၂၀၂၂ ဇူလိုင်လ ၇ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရကနိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင်ဖွဲ့စည်းမယ်
📌 ၂။ ဘီးလင်းမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကျဆုံးမှုမှာ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဝမ်းနည်းစကားဆို
📌 ၃။ New Myanmar Education ကျောင်းဖွင့်ပွဲအခမ်းအနား ပညာရေးဝန်ကြီးတက်ရောက် ဖွင့်လှစ်ပေးခဲ့
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့ ပူးပေါင်းလုပ်ဆောင်ရမယ့်ကိစ္စရပ်တွေနဲ့ပတ်သက်လို့ တွေ့ဆုံဆွေးနွေး
📌 ၅။ ဒုဗိုလ်မှုးကြီး အပွင့်အခက်များတပ်ဆင်ပေးထားတဲ့ ခွေးလေး BUDDY လည်ပတ်ကို ရန်ပုံငွေအဖြစ်ရှာပေးဖို့ ဆေး📌 တက္ကသိုလ် (၂) ကျောင်းသားကော်မတီကအကူအညီတောင်းခံ
📌 ၆။ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF ) ထံသို့ ရဲတပ်ကြပ်ကြီး ၂ ဦးကျည် ၃၂၁ တောင့် နဲ့ လက်ပစ်ဗုံး ၆ လုံးယူဆောင်လာ၍ ခိုလှုံ
📌 ၇။ မြိတ်မြို့တွင် CDM မူလတန်းပြကျောင်းဆရာမ နေအိမ်သို့ခေတ္တပြန်လာစဥ် စစ်ကောင်စီတပ် သတင်းပေးက သတင်းပေးလို့ဖမ်းဆီးခံရ
📌 ၈။ ဘီးလင်းမြို့နယ် အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်းကို စစ်တပ်ကသတ်ဖြတ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရကနိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင်ဖွဲ့စည်းမယ်
အမျိုးသားညီညွတ်ရေးအစိုးရကနိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင်ဖွဲ့စည်းမယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၅ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးပွဲမှာ ပြည်ထောင်စုဝန်ကြီးများကတင်ပြခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့ က နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင် ဖွဲ့စည်းရန်ကိစ္စ ၊အတည်ပြုရန် တင်ပြတဲ့ ကိစ္စတို့ကို တင်ပြခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ကော်မတီ ၊ကော်မရှင်များဖွဲ့စည်းရာ (၁၆) ခုထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၂။ ဘီးလင်းမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကျဆုံးမှုမှာ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဝမ်းနည်းစကားဆို
ဘီးလင်းမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကျဆုံးမှု တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဝမ်းနည်းစကားပြောပါတယ်။ ဇူလိုင် ၆ ရက်နေ့ လူမှုကွန်ရက်မှာ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကရေးသားပြောကြားခဲ့ပါတယ်။
"တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ တစ်ဦးအဖြစ်ထာဝရ ဦးညွတ်လိုက်ပါတယ် အစ်ကို။ ထောင်ထဲမှာတုန်းကလည်း အတူဖြတ်သန်းခဲ့ကြရတယ်။ ပါတီမှာလည်း တာဝန်ကိုယ်စီနဲ့ ဖြတ်သန်းခဲ့ကြတယ်။ တော်လှန်ရေးမှာလည်း ကိုယ်စီတာဝန်တွေနဲ့အတူဖြတ်သန်းခဲ့ကြတယ်။ အဆုံးထိ ဆက်ပြီး တာဝန်ကျေအောင်ဆက်ပြီး ထမ်းဆောင်ပါမယ် လို့ ထပ်လောင်း ပြောကြားပါတယ်"လို့ဆိုပါတယ်။
ဇူလိုင် ၆ ရက်နေ့မှာ ဘီးလင်းမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂၂ ရက်နေ့ ဘီးလင်းမြို့နယ် ပေါ်စီးကျေးရွာအနီး ဒေသခံတွေနဲ့ ခရီးသွားရာမှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ ပစ်ခတ်၍ ဘီးလင်းမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကိုပါ တပါတည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
========================
📌📌 ၃။ New Myanmar Education ကျောင်းဖွင့်ပွဲအခမ်းအနား ပညာရေးဝန်ကြီးတက်ရောက် ဖွင့်လှစ်ပေးခဲ့
New Myanmar Education ကျောင်းဖွင့်ပွဲအခမ်းအနား ပညာရေးဝန်ကြီးတက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဇူလိုင် ၆ ရက်နေ့ မှာ New Myanmar Education ကျောင်းကို အခမ်းအနားနဲ့ဖွင့်လှစ်ခဲ့တာပါ။ အခမ်းအနားတွင် အစီစဥ်တင်ဆက်သူတေးသံရှင် Russell မှ အားဖြည့်ကူညီပေးခဲ့ပြီး ခွန်းအားပြည့်မိငယ် သီချင်းဖြင့် အဆိုတော်မူးလာမှ ဖျော်ဖြေခဲ့ပါတယ်။ ထို့နောက်ပညာရေးဝန်ကြီးဒေါက်တာ ဦးဇော်ဝေစိုးမှ အခမ်းအနားဖွင့်လှစ်၍ မိတ်ဆက်စကားပြောကြားခဲ့ပြီး NME ၏ကျောင်းအုပ်ဆရာမကြီးမှ ကြားကာလပညာရေးဖော်ဆောင်ရခြင်းအားပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့ ပူးပေါင်းလုပ်ဆောင်ရမယ့်ကိစ္စရပ်တွေနဲ့ပတ်သက်လို့ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့ ပူးပေါင်းလုပ်ဆောင်ရမယ့်ကိစ္စရပ်တွေနဲ့ပတ်သက်လို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဇူလိုင် ၆ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှုကို အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) တို့ အွန်လိုင်းမှတဆင့် တွေ့ဆုံရာတွင် လက်ရှိလက်တွဲလုပ်ဆောင်နေတဲ့ဆောင်ရွက်ချက်တွေနဲ့ ဆက်လက်ပြီးပူးပေါင်းလုပ်ဆောင်ရမယ့်ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မဟာမိတ်ဆက်ဆံရေးကော်မတီဟာအာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးအတွက် တိုင်းရင်းသားအင်အားစုတွေနဲ့ မဟာမိတ်ဆက်ဆံရေးတစ်ရပ်ထူထောင်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
========================
📌📌 ၅။ ဒုဗိုလ်မှုးကြီး အပွင့်အခက်များတပ်ဆင်ပေးထားတဲ့ ခွေးလေး BUDDY လည်ပတ်ကို ရန်ပုံငွေအဖြစ်ရှာပေးဖို့ ဆေးတက္ကသိုလ် (၂) ကျောင်းသားကော်မတီကအကူအညီတောင်းခံ
ဒုဗိုလ်မှုးကြီး အပွင့်အခက်များတပ်ဆင်ပေးထားတဲ့ ခွေးလေး BUDDY လည်ပတ်ကို ရန်ပုံငွေ အဖြစ်ရှာပေးဖို့ ဆေးတက္ကသိုလ် (၂) ကျောင်းသားကော်မတီကအကူအညီတောင်းခံလိုက်ပါတယ်။ ကရင်နီဒေသ နန်းဖဲ-ထားလဲ ထောက်ပို့ယာဉ်တန်းမှာကျဆုံးသွားတဲ့ ဒုဗိုလ်မှုးကြီးအပွင့်အခက်များကို နွေဦးကျန်းမာဆေးရုံရဲ့ခွေးလေး BUDDY ကိုလည်ပတ်အဖြစ်တပ်ဆင်ပေးထားတာလည်းဖြစ်ပါတယ်။ ဇူလိုင် ၆ ရက်နေ့မှာ ခွေးလေး BUDDY အကြောင်းကို ဆေးတက္ကသိုလ် (၂) ကျောင်းသားကော်မတီကထုတ်ပြန်ပါတယ်။
"ရဲဘော် Buddy ဟာ နွေဦးကျန်းမာဆေးရုံရဲ့ရဲဘော်တစ်ဦးပါ ။ လက်တစ်ဝါးစာအရွယ်ကတည်းက ဆရာဝန်တွေ လူနာကြည့်လည်းလိုက် ၊ စစ်ရှောင်သွားလည်းလိုက် ၊ အကုန် အားကိုးရတဲ့ရဲဘော် ။ လက်နက်ကြီး ကျခါနီးဆို အကုန်ပတ်ဟောင်ပြီးနှိုးပေး ဆရာဝန်တွေ မအိပ်ရင် သူမအိပ်တဲ့ ရဲဘော်တစ်ဦးပါ။ ရဲဘော် BUDDY ကို ကရင်နီဒေသ နန်းဖဲ-ထားလဲ ထောက်ပို့ယာဉ်တန်းမှာကျသွားတဲ့ ဒုဗိုလ်မှုးကြီး အပွင့်တင်ပေးထားပါတယ်။ Fundraiser ညီကိုမောင်နှမများခင်ဗျာ ရဲဘော် Buddy ရဲ့ လည်ပတ်လေးကို ရန်ပုံငွေရှာဖွေပေးကြဖို့ ကူညီပေးစေလိုပါတယ် ။ တိုက်ပွဲမှာပါခဲ့ကြတဲ့ တပ်ရင်းတွေကို ပြန်လည်ထောက်ပို့ပေးနိုင်ဖို့ပါခင်ဗျာ"လို့ဆိုပါတယ်။ယခင်ကလည်း စကစတပ်က ရှေ့တန်းတွင်ကျဆုံးသော ဗိုလ်အဆင့် ကြယ်ပွင့်များကို ဖိနပ်တွင် တပ်ဆင်၍ ရောင်းချရာ တော်လှန်ရေးရန်ပုံငွေများစွာရရှိခဲ့ပါတယ်။
========================
📌📌 ၆။ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF ) ထံသို့ ရဲတပ်ကြပ်ကြီး ၂ ဦးကျည် ၃၂၁ တောင့် နဲ့ လက်ပစ်ဗုံး ၆ လုံးယူဆောင်လာ၍ ခိုလှုံ
ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF ) ထံသို့ ရဲတပ်ကြပ်ကြီး ၂ ဦးကျည် ၃၂၁ တောင့် နဲ့လက်ပစ်ဗုံး ၆ လုံးယူဆောင်လာ၍ ခိုလှုံခဲ့ပါတယ်။ ဇူလိုင် ၆ ရက်နေ့မှာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF ) ကအလင်းဝင်လာတဲ့ရဲ ၂ ဦး အကြောင်းအရာကိုသတင်းထုတ်ပြန်ခဲ့ပါတယ်။
"ဘောလခဲ ရဲတပ်ဖွဲ့ မှုခင်းနှိမ်နှင်းရေးတပ်စုမှ တပ်ကြပ်ကြီးကိုဝင်းထွန်း ကိုယ်ပိုင်အမှတ် (လ/၁၅၈၇၃၂) နှင့် နယ်ထိန်းတပ်ကြပ်ကြီး ကိုမျိုးဆွေးဦး (လ/၁၈၆၆၄၈) တို့ဟာ ဇူလိုင် ၃ ရက်နေ့က ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ထံသို့ ဆက်သွယ်ကာ CDM ပြုလုပ်ပြီး ဝင်ရောက်ခိုလှုံခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
CDM ရဲ ၂ ယောက်နှင့်အတူ (၇.၆၂) မမ ကျည် ၃၂၁ တောင့် ၊လက်ပစ်ဗုံး ၆ လုံးနှင့် ဆက်သွယ်ရေး စကားပြောစက် ၂ လုံး ပါရှိလာကာဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ထံအပ်နှံခဲ့ပါတယ်။ ဆက်လက်ပြီး စစ်ကောင်စီ ဖက်မှ CDM ပြုလုပ်လာမည့် စစ်သား/ ရဲတပ်သား များကို မိမိတို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) မှ ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းထုတ်ပြန်ပါတယ်။
========================
📌📌 ၇။ မြိတ်မြို့တွင် CDM မူလတန်းပြကျောင်းဆရာမ နေအိမ်သို့ခေတ္တပြန်လာစဥ် စစ်ကောင်စီတပ် သတင်းပေးက သတင်းပေးလို့ဖမ်းဆီးခံရ
မြိတ်မြို့တွင် CDM မူလတန်းပြကျောင်းဆရာမ နေအိမ်သို့ခေတ္တပြန်လာစဥ် စစ်ကောင်စီတပ် သတင်းပေးက သတင်းပေးလို့ဖမ်းဆီးခံခဲ့ရပါတယ်။ ဇူလိုင် ၆ ရက်နေ့ ဖမ်းဆီးခံတဲ့အကြောင်းအရင်းကို AAPP ကထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော မူလတန်းပြကျောင်းဆရာမ တစ်ဦးဖြစ်သူ ဒေါ်ယုယုလွင်ဟာ နေအိမ်သို့ခေတ္တရောက်ရှိနေစဉ် အကြမ်းဖက်စစ်အုပ်စု သတင်းပေး၏ တိုင်ကြားမှုကြောင့် ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၄၃၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၂၁၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၈။ ဘီးလင်းမြို့နယ် အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်းကို စစ်တပ်ကသတ်ဖြတ်ခဲ့
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အမှတ်၂ လွှတ်တော်ကိုယ် ဦးကျော်မျိုးမင်းကို စစ်တပ်ကသတ်ဖြတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၆ ရက်နေ့မှာ ဘီးလင်းမြို့နယ် အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂၂ ရက်နေ့ ဘီးလင်းမြို့နယ်ပေါ်စီးကျေးရွာအနီး ဒေသခံတွေနဲ့ ခရီးသွားရာမှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ ပစ်ခတ်၍ ဘီးလင်းမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကိုပါ တပါတည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခြင်းခံရတဲ့ လူပေါင်းနှစ်ထောင်ကျော်ရှိပြီဖြစ်ပါတယ်။
No comments:
Post a Comment