၂၀၂၂ သြဂုတ်လ ၂၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ကိုပြည်သူလူထုထံ ပြည်ထဲရေးဝန်ကြီး စတင်မိတ်ဆက်အသိပေး
📌 ၂။ တော်လှန်ရေးဟာ စိတ်ကူးယဥ် အိပ်မက်မဟုတ်ဘဲ လက်တွေ့ဆင်နွှဲနေတဲ့ တိုက်ပွဲဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြားလိုက်
📌 ၃။ Ranger kalay defend force မှ မိဘဘိုးဘွားပိုင် အိမ်ဝိုင်းကွက်အား မဲစနစ်ဖြင့် ကံစမ်းမဲလက်မှတ်များရောင်းချပေးနေ
📌 ၄။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF အယောက်တစ်ရာကျော် သင်တန်းဆင်းပြီးဖြစ်ကာ ရန်ကုန်၊ဧရာဝတီနဲ့မွန်ပြည်နယ်တို့မှာမြို့ပြစစ်ဆင်ရေးတာဝန်များပေးအပ်
📌 ၅။ Ayadaw Bone Naing PDF အဖွဲ့ကို ပြည်သူသုံးဦးက နားကပ်များဖြုတ်၍ တော်လှန်ရေးအတွက်လှူဒါန်း
📌 ၆။ အကြမ်းဖက် စစ်ကောင်စီလက်ထဲ စားအုန်းဆီတစ်ပိဿာ ကျပ်တစ်သောင်းအထိ ရက်ပိုင်းအတွင်းစံချိန်တင် စျေးနှုန်းမြင့်တက်
📌 ၇။ ဘယ်မျဥ်းစောင်း ထိထိ ငါတို့နဲ့ငြိတာပဲ ” ဆိုတဲ့ ကြွေးကြော်သံများနဲ့ လက်ပံတောင်းတောင်ဒေသခံ ပြည်သူများ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြ
📌 ၈။ ဂန့်ဂေါတောင်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စကစတပ်များ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် အောင်မြင်ရွာနှင့် ပျားရွာမှ နေအိမ်များထိမှန်ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ကိုပြည်သူလူထုထံ ပြည်ထဲရေးဝန်ကြီး စတင်မိတ်ဆက်အသိပေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ကို ပြည်သူလူထုထံ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကစတင်မိတ်ဆက်အသိပေးလိုက်ပါတယ်။ သြဂုတ်လ၂၂ ရက် လူမှုကွန်ရက်မှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကအသိပေးရေးသားဆိုထားပါတယ်။
"S.O.F ကို လေ့ကျင့်ဖွဲ့စည်းခဲတာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ မြို့ပြစစ်ဆင်ရေးတွေမှာ မြိုပြပျောက်ကျားရဲဘော်များနဲ့ ချိတ်ဆက်ပြီး တစ်နှစ်သားတစ်ယောက် ထမ်းရမယ့်တာဝန်ထက်ပိုပြီး ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေကို လေးစားဦးညွတ်ပါတယ်။မဟာဗျူဟာရဲ့ ဒုတိယအဆင့်တာဝန်များကို မြို့ပြစစ်ဆင်ရေးမှူးရဲ့ ကွပ်ကဲမှုအောက်မှာသတ္တိ သတိ ဉာဏ်ပညာနဲ့ ကျွမ်းကျင်မှု ပေါင်းစပ်ပြီး တာဝန်ကျေအောင်ထမ်းဆောင်ကြရင်းဖြင့် နွေဦးတော်လှန်ရေး ပြည်သူ့သားကောင်းများအဖြစ် သမိုင်းမော်ကွန်းတင်ကျန်ရစ်အောင် စွမ်းဆောင်နိုင်ကြမယ့်ရဲဘော်တွေ ဖြစ်ကြတယ် လို့ ယုံကြည်ပါတယ်။ ပြည်သူလူထုကြီးကလည်း S.O.F ကို အားဖြည့် ပူးပေါင်း ကူညီကြမယ်လို့ ယုံကြည်ပါတယ်"လို့ ဆိုထားပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ SPECIAL OPERATION FORCE (S.O.F) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာန၏ အထူးတိုက်ခိုက်ရေးနှင့်ချေမှုန်းရေး လက်ရင်းတပ်ဖွဲ့ဖြစ်ပါတယ်။ တပ်ဖွဲ့စတင်ဖွဲ့စည်းခဲ့သည်မှာ ၂၀၂၂ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးဟာ စိတ်ကူးယဥ် အိပ်မက်မဟုတ်ဘဲ လက်တွေ့ဆင်နွှဲနေတဲ့ တိုက်ပွဲဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြားလိုက်
တော်လှန်ရေးဟာ စိတ်ကူးယဥ် အိပ်မက်မဟုတ်ဘဲ လက်တွေ့ဆင်နွှဲနေတဲ့ တိုက်ပွဲဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်ပါတယ်။ သြဂုတ်လအတွင်းကျင်းပတဲ့ တနင်္သာရီဒေသခွဲ ကွပ်ကဲရေးအဖွဲ့ အထူးစစ်ပညာသင်တန်းဆင်းပွဲသို့ပေးပို့တဲ့သဝဏ်လွှာမှာ ဝန်ကြီးကထည့်သွင်းပြောပါတယ်။
"တော်လှန်ရေးဟာ စိတ်ကူးယဥ်မဟုတ်၊အိပ်မက်မဟုတ်၊အသက်နှင့်၊ဘဝနှင့်ရင်း၍ လက်တွေ့ဆင်နွှဲနေခြင်းဖြစ်တဲ့အတွက် မည်သည့် အခက်အခဲ အကြပ်အတည်းနဲ့ကြုံတွေ့ရသည်ဖြစ်စေ သူရသတ္တိရှိရှိ ရင်ဆိုင်ဖြတ်သန်းမယ်လို့ မိမိစိတ်ကိုမိမိပြင်ထားကြရန်လိုပါတယ်။ဤအချိန်မှာ ရဲဘော် ရဲဘက်အချင်းချင်း ညီရင်းအကိုစိတ်ဓာတ်မွေးမြူရန်မှာအထူးအရေးကြီးလှပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်း၊ကရင်နီဒေသ၊ကရင်ပြည်နယ်စတဲ့နေရာများမှာအထိနာကျရှုံးလျက်ရှိပါတယ်။
========================
📌📌 ၃။ Ranger kalay defend force မှ မိဘဘိုးဘွားပိုင် အိမ်ဝိုင်းကွက်အား မဲစနစ်ဖြင့် ကံစမ်းမဲလက်မှတ်များရောင်းချပေးနေ
Ranger kalay defend force မှ မိဘဘိုးဘွားပိုင် အိမ်ဝိုင်းကွက်အား မဲစနစ်ဖြင့် ကံစမ်းမဲလက်မှတ်များရောင်းချပေးနေတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လအတွင်းမှာ Ranger kalay defend force မှ အသိပေးဆိုပါတယ်။ ဘဏ္ဍာရေးအခြေအနေ ဆိုးရွားနေသည့်အတွက် မိဘဘိုးဘွားပိုင် အိမ်ဝိုင်းကွက်အား မဲစနစ်ဖြင့် ကံစမ်းမဲ လုပ်ရခြင်းဖြစ်ပါတယ်။
"ပေ 40*100 အိမ်ဝိုင်းကွက် ကံစမ်းမဲ ကို ၂၀၀၀၀ ကျပ်ဖြင့် ကံစမ်းရင်း ရိန်းဂျားတွေကို ကူညီပါ"လို့ဆိုထားပါတယ်။ လက်ရှိမှာ Ticket အစောင်ရေ ၆၀၀ ကျော်ထိ ရောင်းချနိုင်ခဲ့ပြီး 20.1% ထိအောင်မြင်နေပြီဖြစ်ပါတယ်။
========================
📌📌 ၄။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF အယောက်တစ်ရာကျော် သင်တန်းဆင်းပြီးဖြစ်ကာ ရန်ကုန်၊ဧရာဝတီနဲ့မွန်ပြည်နယ်တို့မှာမြို့ပြစစ်ဆင်ရေးတာဝန်များပေးအပ်
အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF အယောက်တစ်ရာကျော် သင်တန်းဆင်းပြီးဖြစ်ကာ ရန်ကုန်၊ဧရာဝတီနဲ့မွန်ပြည်နယ်တို့မှာမြို့ပြစစ်ဆင်ရေးတာဝန်များပေးအပ်ခဲ့ပါတယ်။ သြဂုတ်လ ၂၂ ရက်မှာ SOF ကအသိပေးဖော်ပြပါတယ်။
"ပထမဆုံးအထူးသင်တန်းဆင်းချိန်တွင် တပ်ဖွဲ့ဝင်အင်အား ၁၇၀ ဦးဖြစ်ကာဆက်လက်ပြီး အထူးသင်တန်းများကို သင်တန်းတစ်ဖြတ်လျှင် လူ ၅၀ ဦးထက်မပိုပဲ စုဆောင်းလေ့ကျင့်သင်ကြားလျှက်ရှိပါတယ်။လေ့ကျင့်သင်ကြားပြီးသော တပ်ဖွဲ့ဝင်များကို တောင်ပိုင်းစစ်ဒေသအတွင်းရှိ ရန်ကုန်၊ ဧရာဝတီ၊ မွန် မြို့ပြစစ်ဆင်ရေးလုပ်ငန်းများအား တာဝန်ပေးဆောင်ရွက်စေခဲ့ပြီး ကျေးလက်စစ်ဆင်ရေးအနေဖြင့် တနသ်ာရီ နှင့် ကရင်ပြည်နယ်တပ်မဟာအသီးရှိ ရှိရင်းစွဲစစ်ကြောင်းများသို့လည်း ပူးပေါင်းတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ပေးဆောင်ရွက်လျှက်ရှိတယ်"လို့ဆိုပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ SPECIAL OPERATION FORCE (S.O.F) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာန၏ အထူးတိုက်ခိုက်ရေးနှင့်ချေမှူန်းရေး လက်ရင်းတပ်ဖွဲ့ဖြစ်ပါတယ်။ တပ်ဖွဲ့စတင်ဖွဲ့စည်းခဲ့သည်မှာ ၂၀၂၂ ခုနှစ် ဂျူလိုင်လ ၁၉ ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ တပ်ဖွဲ့ကို တပ်မဟာ ၆ ၊ တပ်ရင်း ၁၈ နယ်မြေထဲမှာ စတင်လေ့ကျင့်သင်ကြားထားတဲ့ အထူးကွန်မန်ဒို နဲ့ အထူးစနိုက်ပါသမား ၄၄ ဦးကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။
မြို့ပြစစ်ဆင်ရေးလုပ်ငန်းများကို တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ခံနှင့် တောင်ပိုင်းစစ်ဆင်ရေးဌာနတာဝန်ခံ၏ ညွှန်ကြားချက်များအတိုင်း S.O.F တပ်ဖွဲ့ရုံးမှ တိုက်ရိုက်ကွပ်ကဲစီမံကာ သက်ဆိုင်ရာ စစ်တိုင်းတာဝန်ခံများ၏ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှူများဖြင့် missions များကိုဆောင်ရွက်တယ်လို့သတင်းရရှိပါတယ်။
ကျေးလက်စစ်ဆင်ရေးအနေဖြင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာစစ်ကြောင်းမှူးများ၏ အစီအစဥ်အတိုင်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ထောက်ပို့ကိစ္စများအား တောင်ပိုင်းထောက်/ပို့တာဝန်ရှိသူများနည်းတူ S.O.F တပ်ဖွဲ့ရုံးမှ တိုက်ရိုက် စီစဥ်ဆောင်ရွက်ပေးတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၅။ Ayadaw Bone Naing PDF အဖွဲ့ကို ပြည်သူသုံးဦးက နားကပ်များဖြုတ်၍ တော်လှန်ရေးအတွက်လှူဒါန်း
Ayadaw Bone Naing PDF အဖွဲ့ကို ပြည်သူသုံးဦးက နားကပ်များဖြုတ်၍ တော်လှန်ရေးအတွက်လှူဒါန်းခဲ့တယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၂၂ ရက်မှာ Ayadaw Bone Naing PDF အဖွဲ့ကဆိုပါတယ်။
"တကယ်ကိုလေးစားမိပါတယ်။ ကျွန်တော်တို့ အရာတော်ဘက် ရွာတွေကပြည်သူအများစုဟာလဲ ကျေးရွာတွေမီးရှို့ခံရ၊ စစ်ကြောင်းဘယ်အချိန်ထိုးမလဲဆိုပြီး အထုပ်အပိုးအသင့်နဲ့ နေကြရတာပါ။ ဘာစီးပွားရေးမှ မယ်မယ်ရရ စိတ်အေးလက်အေးမလုပ်နိုင်ကြတဲ့အချိန်မှာ ဝင်ငွေမရှိကြပါဘူး။စားဝတ်နေရေး ခက်ခဲနေချိန်မှာတောင် ခုလို နားက နားကပ်လေးဖြုတ်လှူတယ်ဆိုတာ တကယ်ကို တော်လှန်စိတ်၊ အောင်မြင်စိတ်၊ စစ်အာဏာရှင်စနစ်ကို မုန်းတီးတဲ့စိတ်နဲ့ပါ။ အညာဒေသ ပြည်သူများအတွက် ရွှေဆိုတာ ရှိ တန်ဆာ၊ မရှိ ဝမ်းစာဆိုပြီး ဆောင်ထားကြသူတွေပါ။ခုချိန် ဝမ်းစာအတွက်ပါ မတွေးဘဲ တော်လှန်ရေးအတွက် လှူဒါန်းပါသော ပြည်သူ (၃) ဦးရဲ့ လှူဒါးန်မှုများနှင့် ထိုက်တန်အောင် ကြိုးစားတိုက်ခိုက်တော်လှန်သွားမည်လို့ Ayadaw Bone Naing PDF အဖွဲ့က ကတိပြုပါတယ်ဗျ"လို့ဆိုထားပါတယ်။ Ayadaw Bone Naing PDF ဟာ စကစတပ်များကို ခုခံတွန်းလှန်တော်လှန်နေတဲ့အင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။
========================
📌📌 ၆။ အကြမ်းဖက် စစ်ကောင်စီလက်ထဲ စားအုန်းဆီတစ်ပိဿာ ကျပ်တစ်သောင်းအထိ ရက်ပိုင်းအတွင်းစံချိန်တင် စျေးနှုန်းမြင့်တက်
အကြမ်းဖက် စစ်ကောင်စီလက်ထဲ စားအုန်းဆီတစ်ပိဿာ ကျပ်တစ်သောင်း အထိရက်ပိုင်းအတွင်း စံချိန်တင် စျေးနှုန်းမြင့်တက်နေပြီ လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၂၂ ရက်မှာ ရန်ကုန်မြို့နေ ပြည်သူလူထုကိုမေးမြန်းစုံစမ်းခဲ့ပါတယ်။
"ပထမက ၈၅၀၀ တစ်ပိဿာကို။အခုက တစ်ရက်၊ နှစ်ရက်အတွင်းကို တစ်သောင်းဖြစ်သွားတာ။ လူတွေခါတိုင်းလို မဝယ်နိုင်တော့ဘူးပေါ့။ တစ်ခါချက်၊ တချို့တတ်နိုင်ရင် တပတ်စာလောက်ဝယ်ထားကြတယ်။ အခုက ထပ်တက်ဦးမယ့်သဘောပဲ"လို့ ရန်ကုန်မြို့နေ အသက်၃၀ ကျော်အမျိုးသမီးတစ်ဦးကလည်းဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်ကောင်စီက စားဆီတစ်ပိဿာ ရည်ညွှန်းစျေး ကျပ် ၄၈၆၀ သာ သတ်မှတ်သော်လည်း ပြင်ပပေါက်စျေးမှာ ကျပ်တစ်သောင်းအထိ မြင့်တက်နေတာဖြစ်ပါတယ်။
========================
📌📌 ၇။ ဘယ်မျဥ်းစောင်း ထိထိ ငါတို့နဲ့ငြိတာပဲ ” ဆိုတဲ့ ကြွေးကြော်သံများနဲ့ လက်ပံတောင်းတောင်ဒေသခံ ပြည်သူများ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြ
“ ဘယ်မျဥ်းစောင်း ထိထိ ငါတို့နဲ့ငြိတာပဲ ” ဆိုတဲ့ ကြွေးကြော်သံများနဲ့ လက်ပံတောင်းတောင်ဒေသခံ ပြည်သူများ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ သြဂုတ်လ (၂၂) ရက်မှာ ဒေသခံအများစုက လှည့်လည်ချီတက်လှုပ်ရှားခဲ့ကြပါတယ်။
"ရန်ကုန်လို မြို့ပြကြီးမှာ စားဝတ်နေရေးအတွက် ရရာအလုပ်ကို လုပ်ကိုင်နေကြရသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းက ပြည်သူတို့ကို အကြောင်းမယ့် မတရား ဖိနှိပ်ပြီး အလုပ်မှ ထုတ်ဖယ်ခြင်း ခံနေရပါတယ်။ ယခုအနေအထားအရ ၅/ ၊ ၈/ ၊ တို့အပေါ် နိုင်ထက်စီးနင်းကာ အလုပ်မှ ထုတ်ပယ်သည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ဒါက အလုပ်သမားအခွင့်အရေးနှင့် လွတ်လပ်စွာ ရှင်သန်ရပ်တည်ရေးကိုပါ မတရားဖိနှိပ်နေတာပဲ ဖြစ်ပါတယ်"လို့ သပိတ်ကော်မတီကဆိုပါတယ်။
စကစရဲ့ အကြမ်းယုတ်ဆုံးသော လုပ်ရပ်တို့ဟာ၅/ အရတ ၅/ ဒပယ ၅/ ယမပ ၅/ ပလန ၅/ ကနန ၅/ ဆလက ၈/ မမန စသည့် စာသားများကို ဝတ်ဆင်ကြ သည့် အင်္ကျီမှာ ရေးခြစ်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အာဏာသိမ်းအကြမ်းဖက် စကစဟာ ကျေးရွာများကို မီးရှို့ခြင်း၊ အပြစ်မယ့် ပြည်သူများကို လူမဆန်စွာ သက်ဖြတ်ခြင်း၊ တရားလက်လွတ်ဖမ်းဆီးခြင်း၊ ထောင်တွင်းအကြမ်းဖက်မှုများနှင့် ညှင်းပန်းနှိက်စက်ပြီး ကြိုးပေးကွပ်မျက်ခြင်းတို့ကိုပါ ပြုလုပ်လာပါတယ်။
========================
📌📌 ၈။ ဂန့်ဂေါတောင်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စကစတပ်များ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် အောင်မြင်ရွာနှင့် ပျားရွာမှ နေအိမ်များထိမှန်ပျက်စီး
ဂန့်ဂေါတောင်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စကစတပ်များ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် အောင်မြင်ရွာနှင့် ပျားရွာမှ နေအိမ်များထိမှန်ပျက်စီးခဲ့ပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ပိုင်းမှာ စကစတပ်များဟာ လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တာလို့ CDF KKG ကဆိုပါတယ်။
"ဂန့်ဂေါတောင်ပိုင်းသို့ စစ်ကြောင်းထိုးနေသော စကစများသည် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် အောင်မြင်(ရှောက်ပင်)ရွာနှင့် ပျားရွာမှ နေအိမ်များထိမှန်၍ ထိခိုက်ပျက်စီးခဲ့ရပါတယ်"လို့ဆိုပါတယ်။ ဖြစ်စဥ်မှာပျားရွာမှ ပြည်သူတစ်ဦးအား လက်မောင်းကျည်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရခဲ့ပါတယ်။ ထို့အပြင် အောင်မြင်ရွာမှ ၁၅ဦးခန့်ဖမ်းစီးကာ လူသားဒိုင်းလုပ်၍ မြစ်သာမြစ်ကူးတံတားအား ဖြတ်ပြေးစေခဲ့တယ်လို့ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment