၂၀၂၂ ဇူလိုင်လ ၁၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာနိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုအားလုံးကို စစ်ခေါင်းဆောင်များခိုးယူခဲ့တယ်လို့ဆို
📌 ၂။ စစ်အုပ်စုကြောင့်တိမ်းရှောင်နေရတဲ့ ပြည်သူများဟာတော်လှန်နေတဲ့ ပြည်သူများဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအားပေးစကားပြောကြား
📌 ၃။ ကမ်းလက်လွှမ်းခြုံ ဇွန်ပန်းရုံ မိုးရာသီ ကျပ်သိန်း 500 Project ကို NUG နဲ့ (R.T.M) အဖွဲ့တို့ပူးပေါင်းရှာဖွေ၍စစ်ဘေးရှောင်အမျိုးသမီးကိုကူညီထောက်ပံ့မယ်
📌 ၄။ “ဖိလေကြွလေ ရန်ကုန်မြေ" စာသားပါ ဘန်နာကိုင်ဆွဲပြီး လုံခြုံရေးတင်းကြပ်တဲ့ ရန်ကုန်မြို့မှာလူငယ်များဆန္ဒပြ
📌 ၅။ မော်လိုက်ခရိုင်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားလုံး ချက်ချင်းနှုတ်ထွက်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မော်လိုက်ခရိုင်ကထုတ်ပြန်
📌 ၆။ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးများ တင်းမာနေ၍ ခရီးသွားလာခြင်းမပြုရန် PDF Kalay တပ်ရင်း ၁ ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာနိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုအားလုံးကို စစ်ခေါင်းဆောင်များခိုးယူခဲ့တယ်လို့ဆို
မြန်မာနိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုအားလုံးကို စစ်ခေါင်းဆောင်များခိုးယူခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောကြားလိုက်ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့ကျင်းပတဲ့ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဖွားများတွေ့ဆုံပွဲ (ဒုတိယအကြိမ်) မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။
"မြန်မာနိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုအားလုံးကို စစ်ခေါင်းဆောင်တွေက ခိုးတယ်။ ခိုးယူတဲ့ကြွယ်ဝချမ်းသာမှုအားကို လက်နက် ဝယ်တယ်။ အဲဒီဝယ်တဲ့လက်နက်နဲ့ကျနော်တို့ကို ပြန်သတ်တယ်။ ပြန်ဖျက်ဆီးတယ်။အဲဒီလိုသံသရာလည်နေမယ်။ကျနော်တို့ဟာ နဂိုကဆင်းရဲတာမဟုတ်ဘူး။ သူတို့ကြောင့်ဆင်းရဲသွားရတာဖြစ်တယ်။ တရားခံကသူတို့ပဲ"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ စစ်တပ်ကနိုင်ငံတော်အာဏာကိုမတရားသိမ်းယူခဲ့ပါတယ်။ ယင်းနောက် နိုင်ငံတော်ပိုင်သယံဇာတများကိုတရားမဝင် ထုတ်ယူရောင်းချခဲ့ပါတယ်။
========================
📌📌 ၂။ စစ်အုပ်စုကြောင့်တိမ်းရှောင်နေရတဲ့ ပြည်သူများဟာတော်လှန်နေတဲ့ ပြည်သူများဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအားပေးစကားပြောကြား
စစ်အုပ်စုကြောင့်တိမ်းရှောင်နေရတဲ့ ပြည်သူများဟာတော်လှန်နေတဲ့ ပြည်သူများဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအားပေးစကားပြောကြားပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက မြန်မာစစ်ရှောင်ဒုက္ခသည်များကို အားပေးစကားပြောကြားခဲ့ပါတယ်။
"ကျနော်တို့ဟာ စစ်ရှောင်တွေမဟုတ်ပါဘူး။ ကျနော်တို့ဟာ ဒုက္ခသည်တွေ မဟုတ်ပါဘူး။ ကျနော်တို့ဟာ စစ်အာဏာရှင်ကိုတော်လှန်တဲ့၊ စစ်အာဏာရှင်စနစ်ကို လက်မခံတဲ့၊ စစ်အာဏာရှင် အကြမ်းဖက် စစ်အုပ်စုရဲ့ အုပ်စိုးမှုကို လက်မခံတဲ့တော်လှန်ရေး တပ်သားများသာဖြစ်ပါတယ်။ တော်လှန်တဲ့ ပြည်သူများပဲဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ၁.၂ သန်းခန့် ရှိသော မြန်မာပြည်သူလူထု ကတော့ အိုးမဲ့အိမ်မဲ့ဖြစ်နေကြပြီး တောတောင်ထဲရှိ ဒုက္ခသည် စခန်းများတွင် နေနေကြရပါတယ်။ လူဦးရေ ၂၅ သန်းက ဆင်းရဲတွင်း နက်နေပြီး ၁၄ သန်းကျော်က လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတာဖြစ်ပါတယ်။
========================
📌📌 ၃။ ကမ်းလက်လွှမ်းခြုံ ဇွန်ပန်းရုံ မိုးရာသီ ကျပ်သိန်း 500 Project ကို NUG နဲ့ (R.T.M) အဖွဲ့တို့ပူးပေါင်းရှာဖွေ၍စစ်ဘေးရှောင်အမျိုးသမီးကိုကူညီထောက်ပံ့မယ်
ကမ်းလက်လွှမ်းခြုံ ဇွန်ပန်းရုံ မိုးရာသီ ကျပ်သိန်း 500 Project ကို NUG နဲ့ (R.T.M) အဖွဲ့တို့ပူးပေါင်းရှာဖွေ၍စစ်ဘေးရှောင်အမျိုးသမီးကိုကူညီထောက်ပံ့မယ်လို့ဆိုပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာ အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်ရေးရာဝန်ကြီးဌာနကဖော်ပြပါတယ်။
အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်ရေးရာဝန်ကြီးဌာန နှင့် ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ လူငယ်၊လူလတ်များနှင့်ဖွဲ့စည်းထားသော Revolution Tokyo Myanmar (R.T.M) အဖွဲ့တို့ ပူးပေါင်းပြီး မိုးတွင်းမှာအခက်အခဲပေါင်းစုံကြုံတွေ့နေရတဲ့စစ်ဘေးရှောင် အမျိုးသမီးများအတွက် စားနပ်ရိက္ခာနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ လိုအပ်သောဆေးဝါးများထောက်ပံ့ခြင်းနှင့် ပြည်တွင်းအနှံ့မှာ အခက်အခဲတွေကြားကနေ ကျရာတာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးများအတွက် ရန်ပုံငွေ ကံစမ်းမဲလက်မှတ် ရောင်းချသွားမှာဖြစ်ပါတယ်။
ကံစမ်းမဲအစီအစဉ်မှာ တန်ဖိုးကြီးကံစမ်းမဲ ပစ္စည်းပေါင်း (၇) မျိုးနဲ့ CMD ဝန်ထမ်းများရဲ့ အသွင်မရိုးတဲ့ တစ်ချောင်းလေးထိုးလေးတွေကို အထူးဆု (၆) မျိုးအနေနဲ့ ထည့်ထားပေးတာဖြစ်ပါတယ်။ ကံစမ်းမဲလက်မှတ်များကို Revolution Tokyo Myanmar (R.T.M) ရဲ့ messenger မှာ လာရောက်စုံစမ်းဝယ်ယူနိုင်ပါတယ်။
========================
📌📌 ၄။ “ဖိလေကြွလေ ရန်ကုန်မြေ" စာသားပါ ဘန်နာကိုင်ဆွဲပြီး လုံခြုံရေးတင်းကြပ်တဲ့ ရန်ကုန်မြို့မှာလူငယ်များဆန္ဒပြ
“ဖိလေကြွလေ ရန်ကုန်မြေ" စာသားပါ ဘန်နာကိုင်ဆွဲပြီး လုံခြုံရေးတင်းကြပ်တဲ့ ရန်ကုန်မြို့မှာလူငယ်များဆန္ဒပြခဲ့ကြပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကိုလုပ်ဆောင်ခဲ့ပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း (Sc Strike) မှ ဦးဆောင်ကာ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစု၊ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Labour Alliance အဖွဲ့ဝင် (CTUM)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၊ Revolution Force(RF)၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု( AJAY) တို့မှ စနစ်တကျ ညီညွတ်စွာ ပူးပေါင်းဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်များရဲ့ ပြည်သူလူထုအပေါ် မတရားဖိနှိပ်မှုများ၊ သပိတ်စစ်ကြောင်းများအား လူမဆန်သောနည်းလမ်းများဖြင့် ရက်စက်စွာဖြိုခွဲခြင်းများ၊ တော်လှန်ရေးအင်အားစုများအပေါ် အလွန်တရာ ဖိနှိပ်မှုများ ပြုလုပ်နေသော်လည်း မိမိတို့တော်လှန်ရေးအင်အားစုများသာမက ပြည်သူလူထုတစ်ရပ်လုံးက အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ရရာနည်းဖြင့်တော်လှန်လျှက်ရှိကြောင်းသိစေလိုသော ရည်ရွယ်ချက်နဲ့ သပိတ် ပွဲကို ပြုလုပ်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
========================
📌📌 ၅။ မော်လိုက်ခရိုင်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားလုံး ချက်ချင်းနှုတ်ထွက်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မော်လိုက်ခရိုင်ကထုတ်ပြန်
မော်လိုက်ခရိုင်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားလုံး ချက်ချင်းနှုတ်ထွက်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မော်လိုက်ခရိုင်ကထုတ်ပြန်ပါတယ်။ ဇူလိုင် (၁၀) ရက် နေ့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မော်လိုက်ခရိုင် တာဝန်ခံကထုတ်ပြန်တာပါ။
"ယခုအခါ မော်လိုက်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားလျှက်ပြည်သူ့အုပ်ချုပ်ရေးအာဏာကို ထူထောင်နေပြီဖြစ်ပါတယ်။ထို့အတွက် အမျိုးသားညီညွတ်ရေး အစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ/ရပ်ကွက် ၊မြို့နယ်နှင့်ခရိုင် အဆင့်ဆင့်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်လျှက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို စတင်လည်ပတ်လျှက်ရှိတယ်" လို့ဖော်ပြပါတယ်။
ထို့အတွက်ကြောင့်အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် တရားမဝင်တာဝန်ထမ်းဆောင်လျှက်ရှိတဲ့ အဆင့်ဆင့်သောအုပ်ချုပ်ရေးတာဝန်ယူနေသူအားလုံး(၁၀)ရက်အတွင်းရာထူးတာဝန်မှ စွန့်ခွာကြရန်၊ မိမိတာဝန်ကျရာ နယ်မြေမှစွန့်ခွာကြရန် ညွှန်ကြားလိုက်တယ်လို့ဖော်ပြပါတယ်။ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက အကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင်ကာယကံမြောက်ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်စည်းကို နှောင့်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာအရေးယူဆောင်ရွက်မယ်လို့ထုတ်ပြန်ပါတယ်။
========================
📌📌 ၆။ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးများ တင်းမာနေ၍ ခရီးသွားလာခြင်းမပြုရန် PDF Kalay တပ်ရင်း ၁ ဆို
ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးများ တင်းမာနေ၍ ခရီးသွားလာခြင်းမပြုရန် PDF Kalay တပ်ရင်း ၁ ကဆိုပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာ PDF Kalay တပ်ရင်း၁ကထုတ်ပြန်ပါတယ်။
"ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးများ တင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပေါ်လာနိင်သောကြောင့် မိဘပြည်သူများအနေဖြင့် ကလေးမြို့နယ်တောင်ပိုင်းသို့ ခရီးသွားလာခြင်းများ မလုပ်ဆောင်ကြပါရန် အထူးသတိပေး အပ်ပါတယ်"လို့ PDF Kalay တပ်ရင်း၁က ရဲဘော်တစ်ဦးကဆိုပါတယ်။ ကလေးမြို့နယ် တောင်ပိုင်းကို စကစတပ်များဟာ ထိုးစစ်ဆင်ဖို့ အင်အားဖြည့်တင်းထားပြီး ယခင်လများကလည်း ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။
========================
📌📌 ၇။ ဖယ်ခုံမြို့မရဲစခန်းနှင့်ထွေ/အုပ်ရိပ်သာတို့အားဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ က လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်
ဖယ်ခုံမြို့မရဲစခန်းနှင့်ထွေ/အုပ်ရိပ်သာတို့အားဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ က လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ က RPG နှင့် 79 တို့နဲ့ ပစ်ခတ်ခဲ့ပါတယ်။
"ဇူလိုင် ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင်ဖယ်ခုံမြို့မရဲစခန်းနှင့်ထွေ/အုပ်ရိပ်သာတို့အားဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း၂ က RPG နှင့် 79 တို့ကိုအသုံးပြု၍ သတိပေးပစ်ခတ်တိုက်ခိုက်မှု့များပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ရဲနှင့် ထွေအုပ်အပါအဝင် NON-CDM ဝန်ထမ်းများဟာ ယနေ့တိုင် စစ်ကောင်စီကို သစ္စာခံ၍ ပြည်သူအပေါ်သစ္စာစောင့်သိမှု့မရှိ၍ သတိပေးပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း၂ ကဖော်ပြပါတယ်။
No comments:
Post a Comment