၂၀၂၂ သြဂုတ်လ ၁၅ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးမှာ ကြုံရတဲ့ သင်ခန်းစာတွေဟာ တန်ဖိုးမြင့်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြားလိုက်
📌 ၂။ စစ်ကောင်စီဘက်က နေ့စဥ်နဲ့အမျှ ပြိုကျပျက်စီးနေတယ်လို့ ဒုဝန်ကြီးဦးကျော်နီဆို
📌 ၃။ NUG-MoPFI သို့ ဒေါ်လာ တစ်သန်း One Day Challenge ကထောက်ပံ့ပေးပို့
📌 ၄။ “InyaView@6.5 Mile ဒုတိယမြောက် EOD project ၉ ရက်အတွင်းမှာရှယ်ယာဒေါ်လာ ၁ သန်းဖိုးပြည့်မီအောင်ရောင်းချရ
📌 ၅။ CDM ဝန်ထမ်းများအတွက် မီးဖွားစရိတ်၊ ဆေးကုသစရိတ်နှင့် အခြားစရိတ်များ ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လျှောက်ထားနိုင်
📌 ၆။ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေရှာတဲ့ “ Washington DC , Maryland ဖျော်ဖြေပွဲမှာ အမေရိကန်ဒေါ်လာ ငါးသောင်းရရှိခဲ့တယ်လို့ အဆိုတော် ဆောင်းဦးလှိုင်အသိပေး
📌 ၇။ မြို့ကြီးများမှာ စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်
📌 ၈။ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ၊ တပ်ရင်း (E)၊ တပ်ခွဲ (၁) မှ လိုအပ်လျက်ရှိနေသော ကင်းထောက်ဒရုန်းတစ်စင်းထောက်ပို့ရရှိ
📌 ၉။ ဟိုပင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမျိုးကျော် မြစ်ကြီးနားမှ မိုးညှင်းခရိုင်အဆင်း ၂၁ မိုင်ဂိတ်မှာဖမ်းဆီးခံလိုက်ရ
📌 ၁၀။ ဒီပဲယင်းမြို့နယ်မှာ စကစတပ်များက ဖုတ္ထန်းတောရွာမှာဖမ်းဆီးထားသောအရပ်သား ၄ ဦးကိုသတ်ဖြတ်
📌 ၁၁။ မန္တလေးမှ အင်းတော်ဘက်သို့ ၆ ဘီးကားဖြင့် တင်ဆောင်လာသော မြန်မာဘီယာနဲ့ဒဂုံဘီယာများကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တို့သိမ်းဆည်းဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးမှာ ကြုံရတဲ့ သင်ခန်းစာတွေဟာ တန်ဖိုးမြင့်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြားလိုက်
နွေဦးတော်လှန်ရေးမှာ ကြုံရတဲ့ သင်ခန်းစာတွေဟာ တန်ဖိုးမြင့်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က သြဂုတ်လ ၁၄ ရက်မှာ လူမှုကွန်ရက်မှာ ပြောကြားလိုက်ပါတယ်။
"လေယာဥ် နဲ့ ဗုံးကြဲခံရလို့ ဂနာမငြိမ်ဖြစ်နေချိန် ကေအိုင်အေကို NCA ထိုးဖို့ တိုက်တွန်းပါလား။ NCA မထိုးလို့ဒီလိုခံရတာ ဆိုပြီး လာဖျောင်းဖျ တဲ့ elite တယောက်နဲ့လဲ ကြုံဖူးပါတယ်။ ခုတော့ NCA ယုံတဲ့ သူလဲ ပြေးနေရတာပဲ။ အခြေခံမူ၊ ရပ်တည်ချက် စံတန်ဖိုးများ မခိုင်ရင် လူတိုင်းဟာ ဝမ်းရေးတခုပဲ ထည့်တွက်စရာရှိလာတာဖြစ်တယ်။ ဒီတော်လှန်ရေးမှာ ကြုံရတဲ့ သင်ခန်းစာတွေဟာ တန်ဖိုးမြင့်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီဘက်က နေ့စဥ်နဲ့အမျှ ပြိုကျပျက်စီးနေတယ်လို့ ဒုဝန်ကြီးဦးကျော်နီဆို
စစ်ကောင်စီဘက်က နေ့စဥ်နဲ့အမျှ ပြိုကျပျက်စီးနေတယ်လို့ ဒုဝန်ကြီးဦးကျော်နီကပြောပါတယ်။ သြဂုတ်လ ၁၄ ရက် ကျင်းပတဲ့ ပြည်သူ့ရတနာ တော်လှန်ရေး ရန်ပုံငွေ ကံစမ်းမဲ ဖောက်ပွဲနှင့်ပိတ်ပွဲအခမ်းအနားမှာ အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီကဆိုပါတယ်။
"အခု မြေပြင်သတင်းတွေအရ စစ်ကောင်စီဘက်ကနေ နေ့စဥ်နဲ့အမျှ ပြိုကျ ပျက်စီးနေပြီး ကျနော်တို့ဘက်ကနေ့စဥ်နဲ့အမျှတိုးပွားလာတယ်။ အခုချိန်တောထဲကို ရောက်လာတဲ့ ရဲဘော်တွေ၊ PDFထဲကို ဝင်လာတဲ့ရဲဘော်တွေ တစ်ဖွဲဖွဲ ရှိနေတုန်းပဲ။ သင်တန်းတွေ ဖွင့်နေတုန်း၊ သင်တန်းတွေ ဆင်းနေတုန်း၊ လက်နက်တွေတပ်ဆင်တုန်းပဲ။ ရန်သူ စကစဘက်ကတဖြည်းဖြည်းကျဆုံးနေပါပြီ"လို့ ဒုဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ တစ်နိုင်ငံလုံး ခုခံတွန်းလှန်စစ်စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။
ဇွန်လ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ချက်အရ နယ်မြေစိုးမိုးမှုအနေဖြင့် တိုင်းဒေသကြီးများဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း(မြောက်ပိုင်း)တို့ရှိ အဓိကလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် ကျေးရွာအများစု၏ ၈၀ ရာခိုင်နှုန်းကို PDF များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။
========================
📌📌 ၃။ NUG-MoPFI သို့ ဒေါ်လာ တစ်သန်း One Day Challenge ကထောက်ပံ့ပေးပို့
NUG-MoPFI သို့ ဒေါ်လာ တစ်သန်း One Day Challenge ကထောက်ပံ့ပေးပို့ခဲ့တယ်လို့ သြဂုတ်လ ၁၄ ရက်မှာ One Day Challenge ကအသိပေးဆိုပါတယ်။ One Day Challenge စီမံကိန်း တနှစ်ပြည့်မြောက်ချိန်မှာ ကိုရီးယား နိုင်ငံလုံးအနှံ့ လှုပ်ရှားမှုကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီက ဩဂုတ်လ ၁၄ မှာ လုပ်ဆောင်ခဲ့ပါတယ်။
"ကိုရီးယားနိုင်ငံ အင်ချွန်း၊ ဘူဖျောင်း၊ ဂင်ဖို၊ ဖိုချောန်၊ အန်ဆန်း၊ ရှီဟွန်း၊ ဆူဝမ်၊ ဖျောင်းထက်၊ ဘာရန်း၊ ဂျောင်ဂီဒို ဂွမ်ဂျူး၊ ချွန်နန်း၊ ဂွမ်ဂျူး၊ ဒယ်ဂူး၊ ဂင်မဲ၊ ဘူဆန် စတဲ့ ၁၅ မြို့မှာမြန်မာနိုင်ငံသားများ စုံစည်းရပ်ဝန်း နေရာ ၂၂ ခု၌ One Day Challenge လှုပ်ရှားမှုကို တပြိုင်နက် ပြုလုပ်ခဲ့ပါတယ်။
"နွေဦးတော်လှန်ရေးအတွက် တစ်လလျှင် တစ်ရက်စာ ဝင်ငွေကို လစဉ်ထည့်ဝင်သည့် "ငါ့နိုင်ငံတွက် ငါ့တစ်ရက် One Day Challenge" စီမံကိန်းကို ယမန်နှစ် ဇူလိုင်လက စတင်ခဲ့ရာ တစ်နှစ်တာအတွင်း မင်ဘာဝင် ၁၈၀၀ ကျော်၏ လစဉ် ထည့်ဝင်ငွေများဖြင့် NUG-MoPFI သို့ ဒေါ်လာ တစ်သန်းနှင့် PDF များသို့ ဝမ်သိန်း တစ်ထောင်ခန့် ထောက်ပံ့နိုင်ခဲ့တယ်"လို့ဆိုပါတယ်။
ထို့ပြင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)က ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဇူလိုင်လအထိ ODC အပါအဝင် အရပ်ရပ်ရရှိသော ရန်ပုံငွေများဖြင့် NUG သို့ ဒေါ်လာ တစ်သန်း၊ PDF များသို့ ဝမ်သိန်း ၉၈၀ ကျော်နှင့် ကျပ်သိန်း ၁၃၀၀ ခန့်၊ CDM, CRPH နှင့် စစ်ဘေးရှောင်များသို့ ဝမ်သိန်း ၂၄၀၀ ခန့်နှင့် ကျပ်သိန်း ၉၉၀၀ ကျော် ပေးပို့ ထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
"ငါ့နိုင်ငံအတွက် ငါ့တစ်ရက် ကိုရီးယားမြေမှ မြန်မာ့စစ်သည်တော် ၁၈၀၀ ကျော်ရဲ့ ခမ်းနားတဲ့ စွမ်းပကား တစ်နှစ်တာအတွင်း ဒေါ်လာ (၁)သန်း၊ ဝမ် သိန်း (၁၀၀၀) အထိ နွေဦးအောင်ပွဲအတွက် ထောက်ပံ့ကူညီရင်း အာဏာရှင်အတွက် အိပ်မက်ဆိုး ဖြစ်စေခဲ့ပြီ"လို့ One Day Challenge နှင့် စပ်လျဉ်း၍ ဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ODC မင်ဘာဝင်များကို ၎င်းတို့၏ ထည့်ဝင်ငွေ ပမာဏအတိုင်း ၆ လလျှင် တစ်ကြိမ် "အခွန်ခံစားခွင့် ဂုဏ်ပြုလက်မှတ်"များ ထုတ်ပေးလျက် ရှိပါတယ်။
========================
📌📌 ၄။ “InyaView@6.5 Mile ဒုတိယမြောက် EOD project ၉ ရက်အတွင်းမှာရှယ်ယာဒေါ်လာ ၁ သန်းဖိုးပြည့်မီအောင်ရောင်းချရ
InyaView@6.5 Mile ဒုတိယမြောက် EOD project ၉ ရက်အတွင်းမှာရှယ်ယာဒေါ်လာ ၁ သန်းဖိုးပြည့်မီအောင်ရောင်းချရတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၄ ရက်မှာ End of Dictator Ship ကဖော်ပြပါတယ်။
"ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုကြောင့် မြန်မာငွေတန်ဖိုးတွေ အဆက်မပြတ်ကျ၊ စီးပွါးရေးလုပ်ငန်း ကြီးငယ်တွေအားလုံး အကြီးအကျယ် ဆုံးရှုံးနဲ့၊ ဒီအတိုင်းဆက်သွားရင် မကြာခင် တစ်ပြည်လုံး အငတ်ဘေး ဆိုက်တော့မှာ အားလုံးသိမှာပါ။ ကိုယ့်လက်ထဲက မြန်မာကျပ်ငွေ တန်ဖိုးထပ်မကျအောင် ထိန်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ စစ်ကောင်စီကို လုံးဝ လဲကျသွားသည်အထိ အဆက်မပြတ် ထိုးနှက်ရာမှာသုံးမယ့် EOD ရှယ်ယာနဲ့ Bond ဝယ်ယူခြင်းပဲဖြစ်ပါတယ်။
ဒီနည်းကသာ စစ်အာဏာရှင်ကို အမြန်ဆုံးဖြုတ်ချနိုင်၊ မိမိမြန်မာကျပ်ငွေများကိုလည်း မဆုံးရှုံးရမယ့် win-win strategy ဖြစ်ပါတယ်။ဒုတိယမြောက် EOD project ကတော့ ၉ ရက်အတွင်းမှာတင် ဒေါ်လာ ၁ သန်းဖိုးရောင်း ထားရပါပြီ"လို့ ဆိုပါတယ်။ မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ကုန်မြို့ ၆ မိုင်ခွဲရှိ မြေနဲ့ အိမ်ကို ဒေါ်လာသန်း ၂၀ ကျော်တန်သော်လည်း ဒေါ်လာ ၇ သန်းနဲ့သာ EOD ကရောင်းချပေးနေတာဖြစ်ပါတယ်။ မြေနဲ့ အိမ်ရဲ့ ကာလတန်ဖိုးက ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိသော်လည်း ကြိုပွိုင့်မို့ ဒေါ်လာ ၇ သန်းနဲ့ Financial Right ကို အစုရှယ်ရာ အနေနဲ့ တစ်စုကို ဒေါ်လာ ၁၀၀ နဲ့ ရှယ်ယာပေါင်းက ၇ သောင်းတိတိကိုရောင်းချပေးမှာဖြစ်ပါတယ်။
========================
📌📌 ၅။ CDM ဝန်ထမ်းများအတွက် မီးဖွားစရိတ်၊ ဆေးကုသစရိတ်နှင့် အခြားစရိတ်များ ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လျှောက်ထားနိုင်
CDM ဝန်ထမ်းများအတွက် မီးဖွားစရိတ်၊ ဆေးကုသစရိတ်နှင့် အခြားစရိတ်များ ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လျှောက်ထားနိုင်တယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၄ ရက်မှာ ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။
"မိမိတို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဝန်ထမ်းရေးရာဌာနဟာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းများအား ၂၀၂၂ ခုနှစ်အတွင်း တစ်မြို့နယ်လုံးဆိုင်ရာ CDM Support ပေးနိုင်ရေး ကြိုးပမ်းလျက် ရှိပါတယ်။ ထိုသို့ CDM Support မပေးနိုင်မီ ကြားကာလအတွင်း ခက်ခဲ၍ ကျန်းမာရေး ကောင်းမွန်ခြင်း မရှိတဲ့ CDM ဝန်ထမ်းများအတွက် အရေးပေါ်အကူအညီအဖြစ် သက်ဆိုင်ရာဌာနတာဝန်ခံများမှစိစစ်တင်ပြ လာသည့်အပေါ် အရေးပေါ်ဆေးကုသစရိတ်ထုတ်ပေးခြင်း၊ နာရေးကူငွေပံ့ပိုးခြင်း၊ အရေးပေါ် ရွှေ့ပြောင်းခ အတွက် ထုတ်ပေးခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ဝန်ထမ်းရေးရာဌာနအနေဖြင့် တစ်မြို့နယ်လုံးဆိုင်ရာ CDM Support မပေးနိုင်မီ ကြား ကာလအတွင်း CDM ဝန်ထမ်းများ၏ အရေးပေါ် အခက်အခဲများကို စိစစ် အတည်ပြု၍ ပံ့ပိုးကူညီမှုများကို တိုးချဲ့၍ ပြုလုပ်လိုပါသဖြင့် ဖော်ပြပါ သတ်မှတ်ချက်များဖြင့် ကိုက်ညီသည့် CDM ဝန်ထမ်းများ အနေဖြင့် ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့ Page တွင် အမည်စာရင်းပေးပို့၍ လျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။
မီးဖွားစရိတ် လျှောက်ထားနိုင်သူများဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့အစောပိုင်းတွင် CDM ပြုလုပ်ထားသူများ ၊ခင်ပွန်းသည် CDM (သို့) မိခင်လောင်းကိုယ်တိုင် CDM ဝန်ထမ်းဖြစ်သူများ၊လက်ရှိမှာ မည်သည့်အဖွဲ့အစည်းထံမှ မီးဖွားစရိတ် မရရှိဖူးသူများဖြစ်ရမယ်လို့ဆိုထားပါတယ်။
========================
📌📌 ၆။ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေရှာတဲ့ “ Washington DC , Maryland ဖျော်ဖြေပွဲမှာ အမေရိကန်ဒေါ်လာ ငါးသောင်းရရှိခဲ့တယ်လို့ အဆိုတော် ဆောင်းဦးလှိုင်အသိပေး
စစ်ဘေးရှောင်များအတွက် ရန်ပုံငွေရှာတဲ့ “ Washington DC , Maryland ဖျော်ဖြေပွဲမှာ အမေရိကန်ဒေါ်လာ ငါးသောင်းရရှိခဲ့တယ်လို့ အဆိုတော် ဆောင်းဦးလှိုင်အသိပေးပြောပါတယ်။ သြဂုတ်လ ၁၄ ရက် လူမှုကွန်ရက် မှာအဆိုတော် ဆောင်းဦးလှိုင်ကဆိုပါတယ်။
"ဝိုင်းဝန်းကူညီ အားပေး လှူဒါန်းကြတဲ့ မိတ်ဆွေ ပရိသတ် သူငယ်ချင်းညီအစ်ကိုမောင်နှမအားလုံးကြောင့် ရံပုံငွေအမေရိကန်ဒေါ်လာငါးသောင်းရရှိခဲ့ပါတယ်"လို့ ဆိုပါတယ်။ ပွဲစဉ်ရဲ့ ဦးဆောင်သူတွေပြောပြချက်အရ ကုန်ကျ စားရိတ်တချို့ဖယ်ပြီးတဲ့အခါ စစ်ဘေးသင့်ပြည်သူတွေအတွက် ထိထိရောက်ရောက်လှူဒါန်းနိုင်တော့မှာဖြစ်ပါတယ်လို့ အဆိုတော် ဆောင်းဦးလှိုင်ကဆိုပါတယ်။
========================
📌📌 ၇။ မြို့ကြီးများမှာ စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်
မြို့ကြီးများမှာ စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လအတွင်း ရှမ်းပြည်နယ်မူဆယ်မြို့မှာ ဓာတ်ဆီတစ်ပုလင်းကို ငွေကျပ်တစ်သောင်းခွဲအထိ ပြင်ပပေါက်စျေးပေးဝယ်ရမှုတို့ရှိနေပါတယ်။ ဒါ့အပြင် ရန်ကုန်၊မန္တလေး၊နေပြည်တော်၊တောင်ကြီးနဲ့ ပြင်ဦးလွင် စတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာလည်း ခွဲတမ်းနဲ့ရောင်းချတာတွေ၊ စျေးနှုန်းကြီးမြင့်စွာနဲ့ရောင်းချနေတာတွေကြုံနေရတယ်လို့ သတင်းရရှိပါတယ်။
"ရန်ကုန်မှာ တချို့ တစ်နိုင်တစ်ပိုင်ရောင်းတဲ့ဆိုင်တွေက ပိတ်လိုက်ပြီ။ ဆီလည်းမရှိဘူး။ရှိတဲ့ဆီကြတော့လည်း ရောင်းတဲ့စျေးနဲ့မကိုက်တော့ဘူးလေ"လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးကပြောပါတယ်။ ရန်ကုန်မြို့ရှိစက်သုံးဆီအရောင်းဆိုင်များ၌ အောက်တိန်း-92 တစ်လီတာလျှင် (၂၃၂၀) ကျပ်၊ အောက် တိန်း-95 တစ်လီတာလျှင် (၂၃၉၀)ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၂၆၅၅)ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် (၂၇၃၀) ကျပ်နှုန်းဖြင့် ရောင်းချပါတယ်။
========================
📌📌 ၈။ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ၊ တပ်ရင်း (E)၊ တပ်ခွဲ (၁) မှ လိုအပ်လျက်ရှိနေသော ကင်းထောက်ဒရုန်းတစ်စင်းထောက်ပို့ရရှိ
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ၊ တပ်ရင်း (E)၊ တပ်ခွဲ (၁) မှ လိုအပ်လျက်ရှိနေသော ကင်းထောက်ဒရုန်းတစ်စင်းထောက်ပို့ရရှိခဲ့ပါတယ်။ သြဂုတ်လ ၁၄ ရက်မှာပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ကဖော်ပြပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ၊ တပ်ရင်း (E)၊ တပ်ခွဲ (၁) မှ လိုအပ်လျက်ရှိနေသော ကင်းထောက်ဒရုန်းတစ်စင်း (တန်ဖိုး= ၃,၈၀၀,၀၀၀ိ/ကျပ်တိတိ) ကို စိတ်အားထက်သန်စွာဖြင့် ကူညီထောက်ပံ့ပေးပါသော "Life in Myanmar" မှ အဖွဲ့သားများအား မိမိတို့တပ်ရင်း (E)၊ တပ်ခွဲ (၁) မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်"လို့ ဆိုပါတယ်။ ကူညီပံ့ပိုးလာသည့်ပစ္စည်းကို တော်လှန်ရေးအတွက် အကျိုးရှိစွာဖြင့် အသုံးပြုသွားမယ်လို့ (DMO-Local PDF)ကဆိုပါတယ်။
========================
📌📌 ၉။ ဟိုပင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမျိုးကျော် မြစ်ကြီးနားမှ မိုးညှင်းခရိုင်အဆင်း ၂၁ မိုင်ဂိတ်မှာဖမ်းဆီးခံလိုက်ရ
ဟိုပင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမျိုးကျော် မြစ်ကြီးနားမှ မိုးညှင်းခရိုင်အဆင်း ၂၁ မိုင်ဂိတ်မှာဖမ်းဆီးခံလိုက်ရတယ်လို့သတင်းရရှိပါတယ်။ သြဂုတ် ၁၄ ရက် နံနက် ၁၀ နာရီမှာဖမ်းခံလိုက်ရတာဖြစ်ပြီးတော့ ၄င်းနဲ့အတူ ဖားကန့်သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်ပါ အဖမ်းဆီးခံရတယ်လို့ မိုးညှင်းတော်လှန်ရေးအင်အားစုက ပြောပါတယ်။
"ဒီကနေ့နံနက် ၁၀ နာရီမှာမြစ်ကြီးနားကနေအောက်ဖက်ကိုဆင်းတာမှာ NUG ဘွန်းစာချုပ်တွေနဲ့ ၂၁ မိုင်စစ်ခွေးဂိတ်မှာ အဖမ်းခံရတာပါ။ ဘွန်းစာချုပ်တွေကြောင့် အဖမ်းခံရတာလို့ မြေပြင်မှသတင်းပေးပို့လာခြင်းဖြစ်ပါတယ်။ သူနဲ့အတူ ဖားကန့်သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်လည်းအဖမ်းခံရတာပါ"လို့ ဆိုပါတယ်။ ဦးမျိုးကျော်ဟာ ဟိုပင်မြို့နယ် အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ ပရဟိတစိတ်ဓာတ်ရှိသူ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ၄င်းတို့ကို မပခသို့ခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။
========================
📌📌 ၁၀။ ဒီပဲယင်းမြို့နယ်မှာ စကစတပ်များက ဖုတ္ထန်းတောရွာမှာဖမ်းဆီးထားသောအရပ်သား ၄ ဦးကိုသတ်ဖြတ်
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စကစတပ်များက ဖုတ္ထန်းတောရွာမှာဖမ်းဆီးထားသော အရပ်သား ၄ ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့မှာ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က သတင်းထုတ်ပြန်ဖော်ပြပါတယ်။
"အကြမ်းဖက်စစ်တပ်ဟာ ဖုတ္ထန်းတောရွာသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် ဖမ်းခံထားရသော ပြည်သူများအနက်မှ ဖုတ္ထန်းတောရွာ ရွှေဂူကြီးဘုရားအနီးတွင် သတ်ဖြတ်ခံထားရကြောင်းသိရပါတယ်"လို့ဆိုပါတယ်။
အဆိုပါအသတ်ခံရသူ လေးဦးမှာ ကိုဇော်ဦး၊ ကိုခိုင်လင်း၊ ကိုမင်းသန့် နှင့် အမည်မသိရသေးသူတစ်ဦး တို့ဖြစ်ပါတယ်။ သတ်ဖြတ်ခံရသူများမှာဒီပဲယင်းမြို့နယ် ရေကြည်ဝရွာမှ ၁ ဦး၊ ပေါက်ချိုင်ရွာမှ ၂ ဦးနှင့် မူးကမ်းကြီးရွာမှ ၁ ဦးတို့ဖြစ်ပါတယ်။
လတ်တလော အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခံထားရသူအချို့ရှိမည်ဟု (အရေအတွက်မသိရသေး) သိရပြီး ယခုအချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးပေ။ အဆိုပါရွာသား လေးဦးအား သတ်ဖြတ်သွားသော အကြမ်းဖက်စစ်ကြောင်းသည် အရာတော်နယ် ကောင်းသစ်ရွာဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်းဖြစ်ပြီး ယခုအခါ ဒီပဲယင်းနယ် သရက်ကန်၊ မအုံးကြားမှ တိုက်ရွာဘက် ဦးတည်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၁၁။ မန္တလေးမှ အင်းတော်ဘက်သို့ ၆ ဘီးကားဖြင့် တင်ဆောင်လာသော မြန်မာဘီယာနဲ့ဒဂုံဘီယာများကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တို့သိမ်းဆည်းဖျက်ဆီး
မန္တလေးမှ အင်းတော်ဘက်သို့ ၆ ဘီးကားဖြင့် တင်ဆောင်လာသောအကြမ်းဖက် စစ်တပ်ထုတ်ကုန်များဖြစ်တဲ့မြန်မာဘီယာနဲ့ဒဂုံဘီယာများကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တို့သိမ်းဆည်းဖျက်ဆီးခဲ့ပါတယ်။ ဩဂုတ်လ ၁၄ ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုက ဖော်ပြပါတယ်။
"သြဂုတ်လ ၁၂ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် KIA+PDF ပူးပေါင်းတပ်ဖွဲ့များမှ အင်းတော်-ကျောင်းကုန်း လမ်းပိုင်းအတွင်း စစ်ဆေးနေစဥ် မန္တလေးမှ အင်းတော်ဘက်သို့ ၆ ဘီးကားဖြင့် တင်ဆောင်လာသော Myanmar Beer ၁၈၀ ဖာ၊ Andaman Gold ၁၂ ဖာနှင် Dagon Beer ၈ ဖာတို့အား ဖမ်းဆီးရမိပြီး KIA +PDF ပူးပေါင်းတပ်ဖွဲ့များမှ တားဆီးဖျက်ဆီးခဲ့ပါတယ်"လို့ ဆိုပါတယ်။ နောက်ထပ် စစ်အုပ်စုပိုင် ထုတ်ကုန်များကိုလည်း မြို့နယ် လမ်းပိုင်းအတွင်း အလျှဥ်းသင့်သလို့ တားဆီးဖျက်ဆီးသွားမယ်လို့ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment