၂၀၂၂ ဇူလိုင်လ ၆ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဘဏ္ဍာရေးက အင်မတန်အရေးကြီးနေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလ အသိပေးပြောကြား
📌 ၂။ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အကူအညီနဲ့ ASEAN ရဲ့ ပူးပေါင်းဆောင်ရွက် မှုတွေဟာ အားနည်းချက်တွေရှိနေဆဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားလိုက်
📌 ၃။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမှန်သမျှကို ဖော်ထုတ်ပြုစု၍ တရားဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရေးကို ဦးစားပေးလုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ပြည်သူ့ရဲတပ်ဖွဲ့ကို လမ်းညွှန်
📌 ၄။ (၇၃) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့ (KNLA Day) အခမ်းအနားကို ကေအဲန်ယူ- ဗဟိုဌာနချုပ်တွင်ကျင်းပခဲ့ပြီး NUG အစိုးရက ဂုဏ်ပြုသဝဏ်လွှာပေးပို့
📌 ၅။ နွေဦးသူရဲကောင်းများ အတွက် ငွေတိုက်စာချုပ်” ဖြင့် ဂုဏ်ပြုလှူဒါန်းဖို့ အလှူရှင်များဖိတ်ခေါ်
📌 ၆။ One Day Challenge လှုပ်ရှားမှု ရန်ပုံငွေတွေ ထဲမှ ထိုင်းဘတ်ငွေ တစ်သန်းအား “NUG အစိုးရ၏ ထောက်ပံ့ကူညီငွေ" အဖြစ် KNDO စစ်ဦးချုပ် ဗိုလ်ချုပ်နယ်ဒါးမြထံကို ထောက်ပံ့ပေးပို့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဘဏ္ဍာရေးက အင်မတန်အရေးကြီးနေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလ အသိပေးပြောကြား
နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဘဏ္ဍာရေးက အင်မတန်အရေးကြီးနေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလ အသိပေးပြောကြားလိုက်ပါတယ်။ ဇူလိုင် ၅ ရက်နေ့ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတကပြောကြားခဲ့တာပါ။
"နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဘဏ္ဍာရေးက အင်မတန်အရေးကြီးပါတယ်။ မိမိတို့ PDF လူငယ်များကို ထောက်ပံ့ဖို့နဲ့ ခုခံကာကွယ်ရေးအတွက် လက်နက်ခဲယမ်း မီးချောက်များ ထောက်ပံ့ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ထို့အတူ တဖက်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ရက်စက်မှုများကြောင့် စစ်ဘေးသင့် စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာ ရေးအတွက် များစွာ ကူညီထောက်ပံ့ဖို့ လိုအပ်နေပါတယ်။ အဲဒါကြောင့် ရန်ပုံငွေများ များစွာ လိုအပ်နေပါသေးတယ်။ ဘဏ္ဍာငွေတိုးပွားလာနိုင်ဖို့အတွက် နိုင်ငံတကာမှအကူအညီများရရှိ အောင်နှင့် နိုင်ငံအသီးသီးတွင် ရောက်ရှိနေတဲ့ မြန်မာလူထုများမှ လှူဒါန်းငွေများ ပိုမိုရရှိဖို့ ဆက်လက်ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်"လို့ ယာယီသမ္မတက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာငွေတိုက်စာချုပ်များရောင်းချလျက်ရှိသလို EOD ကလည်း ရန်ကုန်မြို့ရှိ ၁၄/အင်းလျားရှိ မင်းအောင်လှိုင် အိမ်နဲ့ခြံကို အစုရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ရောင်းချလျက်ရှိပါတယ်။
========================
📌📌 ၂။ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အကူအညီနဲ့ ASEAN ရဲ့ ပူးပေါင်းဆောင်ရွက် မှုတွေဟာ အားနည်းချက်တွေရှိနေဆဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားလိုက်
အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အကူအညီနဲ့ ASEAN ရဲ့ ပူးပေါင်းဆောင်ရွက် မှုတွေဟာ အားနည်းချက်တွေရှိနေဆဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားလိုက်ပါတယ်။ ဇူလိုင် ၅ ရက်နေ့ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားခဲ့တာပါ။
"နိုင်ငံရေးအရ ဆွေးနွေးဆောင်ရွက်မှုတွေမှာ တိုးတက်မှုတွေအများကြီးရှိပေမယ့် လူသား စာနာထောက်ထားမှုကဏ္ဍဆိုင်ရာဘက်မှာတော့ အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်ဆိုတာ သိရပါတယ်။ အဓိက အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အကူအညီ၊ ASEAN ရဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေဟာ အား နည်းချက်တွေ ရှိနေဆဲဖြစ်တာမို့ ဒါတွေနဲ့ပတ်သက်ပြီး အထိရောက်ဆုံး၊ အကျိုးရှိဆုံး ဖြစ်နိုင်မယ့် နည်းလမ်းတွေနဲ့ အဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်"လို့ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်ကဆိုပါတယ်။ လက်ရှိမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောကြားထားရာတွင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်မှာ ကျရှုံးသွားပြီလို့ပြောကြားထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကို အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံကလည်း တရားဝင်အသိအမှတ်ပြုတွေ့ဆုံထားပါတယ်။
========================
📌📌 ၃။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမှန်သမျှကို ဖော်ထုတ်ပြုစု၍ တရားဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရေးကို ဦးစားပေးလုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ပြည်သူ့ရဲတပ်ဖွဲ့ကို လမ်းညွှန်
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမှန်သမျှကို ဖော်ထုတ်ပြုစု၍ တရားဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရေးကို ဦးစားပေးလုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ပြည်သူ့ရဲတပ်ဖွဲ့ကို လမ်းညွှန်ပြောပါတယ်။ ဇူလိုင် ၅ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့များ တွေ့ဆုံစည်းဝေးမှာပြောကြားခဲ့တာပါ။
"ပြည်သူ့ရဲတပ်ဖွဲ့လုပ်ငန်းများကို မြေပြင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ကြစေလိုကြောင်း၊ စိုးမိုးထိန်းချုပ်ထားသော မြို့နယ်များတွင် အမှုစစ်ရဲအရာရှိများကို တာဝန်ပေးလျက် မြေပြင် တိုင်ကြားလာသည့် အမှုကိစ္စများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန် လိုကြောင်း၊ ဖွဲ့စည်းထားသည့် မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များကိုလည်း လိုအပ်သည့် သင်တန်းများ ပေးနိုင်ရေး မြန်မြန် စီစဉ်ကြစေလိုကြောင်း၊ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမှန်သမျှကို ဖော်ထုတ် ပြုစု၍ တရားဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရေးကို ဦးစားပေးလုပ်ကြစေချင်ကြောင်း"ဝန်ကြီးကပြောပါတယ်။
ဒါ့အပြင်လက်ရှိကာလမှာ ပြည်သူလူထု၏ လူမှုဘဝ လုံခြုံရေးအတွက်ရဲတပ်ဖွဲ့အနေဖြင့် ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ပေးနိုင်ရန် Community Oriented Policing သည် မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိ၍ မျက်ခြေမပျက် စိုက်လိုက်မတ်တပ်အကောင်အထည်ဖော်နိုင်ရေးတို့ကို ပြည်ထဲရေးဝန်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့်အတူ၊ အမြဲတမ်းအတွင်းဝန်၊ တွဲဘက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲချုပ်၊ ဒုရဲချုပ် နှင့် အခြားရဲအရာရှိကြီးများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၄။ (၇၃) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့ (KNLA Day) အခမ်းအနားကို ကေအဲန်ယူ- ဗဟိုဌာနချုပ်တွင်ကျင်းပခဲ့ပြီး NUG အစိုးရက ဂုဏ်ပြုသဝဏ်လွှာပေးပို့
(၇၃) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့ (KNLA Day) အခမ်းအနားကို ၂၀၂၂ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့က ကေအဲန်ယူ- ဗဟိုဌာနချုပ်တွင်ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အခမ်းအနားသို့ ကေအဲန်ယူ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ဗဟိုကော်မတီဝင် စောကလယ်စေး၊ ကရင်လွတ်မြောက်ရေးတပ်မတော်ဗဟိုဌာနချုပ်မှ ဗိုလ်မှူးချုပ်စောအယ်ကလူသိန်းနှင့် ကေအဲန်ယူဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိဘပြည်သူများတက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ (၇၃) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့ ဂုဏ်ပြုအခမ်းအနားကို NUG အစိုးရက ဂုဏ်ပြုသဝဏ်လွှာပေးပို့လိုက်ပါတယ်။ အဲ့ဒီသဝဏ်လွှာမှာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်တွဲညီစွာဖြင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ် အောင်မြင်နိုင်ပါစေကြောင်း ရေးသားဖော်ပြထားပါတယ်။
၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှစတင်ပြီး မတရားဖိနှိပ်အုပ်ချုပ်သော အာဏာရှင် အဆက်ဆက်ကို ခုခံတွန်းလှန်သည့် ကရင့်လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလာခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်တယ်လို့ဆိုပါတယ်။ ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ယခင်ကော်သူးလေ လက်နက်ကိုင်တပ်ပေါင်းစု (Kawthoolei Armed Forces)ကို ကရင့်တော်လှန်ရေး စစ်ရေးလမ်းစဥ်နှင့် ကိုက်ညီသော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army)အဖြစ် အတည်ပြု ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ထိုနေ့ကို ကော်သူးလေတပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြပါတယ်။
(၇၃) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့တွင် ကရင်အမျိုးသား ပြည်သူများ၏ ဂုဏ်သိက္ခာနှင့် အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရင်း အသက်နှင့်ခန္ဓာကို စွန့်လွှတ်ပေးလှူခဲ့သော ကရင့်သူရဲကောင်းအာဇာနည်များ၊ ကရင်ပြည်သူများအားလုံးကို လေးနက်စွာ အောက်မေ့ဦးညွှတ် ဂုဏ်ပြုအပ်ပါတယ်လို့ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်သည် နိုင်ငံရေး၊စစ်ရေး ရပ်တည်ချက်ခိုင်မာစွာဖြင့် ဘုံရန်သူဖြစ်သော စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်လျက်ရှိပါတယ်။
ကော်သူးလေတပ်မတော်သည် ကရင်ပြည်သူများနှင့်တကွ ပြည်ထောင်စုဖွား ပြည်သူများအားလုံး မျှော်မှန်း တောင့်တလျက်ရှိသော စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နှင့် တရားမျှတရေး၊ တန်းတူရေးတို့ကို အပြည့်အဝအာမခံသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်တွဲညီစွာဖြင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ် အောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါတယ်လို့ ဖော်ပြထားပါတယ်။
အခမ်းအနားတွင် ဗိုလ်စခန့်သူလှိုင်မှ ဦးဆောင်ပြီး ကရင်အမျိုးသားအလံတော်နှင့် ကျဆုံးလေပီးသော ခေါင်းဆောင်များ၊ရဲဘော်များ၊ မိဘပြည်သူများကို အလေးပြုခဲ့ကြပြီး ကော်သူးလေတပ်မတော်နေ့ဖြစ်ပေါ်လာပုံအကြောင်းကို ဆရာခိုင်စံရွှေမြင့်မှပြောကြားခဲ့ပါတယ်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ပေးပို့သော သဝဏ်လွှာကို စောဆာလားမူမှ ဖတ်ကြားပီး KNLAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏သဝဏ်လွှာကို စောဆာနေဒူးက ဖတ်ကြားပြီး ကရင်အမျိုးသမီးအစည်းအရုံးမှပေးပို့သော သဝဏ်လွှာကို နော်အယ်နီအောင်မှ အသီးသီးဖတ်ကြားခဲ့ကြပါတယ်။
ထို့နောက်မျိုးဆက်သစ်ကျောင်းသားကျောင်းသူများမှ ဂုဏ်ပြုသီချင်းဖြင့်သီဆိုခဲ့ပြီး ကေအဲန်ယူ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ကရင်လွတ်မြောက်ရေးတပ်မတော်ဗဟိုဌာနချုပ်မှ ဗိုလ်မှူးချုပ်စောအယ်ကလူသိန်း၊ ကရင်လွတ်မြောက်ရေးတပ်မတော်ဒုတိယဗိုလ်မှူးကြီးစောဖလားရှီး၊ ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေး၊ ပဒိုစောဂေထူးတို့မှ ဂုဏ်ပြုစကားအသီးသီးပြောကြားခဲ့ပြီး ကရင့်အမျိုးသားသီချင်းဖြင့် အခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။
========================
📌📌 ၅။ နွေဦးသူရဲကောင်းများ အတွက် ငွေတိုက်စာချုပ်” ဖြင့် ဂုဏ်ပြုလှူဒါန်းဖို့ အလှူရှင်များဖိတ်ခေါ်
နွေဦးသူရဲကောင်းများ အတွက် ငွေတိုက်စာချုပ်” ဖြင့် ဂုဏ်ပြုလှူဒါန်းဖို့ အလှူရှင်များဖိတ်ခေါ်လိုက်ပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာ OurSpringHeroes မှ ဖော်ပြခဲ့ပါတယ်။ ပြည်သူ့ရင်ထဲမှာ ထာဝရရှင်သန်နေသော ပြည်သူ့သူရဲကောင်းများအား “ဒို့ … နွေဦးသူရဲကောင်းများ အတွက် ငွေတိုက်စာချုပ်” ဖြင့် ဂုဏ်ပြုလှူဒါန်းဖို့ အလှူရှင်များဖိတ်ခေါ်အပ်ပါတယ်လို့ဖော်ပြပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လ (၂၈) ရက်နေ့ တွင် မြဝတီခရိုင်၊ KNU တပ်မဟာ (၆) ဝေါလေဒေသရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဥကရစ်ထ စစ်စခန်းကိုသိမ်းပိုက်ရန် KNDO နှင့်ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်သည့် တိုက်ပွဲတွင် တိုင်းပြည်အတွက်၊ နွေဦးပြည်သူတွေအတွက် အသက်ပေးလှူသွားခဲ့သည့် ပြည်သူ့ရဲဘော် လူရွှင်တော်အီကြာကွေး (ခ) ဖုန်းမြင့်မော် နှင့် နွေဦးသူရဲကောင်းများအတွက် ငွေတိုက်စာချုပ်” ဝယ်ယူလှူဒါန်းပေးဖို့ ဖိတ်ခေါ်ထားပါတယ်။
တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ ပြည်သူ့ရဲဘော်များရဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် Bond ဝယ်ယူလှူဒါန်းပေးချင်သူတွေ ရှိပါကလဲ PVTV ကိုဆက်သွယ်နိုင်ပြီး PVTV မှ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနတို့နဲ့ ချိတ်ဆက်ကာ ဝယ်ယူပေးသွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ One Day Challenge လှုပ်ရှားမှု ရန်ပုံငွေတွေ ထဲမှ ထိုင်းဘတ်ငွေ တစ်သန်းအား “NUG အစိုးရ၏ ထောက်ပံ့ကူညီငွေ" အဖြစ် KNDO စစ်ဦးချုပ် ဗိုလ်ချုပ်နယ်ဒါးမြထံကို ထောက်ပံ့ပေးပို့
ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲမှာ အသုံးပြုဖို့အတွက် One Day Challenge လှုပ်ရှားမှု ရန်ပုံငွေတွေ ထဲမှ ထိုင်းဘတ်ငွေ တစ်သန်းအား “NUG အစိုးရ၏ ထောက်ပံ့ ကူညီငွေ" အဖြစ် KNDO စစ်ဦးချုပ် ဗိုလ်ချုပ်နယ်ဒါးမြထံကို ဇူလိုင် ၄ ရက်မှာပေးပို့ခဲ့တာပါ။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)က ၂၀၂၁ခုနှစ် သြဂုတ်လမှ ၂၀၂၂ခုနှစ် ဇွန်လအထိ ရရှိခဲ့တဲ့ ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေတွေအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနဲ့ညီမျှတဲ့ ဝမ်ငွေကို အမျိုးသား ညီညွတ်ရေးအစိုးရထံ ပေးပို့လာခဲ့ရာ ဇူလိုင်လ ၁ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ ၉သိန်းအား ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ ဖော် ပြပါတယ်။
ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဟာ စကစရဲ့ဗျူဟာကျတဲ့ခြေကုပ်စခန်းတစ်ခုဖြစ်ပြီးရက်ပေါင်းများစွာတိုက်ခိုက်နေရတာလည်းဖြစ်ပါတယ်။
No comments:
Post a Comment