၂၀၂၂ ဇူလိုင်လ ၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မီးလောင်နေသော မြန်မာနိုင်ငံကို မီးငြိမ်းစေဖို့ ပြည်သူလူထု တစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိသလိုအစိုးရများတွင်လည်း တာဝန်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
📌 ၂။ ပေးဆပ်သွားတဲ့သူရဲကောင်းတွေရဲ့သတင်းကြားတိုင်းတာဝန်ပိုကျေစေရမယ်လို့လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၃။ စစ်အာဏာရှင်စနစ်နဲ့ ဖောက်ပြန် ပျက်စီးနေတဲ့ မြန်မာစစ်တပ်ဟာမကြာခင် ပြိုကျပျက်စီး မိုက်ဇာတ်သိမ်းသွားတော့မှာလို့ အလုပ်သမားဝန်ကြီးပြောကြားလိုက်
📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်က သီးသန့် အဆောက်အအုံမှာသာဆက်လက်ထားရှိထား
📌 ၅။ စစ်အာဏာရှင်တို့က အလိမ်အညာလှည့်ဖြားမှုများဖြင့် တော်လှန်ရေးအရှိန်ကျသွားစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ဆို
📌 ၆။ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စရပ်များ” ကို တွေ့ဆုံဆွေးနွေး
📌 ၇။ တစ်ပတ်အတွင်း NUGPay Wallet ဖွင့်ပြီး သုံးစွဲသူ အယောက် တစ်ထောင် ပြည့်
📌 ၈။ ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က ပြုလုပ်သော ဆဲဗင်းဂျူလိုင် နှစ် (၆၀) ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုအားစကစတပ်က အိမ်စီးကား Toyota Belta နဲ့တိုက်ဖမ်း
📌 ၉။ CSST မှအထက်တန်းပြ ဆရာ၊ဆရာမများနှင့် အလယ်တန်းပြ ဆရာ၊ဆရာမများ လိုအပ်သဖြင့် ထပ်မံခေါ်ယူ
📌 ၁၀။ အမျိုးသားညီညွတ်ရေးအစိုးရလမ်းညွှန်မှုအောက်ရှိ (DMO-Local PDF) မှ တပ်ရင်း (K) အား ထပ်မံတိုးချဲ့ဖွဲ့စည်း
📌 ၁၁။ ပေါက် မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ယောကာကွယ်ရေးတပ် ( YDF-KYAW) သို့ ခိုလှုံ
📌 ၁၂။ ကလေးမြို့နယ်၊ ရေရှင်ကျေးရွာကို စစ်ကောင်စီတပ်များဝင်ရောက်သောင်းကျန်း၍ ဒေသခံရွာသား ကိုမုန်းဖေကို ဖမ်းဆီးသတ်ဖြတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မီးလောင်နေသော မြန်မာနိုင်ငံကို မီးငြိမ်းစေဖို့ ပြည်သူလူထု တစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိသလိုအစိုးရများတွင်လည်း တာဝန်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
မီးလောင်နေသော မြန်မာနိုင်ငံကို မီးငြိမ်းစေဖို့ ပြည်သူလူထု တစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိသလိုအစိုးရများတွင်လည်း တာဝန်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။ ဇူလိုင် ၇ ရက်နေ့ မှာကျရောက်တဲ့နှစ် (၆၀) ဆဲဗင်းဂျူလိုင်ပြည့်နှစ်အတွက် မိန့်ခွန်းမှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကထည့်သွင်းပြောပါတယ်။
"မီးလောင်နေသော မြန်မာနိုင်ငံကို မီးငြိမ်း စေဖို့ရန် ကျွန်တော်တို့ တစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရများတွင်လည်း တာဝန်ရှိပါတယ်။သွေးထွက်နေသော မြန်မာနိုင်ငံကို သွေးတိတ်စေဖို့ရန်အတွက် ကျွန်တော်တို့ တစ်ဦး ချင်းစီတိုင်းတွင် တာဝန်ရှိသကဲ့သို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရများတွင်လည်း တာဝန်ရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
စစ်ကောင်စီတပ်များဟာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုရားကျောင်းများ အပါအဝင် အိမ်ခြေ ၂ သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ဒါ့အပြင် ၁.၂ သန်းခန့် ရှိသော မြန်မာပြည်သူလူထုဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေကြပြီး တောတောင်ထဲရှိ ဒုက္ခသည် စခန်းများတွင် သောင်တင်နေကြရပါတယ်။
========================
📌📌 ၂။ ပေးဆပ်သွားတဲ့သူရဲကောင်းတွေရဲ့သတင်းကြားတိုင်းတာဝန်ပိုကျေစေရမယ်လို့လူ့အခွင့်ရေးရာဝန်ကြီးဆို
ပေးဆပ်သွားတဲ့သူရဲကောင်းတွေရဲ့သတင်းကြားတိုင်းတာဝန်ပိုကျေစေရမယ်လို့လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။ ဇူလိုင်လ ၆ ရက်နေ့ လူမှုကွန်ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကရေးသားပြောကြားခဲ့ပါတယ်။
"ရင်နာစရာ ကြေကွဲစရာတွေပြည့်နေတဲ့ကာလမှာ ပေးဆပ်သွားတဲ့သူရဲကောင်းတွေရဲ့သတင်းကြားတိုင်း သူတို့အတွက် တာဝန်ပိုကျေစေရမယ်လို့ အားတင်းမိတယ်။ပင်ပန်းလို့ ညီးညူမိတော့မလိုဖြစ်တိုင်း ကိုယ့်ထက်ပိုတဲ့အခက်အခဲတွေကြားထဲကနေ တိုက်ပွဲဝင်နေကြတဲ့သူရဲကောင်းတွေအကြောင်းကို တွေးရင်း အားယူမိတယ်"လို့ဝန်ကြီးကပြောပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက် နေ့မှာ တစ်နိုင်ငံလုံး ခုခံတွန်းလှန်စ်ဆင်နွှဲဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာကြေညာခဲ့ပါတယ်။ လက်ရှိမှာ စကစတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်များနှစ်ဖက်ထိတွေ့မှုပြင်းထန်ကာ စကစတပ်များကသာ အကျအရှုံးများလျက်ရှိပါတယ်။
========================
📌📌 ၃။ စစ်အာဏာရှင်စနစ်နဲ့ ဖောက်ပြန် ပျက်စီးနေတဲ့ မြန်မာစစ်တပ်ဟာမကြာခင် ပြိုကျပျက်စီး မိုက်ဇာတ်သိမ်းသွားတော့မှာလို့ အလုပ်သမားဝန်ကြီးပြောကြားလိုက်
စစ်အာဏာရှင်စနစ်နဲ့ ဖောက်ပြန် ပျက်စီးနေတဲ့ မြန်မာစစ်တပ်ဟာမကြာခင် ပြိုကျပျက်စီး မိုက်ဇာတ်သိမ်းသွားတော့မှာလို့ အလုပ်သမားဝန်ကြီးနိုင်သုဝဏ္ဏကပြောကြားလိုက်ပါတယ်။ ဇူလိုင် ၇ ရက်နေ့ ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်နေ့ မိန့်ခွန်းမှာ ဝန်ကြီး နိုင်သုဝဏ္ဏကပြောပါတယ်။
"ယခုအချိန်မှာ စစ်အာဏာ ရှင်တို့နဲ့ ဖောက်ပြန်ပျက်စီးသွားပြီဖြစ်တဲ့ ၎င်းတို့ရဲ့ စစ်တပ်၊ သေရဲတဲ့ ကောင်ထွက်ခဲ့ လို့ လက်နက်မဲ့ ပြည်သူတို့ကို စိန်ခေါ်ခဲ့တဲ့ စစ်တပ်ကို ပြည်သူ့တော်လှန်ရေးအဖွဲ့များရဲ့ “သေရဲတဲ့ မင်းတို့စစ်တပ်က ကောင်တွေထွက်ခဲ့” ဆိုတဲ့ တုံ့ပြန်မှုအောက်မှာ မကြာခင် ပြိုကျပျက်စီး မိုက်ဇာတ်သိမ်းသွားတော့မှာ ဖြစ်ပါတယ်"လို့ဝန်ကြီးကပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မေလ (၁၇) ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စုဆောင်းရရှိထားသော အချက်အလက်များအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား (၁၄၈၉၀) ဦး သေဆုံးခဲ့ပြီး (၄၈၁၄) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်က သီးသန့် အဆောက်အအုံမှာသာဆက်လက်ထားရှိထား
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်က သီးသန့် အဆောက်အအုံမှာသာဆက်လက်ထားရှိထားတယ်လို့ နေပြည်တော်ရှိ တရားရုံးအသိုင်းအဝိုင်းကနေ ဇူလိုင်လ ၇ ရက်နေ့က စုံစမ်းသိရှိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် အချုပ်ထောင်မှာရှိတဲ့ သီးသန့်အဆောက်အအုံကို ဇွန်လ ၂၂ ရက်နေ့က စတင်ပြီး ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၆ ရက်နေ့က ရန်ကုန်နေအိမ်သို့ပြောင်းရွှေ့တယ်လို့ ဇူလိုင် ၇ ရက်နေ့မှာ သတင်းထွက်ပေါ်ခဲ့ပါတယ်။ အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းစဥ်ကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၅။ စစ်အာဏာရှင်တို့က အလိမ်အညာလှည့်ဖြားမှုများဖြင့် တော်လှန်ရေးအရှိန်ကျသွားစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ဆို
စစ်အာဏာရှင်တို့က အလိမ်အညာလှည့်ဖြားမှုများဖြင့် တော်လှန်ရေးအရှိန်ကျသွားစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဆိုလိုက်ပါတယ်။ ဇူလိုင် ၇ ရက်နေ့ နှစ် (၆၀) ပြည့် ဆဲဗင်းဂျူလိုင်နေ့သို့ပေးပို့တဲ့ သဝဏ်လွှာမှာဖော်ပြပါရှိပါတယ်။
အာဏာရှင်များအား ခေတ်အဆက်ဆက်တွင် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန် ခဲ့သည့်နည်းတူ ယနေ့အချိန်တွင်လည်း နည်းပညာ၊ ကျွမ်းကျင်မှုတို့အပြင် ခက်ခဲကြမ်းတမ်းသော လက်နက်ကိုင်ခုခံဆန့်ကျင်ရာတွင်လည်း အင်အားကြီးသောအစုအဖွဲ့အဖြစ် ရပ်တည်လျက်ရှိပါတယ်။ စစ်အာဏာရှင်တို့က အလိမ်အညာလှည့်ဖြားမှုများဖြင့် တော်လှန်ရေးအရှိန်ကျသွား စေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလုပ်ဆောင်နေသော်လည်း ကျောင်းသားလူငယ်များ၏ ပြင်းပြသောစိတ်ဓာတ်၊ ခိုင်မာသော လုံ့လအားစိုက်မှုတို့အား များစွာဂုဏ်ယူလေးစားပါကြောင်း ဖော်ပြအပ်ပါတယ်"လို့ပါရှိပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်အာဏာရှင်တို့သည် မသမာသော လုပ်ရပ်အမျိုးမျိုးဖြင့် တော်လှန်ရေး ပျက်ပြားစေရန် ကြိုးပမ်းနေစေကာမူ တိုင်းရင်းသား ပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးအတွက် ဆက်လက်ပါဝင်ဆင်နွှဲသွားကြမည့် ကျောင်းသားလူငယ်တို့နှင့် မိမိတို့အားလုံး၏ ထပ်တူညီသော ဆန္ဒဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ယုံကြည်ချက်အပြည့် အဝဖြင့် ဆက်လက်ချီတက်ကြရန်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကတိုက်တွန်းထားပါတယ်။
========================
📌📌 ၆။ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စရပ်များ” ကို တွေ့ဆုံဆွေးနွေး
နိုင်ငံတကာရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတကာရေးရာကိစ္စရပ်များအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပိုမိုထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့အကြား ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ “လက်ရှိကာလ ဆောင်ရွက်ရန်ရှိသည့် နိုင်ငံတကာရေးရာကိစ္စရပ်များ၏ အခြေအနေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒများအရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း၊ ဥပဒေပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ” ကို ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦး နှင့် အဖွဲ့ဝင်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း နှင့် ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် နန်းဆုမွန်အောင် တို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၇။ တစ်ပတ်အတွင်း NUGPay Wallet ဖွင့်ပြီး သုံးစွဲသူ အယောက် တစ်ထောင် ပြည့်
တစ်ပတ်အတွင်း NUGPay Wallet ဖွင့်ပြီး သုံးစွဲသူ အယောက် တစ်ထောင် ပြည့်ခဲ့တယ်လို့ NUG Pay က ဇူလိုင်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
"NUGPay Wallet ဖွင့်ပြီး သုံးစွဲသူ အယောက် တစ်ထောင် ပြည့်ပြီ ဖြစ်ပါတယ်။ မကြာခင် အချိန်အတွင်းမှာ Pilot ကာလ မျှော်မှန်းချက် Wallet ၁ သောင်း ပြည့်မီအောင် ကြိုးပမ်းလျက်ရှိပြီး ဒေသအားလုံးကို လွှမ်းခြုံနိုင်အောင် အထူးကြိုးပမ်းလျက်ရှိကြောင်း ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။
NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီ ငွေကြေး ယန္တရားအောက်မှ လုံးဝ လွတ်ကင်းသော ငွေပေးချေမှု စနစ်တစ်ခုပင် ဖြစ်ပြီး ပြည်သူများ အနေဖြင့် ငွေကြေးလွှဲပြောင်းမှုများကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ပါတယ်။ NUGPay ရဲ့ Pilot Project ဟာ Wallet ပေါင်း “တစ်သောင်း” ဖြင့်သာ စတင်လည်ပတ်မှာ ဖြစ်ပါတယ်။
========================
📌📌 ၈။ ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က ပြုလုပ်သော ဆဲဗင်းဂျူလိုင် နှစ် (၆၀) ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုအားစကစတပ်က အိမ်စီးကား Toyota Belta နဲ့တိုက်ဖမ်း
ဇူလိုင် ၇ ရက်နေ့က ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က ပြုလုပ်သော ဆဲဗင်းဂျူလိုင် နှစ် (၆၀) ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုအား စစ်ကောင်စီတပ်က အိမ်စီးကား Toyota Belta နဲ့တိုက်ဖမ်းခဲ့ပါတယ်။ ဇူလိုင် ၇ ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ဗကသများအဖွဲ့ချုပ်က ဆဲဗင်းဂျူလိုင် နှစ် (၆၀) ပြည့်အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုကို ဖြိုခွင်းခဲ့တာလို့ ဗကသများအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။
"ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ဗကသများအဖွဲ့ချုပ်က ဆဲဗင်းဂျူလိုင် နှစ် (၆၀) ပြည့်အထိမ်းအမှတ်အဖြစ် “7July စိတ်ဓာတ် လက်စွဲသုံး၊ ကမ္ဘာသစ်အတွက် ဒို့အတူရုန်း၊ 7762 မမေ့ကြနဲ့” စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။ လှုပ်ရှားမှု ပြုလုပ်နေစဉ်တွင် ဖက်ဆစ်တပ်က ဗုံးနှင့်ပစ်၍ အိမ်စီးကား Toyota Belta အဖြူ ကားနံပါတ် YGN/7J-5050 နဲ့ ဝင်တိုက်ကာဖြိုခွဲခဲ့ပါတယ်" လို့ဆိုပါတယ်။ ကားနဲ့တိုက်ဖြိုခွဲမှုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသော ရဲဘော်များရှိပြီး ဖမ်းဆီးခံရသူများရှိ၊မရှိ စုံစမ်းနေတယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ CSST မှအထက်တန်းပြ ဆရာ၊ဆရာမများနှင့် အလယ်တန်းပြ ဆရာ၊ဆရာမများ လိုအပ်သဖြင့် ထပ်မံခေါ်ယူ
CSST မှအထက်တန်းပြ ဆရာ၊ဆရာမများနှင့် အလယ်တန်းပြ ဆရာ၊ဆရာမများ လိုအပ်သဖြင့် ထပ်မံခေါ်ယူပါတယ်။ ဇူလိုင် ၇ ရက်နေ့မှာ ဆရာ၊ဆရာမများလိုအပ်ကြောင်း CDM Students Supporting Team-CSST ကဖော်ပြပါတယ်။
အထက်တန်းပြ ဆရာ/ဆရာမများနှင့် အလယ်တန်းပြ ဆရာ/ဆရာမများ လိုအပ်လျှက်ရှိသောကြောင့် စေတနာ့ဝန်ထမ်းဆရာ/မများ အနေဖြင့် လျှောက်ထားပေးပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါတယ်"လို့ဆိုပါတယ်။ လျှောက်ထားလိုသူ ဆရာ၊ဆရာမများအနေနဲ့ CDM Students Supporting Team-CSST ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ လျှောက်လွှာဖောင်များဖော်ပြထားပါတယ်။
========================
📌📌 ၁၀။ အမျိုးသားညီညွတ်ရေးအစိုးရလမ်းညွှန်မှုအောက်ရှိ (DMO-Local PDF) မှ တပ်ရင်း (K) အား ထပ်မံတိုးချဲ့ဖွဲ့စည်း
အမျိုးသားညီညွတ်ရေးအစိုးရလမ်းညွှန်မှုအောက်ရှိ (DMO-Local PDF)မှ တပ်ရင်း (K) အား ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ DMO-Local PDF က တပ်ရင်းတိုးချဲ့မှုကို ဇူလိုင်လ (၇) ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လမ်းညွှန်မှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)မှ တပ်ရင်း(K)ကို ဇူလိုင် ၆ရက်နေ့တွင် ဗဟိုကော်မတီဦးဆောင်ပြီး တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုးချဲ့ဖွဲ့စည်းခဲ့သော တပ်ရင်း (K) ဟာ အဓိဌာန် (၄) ချက်နှင့်အညီ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အခြားတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ ညီညွတ်စွာ လက်တွဲသွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၁၁။ ပေါက် မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ယောကာကွယ်ရေးတပ် ( YDF-KYAW) သို့ ခိုလှုံ
ပေါက် မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ယောကာကွယ်ရေးတပ် (YDF-KYAW ) သို့ ဇူလိုင် ၇ ရက်နေ့က ခိုလှုံခဲ့တယ်လို့ ယောကာကွယ်ရေးတပ် ( YDF-KYAW ) က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၃ရက် ၊ ၂၀၂၂ ခုနှစ် ရက်နေ့တွင် ပေါက် မြို့မရဲစခန်းမှ ကိုယ်ပိုင်အမှတ် ( လ - ၂၇၅၃၉၀ ) ရဲတပ်သား အောင်ပိုင်ဟာ ယောကာကွယ်ရေးတပ် ( YDF-KYAW ) သို့ CDMပြုလုပ်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်။ ယောကာကွယ်ရေးတပ် ( YDF-KYAW ) အနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံဝင်ရောက်လာသော ပြည်သူ့ရဲဘော်များအား နွေးထွေးစွာကြိုဆိုလက်ခံလျှက်ရှိကြောင်း ထုတ်ပြန်ပါတယ်။
========================
📌📌 ၁၂။ ကလေးမြို့နယ်၊ ရေရှင်ကျေးရွာကို စစ်ကောင်စီတပ်များဝင်ရောက်သောင်းကျန်း၍ ဒေသခံရွာသား ကိုမုန်းဖေကို ဖမ်းဆီးသတ်ဖြတ်
ကလေးမြို့နယ်၊ ရေရှင်ကျေးရွာကို စစ်ကောင်စီတပ်များဝင်ရောက်သောင်းကျန်း၍ ဒေသခံရွာသား ကိုမုန်းဖေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရေရှင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏စစ်ကြောင်းမှ ဇူလိုင်လ ၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရွာသား ကိုမုန်းဖေကို ဖမ်းဆီးခဲ့ပြီးနောက် ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့တယ်လို့AAPPကဖော်ပြပါတယ်။
စစ်ကြောင်းပြန်လည်ထွက်ခွာသွားပြီး ဇူလိုင်လ ၆ ရက်နေ့တွင် ကိုမုန်းဖေ၏ ရုပ်အလောင်းကို သင်္ဂြိုဟ်နိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၆၉) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
No comments:
Post a Comment