၂၀၂၂ သြဂုတ်လ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ သောင်းနှင့်ချီတဲ့ကိုယ်ဝန်ဆောင်မိခင်များကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထောက်ပံ့ကြေးများပေးအပ်နိုင်ခဲ့
📌 ၂။ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမွေးနေ့မှာ တော်လှန်ရေးအတွက် ကိုယ်လက်အင်္ဂါများပေးဆပ်ခဲ့တဲ့ကရင်နီရဲဘော်များအား အဟာရ လှူဒါန်းကျွေးမွေး
📌 ၃။ နွေဦးတော်လှန်ရေးဟာ အောင်နိုင်ဖို့သေချာနေတဲ့ တော်လှန်ရေးတစ်ခုဖြစ်တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်ပြောကြားလိုက်
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လွဲမှားမှုများကို အချိန်မီပြန်လည်ပြင်ဆင်ဖို့ အမြဲတမ်းအသင့်ရှိတယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ပြောကြား
📌 ၅။ စစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲပျက်မယ်လို့ဆို
📌 ၆။ စစ်အာဏာသိမ်းပြီးနှောက် ရှားတောမြို့နယ်အတွင်း စကစတပ် ကြားစခန်းအပါအဝင် ခြေကုပ်စခန်း (၈) ခုကိုသိမ်းပိုက်နိုင်ခဲ့
📌 ၇။ အကြမ်းဖက် စစ်တပ်က သေဒဏ်ချမှတ်ထားသူ တစ်ရိပ်ရိပ်တိုးလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ သောင်းနှင့်ချီတဲ့ကိုယ်ဝန်ဆောင်မိခင်များကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထောက်ပံ့ကြေးများပေးအပ်နိုင်ခဲ့
သောင်းနှင့်ချီတဲ့ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့ကြေးများပေးအပ်နိုင်ခဲ့တယ်လို့ သြဂုတ်လ၂၀ ရက် ညပိုင်းမှာအမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးကပြောကြားခဲ့ပါတယ်။
"ကျမတို့ရဲ့ ဝန်ကြီးဌာနဆိုလည်း ပြည်သူတွေရဲ့ ကူညီအားပေးမှု အလှူငွေတွေနဲ့ရပ်တည်နေတဲ့ဝန်ကြီးဌာနဖြစ်ပါတယ်။ ပြည်သူတွေကဘယ်လောက်စိတ်အားထက်သန်သလဲဆိုရင် ကျမတို့ဝန်ကြီးဌာနရဲ့လိုအပ်ပေါ့။ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကူညီတာတွေ ကလေးသူငယ်ရဲ့ အာဟာရထောက်ပံ့ပေးတာတွေဆေးဝါးတွေရောပေါ့။အဲဒါတွေကို အများကြီးလုပ်ပေးနိုင်ခဲ့တယ်။ပြီးခဲ့တဲ့ နှစ်တုန်းကဆိုရင် ကျမတို့ သောင်းနဲ့ချီတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ငွေရေး၊ကြေးရေးကူညီခဲ့တယ်။ဒီနှစ်လည်းသောင်းကျော်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ ကလေးသူငယ်များအတွက်အာဟာရများကို စစ်ဘေးရှောင်စခန်းများအရောက်ပို့ပေးနိုင်ခဲ့ပြီးတော့ CDM ဝန်ထမ်းများကိုထောက်ပံခြင်းနဲ့တက်ကြွလှုပ်ရှားသူများကို လုံခြုံတဲ့နေရာစီစဥ်ပေးခဲ့ခြင်းတို့ကိုလုပ်ဆောင်နိုင်ခဲ့ပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမွေးနေ့မှာ တော်လှန်ရေးအတွက် ကိုယ်လက်အင်္ဂါများပေးဆပ်ခဲ့တဲ့ကရင်နီရဲဘော်များအား အဟာရ လှူဒါန်းကျွေးမွေး
ဩဂုတ်လ ၁၈ ရက်နေ့တွင်ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမွေးနေ့အလှူအဖြစ် တော်လှန်ရေးအတွက် ကိုယ်လက်အင်္ဂါများပေးဆပ်ခဲ့တဲ့ကရင်နီရဲဘော်များအား အဟာရ လှူဒါန်းကျွေးမွေးခဲ့ပါတယ်။
"မွေးနေ့အထိမ်းအမှတ်အဖြစ် နေ့လည်စာ ကြက်သားဟင်းနဲ့ အချိုရည်များကို တော်လှန်ရေးအတွက် ကိုယ်လက်အင်္ဂါများ ပေးဆပ်ခဲ့တဲ့ကရင်နီရဲဘော်များအား ကျွေးမွေးခဲ့ပါတယ်။ မိမိရဲ့ ငယ်ရွယ်တဲ့အချိန်မှာ ဒီလိုတော်လှန်ရေးရဲ့ကြီးမားတဲ့ ၀န်ကိုထမ်းပြီးစွန့်လွှတ်စွန့်စားခဲ့ကြတဲ့ ကရင်နီလူငယ်များအား လေးစားဂုဏ်ပြုအပ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးဟာ အောင်နိုင်ဖို့သေချာနေတဲ့ တော်လှန်ရေးတစ်ခုဖြစ်တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်ပြောကြားလိုက်
နွေဦးတော်လှန်ရေးဟာ အောင်နိုင်ဖို့သေချာနေတဲ့ တော်လှန်ရေးတစ်ခုဖြစ်တယ်လို့ သြဂုတ်လ ၂၀ ရက်ကျင်းပတဲ့ ကမ်းလက်လွှမ်းခြုံ ဇွန်ပန်းရုံ မိုးရာသီ ကျပ်သိန်း ၅၀၀ ပရောဂျက် အခမ်းအနားမှာ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကပြောပါတယ်။
"ဒီတော်လှန်ရေးဟာ အားလုံးသိတဲ့အတိုင်းပဲ ခေတ်အဆက်ဆက်က ရှိခဲ့တဲ့တော်လှန်ရေးတွေနဲ့မတူဘူး။ကဏ္ဍာမျိုးစုံနဲ့တွန်းနေတဲ့ ကြီးမားတဲ့တော်လှန်ရေး ကြီးတစ်ရပ်ဖြစ်တယ်။ တော်လှန်ရေးအောင်နိုင်ဖို့အတွက်လည်းသေချာနေတဲ့ တော်လှန်ရေးတစ်ခုဖြစ်ပါတယ်"လို့ ဆိုပါတယ်။
"ပိုပြီး ထူးခြားတာကိုပြောမယ်ဆိုရင် ကျမတို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ ပြည်တွင်းပြည်ပပေါ့။ကိုယ့်ရဲ့အလုပ်တွေ ဘဝတွေကိုခဏလေးဘေးဖယ်ထားပြီးမှ တချို့ဆိုအချိန်ပြည့် တချို့ဆိုအချိန်ပိုင်း ဒီတော်လှန်ရေးထဲမှာ ပါဝင်နေကြတဲ့သူတွေဖြစ်နေတယ်"လို့ ဒုဝန်ကြီးဂျာထွယ်ပန်ကထပ်လောင်းပြောပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လွဲမှားမှုများကို အချိန်မီပြန်လည်ပြင်ဆင်ဖို့ အမြဲတမ်းအသင့်ရှိတယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ပြောကြား
သြဂုတ်လ၂၀ ရက်ကျင်းပတဲ့ ကမ်းလက်လွှမ်းခြုံ ဇွန်ပန်းရုံ မိုးရာသီ ကျပ်သိန်း ၅၀၀ ပရောဂျက် အခမ်းအနားမှာ ဒုဝန်ကြီးအိသဉ္ဇာမောင်ကအခုလိုပြောကြားလိုက်ပါတယ်။
"တစ်ခါတစ်လေကြတော့ ကျမတို့ကအစိုးရအဖွဲ့နဲ့ဆိုတော့ ကိုယ့်ဝန်ကြီးဌာနတစ်ခုထဲ လုပ်တာနဲ့အဆင်မပြေဘူးပေါ့။ကျန်တဲ့ဝန်ကြီးဌာနတွေအားလုံးပူးပေါင်း ဆောင်ရွက်ကြရတော့ ကျမတို့မှာ အလွဲအမှားလေးတွေရှိပါတယ်။ဒါပေမဲ့လည်း အစိုးရအနေနဲ့ကတော့ ကိုယ်ဘာပဲလွဲမှား လွဲမှား ကျမတို့အချိန်မီ ပြန်ပြင်ဆင်ဖို့အတွက်အသင့်ရှိနေကြတယ်။ လူထုရဲ့အပြောအဆိုကိုလည်း နာခံဖို့အသင့်ရှိနေပါတယ်"လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ အစိုးရသက်တမ်းတစ်နှစ်ကျော်ကာလအတွင်း ချဥ်းနင်းဝင်ရောက်ခဲ့ပြီး လက်ရှိမှာ စိုးမိုးနယ်မြေများမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲပျက်မယ်လို့ဆို
စစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲပျက်မယ်လို့ မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးက သုံးသပ်ပြောပါတယ်။စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သြဂုတ်လ ၂၀ ရက်မှာ radio NUG ကိုအခုလိုဖြေကြားခဲ့ပါတယ်။
(((((((ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အိအိပြုံး))))))
၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ လူထုထောက်ခံမဲအပြည့်နဲ့အနိုင်ရရှိထားပြီးဖြစ်ပါတယ်။ သို့သော်အာဏာသိမ်းအကြမ်းဖက် စစ်တပ်ဟာ ၂၀၂၃ မှာရွေးကောက်ပွဲ တစ်ခု မဖြစ်ဖြစ်အောင်ကျင်းပမယ်လို့ကြေညာထားပါတယ်။ လက်ရှိမှာ ပြည်သူလူထုတစ်ရပ်လုံးက လက်နက်ကိုင်တော်လှန်ရေးနဲ့ အသံတိတ်သပိတ်အပါအဝင် ပန်းသပိတ်၊ လူထုအုံ့ကြွမှုသပိတ်များနဲ့ စစ်အာဏာရှင် စနစ်ကိုဆန့်ကျင်တော်လှန်လျက်ရှိပါတယ်။
========================
📌📌 ၆။ စစ်အာဏာသိမ်းပြီးနှောက် ရှားတောမြို့နယ်အတွင်း စကစတပ် ကြားစခန်းအပါအဝင် ခြေကုပ်စခန်း (၈) ခုကိုသိမ်းပိုက်နိုင်ခဲ့
စစ်အာဏာသိမ်းပြီးနှောက် ရှားတောမြို့နယ်အတွင်း စကစတပ် ကြားစခန်းအပါအဝင် ခြေကုပ်စခန်း (၈) ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ သြဂုတ်လ ၂၁ ရက်မှာ စစ်ရေးသတင်းကို Karenni Army Canter ကဖော်ပြအသိပေးပါတယ်။
"ကရင်နီပြည် ရှားတောမြို့နယ်အတွင်း ရှမ်း-ကယားနယ်စပ် စကစ ခြေကုပ်စခန်းပွိုင့်အမှတ် ၅၃၅၀ (ဒေသအခေါ် တငူးဆို စခန်း) ကို ကရင်နီတပ်မတော် နှင့် KNDF B17 B14 တို့၏ ဗျူဟာမြောက်တိုက်ခိုက်ခဲ့သဖြင့် စခအား၎င်းစခန်းမှ အပြီးအပိုင် ဆုပ်ခွာခဲ့ပြီး ထိုစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။ စစ်အာဏာသိမ်းပြီး ရှားတောမြို့နယ်အတွင်း စကစ ကြားစခန်းအပါအဝင် ခြေကုပ်စခန်း (၈) ခု သိမ်းပိုက်ရရှိခဲ့ပါတယ်။
========================
📌📌 ၇။ အကြမ်းဖက် စစ်တပ်က သေဒဏ်ချမှတ်ထားသူ တစ်ရိပ်ရိပ်တိုးလာ
အကြမ်းဖက် စစ်တပ်က သေဒဏ်ချမှတ်ထားသူ တစ်ရိပ်ရိပ်တိုးလာတယ်လို့သတင်းရရှိပါတယ်။ ၂၀၂၂ ခုနှစ် အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၃) ဦးရှိပြီလို့ AAPP ကထုတ်ပြန်ပါတယ်။
မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၂၅) ဦးရှိပြီဖြစ်ပါတယ်။ လက်ရှိမှာ သေဒဏ်ကို တရားဝင်သဖွယ်ကြိုးပေးကွပ်မျက်ခြင်းကို အာဏာသိမ်းစစ်တပ်ကတရားမဝင် လုပ်ဆောင်နေလျက်ရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment