၂၀၂၂ ဇူလိုင်လ ၂၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ရေးအရှိန်မြင့်လာသလိုစစ်ကောင်စီဘက်မှ ယိမ်းယိုင်ပြိုလဲလာနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်ရဲ့ သားကြီးဖြစ်သူကွယ်လွန်သွားမှုအပေါ် နိုင်ငံခြားရေးဝန်ကြီး ဝမ်းနည်းစကားဆို
📌 ၃။ တော်လှန်ရေးအောင်စိတ်ဖြင့် ဘဏ္ဍာရန်ပုံငွေ ကိစ္စရပ်တွေကို ပြည်သူများအနေနဲ့ မဆုတ်မနစ် ပူးပေါင်းပါဝင်ဖို့အရေးကြီးတယ်လို့ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြော
📌 ၄။ ပြည်ပရောက် မြန်မာများအား MFDMC မှာ ထောက်ပံ့ရေးတပ်ဖွဲ့ဝင်များအဖြစ်ပါဝင်ရန် ဒုဝန်ကြီးအိသဉ္ဇာဇာမောင်တိုက်တွန်း
📌 ၅။ အခွန်ဘဏ္ဍာတွေကို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ လူ့အခွင့်အရေးအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ရပ် တည်ဆောက်ရေးမှာ အကောင်းဆုံးအသုံးပြုနေတယ်လို့ဆို
📌 ၆။ ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့်တိုက်ပွဲတွင် စကစစစ်ကြောင်းမှူး ဗိုလ်ကြီး သေဆုံးခဲ့
📌 ၇။ ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းမှုဖြစ်တဲ့ ဆင်းရဲမှု လျော့ကျရေး ဆောင်ရွက်ချက်များ နောက်ပြန်လှည့်လျက်ရှိကြောင်း မြန်မာအခြေအနေကို ကမ္ဘာ့ဘဏ်ထုတ်ပြန်
📌 ၈။ G 11 Old နှင့် G 11 New ဘောဂဗေဒနှင့် ဇီဝဗေဒ ကူညီသင်ကြားပေးနိုင်မယ့်ဆရာများဆက်သွယ်ပေးရန် ပဲခူးဖက်ဒရယ်စကူးလ်ကနှိုးဆော်ထား
📌 ၉။ ရုရှားထုတ်ဟောင်းဝစ်ဇာ ပုံစံ ၈၁ မမများ အလက်ရေရာနဲ့ ချီထုတ်လုပ်နိုင်ရန် ပြင်ဆင်နေတယ်လို့ နေပြည်တော် ပကဖအသိပေး
📌 ၁၀။ MG6 ပြောက်ကျားတပ် (မြင်းခြံခရိုင်တပ်ရင်း ၅) မှတလအတွင်း မိုင်းအလုံး (၂၀၀) စတင်ထုတ်လုပ်မယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ရေးအရှိန်မြင့်လာသလိုစစ်ကောင်စီဘက်မှ ယိမ်းယိုင်ပြိုလဲလာနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
စစ်ရေးအရှိန်မြင့်လာသလိုစစ်ကောင်စီဘက်မှ ယိမ်းယိုင်ပြိုလဲလာနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဇူလိုင်၂၁ ရက်နေ့ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၂၁/၂၀၂၂) မှာ ပြောကြားလိုက်ပါတယ်။
"တက်ရောက်လာကြသော အစိုးရအဖွဲ့ဝင်များ ဘေးကင်းရန်ကွာရှိကြပါစေကြောင်း၊ စစ်ရေးအရှိန်မြင့်လာသလိုစစ်ကောင်စီဘက်မှ ယိမ်းယိုင်ပြိုလဲလာနေသောကြောင့် ကော်မတီအနေဖြင့် လုပ်ငန်းစဥ်များအား ဖြစ်ပေါ်နေသောအခြေနေများကိုအသုံးချကာ ကြိုးစားဖို့လိုကြောင်း၊ တစ်နှစ်အတွင်းဆောင်ရွက်ခဲ့သော မူဝါဒများ၊လုပ်ငန်စဥ်များနှင့်စီမံဆောင်ရွက်မှုများအပေါ် ထိုက်သင့်သော အတွေ့အကြုံများရရှိပြီးဖြစ်လို့ ဆက်လက်တိုးချဲ့ဒေသများအတွက် စနစ်တကျစီစဥ်ထားရန်လိုကြောင်း၊လက်ရှိစိုးမိုးနယ်မြေများ၏ ဆောင်ရွက်ချက်များကို မျက်ခြေမပြတ်ဘဲ စနစ်တကျဆောင်ရွက်ရန်လိုကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၀/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းနိုင်ရေးနှင့်ပတ်သက်ပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီ ဒုတိယဥက္ကဌ (၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်ရဲ့ သားကြီးဖြစ်သူကွယ်လွန်သွားမှုအပေါ် နိုင်ငံခြားရေးဝန်ကြီး ဝမ်းနည်းစကားဆို
အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်ရဲ့ သားကြီးဖြစ်သူကွယ်လွန်သွားမှုအပေါ် နိုင်ငံခြားရေးဝန်ကြီး ဝမ်းနည်းစကားဆိုလိုက်ပါတယ်။ ဇူလိုင်၂၁ ရက်နေ့လူမှုကွန်ရက်မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ရေးသားပြောကြားခဲ့ပါတယ်။
"အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်၏ သားကြီးဖြစ်သူ အန်ကယ်ဦးတင်မြင့် ကွယ်လွန်ဆုံးပါးသွားကြောင်း ကြားသိရသဖြင့် မိသားစုနှင့်ထပ်တူကြေကွဲဝမ်းနည်းရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဇူလိုင်၂၁ ရက် နံနက်ပိုင်းမှာ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ သားကြီးဦးတင်မြင့်ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဦးတင်မြင့်ဟာ အသက် ၈၂ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၃။ တော်လှန်ရေးအောင်စိတ်ဖြင့် ဘဏ္ဍာရန်ပုံငွေ ကိစ္စရပ်တွေကို ပြည်သူများအနေနဲ့ မဆုတ်မနစ် ပူးပေါင်းပါဝင်ဖို့အရေးကြီးတယ်လို့ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြော
တော်လှန်ရေးအောင်စိတ်ဖြင့် ဘဏ္ဍာရန်ပုံငွေ ကိစ္စရပ်တွေကို ပြည်သူများအနေနဲ့ မဆုတ်မနစ် ပူးပေါင်းပါဝင်ဖို့အရေးကြီးတယ်လို့ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောကြားလိုက်ပါတယ်။ ဇူလိုင်လအတွင်း ပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရတွေ့ဆုံပွဲမှာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဦးတင်ထွန်းနိုင်ကပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ အနေနဲ့ တော်လှန်ရေးအောင်စိတ်ဖြင့် ဘဏ္ဍာရန်ပုံငွေ ကိစ္စရပ်တွေကို ပြည်သူများအနေဖြင့် မဆုတ်မနစ် ပူးပေါင်းပါဝင်ဖို့ အရမ်းအရေးကြီးပါတယ်။ပြည်သူများ၏ လက်တွဲပူးပေါင်း ပါဝင်မှုနဲ့ ဒီအထိ ရောက်လာခဲ့ပြီး ဖြစ်ပါတယ်။ တစ်ဖက်က ရန်သူကလည်း တော်တော်အခြေအနေဆိုးဝါးနေကြတာကို တွေ့မြင်နေရပြီး ဖြစ်တာကြောင့် တော်လှန်ပြည်သူများအနေဖြင့် ဒီပွဲမှာ ဆက်တွန်းကြဖို့ လိုပါတယ်။"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ငွေတိုက်စာချုပ်ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၃၈ သန်းဝန်းကျင်ရရှိထားပြီး အာဏာရှင်အဆုံးသတ် EOD စီမံကိန်းပရော့ဂျက်မှ ၁၄/အင်းလျားနေအိမ်အစုရှယ်ယာရောင်းချရမှုဟာ ၈ သန်းနီးပါးရှိပါတယ်။
========================
📌📌 ၄။ ပြည်ပရောက် မြန်မာများအား MFDMC မှာ ထောက်ပံ့ရေးတပ်ဖွဲ့ဝင်များအဖြစ်ပါဝင်ရန် ဒုဝန်ကြီးအိသဉ္ဇာဇာမောင်တိုက်တွန်း
ပြည်ပရောက် မြန်မာများအား MFDMC မှာ ထောက်ပံ့ရေးတပ်ဖွဲ့ဝင်များအဖြစ်ပါဝင်ရန် ဒုဝန်ကြီးအိသဉ္ဇာဇာမောင်တိုက်တွန်းထားပါတယ်။ ဇူလိုင်လအတွင်း အမျိုးသမီးလူငယ်နှင့်ကလေးသူငယ် ၀န်ကြီးဌာန ဒုဝန်ကြီး အိသဉ္ဇာဇာမောင်က လူမှုကွန်ရက်မှာဆိုထားပါတယ်။
"MFDMC ဟာ ထောက်ပံ့တပ်သားစုဆောင်းရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင် အသိအမှတ်ပြုထားတဲ့ ပြည်ပရောက်ထောက်ပံ့ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။အမိမြေအတွက် ရှေ့တန်းကနေ အသက်စွန့်ပြီး ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းရွက်နေတဲ့ ရဲဘော်များကို ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် MFDMC က ထောက်ပံ့ရေးတပ်ဖွဲ့ဝင်များကို စုဆောင်းနေပါတယ်။ မိမိတို့ရောက်ရှိရာ နိုင်ငံ၊ဒေသအလိုက် နီးစပ်ရာကို ဆက်သွယ်စုံစမ်း ပါဝင်နိုင်ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။ မြန်မာများဟာ ပြည်ပမှာ ရောက်ရှိနေပေမယ့် တော်လှန်ရေးရဲ့ အရေးကြီးသော ထောက်ပို့တပ်သားအဖြစ် အလိုရှိတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၅။ အခွန်ဘဏ္ဍာတွေကို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ လူ့အခွင့်အရေးအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ရပ် တည်ဆောက်ရေးမှာ အကောင်းဆုံးအသုံးပြုနေတယ်လို့ဆို
အခွန်ဘဏ္ဍာတွေကို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ လူ့အခွင့်အရေးအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ရပ် တည်ဆောက်ရေးမှာ အကောင်းဆုံးအသုံးပြုနေတယ်လို့ဆိုပါတယ်။ ဇူလိုင်လအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်တွင်းအခွန်များဦးစီးဌာနကကြေညာပါတယ်။
"လုပ်ငန်းရှင်ကြီးများအနေနဲ့ တော်လှန်ရေးရဲ့ ချိန်ခွင်လျှာကို ပြည်သူ့ဘက်က အလေးသာဖို့ အမျိုးသားညီညွတ်ရေးအစိုးရသို့ အခွန်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။ ယခုလို ပြည်သူ့ဘက်ရပ်တည်တဲ့ လုပ်ငန်းရှင်တွေရဲ့ အင်အားကို အများကြီးလိုအပ်နေပါတယ်။ မိမိလုပ်ငန်း ရေရှည်ကြီးပွားတိုးတက်အောင် အထောက်အပံ့ပေးနိုင်မယ့် ပတ်ဝန်းကျင်ကောင်းတစ်ခုရဖို့ ပြည်သူနဲ့တသားတည်း အချိန်မီရပ်တည်ဖို့လိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရမှလည်း ကောက်ခံရရှိတဲ့ အခွန်ဘဏ္ဍာတွေကို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ပြည်သူလူထုလိုလားတဲ့ လူ့အခွင့်အရေးအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ရပ် တည်ဆောက်ရေးမှာ အကောင်းဆုံးအသုံးပြုနေကြောင်း အသိပေးလိုပါတယ်"လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်တွင်းအခွန်များဦးစီးဌာနမှ လုပ်ငန်းရှင်များ လွယ်ကူလျင်မြန်စွာ အခွန်ပေးဆောင်နိုင်ဖို့လည်း အကြောင်းကြားစာများပေးပို့လျက်ရှိပါတယ်။
========================
📌📌 ၆။ ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့်တိုက်ပွဲတွင် စကစစစ်ကြောင်းမှူး ဗိုလ်ကြီး သေဆုံးခဲ့
ပြည်သူ့ကာကွယ်ရေးတပ်သားများနဲ့ တိုက်ပွဲမှာစစ်ကောင်စီစစ်ကြောင်းမှူး ဗိုလ်ကြီး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊မနက် (၁၀:၃၀) နာရီခန့်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော် ဘက်မှသွားသော စကစ တပ်သား (၁၀၀) ခန့်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကလေး) တပ်ရင်း (၆) တို့တိုက်ပွဲ ပြင်းထန် စွာဖြစ်ပွါးခဲ့ပါတယ်။ တိုက်ပွဲအတွင်းရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဘေးလွတ်ရာပို့ဆောင်ပေးရင်း စကစများကို တိုက်ခိုက်ခဲ့ရာမှာ နေ့လယ် (၁:၃၀) အချိန်ခန့်တွင် စကစစစ်ကြောင်းမှူး ဗိုလ်ကြီး (ဗိုလ်မူးကော်မရှင်စား) (၁) ဦး၊ စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးခဲ့ပြီး စကစတပ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့ပါတယ်။
ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားတဲ့ လုံခြုံရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၇။ ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းမှုဖြစ်တဲ့ ဆင်းရဲမှု လျော့ကျရေး ဆောင်ရွက်ချက်များ နောက်ပြန်လှည့်လျက်ရှိကြောင်း မြန်မာအခြေအနေကို ကမ္ဘာ့ဘဏ်ထုတ်ပြန်
ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းမှုဖြစ်တဲ့ ဆင်းရဲမှု လျော့ကျရေး ဆောင်ရွက်ချက်များ နောက်ပြန်လှည့်လျက်ရှိကြောင်း မြန်မာအခြေအနေကို ကမ္ဘာ့ဘဏ်ထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင်၂၁ ရက်နေ့မှာ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပါတယ်။
"မြန်မာနိုင်ငံ၏ စီးပွားရေးဟာ ပြည်တွင်းနှင့် ပြည်ပ ဖိအားများကြောင့် ယခင်နှစ်တွင် သိသာစွာ ကျုံ့သွားခဲ့ပြီးနောက် ပြန်လည်နာလန်ထူရေး နှောင့်နှေးလျက်ရှိတယ်"လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်မှာ လူဦးရေ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှု မျဥ်းအောက်တွင် ရောက်ရှိနေကာ ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းမှုဖြစ်တဲ့ဆင်းရဲမှု လျော့ကျရေး ဆောင်ရွက်ချက်များ နောက်ပြန်လှည့်လျက်ရှိတယ်လို့အစီရင်ခံစာကဖော်ပြပါတယ်။ ဒါ့အပြင် စီးပွားရေး ပြန်လည်ဦးမော့လာမှု သိသိသာသာ မရှိသောကြောင့် ၂၀၂၂ ခုနှစ်ရဲ့ ဂျီဒီပီဟာ ၂၀၁၉ ခုနှစ်တွင် ရှိခဲ့သည့်နှုန်းနှင့် နှိုင်းယှဥ်မည်ဆိုပါက ၁၃ ရာခိုင်နှုန်း ဆက်လက် နိမ့်ကျနေမည် ဖြစ်ပြီး လုပ်ငန်းများနှင့် နာလန်ထူရေးဆောင်ရွက်ချက်များအား သိသိသာသာ အနှောင့်အယှက် ဖြစ်စေမှာဖြစ်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၈။ G 11 Old နှင့် G 11 New ဘောဂဗေဒနှင့် ဇီဝဗေဒ ကူညီသင်ကြားပေးနိုင်မယ့်ဆရာများဆက်သွယ်ပေးရန် ပဲခူးဖက်ဒရယ်စကူးလ်ကနှိုးဆော်ထား
G 11 Old နှင့် G 11 New ဘောဂဗေဒနှင့် ဇီဝဗေဒ ကူညီသင်ကြားပေးနိုင်မယ့်ဆရာများဆက်သွယ်ပေးရန် ပဲခူးဖက်ဒရယ်စကူးလ်ကနှိုးဆော်ထားပါတယ်။ ဇူလိုင် ၂၁ ရက်နေ့မှာ ပဲခူးဖက်ဒရယ်စကူးလ်က ဆရာများကို ခေါ်ယူထားတာပါ။
"G 11 Old နှင့် G 11 New ဘောဂဗေဒနှင့် ဇီဝဗေဒ ကူညီသင်ကြားပေးနိုင်မည့်အမှန်တရားချစ်မြတ်နိုးသူ ဆရာ၊ဆရာမများ page cb မှာ ဆက်သွယ်ပေးကြပါဦး"လို့ ဆိုထားပါတယ်။ ပဲခူးဖက်ဒရယ်စကူးလ်ဟာ ဇူလိုင် ၁၈ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
========================
📌📌 ၉။ ရုရှားထုတ်ဟောင်းဝစ်ဇာ ပုံစံ ၈၁ မမများ အလက်ရေရာနဲ့ ချီထုတ်လုပ်နိုင်ရန် ပြင်ဆင်နေတယ်လို့ နေပြည်တော် ပကဖအသိပေး
ရုရှားထုတ်ဟောင်းဝစ်ဇာ ပုံစံ ၈၁ မမများ အလက်ရေရာနဲ့ ချီထုတ်လုပ်နိုင်ရန် ပြင်ဆင်နေတယ်လို့ နေပြည်တော် ပကဖအသိပေးပြောကြားပါတယ်။ ဇူလိုင် ၂၁ ရက် ဆက်သွယ်မေးမြန်းရာမှာ မိုးကြိုးဌာနကို နေပြည်တော် ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်တေဇကပြောပါတယ်။
"ရုရှားထုတ် ဟောင်းဝစ်ဇာလိုပုံစံမျိုးဗျ။ သူကနှစ်ပြောင်းတွဲက ကုန်ကျစရိတ် ကျပ်တစ်သိန်းကျော်ရှိတယ်။ တစ်ပြောင်းထဲက ကျပ်ခြောက်သောင်းကျော်ပေါ့။သူကမိုင်တဲတိုင်ရလို့ဗျ။ဒီတိုင်းဆိုဝယ်သုံးရရင်ကုန်ကျစရိတ် သုံးသိန်းကျော်ပါတယ်။အလက်ရေရာနဲ့ချီထုတ်နိုင်ဖို့ကပြင်ဆင်နေပါတယ်ဗျ"လို့ဗိုလ်တေဇကဆိုပါတယ်။ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ ရဲ့၈၁ မမများလက်ရာကောင်း၍ ဖယ်ခုံတော်လှန်ရေးအင်အားစုအတွက် ထုတ်လုပ်ပေးနေပြီး ကရင်နီတပ်ပေါင်းစု KRU နဲ့ ဒီမော့ဆိုးအဖွဲ့တို့အတွက်လည်း ပြင်ဆင်နေကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၁၀။ MG6 ပြောက်ကျားတပ် (မြင်းခြံခရိုင်တပ်ရင်း ၅) မှတလအတွင်း မိုင်းအလုံး (၂၀၀) စတင်ထုတ်လုပ်မယ်
MG6 ပြောက်ကျားတပ် (မြင်းခြံခရိုင်တပ်ရင်း ၅) မှတလအတွင်း မိုင်းအလုံး (၂၀၀) စတင်ထုတ်လုပ်မယ်လို့ဆိုပါတယ်။ ဇူလိုင် ၂၁ ရက်မှာ MG6 ပြောက်ကျားတပ် (မြင်းခြံခရိုင်တပ်ရင်း ၅) မှက ဖော်ပြပါတယ်။
"Mytel တာဝါတိုင်များအသုံးပြု၍ (၁) လအတွင်း မိုင်းအလုံး (၂၀၀) စတင်ထုတ်လုပ်သွားမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူလူထုကလည်း မိုင်းထုတ်လုပ်ရေးအတွက် ကူညီထောက်ပံ့နိုင်တယ်လို့ဆိုပါတယ်။
No comments:
Post a Comment