၂၀၂၂ ဇူလိုင်လ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တိုက်ပွဲဝင်ဖို့ အရှိန်ယူနေကြတဲ့ ဒေသတပ်ရင်း၊ တပ်ဖွဲ့တွေလည်း ရှိနေပြီလို့ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဖွားများအစည်းအဝေး "(ဒုတိယ အကြိမ်)"Global Myanmar Forum" အစည်းအဝေးကိုကျင်းပမယ်
📌 ၃။ မမှန်သတင်းများထုတ်လွှင့်တဲ့ MRTV တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်ကို အမေရိကန်၊ ကယ်လီဖိုနီးယားအခြေစိုက် Dacast က ပိတ်ပင်လိုက်
📌 ၄။ ဇွန်လအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စကစတပ်နဲ့ BGF အယောက်လေးရာကျော်သေဆုံး
📌 ၅။ တမူးမြို့ ဘက်သို့ မောင်းနှင်လာသည့် ၆ ဘီး Canda ကားတစ်စီးတွင် တရားမဝင် ဘိန်းဖြူ ဆပ်ပြာခွက်အများအပြားအား တမူးPDF တပ်ရင်း (၃) ရှာဖွေသိမ်းဆည်းရမိ
📌 ၆။ AAPDF မှ ပဏာမ စမ်းသပ်ပစ်ခတ်ရန် အတွက် အထူးထုတ်သေနတ်များ ထုတ်လုပ်
📌 ၇။ ''နွေဦးတော်လှန်ရေးအထောက်အကူပြု စျေးရောင်းပွဲတော်''ကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ (CRPH & NUG Team Germany) မှထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တိုက်ပွဲဝင်ဖို့ အရှိန်ယူနေကြတဲ့ ဒေသတပ်ရင်း၊ တပ်ဖွဲ့တွေလည်း ရှိနေပြီလို့ပြည်ထောင်စုဝန်ကြီးချုပ်ဆို
တိုက်ပွဲဝင်ဖို့ အရှိန်ယူနေကြတဲ့ ဒေသတပ်ရင်း၊ တပ်ဖွဲ့တွေလည်း ရှိနေပြီလို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဇူလိုင် ၅ ရက်နေ့ ကျင်းပတဲ့အမျိုးသာစညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာဝန်ကြီးချုပ်ကပြောပါတယ်။
"တော်လှန်ရေးရဲ့လက်ရှိအခြေအနေကတော့ ဘက်ပေါင်း စုံကအရှိန်အဟုန်မြှင့်နေတဲ့ အချိန်ကာလလို့ပဲ ပြောရမှာဖြစ်ပါတယ်။ စစ်ရေးအနေနဲ့လည်း တစ်နိုင်ငံလုံး အရှိန်အဟုန်နဲ့ တိုက်ပွဲဝင်နေကြတဲ့ဒေသတွေ ရှိသလို တိုက်ပွဲဝင်ဖို့ အရှိန်ယူနေကြတဲ့ ဒေသတွေ တပ်ရင်း၊ တပ်ဖွဲ့တွေလည်း ရှိပါတယ်။ အရှိန်အဟုန်နဲ့ တိုက်ပွဲဝင်နေကြတယ် ဆိုပေမယ့် တချို့စစ်ရေး ကဏ္ဍတွေက အားလုံးသိနေကြတာ ရှိသလို၊ မသိအောင် စီမံဆောင်ရွက်နေကြတာတွေလည်း ရှိတယ်ဆို တာကို အသိပေးလိုပါတယ်။ တိုက်ပွဲဝင်ကြတဲ့အခါတချို့ဒေသတွေမှာ PDF တွေချည်း တိုက်ပွဲဝင်နေကြ တာ ရှိသလို၊ တချို့ဒေသတွေမှာ မဟာမိတ်အဖွဲ့များနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေကြတာတွေလည်း ရှိနေပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့က စတင်တည်ထောင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လက်ရှိမှာ တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကျော်ရှိပြီဖြစ်ပါတယ်။
========================
📌📌 ၂။ ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဖွားများအစည်းအဝေး "(ဒုတိယ အကြိမ်)"Global Myanmar Forum" အစည်းအဝေးကိုကျင်းပမယ်
ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဖွားများအစည်းအဝေး "(ဒုတိယ အကြိမ်)"Global Myanmar Forum" အစည်းအဝေးကို ဇူလိုင် ၉ ရက်နေ့ ကျင်းပမယ်လို့သတင်းရရှိပါတယ်။ အစည်းအဝေးကိုဇူလိုင်လ ၉ ရက်နေ့ အမေရိကအရှေ့ပိုင်းစံတော်ချိန် ည ၁၀ နာရီ ၊အလယ်ပိုင်း စံတော်ချိန် ည ၉ နာရီ၊ အနောက်ပိုင်းစံတော်ချိန် ညနေ ၇ နာရီမှာ ကျင်းပမှာဖြစ်ပါတယ်။ အစည်းအဝေးတွင် ဝန်ကြီး ဒေါက်တာ ဆာဆာ၊ Free Burma Ranger တည်ထောင်သူ Mr. David၊ ဒုဝန်ကြီး ဦးမင်းဇေယျာဦး၊ Road Trip for Democracy မှ တာဝန်ရှိသူ တစ်ဦး တို့လည်းတက်ရောက် စကားပြောကြားကြမှာဖြစ်ပါတယ်။ “ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဖွားများအစည်းအဝေး" Global Myanmar Forum" ကို သုံးလ တစ်ကြိမ် ကျင်းပတာလည်းဖြစ်ပါတယ်။
========================
📌📌 ၃။ မမှန်သတင်းများထုတ်လွှင့်တဲ့ MRTV တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်ကို အမေရိကန်၊ ကယ်လီဖိုနီးယားအခြေစိုက် Dacast က ပိတ်ပင်လိုက်
အကြမ်းဖက် စစ်တပ်ရဲ့မမှန်သတင်းများထုတ်လွှင့်တဲ့ MRTV တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်ကိုအမေရိကန်၊ ကယ်လီဖိုနီးယားအခြေစိုက် Dacast က ပိတ်ပင်လိုက်ပါတယ်။ ဇူလိုင် ၆ ရက်နေ့မှာ Justice For Myanmar က ပိတ်ပင်လိုက်တဲ့သတင်းကိုဖော်ပြခဲ့ပါတယ်။ ဝဘ်ဆိုက်နှင့် မိုဘိုင်းအက်ပလီကေးရှင်းများပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းကို အမေရိကန်၊ ကယ်လီဖိုနီးယားအခြေစိုက် Dacast ရဲ့ နည်းပညာကို အသုံးပြုထားတာဖြစ်ပြီးတော့ Dacast ကဆက်လက်အသုံးပြုခွင့်မပေးတော့ဘဲ ပိတ်လိုက်တာဖြစ်ပါတယ်။ သတင်းမှားများကို ထုတ်လွှင့်ဖြန့်ချီနေသော MRTV ဟာ Dacast ရဲ့နည်းပညာကို အသုံးပြုနေကြောင်း Justice For Myanmar က သက်ဆိုင်ရာထံအသိပေးတင်ပြခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၄။ ဇွန်လအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စကစတပ်နဲ့ BGF အယောက်လေးရာကျော်သေဆုံး
ဇွန်လအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စကစတပ်နဲ့ BGF အယောက်လေးရာကျော်သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာ တိုက်ပွဲသတင်းကို ကေအဲန်ယူ−ဗဟိုကတရားဝင်ထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လ အတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၃၆၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ တပ်များ၊ နယ်ခြားစောင့်တပ် (BGF) များဘက်မှ (၄၁၀) ဦး သေဆုံးပြီး (၃၃၅) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူပေါင်းတပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၁၇) ဦးအသက်စွန်ခဲ့ပြီး (၂၈) ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါတယ်။
ဒူပလာယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြု့နယ်တောင်ပိုင်း၊ ဥကရစ်ထဒေသတွင် တိုက်ပွဲပြင်းထန်တဲ့ အတွက်ကြောင့် အာဏာသိမ်းစစ်ကောင်စီမှ လေကြောင်းပစ်ကူ အလွန်အကျွံ အသုံးပြုခဲ့ပြီး ၂၇၊ ၂၈၊ ၂၉၊ ၃၀ လေးရက်အတွင်းမှာပင် လေကြောင်းမှတိုက်ခိုက်မှုပေါင်း (၉၄) ကြိမ်ရှိခဲ့ပါတယ်။
========================
📌📌 ၅။ တမူးမြို့ ဘက်သို့ မောင်းနှင်လာသည့် ၆ ဘီး Canda ကားတစ်စီးတွင် တရားမဝင် ဘိန်းဖြူ ဆပ်ပြာခွက်အများအပြားအား တမူးPDF တပ်ရင်း (၃) ရှာဖွေသိမ်းဆည်းရမိ
တမူးမြို့ ဘက်သို့ မောင်းနှင်လာသည့် ၆ ဘီး Canda ကားတစ်စီးတွင် သိုဝှက် သယ်ဆောင်လာသော ပီနံအိတ်ဖြူ (၃) လုံးဖြင့် တရားမဝင် ဘိန်းဖြူ ဆပ်ပြာခွက်အများအပြားအား တမူး PDF တပ်ရင်း (၃) ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခွန်မွန်းနွန်ကျေးရွာတွင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) တပ်ဖွဲ့ဝင်များမှစစ်ဆေးမှုပြုလုပ်နေချိန်မှာဖမ်းဆီးရမိတာလို့ တပ်ရင်း ၃ ကထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ နေ့လည် (၁၂:၀၀) နာရီ အချိန်ခန့်၌ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ခွန်မွန်းနွန်ကျေးရွာတွင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) တပ်ဖွဲ့ဝင်များမှစစ်ဆေးမှုပြုလုပ်နေချိန် ကလေးမြို့ မှ တမူးမြို့ ဘက်သို့ မောင်းနှင်လာသည့် ၆ ဘီး Candaကားတစ်စီးသည် ကုန်ပစ္စည်းများ တင်ဆောင်လာ၍ မောင်းနှင်လာစဉ် တပ်ဖွဲ့ဝင်များမှရပ်တန့်စစ်ဆေးရှာဖွေမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကားနောက်ပိုင်းအတွင်း ကုန်ပစ္စည်းများကြား၌သိုဝှက် သယ်ဆောင်လာသော ပီနံအိတ်ဖြူ (၃) လုံးဖြင့် တရားမဝင် ဘိန်းဖြူ(ဆပ်ပြာခွက်)အများအပြားအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်လို့ဖော်ပြပါတယ်။
ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများအား မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၃) မှ အများပြည်သူရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်းမူးယစ်ဆေးဝါးလုပ်ငန်းများ၊ ရွှေမှောင်ခိုလုပ်ငန်းများ၊ တရားမဝင်ငွေမဲမှောင်ခိုလုပ်ငန်းများ၊သစ်မှောင်ခိုလုပ်ငန်းများအားဆက်လက်၍ ဖမ်းဆီးအရေးယူဆောင်ရွက် သွားမယ်လို့ တမူးတပ်ရင်း ၃ ကထုတ်ပြန်ပါတယ်။
========================
📌📌 ၆။ AAPDF မှ ပဏာမ စမ်းသပ်ပစ်ခတ်ရန် အတွက် အထူးထုတ်သေနတ်များ ထုတ်လုပ်
AAPDF မှ ပဏာမ စမ်းသပ်ပစ်ခတ်ရန် အတွက် အထူးထုတ်သေနတ်များ ထုတ်လုပ်လိုက်တယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာ အထူးထုတ်လုပ်ထားသော သေနတ်ကို Acid Army People Defence Force ကပြသခဲ့ပါတယ်။
"ကျွန်တော်တို့ AAPDF မှ ပဏာမ စမ်းသပ်ပစ်ခတ်ရန် အတွက် သီးသန့်ထုတ်လုပ်ထားသော လက်နက်ဖြစ်ပါသည် ခင်ဗျာ။ ထို့အပြင် ကျွန်တော် တို့ AAPDF မှ ထပ်မံ ပြုလုပ်မည့် project များ ကို မူ မိဘပြည်သူတို့ ၏ ထောက်ပံ့ ကူညီ ပေးမှုများ ၊ ပူးပေါင်းပါဝင်မှု များ ပေါ် မူတည် ၍ ကျွန်တော် တို့ခေါင်းဆောင် များ နှင့် admin teams မှ တိုင်ပင် ဆုံးဖြတ်သွားပါမယ်"လို့ဆိုထာပါတယ်။ Acid Army People Defence Force အဖွဲ့ဟာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၇။ ''နွေဦးတော်လှန်ရေးအထောက်အကူပြု စျေးရောင်းပွဲတော်''ကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ (CRPH & NUG Team Germany) မှထုတ်ပြန်
ဇူလိုင်လ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ''နွေဦးတော်လှန်ရေးအထောက်အကူပြု စျေးရောင်းပွဲတော်''ကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ (CRPH & NUG Team Germany) မှ ထုတ်ပြန်လိုက်ပါတယ်။
''စျေးရောင်းပွဲတော်''အား Germanyနိုင်ငံနှင့် ဥရောပနိုင်ငံအသီးသီးမှရောက်ရှိလာခဲ့ကြသော မြန်မာပြည်ဖွား တိုင်းရင်းသားညီအကိုမောင်နှမများမှ (စစ်အာဏာရှင်အမြစ်ဖြတ်ဖို့) တက်ကြွစွာ ပါဝင်ကူညီ ဝိုင်းရံပေးခဲ့ကြသောမိတ်ဆွေရဲဘော် များအားလုံးကို (CRPH & NUG Team Germany) မှအထူးကျေးဇူးတင်ရှိပါတယ်"လို့ဖော်ပြပါတယ်။ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေတဲ့ အခမ်းအနားများကို အမေရိကန်၊ ပြင်သစ်၊နော်ဝေနဲ့ ကိုရီးယား၊ဂျပန် စတဲ့နိုင်ငံများမှာ စီစဥ်ကျင်းပခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment