၂၀၂၂ ဇွန်လ ၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌International IDEA ၏ Head of Programme ဖြစ်သူ Mr. Marcus Brand အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့် လက်ခံတွေ့ဆုံ
📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ကြားကာလ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းနှင့် အတန်းကူးပြောင်းခြင်းဆိုင်ရာ ထုတ်ပြန်အကြံပြုချက် ထုတ်ပြန်
📌ICNCC နှင့် NUG ဆက်သွယ်ရေး၊ သတင်းအချက်လက် နှင့် နည်းပညာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
📌အကြမ်းဖက်စစ်အုပ်စု ဖွင့်လှစ်မည့် စာသင်ကျောင်းများအပေါ် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များ ကိုယ်တိုင် အကြမ်းဖက်တိုက်ခိုက်နိုင်သည်ဟူသည့် ဖြစ်နိုင်ချေကို ထည့်သွင်းစဥ်းစားရန် လူ့အခွင့်ရေးရာဝန်ကြီးဌာနတိုက်တွန်း
📌ဖယ်ခုံမြို့နယ် လဟယ်ရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီး
📌ACID Army P.D.F (MMU) နှင့် ACID Army P.D.F (MDY) မှ 9mm semi auto pistol အား အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌International IDEA ၏ Head of Programme ဖြစ်သူ Mr. Marcus Brand အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့် လက်ခံတွေ့ဆုံ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်သည် International IDEA ၏ Head of Programme, Myanmar မှ Marcus Brand အားလက်ခံတွေ့ဆုံခဲ့ပါတယ်။
ဇွန်လ ၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်သည် International IDEA ၏ Head of Programme, Myanmar မှ Marcus Brandတို့တွေ့ဆုံရာတွင်လက်ရှိမြန်မာနိုင်ငံရေး အခြေအနေများ၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ပေါ်ပေါက်လာရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှုဖြစ်စဉ်ဆိုင်ရာ ကိစ္စရပ်များတို့ကိုဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် IDEA အနေဖြင့် လက်ရှိ ကြားကာလ လွှတ်တော်လုပ်ငန်းစဉ်များအပေါ် ကူညီပံ့ပိုးမှုဆောင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းပွင့်လင်းရင်းနှီးစွာ ေပြာဆိုခဲ့ကြပါတယ်။
International IDEA ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် နားလည်မှုစာချွန်လွှာ (MOU) သက်တမ်းတိုး ရေးထိုး၍ လွှတ်တော်ဖွံ့ဖြိုးရေးအထောက်အကူပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ကူညီပံ့ပိုးနေသော မိတ်ဖက် အဖွဲ့အစည်းဖြစ်ပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ကြားကာလ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းနှင့် အတန်းကူးပြောင်းခြင်းဆိုင်ရာ ထုတ်ပြန်အကြံပြုချက် ထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ကြားကာလ ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းနှင့် အတန်းကူးပြောင်းခြင်းဆိုင်ရာ ထုတ်ပြန်အကြံပြုချက် ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ -
၁။ စစ်အာဏာရှင်ပညာရေးယန္တရားအောက် ဒူးထောက်အညံ့မခံကြဘဲ နည်းလမ်းအမျိုးမျိုးဖြင့် ပညာ သင်ယူနေကြသော ကလေးများနှင့် အကြမ်းဖက်စစ်အာဏာရှင်ကြောင့် ပညာသင်ကြားခွင့် မရသော စစ်ဘေးရှောင်ကလေးငယ်များ၏ မိဘအုပ်ထိန်းသူများအနေဖြင့် ပြည်သူ့နွေဦး တော်လှန်ရေး အောင်မြင်ပြီးချိန်တွင် မိမိတို့၏ရင်သွေးငယ်များ အတန်းနောက်ကျ ကျန်နေခဲ့မည်ကို စိုးရိမ်ပူပန် နေကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အသံကို ကောင်းမွန်စွာ နားလည်ကြားသိရပါသည်။
၂။ တရားမဝင်အကြမ်းဖက်စစ်အာဏာရှင်၏ ပညာရေးကို အသုံးချ၍ စစ်အာဏာရှင်စနစ် လည်ပတ် အောင် လုပ်ဆောင်မှုများ အားလုံးသည် တရားဝင်မှု မရှိကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး စနစ်တွင် ပြည်သူကို ကိုယ်စားပြုသည့် ပြည်နယ်/ဖက်ဒရယ် ယူနစ်ကိုယ်စားပြုနှင့် လူမျိုး/ဒေသအခြေပြု အဖွဲ့အစည်းများ၊ ကောင်စီများ၏ ပညာရေး အဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုသည်သာ တရားဝင် အသိအမှတ်ပြုမှု ဖြစ်ပါသည်။
၃။ ကြားကာလ ပြည်သူ့ပညာရေးယန္တရားဖြင့် ဆောင်ရွက်နေချိန်တွင် နည်းလမ်းအမျိုးမျိုးဖြင့် ပညာသင်ယူနေကြသော ကလေးများကို ပညာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေခဲ့သော “ကြားကာလပညာရည် စစ်ဆေးအကဲဖြတ်ခြင်း ဆိုင်ရာ လမ်းညွှန်အကြံပြုချက်” မှ သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှု (Formative Assessment) နည်းလမ်းကို အသုံးပြု၍ စစ်ဆေးအကဲဖြတ်ခြင်းနှင့် အသက်အရွယ်အလိုက် လိုအပ်သည့် ကျွမ်းကျင်တတ်မြောက်မှုများ ရရှိသည်ဟု ယူဆပါကလည်း ကိုယ်ပိုင်သတ်မှတ်ချက်ဖြင့် အတန်းအဆင့်ဆင့်ကူးပြောင်း၍ ဆက်လက်သင်ယူခြင်းကို ဆောင်ရွက်နိုင်ပါသည်။
၄။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုပညာသင်နှစ်တွင် ပြည်သူ့ပညာရေးကျောင်းများအား အသိအ မှတ်ပြုမူဝါဒများနှင့်အညီ အသိအမှတ်ပြု၍ လိုအပ်သောထောက်ပံ့မှုများပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ စီဒီအမ်ဆရာ၊ ဆရာမများ၊ မိဘ/အုပ်ထိန်းသူများ၊ ရပ်ရွာလူမှု အဖွဲ့အစည်းများနှင့် ပြည်သူများကလည်း အွန်လိုင်းတွင်သာမက မြေပြင်တွင်ပါ ပြည်သူ့ပညာရေးကျောင်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ပိုမိုဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ကြားကာလ ပညာသင်ကြားရေးကို ဆောင်ရွက်နေကြသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးနှင့် ဆက်သွယ်ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ၏ သင်ယူတတ်မြောက်မှုကို အသိအမှတ်ပြုခြင်း၊ အတန်းကူးပြောင်းခြင်း၊ ကျောင်းကူးပြောင်း သင်ကြား ခြင်းဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါသည်။
၅။ ကြားကာလပညာသင်ကြားရေးကို ကူညီဆောင်ရွက်နေကြသော ဆရာ/ဆရာမများနှင့် မိဘ/အုပ်ထိန်း သူများအတွက် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ
ဗဟုသုတနှင့် ကျွမ်းကျင်မှု ပိုမိုရရှိစေရန် အထောက်အကူပြု ဗွီဒီယိုများ၊ ရင်းမြစ်များကို စီစဉ်လျက်ရှိပြီး ယခုပညာသင်နှစ်အတွင်း ဖြန့်ဝေ ပေးသွားမည် ဖြစ်ပါသည်။
၆။ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ချိန်တွင် ယခုကြားကာလအတွင်း ပညာသင်ယူခွင့်မရသော ကလေးများအပါအဝင် ကျောင်းသား၊ ကျောင်းသူတိုင်းသည်
၎င်းတို့၏အသက်နှင့် ကိုက်ညီသည့် အတန်းတွင် (ဥပမာ - အသက် ၅ နှစ်ပြည့်ပြီးသော ကလေးအားလုံးသည် KG ၊ အသက် ၉ နှစ်ပြည့် ပြီးသော ကလေးအားလုံးသည် Grade 4 စသည်ဖြင့်) စတင်တက်ရောက် သင်ယူနိုင်ရန် ပညာရေး ဝန်ကြီးဌာနမှ တင်ပြမှုကို အခြေခံ ပညာရေးညီလာခံ (၂၀၂၂) က သဘောတူခဲ့ကြပါသည်။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သော ပံ့ပိုးသင်ကြားမှု အစီအစဉ်များ ဖြည့်ဆည်းဆောင်ရွက် ပေးရန် ဘာသာရပ်နှင့် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ ပြည်တွင်း ပြည်ပ ပညာရှင်များနှင့်အတူ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။
၇။ သို့ပါ၍ မိဘပြည်သူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် လူမှုအဖွဲ့အစည်းများ အနေဖြင့် မိမိတို့ရပ်ရွာအတွင်း ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိစေရေးနှင့် ပြည်သူ့ပညာရေးယန္တရား ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် အကြမ်းဖက်စစ်ကောင်စီ၏ နည်းမျိုးစုံဖြင့် ဖိနှိပ်နေမှုများကို ကြံ့ကြံ့ခံလျက် အချင်းချင်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေး၊ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးတို့တွင် ဆက်လက်ပါဝင်ပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
========================
📌📌ICNCC နှင့် NUG ဆက်သွယ်ရေး၊ သတင်းအချက်လက် နှင့် နည်းပညာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်လက် နှင့် နည်းပညာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဘက်မှ ဆက်သွယ်ရေးပိုင်းဆိုင်ရာ အခက်ခဲများကြုံတွေ့နေမှုများကို ဆက်သွယ်ရေး၊ သတင်းအချက်လက် နှင့် နည်းပညာဝန်ကြီးဌာနဝန်ကြီးဌာနက ကူညီပေးနိုင်ရေးနှင့် ချင်းပြည်နှင့် ချင်းတိုင်းရင်းသားများအတွက် လုပ်ဆောင်ချက်များကို ဒေသခံတိုင်းရင်းသားများ သိရှိနားလည်သဘောပေါက်စေရန်အလို့ငှါ ပြန်ကြားပေးဖို့ စတဲ့ ကဏ္ဍကြီး (၂) ရပ်ကို ဆွေးနွေးတိုင်ပင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဆက်သွယ်ရေးပြတ်တောက်နေသည့် ချင်းပြည်နယ်၏ ဒေသအသီးသီးကို ဆက်သွယ်ရေးပြန်လည်ကောင်းမွန်လာစေရန်နှင့် ဆက်သွယ်ရေးကဏ္ဍများ တိုးတက်လာစေဖို့ မည်ကဲ့သို့ ပုံဖော်ပူးပေါင်းလုပ်ဆောင်သွားကြမည်ဆိုသည်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းအချက်လက်စီးဆင်းမှု ဖေါ်ဆောင်ရေးအတွက် မီဒီယာမဏ္ဍိုင်အဖြစ် PVTV နှင့် Radio NUG ရှိပြီးဖြစ်ကြောင်း ၊ လက်ရှိတွင် ချင်းဘာသာစကား (၄) မျိုးကို ထုတ်လွှင့်တင်ဆက်နေပြီဖြစ်သလို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ပြီး ICNCC ကတောင်းဆိုမှုများကိုလည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ပြန်ကြားပေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲကို ဆက်သွယ်ရေး၊ သတင်းအချက်လက် နှင့် နည်းပညာဝန်ကြီးဌာနဝန်ကြီး ဦးထင်လင်းအောင် နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ အလှည့်ကျသဘာပတိအဖွဲ့ဝင်များ၊ ချင်းအမျိုးသားခေါင်းဆောင်များ၊ မြို့နယ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌အကြမ်းဖက်စစ်အုပ်စု ဖွင့်လှစ်မည့် စာသင်ကျောင်းများအပေါ် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များ ကိုယ်တိုင် အကြမ်းဖက်တိုက်ခိုက်နိုင်သည်ဟူသည့် ဖြစ်နိုင်ချေကို ထည့်သွင်းစဥ်းစားရန် လူ့အခွင့်ရေးရာဝန်ကြီးဌာနတိုက်တွန်း
ဇွန်လ ၃ ရက်နေ့တွင် NUG လူ့အခွင့်ရေးရာဝန်ကြီးဌာနမှအကြမ်းဖက်စစ်အုပ်စုမှ စာသင်ကျောင်းများ ဖွင့်လှစ်ရန် ကြိုးပမ်းမှုအပေါ် ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံကိုအုပ်ချုပ်နိုင်သည်ဟု ပုံဖော်နိုင်ရန်အလို့ငှာ စာသင်ကျောင်းများကို ဖွင့်လှစ်ရန်ကြိုးပမ်းလျက်ရှိပါတယ်။ ထိုသို့ကြိုးပမ်းမှုသည် နိုင်ငံ၏အနာဂတ်ဖြစ်သော ကလေး သူငယ်များကို ၎င်းတို့၏နိုင်ငံရေးအကျိုးအမြတ်အတွက်အသုံးချခြင်းဖြစ်သည့် ယုတ်ညံ့သော အကြံ အစည်တစ်ခုဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပညာရေး၀န်ကြီးဌာနတို့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်" လို့ ဖော်ပြထားပါတယ်။
ထို့အတူ တော်လှန်ရေး အင်အားစုများကို နိုင်ငံတကာမှ အထင်အမြင် လွဲမှားစေရန် အလို့ငှာ နိုင်ငံ၏ အနာဂတ်များဖြစ်သော ကလေးသူငယ်များကို စစ်အုပ်စုမှ အလားတူ ယုတ်မာစွာ အကြမ်းဖက်တိုက်ခိုက်မည်ကို အထူးစိုးရိမ်ပါတယ် စသည်တို့ကို လူ့အခွင့်ရေးရာဝန်ကြီးဌာနက တိုက်တွန်းထားပါသေးတယ်။
========================
📌📌ဖယ်ခုံမြို့နယ် လဟယ်ရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီး
ဖယ်ခုံမြို့နယ် လဟယ်ရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇွန်လ ၃ ရက်၊ မွန်းလွဲ ၂:၃၀ အချိန် စကစနှင့် အပေါင်းအပါတို့က လဟယ်ရွာကို မီးရှို့ခဲ့တာလို့ သတင်းရရှိပါတယ်။
"စကစနှင့်အပေါင်းအပါတို့က လဟယ်ရွာရှိ ပြည်သူပိုင်အိုးအိမ်များကို ဒုတိယအကြိမ် အကြောင်းမဲ့သက်သက် မီးတင်ရှို့ခဲ့ပြန်ပါတယ်" လို့ ဖယ်ခုံ PDF တပ်ရင်း ၂ က ဆိုပါတယ်။
လတ်တလော အိုးအိမ် မည်မျှ ပျက်စီးကြောင်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်းသိရှိရပါတယ်။ ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင်လည်း လဟယ်ရွာရှိ ပြည်သူပိုင်အိုးအိမ်များကို စကစတပ်များက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
========================
📌📌ACID Army P.D.F (MMU) နှင့် ACID Army P.D.F (MDY) မှ 9mm semi auto pistol အား အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့
ACID Army P.D.F (MMU) နှင့် ACID Army P.D.F (MDY) မှ 9mm semi auto pistol အား အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဇွန်လ ၃ ရက်နေ့မှာ 9mm semi auto pistol များ ထုတ်လုပ်နိုင်ကြောင်း ACID Army P.D.F (MMU)ကဖော်ထုတ်ပြသခဲ့ပါတယ်။ အဆိုပါ 9mm semi auto pistol ကို ACID Army P.D.F (MMU) နှင့် ACID Army P.D.F (MDY) မှ ပူးပေါင်းထုတ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင်Acid Army P.D.F MMU မှ ရဲစွမ်း သတ္တိ ပြည့်ဝပြီး ထူးချွန် ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်သော အထူးလက်ရွေးစင် ကွန်မန်ဒို တပ်ရင်း (၁) ရဲဘော်များအတွက် ပထမဆုံးအကြိမ် လက်နက် တပ်ဆင်ပေးနိုင်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment