၂၀၂၂ ဇူလိုင်လ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လက်နက်မဲ့ကျောင်းသားလူငယ်များကိုလက်နက်နဲ့အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးတဲ့ စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန် ကြေညာ
📌 ၂။ ကာကွယ်ရေးဝန်ကြီးလက်မှတ်ရေးထိုးထားသော ပြည်သူ့ သူရဲကောင်းဂုဏ်ပြုလွှာများကို CDM ဝင်ထားတဲ့ အရာရှိစစ်သည်နဲ့ တပ်သားများကိုများပေးအပ်
📌 ၃။ “ဆဲဗင်းဂျုလိုင်နဲ့ အတူ စစ်ဘီလူးတို့ရဲ့ ရက်စက်မှုများ” ကို နိုင်ငံသားတို့၏ စိတ်နှလုံးသားတွင် မှတ်တမ်းတင် ရေးထိုး ကမ္ဗည်းတင်ရင်း အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တွန်းလှန် တိုက်ထုတ်ကြဖို့ နှိုးဆော်
📌 ၄။ (Myanmar Emergency Fund) MEF-Canada နဲ့ NUG-MOIC တို့ ပူးပေါင်းစီစဥ် တင်ဆက်တဲ့"Heal Myanmar" Lucky Draw ကံထူးရှင်ရွေးချယ်ပွဲကျင်းပမယ်
📌 ၅။ ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ် (၆၀) ပြည့် အောက်မေ့ခြင်းအဖြစ် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကဆွမ်း၊ သင်္ကန်းများကပ်လှူ
📌 ၆။ (Myanmar Emergency Fund ) MEF- Canada မှ တနင်္သာရီ PDF နဲ့ ဥကရစ်ထတိုက်ပွဲအတွက်အပါအဝင် ထောက်ပို့ငွေ ကနေဒါဒေါ်လာ ၇၉၀၀ ထောက်ပံ့ကူညီ
📌 ၇။ အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ကာလမှာ အခွန်ထမ်းဆောင်နေတဲ့လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ စီးပွါးရေးလုပ်ငန်းများကို ဂုဏ်ယူစွာမှတ်တမ်းတင်ထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနဆို
📌 ၈။ NUGPay ရဲ့ Pilot Project စင်္ကာပူအတွက် ခွဲတမ်း ၂၀၀ သာကျန်ရှိတော့၍ အေးဂျင့်များထံတွင် အမြန် Activate ပြုလုပ်နိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လက်နက်မဲ့ကျောင်းသားလူငယ်များကိုလက်နက်နဲ့အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးတဲ့ စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန် ကြေညာ
ဇူလိုင် ၇ ရက်နေ့မှာ “ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ် (၆၀) ပြည့် အခမ်းအနားများသို့ အမျိုးသားညီညွတ်ရေးအစိုးရကပေးပို့သောသဝဏ်လွှာ”မှာယခုလိုဖော်ပြထားပါတယ်။
ယနေ့ ဇူလိုင်လ (၇) ရက်နေ့သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင် စစ်အာဏာရှင်စနစ်ကို တပ်ဦးမှ တော်လှန်ခဲ့ကြသော ကျောင်းသားလူငယ်သူရဲကောင်းများစွာ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေတွင် ကျောင်းသားတို့သွေးမြေခခဲ့ရသည့် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀) ပြည့်မြောက်သည့် အခါသမယဖြစ်ပါတယ်။ လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှု နှင့် အမှန်တရားအတွက် အသက်နှင့်ဘဝကို ပဓာနမထားပဲ ခေတ်အဆက်ဆက် ယုံကြည်ရဲရင့်စွာဖြင့် စနစ်ဆိုးများကို တော်လှန် တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားလူငယ်တော်လှန်ရေး ရဲဘော်အပေါင်းအား အမျိုးသားညီညွတ်ရေးအစိုးရက လေးစားစွာဖြင့် ဦးညွတ်ဂုဏ်ပြုအပ်ပါတယ်လို့ဖော်ပြပါတယ်။
သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးသော စစ်အာဏာရှင်များက တိုင်းပြည်၏အနာဂတ် ကျောင်းသားလူငယ်များအား အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ပဲ ၂၁ ရာစုအထိ ဆက်လက်ကျူးလွန်နေကြခြင်းမှာ ကျူးလွန်သူ စစ်အာဏာရှင် များသည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း ထင်ရှားပေတယ်လို့ဆိုပါတယ်။
သို့ဖြစ်ပါ၍ မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်း တန်စေသည့်၊ လက်နက်မဲ့ကျောင်းသားလူငယ်များကို လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အား ပေးသည့် စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်၍ နောင်အနာဂတ်တွင် မည်သည့်အခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေး နှင့် ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှုကို သေချာစေရေး ယခုနွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မမေ့အပ်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သန္နိဌာန်ပြုအပ်ပါတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ပါတယ်။
========================
📌📌 ၂။ ကာကွယ်ရေးဝန်ကြီးလက်မှတ်ရေးထိုးထားသော ပြည်သူ့ သူရဲကောင်းဂုဏ်ပြုလွှာများကို CDM ဝင်ထားတဲ့ အရာရှိစစ်သည်နဲ့ တပ်သားများကိုများပေးအပ်
ကာကွယ်ရေးဝန်ကြီးဦးရည်မွန် လက်မှတ်ရေးထိုးထားသော သူရဲကောင်းဂုဏ်ပြုလွှာများကို CDM ဝင်ထားတဲ့ အရာရှိစစ်သည်နဲ့ တပ်သားများကိုများပေးအပ်ခဲ့ကြောင်း ဇူလိုင် ၇ ရက်နေ့မှာ ပြည်သူ့ပန်းတိုင်ကဖော်ပြအသိပေးဖေါ်ပြခဲ့ပါတယ်။
"၂၀၂၂ခုနှစ် ဇူလိုင်လတွင် ပြည်သူ့ပန်းတိုင်သို့ ဆက်သွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရ - NUG မှ CDM Code တောင်းခံထားသော အရာရှိ၊စစ်သည်များ CDM Code ရရှိပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ပြည်သူ့ သူရဲကောင်းဂုဏ္ပြုလွှာများထုတ်ပေးရာတွင် CDM Codeပါတပါတည်းထုတ်ပေးတာဖြစ်ပါတယ်။ CDM Code တောင်းခံထားသော အရာရှိစစ်သည်များ ပြည်သူ့ပန်းတိုင် Telegram https://t.me/CDMSOLDIERS တွင် ဆက်သွယ် ထုတ်ယူနိုင်ပြီ ဖြစ်တယ်လို့လည်း အသိပေးကြေညာထားပါတယ်။
========================
📌📌 ၃။ “ဆဲဗင်းဂျုလိုင်နဲ့ အတူ စစ်ဘီလူးတို့ရဲ့ ရက်စက်မှုများ” ကို နိုင်ငံသားတို့၏ စိတ်နှလုံးသားတွင် မှတ်တမ်းတင် ရေးထိုး ကမ္ဗည်းတင်ရင်း အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တွန်းလှန် တိုက်ထုတ်ကြဖို့ နှိုးဆော်
“ဆဲဗင်းဂျုလိုင်နဲ့ အတူ စစ်ဘီလူးတို့ရဲ့ ရက်စက်မှုများ” ကို နိုင်ငံသားတို့၏ စိတ်နှလုံးသားတွင် မှတ်တမ်းတင် ရေးထိုး ကမ္ဗည်းတင်ရင်း အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တွန်းလှန် တိုက်ထုတ်ကြဖို့ နှိုးဆော်လိုက်တယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။ ဂျူလိုင် ၇ ရက်နေ့မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကလူမှုကွန်ရက်မှာရေးသားဖော် ပြပါတယ်။
"ဆဲဗင်းဂျူလိုင်လို့ လူသိများတဲ့ အဲ့ဒီအရေးတော်ပုံဟာ....ဗိုလ်နေဝင်းစစ်တပ်ရဲ့ ၁၉၆၂ ဒုတိယအကြိမ်နိုင်ငံတော် အာဏာကို မတရားသဖြင့် သိမ်းယူခဲ့မှုအပေါ် ပထမဆုံးဆန့်ကျင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတခု ဖြစ်သလို စစ်အုပ် စုရဲ့ သန္ဓေမှန် လက်နက်အားကိုး အနိုင်ကျင့်တတ်တဲ့ စစ်ဘီလူး မျက်နှာကို ခွာချ ပြလိုက် တဲ့ အရေးတော်ပုံလည်း ဖြစ်ပါတယ်။ဆဲဗင်းဂျုလိုင် ဖြစ်စဉ်တွင် ပါဝင်ခဲ့တဲ့ ကျောင်းသား၊ကိုကျော်ဝင်း သွေးဖြင့် ရေး၍ မှတ်တမ်း ထားခဲ့သော စာတန်းပါအဓိပ္ပာယ်အတိုင်း “ဆဲဗင်းဂျုလိုင်နဲ့ အတူ စစ်ဘီလူးတို့ရဲ့ ရက်စက်မှုများ” ကို နိုင်ငံသားတို့၏ စိတ်နှလုံးသားတွင် မှတ်တမ်းတင် ရေးထိုး ကမ္ဗည်း တင်ရင်း အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တွန်းလှန် တိုက်ထုတ်ကြဖို့ နှိုးဆော် တိုက်တွန်း အပ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဂျူလိုင် ၇ ရက် ယနေ့ကျရောက်တဲ့အရေးတော်ပုံနေ့တွင် ကျောင်းသားများ မြေပြင်သပိတ်လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားခဲ့ကြပါတယ်။
========================
📌📌 ၄။ (Myanmar Emergency Fund) MEF-Canada နဲ့ NUG-MOIC တို့ ပူးပေါင်းစီစဥ် တင်ဆက်တဲ့"Heal Myanmar" Lucky Draw ကံထူးရှင်ရွေးချယ်ပွဲကျင်းပမယ်
(Myanmar Emergency Fund)MEF-Canadaနဲ့ NUG-MOIC တို့ ပူးပေါင်းစီစဥ် တင်ဆက်တဲ့"Heal Myanmar" Lucky Draw ကံထူးရှင်ရွေးချယ်ပွဲကို ဇူလိုင်၁၆ရက်နေ့တွင် ကျင်းပမယ်လို့သတင်းရရှိပါတယ်။
"ပေါက်ရင်ယူ မပေါက်ရင်လည်း 100% ticket sales ကတော့ တော်လှန်ရေး အတွက် အလှူဖြစ်တဲ့အပြင် "Guys from Chin" Music Band Fundraiser အဖွဲဲ့ရဲ့ Live Concert နဲ့ အားဖြည့်ပါ၀င်ကူညီမူ ကို အသိအမှတ်ပြု တခဲနက် အားပေးတဲ့ အနေနဲ့ ကံစမ်းမဲလက်မှတ်များ တစ်စောင် $10 နဲ့ ၀ယ်ယူအားပေးကြပါစို့"လို့ MEF- Canada ကဖော်ပြထားပါတယ်။
ရွှေဆဲဲကိုး၊ရွှေနားဆွဲနဲ့ပုလဲလက်စွပ်တို့ကို တော်လှန်ရေးရန်ပုံငွေအတွက် MEF- Canada Volunteers များမှ တာ၀န်ယူထားတဲ့ သက်ဆိုင်ရာ မြို့ / နိုင်ငံ/ community အသီးသီး တွင် ရောင်းချပေးနေတာလည်းဖြစ်ပါတယ်။ ကံစမ်းမဲလက်မှတ်အရောင်းကိုဇူလိုင်၁၄ရက်နေ့တွင်ပိတ်၍ ဇူလိုင် ၁၆ ရက်နေ့တွင် Live ထုတ်လွှင့်ကာ အဆိုတော်ဘဂျမင်အပါအဝင်အနုပညာရှင်တို့တက်ရောက်ကာကံစမ်း မဲလက်မှတ်များဖွင့်ပွဲကျင်းပမှာဖြစ်ပါတယ်။
========================
📌📌 ၅။ ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ် (၆၀) ပြည့် အောက်မေ့ခြင်းအဖြစ် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကဆွမ်း၊ သင်္ကန်းများကပ်လှူ
ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ် (၆၀) ပြည့် အောက်မေ့ခြင်းအဖြစ် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကဆွမ်း၊ သင်္ကန်းများကပ်လှူခဲ့ပါတယ်။ ယနေ့ ကျရောက်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ်(၆၀)ပြည့် အောက်မေ့ခြင်းအဖြစ် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)မှ ပြည်သူလူထု၏ အကူအညီကိုရယူကာဆဲဗင်းဂျူလိုင် နှစ်(၆၀)ပြည့် အောက်မေ့ခြင်းအဖြစ် ဆွမ်း၊ သင်္ကန်းကပ်လှူခဲ့ပါတယ်။
တော်လှန်ရေးတိုက်ပွဲဝင်လျက်ရှိသော ပြည်ကြီးတံခွန်သပိတ်စစ်ကြောင်းမှ ဆရာတော်အား ဆွမ်း၊ သင်္ကန်းကပ်လှူ၍ ဆဲဗင်းဂျူလိုင်အပါအဝင် ခေတ်အဆက်ဆက် ကျဆုံးခဲ့ရသော အာဇာနည်များသို့ ရေစက်ချအမျှဝေခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားပေါင်းရာနဲ့ချီပြီး အကြမ်းဖက် အသတ်ခံခဲ့ရတဲ့ (Rangoon University Massacre) ဆဲဗင်းဂျုလိုင် သမိုင်းဖြစ်ရပ်ဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။
========================
📌📌 ၆။ (Myanmar Emergency Fund ) MEF- Canada မှ တနင်္သာရီ PDF နဲ့ ဥကရစ်ထတိုက်ပွဲအတွက်အပါအဝင် ထောက်ပို့ငွေ ကနေဒါဒေါ်လာ ၇၉၀၀ ထောက်ပံ့ကူညီ
MEF- Canada မှတနင်္သာရီ PDF နဲ့ ဥကရစ်ထတိုက်ပွဲအတွက်အပါအဝင် ထောက်ပို့ငွေ ကနေဒါဒေါ်လာ ၇၉၀၀ ထောက်ပံ့ကူညီ ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၇ ရက်နေ့မှာ MEF- Canada မှ တရားဝင်ထုတ်ပြန်ပါတယ်။ MEF- Canada မှ ကနေဒါဒေါ်လာ၇၉၀၀ကုိ ထောက်ပံရာတွင် တနင်္သာရီ PDF- CA$ 4500၊ဥကရစ်ထ အရေးပေါ် အကူအညီ- CA$2000၊ ကရင် နီ PDF ( B.8 )- CA$ 5,00၊ ထိုင်း / မြန်မာ နယ် စပ် PDF- CA$400 တို့အပြင် Radio NUG- CA$500တို့ ကူညီခဲ့ပါတယ်။ လက်ရှိမှာ MEF- Canadaက ချင်းဒေသအတွက် ထောက်ပို့ပြီးစီးပါက ဒေသတစ်ခုချင်းစီအလိုက် ရန်ပုံငွေရှာဖွေပေးကာ ထောက်ပို့ကူညီသွားမယ်လို့သိရပါတယ်။
========================
📌📌 ၇။ အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ကာလမှာ အခွန်ထမ်းဆောင်နေတဲ့လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ စီးပွါးရေးလုပ်ငန်းများကို ဂုဏ်ယူစွာမှတ်တမ်းတင်ထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနဆို
အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ကာလမှာ အခွန်ထမ်းဆောင်နေတဲ့လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ စီးပွါးရေးလုပ်ငန်းများကို ဂုဏ်ယူစွာမှတ်တမ်းတင်ထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကဆိုပါတယ်။ ဇူလိုင် ၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနမှထုတ်ပြန်ကြေ ညာပါတယ်။
"အခွန်ဆိုတာ နိုင်ငံတစ်နိုင်ငံ၊ အစိုးရတစ်ရပ် အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်တစ်ခုဆိုရင်လည်း မမှားပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနမှလည်း အခုလိုအကြမ်းဖက်စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ကာလမှာအခွန်ထမ်းဆောင်နေတဲ့လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့စီးပွါးရေးလုပ်ငန်းများကို ဂုဏ်ယူစွာမှတ်တမ်းတင်ထားပါတယ်"လို့ဖော်ပြပါတယ်။
အခွန်ထမ်းဆောင်ဖို့ကျန်နေတဲ့စီးပွါးရေးလုပ်ငန်းများကိုလည်း အဘယ့်ကြောင့်အခွန်ထမ်းဆောင်သင့်ကြောင်း၊ အခွန်ထမ်းဆောင်ဖို့မည်သို့မည်ပုံဆက်သွယ်ဆောင်ရွက်ရန်စသည်တို့ကိုလည်း ပြည်တွင်းအခွန်များဦးစီးဌာန၏ contact@nug-mm.net email မှတဆင့် Notice Letter များပေးပို့လျှက်ရှိပါတယ်။ "အကြမ်းဖက်စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ကာလ၊ အဘက်ဘက်မှလိုအပ်ချက်တွေများနေတဲ့ကာလမှာ အခွန်ထမ်းခြင်းဖြင့် သမိုင်းကပေးတဲ့တာဝန်ကို ဂုဏ်ယူစွာပါဝင်ဖို့လည်းတိုက်တွန်းအပ်ပါတယ်"လို့ ပြည်တွင်းခွန်များဦးစီးဌာနကဖော်ပြပါတယ်။
========================
📌📌 ၈။ NUGPay ရဲ့ Pilot Project စင်္ကာပူအတွက် ခွဲတမ်း ၂၀၀ သာကျန်ရှိတော့၍ အေးဂျင့်များထံတွင် အမြန် Activate ပြုလုပ်နိုင်
NUGPay ရဲ့ Pilot Project စင်္ကာပူအတွက် ခွဲတမ်း ၂၀၀ သာကျန်ရှိတော့၍ အေးဂျင့်များထံတွင် အမြန် Activate ပြုလုပ်နိုင်တယ်လို့ဆိုပါတယ်။ ဇူလိုင် ၇ ရက်နေ့မှာ NUG Pay ကတရားဝင်ထုတ်ပြန်ပါတယ်။
"စင်္ကာပူဒေသ အတွက် Pilot ကာလ Wallet ခွဲတမ်း ၂၀၀ သာ ကျန်ရှိပါတော့တယ်။ NUGPay အသုံးပြုလိုသူများအနေဖြင့် မိမိ၏ ဒေသ အေးဂျင့်များထံတွင် NUGPay Wallet များ Activate ပြုလုပ်နိုင်ပါတယ်"လို့ ဖော်ပြပါတယ်။
NUGPay ရဲ့ Pilot Project ဟာ Wallet ပေါင်း “တစ်သောင်း” ဖြင့်သာ စတင်လည်ပတ်မှာ ဖြစ်ပြီး လက်ရှိမှာ ပြည်သူအားလုံး လက်လှမ်းမီနိုင်မည် မဟုတ်သေးဘူးလို့လည်းသိရပါတယ်။ NUGPay အား တဆင့်ချင်းစီ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်သွားမယ်လို့ကြေညာပါတယ်။ လက်ရှိမြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ UK ဒေသများရှိ အေးဂျင့်များထံတွင် account ဖွင့်လှစ်နိုင်ပြီး အခြားဒေသများရှိ အေးဂျင့်များကိုလည်း မကြာမီ ထပ်မံကြေညာသွားမှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment