၂၀၂၂ ဇွန်လ ၂၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်တိုက်ဖျက်ရေးမှာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး ဘက်ပေါင်းစုံမှ အားနည်းလျော့ကျစေရန် တိုက်ခိုက်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ဟာ နိုင်ငံရေး၊ စစ်ရေး ဘက်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်နေကြပြီလို့ ကာကွယ်ရေးဝန်ကြီးအသိပေးပြောကြား
📌 ၃။ ကမ္ဘာက မြန်မာနိုင်ငံ ဒုက္ခတွေကို သိ၊ မြင်၊ ကြားရဲ့လားလို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
📌 ၄။ ဝေဖန်ခံနေရတဲ့ စု ရွေး လွှတ် ဆိုတာ မူဝါဒမဟုတ်ဘဲ EAOs တွေနဲ့ သဘောတူထားတဲ့ ဖက်ဒရယ်ပဋိဥာဉ်အတိုင်း ဆက်သွားမယ်လို့ NUG ခေါင်းဆောင်တွေပြော
📌 ၅။ NUGPay ၏ တရားဝင် Facebook စာမျက်နှာတွင် Blue Mark Verification ရရှိပြီ
📌 ၆။ ဦးရဲမင်းဦးကို အဂတိအမှု ၅ မှုအတွက် ထောင်ဒဏ် ၁၅ နှစ် မတရားချမှတ်
📌 ၇။ DRPA တပ်ဖွဲ့မှ M79 လက်လုပ်လောင်ချာနှင့် ၄၀ မမ ဗုံးဆံ ထုတ်လုပ်မှု အောင်မြင်
📌 ၈။ စစ်ကောင်စီ လက်အောက်ခံတပ်များအတွင်း အရာရှိနဲ့ စစ်သည်များကြား သဘောထားကွဲလွဲကာ စည်းရုံးမှု ပျက်ပြားနေ
📌 ၉။ မုံရွာနမခမှ စစ်ကိုင်းဘက်သို့ထွက်လာသော စစ်ကားတန်းအား ညီနောင်လေးဖွဲ့မှ ပဒေသာမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်တိုက်ဖျက်ရေးမှာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး ဘက်ပေါင်းစုံမှ အားနည်းလျော့ကျစေရန် တိုက်ခိုက်လျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်တိုက်ဖျက်ရေးတွင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အစရှိသည့် ဘက်ပေါင်းစုံမှ အားနည်းလျော့ကျစေရန် တိုက်ခိုက်လျက်ရှိရာ ယခုတော်လှန်ရေးသည် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးစုံ၊ ဘာသာစုံ၊ နယ်ပယ်စုံမှ လူပုဂ္ဂိုလ်များ တက်တက်ကြွကြွပါဝင်လာကြသည့်အတွက် အားလုံး၏ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်နိုင်ငံတော်သို့ ရောက်ရှိစေမှာ မလွဲပါကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်က ပြောကြားလိုက်ပါတယ်။
ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) တို့ (ပထမအကြိမ်) အစည်းအဝေး ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ KSCC မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ စုံစုံညီညီ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ဟာ နိုင်ငံရေး၊ စစ်ရေး ဘက်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်နေကြပြီလို့ ကာကွယ်ရေးဝန်ကြီးအသိပေးပြောကြား
ကျောင်းသားတပ်မတော် ABSDF စစ်သင်တန်းဆင်းပွဲသို့ ပေးပို့သော သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ဟာ နိုင်ငံရေး၊ စစ်ရေး ဘက်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်နေကြပြီလို့ ထည့်သွင်းပြောပါတယ်။
PDF တပ်မတော် ထူထောင်နိုင်ရေးအတွက် ABSDF ညီနောင်များက ကူညီအားပေးခဲ့သလို ဒီကနေ့ ပြည်သူ့ခုခံ တွန်းလှန်စစ် ဆင်နွှဲရာမှာလည်း စစ်မြေပြင်မှာ အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြပြီ ဖြစ်တယ်။ ဒါ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့အရေးတော်ပုံကြီး အပြီးသတ် အောင်ပွဲခံတဲ့အထိ တော်လှန်ရေးညီနောင်အင်အားစုများနဲ့ လက်တွဲပြီး ရှေ့ဆောင်ပါဝင်ဖို့ကိုလည်း ပြည်သူအားလုံး အားကိုးမျှော်လင့်ကြတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
========================
📌📌 ၃။ ကမ္ဘာက မြန်မာနိုင်ငံ ဒုက္ခတွေကို သိ၊ မြင်၊ ကြားရဲ့လားလို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို
ကမ္ဘာက မြန်မာနိုင်ငံ ဒုက္ခတွေကို သိ၊ မြင်၊ ကြားရဲ့လားလို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မေးခွန်းထုတ်လိုက်ပါတယ်။ ကမ္ဘာကြီးက ငါတို့ဒုက္ခတွေကိုသိရဲ့လား။ ငါတို့ဒုက္ခတွေကိုကြားရဲ့လား။ ငါတို့ဒုက္ခတွေကို မြင်ရဲ့လား။ တကယ်တော့ ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတာ လက်တွေ့အမှန်တရား၊ ငါတို့အချင်းချင်းပဲဆက်ပြီး ဖေးမကူညီကြရမယ်လို့ ဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းကာလ တစ်နှစ်ကျော် ကြာမြင့်လာချိန်မှာ ကလေးငယ် ဦးရေ ငါးသန်းခန့်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြပါတယ်။ ဒါ့အပြင် မြန်မာပြည်သူများအတွက် လူသားချင်းစာနာတဲ့ အကူအညီများပေးဖို့ အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံ လိုအပ်ချက်ရှိနေပါတယ်။
========================
📌📌 ၄။ ဝေဖန်ခံနေရတဲ့ စု ရွေး လွှတ် ဆိုတာ မူဝါဒမဟုတ်ဘဲ EAOs တွေနဲ့ သဘောတူထားတဲ့ ဖက်ဒရယ်ပဋိဥာဉ်အတိုင်း ဆက်သွားမယ်လို့ NUG ခေါင်းဆောင်တွေပြော
လူမှုကွန်ရက်မှာ ဝေဖန်မှုမြင့်တက်ခဲ့တဲ့ စုရွေးလွှတ်ဆိုတာ မူဝါဒတစ်ခုမဟုတ်ဘဲ စစ်အာဏာသိမ်းပြီး နောက်ပိုင်းထွက်ပေါ်လာတဲ့ တောင်းဆိုချက်တစ်ခုသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ဇွန်လ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ဦးထင်လင်းအောင် (ပြည်ထောင်စုဝန်ကြီး - ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန)
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့တရားဝင် ကိုယ်စားလှယ်တွေ မပါဝင်တော့ဘူးဆိုပြီး မေလကုန် ဇွန်လဆန်းမှာ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ အဲ့ဒီအခြေအနေမှာ တော်လှန်ရေးအင်အားစုတွေကြားထဲမှာ အငြင်းပွားစရာတွေဖြစ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NLD ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့တွေမကြေလည်တဲ့ သတင်းတချို့ လူမှုကွန်ရက်စာမျက်နှာတွေမှာထွက်ပေါ်ခဲ့ပါတယ်။ တိုင်းရင်းသားတွေက ဖက်ဒရယ်မူအပေါ်အခြေခံနေပြီး NLD က စုရွေးလွှတ်အပေါ်ကိုင်စွဲထားတယ်ဆိုပြီး သဘောထားကွဲလွဲမှုတချို့ရှိခဲ့တဲ့အပေါ် NUG Press Secretary Team ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အခုလိုပြောပါတယ်။
ဦးနေဘုန်းလတ် (ပြောရေးဆိုခွင့်ရှိသူ၊ NUG Press Secretary Team)
NUCC မှာ NLD ကိုယ်စားလှယ်တွေမပါဝင်တော့တာဟာ မူဝါဒရေးရာအရအားနည်းချက်ကြောင့်လားဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ NLD အပေါ်ဝေဖန်မှုတွေရှိခဲ့ပါတယ်။ စုရွေးလွှတ်လမ်းကြောင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအပေါ်တည်မှီနေသေးတဲ့သဘောမျိုးဖြစ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်အတိုင်းရှေ့ဆက်သွားမှာသာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။
ဒေါက်တာဆာဆာ (ပြည်ထောင်စုဝန်ကြီး - အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန)
တော်လှန်ရေးအင်အားစုတွေကြားထဲမှာ ဖြစ်ပေါ်နေတဲ့ သဘောထားကွဲလွဲမှုတွေဟာ ပြည်သူ့ဆန္ဒသဘောထားအပေါ်မှာပဲမူတည်ပြီး ပြည်သူကသာရွေးချယ်ရမှာဖြစ်တယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။ NLD ပါတီဝင်တွေဟာ ပြည်သူ့ဆန္ဒနဲ့ရွေးချယ်မှုအတိုင်းသာရှေ့ဆက်သွားမယ်လို့ ဆိုပါတယ်။
ဦးကျော်ဇော် (သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ)
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ NLD ထိပ်သီးခေါင်းဆောင်အားလုံးဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့အတွက် ပါတီကိုကိုယ်စားပြုပြီး မူဝါဒရေးရာအရ တာဝန်ခံပြောဆိုလုပ်ကိုင်နိုင်မယ့်သူမရှိတဲ့အတွက် အခုလိုသဘောထားကွဲလွဲမှုတွေဖြစ်လာတာလို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။ တဖက်ကကြည့်ရင်တော့ တော်လှန်ရေးကိုအတိုင်းအတာတစ်ခုအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အချင်းချင်းကြားထဲမှာ ပြောဆိုညှိနှိုင်းဖို့လိုအပ်တဲ့အခြေအနေတွေဖြစ်လာတာလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
ဒီသတင်းကို နွေဦးကေက ပေးပို့ထားတာဖြစ်ပါတယ်။
========================
📌📌 ၅။ NUGPay ၏ တရားဝင် Facebook စာမျက်နှာတွင် Blue Mark Verification ရရှိပြီ
မတရား အာဏာရယူထားတဲ့ စစ်အုပ်စုဆီကနေ ပြည်သူ့အာဏာကို ပြန်လည်ရယူနိုင်ဖို့ ယာဉ်ရထားတစ်ခုအနေနဲ့ ပါဝင်သွားမယ့် NUGPay ၏ တရားဝင် Facebook စာမျက်နှာဟာ တရားဝင်မှုအမှတ်တံဆိပ်ဖြစ်တဲ့ Blue Mark Verification ရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။
NUGPay ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၈ နိုင်ငံနဲ့ ဥရောပ နိုင်ငံများမှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ DMMK ၁ ကျပ်သည် မြန်မာငွေ ၁ ကျပ်ဖြင့် တူညီစွာ တန်ဖိုးရှိမည်ဖြစ်ကြောင်း NUGPay က ထုတ်ပြန်ပါတယ်။ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Blockchain အခြေပြု ဒစ်ဂျစ်တယ် ငွေကြေးဖြစ်ပါတယ်။
========================
📌📌 ၆။ ဦးရဲမင်းဦးကို အဂတိအမှု ၅ မှုအတွက် ထောင်ဒဏ် ၁၅ နှစ် မတရားချမှတ်
ဦးရဲမင်းဦးကို စစ်ကောင်စီက မတရားစွဲဆိုထားတဲ့ အဂတိအမှု ၅ မှုအတွက် တစ်မှုလျှင် ၃ နှစ်စီနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော် ဒုမြို့တော်ဝန်နဲ့ ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီးဖြစ်သည့် ဦးရဲမင်းဦးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းစဥ်ကတည်း ကဖမ်းဆီးခဲ့ပြီး အခု ထောင်ဒဏ် ၁၅ နှစ်ကို တရားရုံးက ဇွန်လ၂၀ ရက်နေ့က ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကြောရေးမှာ ရိုက်နှက် စစ်ဆေးမှုများကြောင့်လည်း ဦးရဲမင်းဦးဟာ ဒဏ်ရာများ ရရှိခဲ့ပါသေးတယ်။
========================
📌📌 ၇။ DRPA တပ်ဖွဲ့မှ M79 လက်လုပ်လောင်ချာနှင့် ၄၀ မမ ဗုံးဆံ ထုတ်လုပ်မှု အောင်မြင်
DRPA တပ်ဖွဲ့မှ M79 လက်လုပ်လောင်ချာနှင့် ၄၀ မမ ဗုံးဆံတို့ကို ပြီးခဲ့တဲ့ မတ်လထဲမှာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီး တိုက်ပွဲများ၌လည်းအသုံးပြုခဲ့ပြီးဖြစ်ပါတယ်လို့ DRPA က ပြောပါတယ်။
စတင် ထုတ်လုပ်ခဲ့စဉ်က လိုအပ်ချက်ရှိသည့် Weapon Design နဲ့ ပြင်းအားများကို ထပ်မံမွမ်းမံ စမ်းသပ်ကာ တိုက်ပွဲတွင်း အသုံးပြုပြီး ကောင်းမွန်သော ရလဒ်နဲ့ အတူ အောင်မြင်စွာ ထုတ်လုပ်အသုံပြုနိုင်ပြီဖြစ်ကြောင်း DRPA တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
DRPA တပ်ဖွဲ့ဟာ စစ်အာဏာရှင်အမြစ်ပြတ်ရေး တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုလည်း ဖြစ်ပါတယ်။
========================
📌📌 ၈။ စစ်ကောင်စီ လက်အောက်ခံတပ်များအတွင်း အရာရှိနဲ့ စစ်သည်များကြား သဘောထားကွဲလွဲကာ စည်းရုံးမှု ပျက်ပြားနေ
စစ်ကောင်စီ လက်အောက်ခံတပ်များအတွင်း အရာရှိနဲ့ စစ်သည်များကြား သဘောထားကွဲလွဲကာ စည်းရုံးမှု ပျက်ပြားနေကြောင်း ခမရ (၄၀၉) မှ CDM စစ်သည်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်းမှ CDM ပြုလုပ်လာသော စစ်သည်တစ်ဦး လွတ်မြောက်နယ်မြေတစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့၏စခန်းသို့ ရောက်ရှိခဲ့တယ်လို့ ဇွန်လ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံတပ်များအတွင်း စစ်သည်များ ထိခိုက်ကျဆုံးမှု များပြားခြင်းနှင့် အရာရှိ/စစ်သည်များကြား သဘောထားကွဲလွဲကာ စည်းရုံးမှု ပျက်ပြားနေကြပြီး စစ်ဆင်ရေးကာလကြာမြင့်မှုနှင့်အတူ ရှေ့တန်းစစ်ဆင်ရေး တပ်များအတွက် ရိက္ခာများ လုံလောက်စွာမရှိပဲ အခက်အခဲများ ဖြစ်ပေါ်နေကြပါတယ်လို့ ခမရ (၄၀၉) မှ CDM စစ်သည်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ စကခ (၈)၊ ခမရ (၄၀၉) မှ စစ်သည်တစ်ဦးသည် ရှေ့တန်းစခန်းတစ်နေရာမှ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေ တစ်နေရာရှိ ပြည်သူ့ပန်းတိုင်အဖွဲ့၏ စခန်းသို့ ၂၀-၆-၂၀၂၂ ရက်နေ့တွင် ရောက်ရှိလာပါတယ်။ တပ် တစ်တပ်တည်းတွင် ထိခိုက်ကျဆုံးသူများနှင့် CDM ပြုလုပ်သွားသည့် စစ်သည်များ စုစုပေါင်း ၂၀ ကျော်ခန့်ရှိသည်ဟု သိရှိရပြီး၊ PDF တပ်ဖွဲ့များ၏ မိုင်းစစ်ဆင်ရေးသည် စစ်ကောင်စီတပ်များအတွက် ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်ကြောင်းလည်း CDM စစ်သည်က ပြောပါတယ်။
========================
📌📌 ၉။ မုံရွာနမခမှ စစ်ကိုင်းဘက်သို့ထွက်လာသော စစ်ကားတန်းအား ညီနောင်လေးဖွဲ့မှ ပဒေသာမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်
ဇွန်လ ၂၁ ရက် နေ့လည်ပိုင်းက မုံရွာနမခမှ စစ်ကိုင်းဘက်သို့ထွက်လာသော စစ်ကားတန်းကို မြင်းမူမြို့နယ် ကန်ဖျားဇရပ်အနီးမှာ မဟာမိတ် ညီနောင်လေးဖွဲ့က ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force M.N.R.F က ဆိုပါတယ်။ ဇွန်လ၂၁ ရက်၊ နေ့လည် ၁ နာရီ ၂၄ မိနစ်အချိန်တွင် မုံရွာနမခမှ စစ်ကိုင်းဘက်သို့ထွက်လာသော စစ်ကားယာဥ်တန်းရှည်အား မြင်းမူမြို့နယ် ကန်ဖျားဇရပ်အနီးတွင် ကျွန်ုပ်တို့ Moe Nyo Revolution Force M.N.R.F, PENTAGRAM ငါးထောင့်ကြယ်၊ PEOPLE REVOLUTION FORCE P.R.F နှင့် People’s Guerillas Commando – Myinmu ညီနောင် လေးဖွဲ့မှ အညာအုန်းသီး ၅ လုံးဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ စကစတပ်များ အပြည့်တင်ထားသော ကားတစ်စီးမှာ လုံးဝထိမှန်ခဲ့ပြီး ဒဏ်ရာအများပြား ရရှိနိုင်ကြောင်း ဖော်ပြပါတယ်။ စကစတပ်များမှလိုက်လံပစ်ခတ်သော်လည်း ဤစစ်ဆင်ရေးတွင် ညီနောင်လေးဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
No comments:
Post a Comment