါဝင်ကူညီပေးကြပါသော ရဲဘော်များ၊ NPDF တပ်ရင်း-၈၀၂ နှင့် လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြသော မိတ်ဆွေများကို လေးစားစွာဖြင့် မှတ်တမ်းတင်အပ်ပါတယ်လို့ နေပြည်တော် ပကဖကထုတ်ပြန်ပါတယ်။
No comments:
Post a Comment