၂၀၂၂ သြဂုတ်လ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မဟာမိတ်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ထိထိမိမိ အကောင်အထည်ဖော်ရမယ့် အလုပ်တွေကိုလုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီကအာရုံစူးစိုက် စီမံဆောင်ရွက်နေ
📌 ၂။ အကြမ်းဖက် စစ်ကောင်စီဟာ မြန်မာပြည်သူ လူထုတင်မက မြန်မာပြည် စီးပွားရေးကိုပါအကြမ်း ဖက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
📌 ၃။ “မြန်မာနိုင်ငံရှိကလေးငယ်များဟာ ကမ္ဘာတစ်ဝန်းရှိ ကလေးများအားလုံးနည်းတူ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေးနဲ့ကျန်းမာသန်စွမ်း၍ အာဟာရပြည့်ဝရေးတို့ကိုတန်းတူရရှိသင့်
📌 ၄။ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း စစ်ဘေးရှောင် အင်အား ၄၀၀ ခန့် စားနပ်ရိက္ခာများ အကူအညီလိုအပ်နေ
📌 ၅။ Y-PDF Yamethin ယာယီစခန်းအား CDM စစ်သား ကောင်းဆက်လွင်သတင်းပေး၍ စခန်းဝင်စီးခံရကာ ငွေကျပ်သိန်းနှစ်ရာဖိုးဆုံးရှုံး
📌 ၆။ မြိုင်မြို့နယ် ကျောက်ဆောက်ကျေးရွာမှာ စကစတပ်များနဲ့ ပျူများက ရဟန်းသံဃာအယောင်ဆောင်များဖြင့် ဝင်၍ ပြည်သူ ၂၇ ဦးခန့်ကိုဖမ်းဆီး
📌 ၇။ ကောလင်းခရိုင်အတွင်း တိုက်ပွဲမှာ ခွာစစ်ဆင်ရင်း ကျဆုံးခဲ့တဲ့ကောလင်းခရိုင် တပ်ရင်း(၃) မှ ပြည်သူ့ရဲဘော်မောင်ကျော်ဇင်ဦးအတွက် NUG Bond ဖြင့် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုလှူဒါန်း
📌 ၈။ EOD ၏ ဒုတိယအစီအစဉ် အဖြစ်အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော InyaView@6.5 Mile ကို ရောင်းချမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မဟာမိတ်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ထိထိမိမိ အကောင်အထည်ဖော်ရမယ့် အလုပ်တွေကိုလုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီကအာရုံစူးစိုက် စီမံဆောင်ရွက်နေ
မဟာမိတ်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ထိထိမိမိ အကောင်အထည်ဖော်ရမယ့် အလုပ်တွေကို လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီကအာရုံစူးစိုက် စီမံဆောင်ရွက်နေတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ သြဂုတ်လအတွင်းကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့ပါတယ်။
"အဓိက အရေးကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ ကျစ်ကျစ်လစ်လစ် တိုင်ပင်ဆွေးနွေးကြပြီး ထိထိမိမိ အကောင်အထည်ဖော်ရမယ့် အလုပ် တွေလည်း ရှိလာမှာ ဖြစ်ပါတယ်။ ဒီကဏ္ဍတွေအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီကလည်း အာရုံစူးစိုက် စီမံဆောင်ရွက်နေကြ တာရှိသလို ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့လည်း စစ်ရေးအခြေအနေတွေနဲ့အတူ သူတို့ရဲ့ လိုလားချက်တွေ၊ ဖြစ်နိုင်ချေ အလားအလာတွေကိုလည်း စနစ်တကျ ချဉ်းကပ်လုပ်ဆောင်စေချင်ပါတယ်။” လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်အင်အားစုများနဲ့လည်း စဥ်ဆက်မပြတ်တွေ့ဆုံကာ မဟာမိတ်ဆက်ဆံရေးများထူထောင်လျက်ရှိနေပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်ကောင်စီဟာ မြန်မာပြည်သူ လူထုတင်မက မြန်မာပြည် စီးပွားရေးကိုပါအကြမ်း ဖက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
သြဂုတ်လအတွင်း ပြည်သူမှ ပြည်သူသို့တွေ့ဆုံမေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အခုလိုပြောကြားခဲ့ပါတယ်။
"သူတို့က မြန်မာပြည်သူလူထုကိုပဲ အကြမ်းဖက် နေတာမဟုတ်ဘူး။ စီးပွားရေးအကုန်လုံးကိုလည်း အကြမ်းဖက်နေတာဖြစ်တယ်။ မြန်မာနိုင်ငံမှာရှိသမျှ စီးပွားရေးကိုလည်း အကြမ်းဖက်ပြီးဖျက်ဆီးတယ်။ လွန်ခဲ့တဲ့နှစ်၆၀က မြန်မာဟာ စင်္ကာပူက အားကျရတဲ့နိုင်ငံဖြစ်တယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်တွေသာမရှိရင် မြန်မာနိုင်ငံက ဂျပန်လောက် တောင်ကိုရီးယားလောက် ဖွံဖြိုးတိုးတက်မှုရှိမယ်"လို့ ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပြည်ပရင်းနှီးမြုပ်နှံမှုများ ရပ်ဆိုင်းပြီး မြန်မာပြည်ကထွက်ခွာခဲ့ပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုဟာ နိုင်ငံခြားငွေကိုထိန်းချုပ်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုကြီးမားလျက်ရှိပါတယ်။
========================
📌📌 ၃။ “မြန်မာနိုင်ငံရှိကလေးငယ်များဟာ ကမ္ဘာတစ်ဝန်းရှိ ကလေးများအားလုံးနည်းတူ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေးနဲ့ကျန်းမာသန်စွမ်း၍ အာဟာရပြည့်ဝရေးတို့ကိုတန်းတူရရှိသင့်
“မြန်မာနိုင်ငံရှိကလေးငယ်များဟာ ကမ္ဘာတစ်ဝန်းရှိ ကလေးများအားလုံးနည်းတူ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေးနဲ့ကျန်းမာသန်စွမ်း၍ အာဟာရပြည့်ဝရေးတို့ကို တန်းတူရရှိသင့်တယ်” လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ သြဂုတ်လ ၁ ရက် ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုမြှင့်တင်ရေးဆိုင်ရာ အရှေ့တောင်အာရှဒေသတွင်း ဆွေးနွေးပွဲ၏ ဖွင့်ပွဲမှာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံရှိကလေးငယ်များသည် ကမ္ဘာတစ်ဝန်းရှိ ကလေးများအားလုံးနည်းတူ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကျန်းမာသန်စွမ်း၍ အာဟာရပြည့်ဝရေး၊ ကာကွယ်ဆေးအကြိမ်ပြည့် ရရှိစေရေး၊ စားနပ်ရိက္ခာ ဖူလုံမှုရှိရေး စသည့် လူ့အခွင့်အရေးများကို ရရှိသင့်သည်ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။ Regional Forum သို့ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်္ကာပူ စသည့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံ (၉) နိုင်ငံမှ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်စုစုပေါင်း (၆၁) ဦး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၄။ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း စစ်ဘေးရှောင် အင်အား ၄၀၀ ခန့် စားနပ်ရိက္ခာများ အကူအညီလိုအပ်နေ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ခြမ်း စစ်ဘေးရှောင် အင်အား ၄၀၀ ခန့် စားနပ်ရိက္ခာများ အကူအညီလိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။ သြဂုတ်လ၂ ရက်နေ့က ဒီပဲယင်းမြို့နယ် ကြည် ဘုရားထွက်ရွာတစ်ဝိုက်သို့ ဒီပဲယင်းမြို့မှ အကြမ်းဖက်စစ်တပ် အင်အား ၈၀ ကျော် စစ်ကြောင်းထိုးလာမှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသော စစ်ဘေးရှောင် ၄၀၀ ခန့်ရှိနေတယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးကအဖွဲ့ကဖော်ပြပါတယ်။
လတ်တလောမှာ အစားအစာများ ချက်ပြုတ်ကျွေးမွေးနိုင်ရန်အတွက် ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ လိုအပ်သော ပဲ ၁ အိတ်၊ ကြက်သွန် ၁ အိတ်၊ ဆီ ၁ ပုံး၊ ဖရုံသီးများနှင့် ဟင်းသီးဟင်းရွာက်ခြောက်များ ၁ အိတ်စာ ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။ ယခုအခါ အဆိုပါအကြမ်းဖက်စစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ် တောင်ဘက်ခြမ်း အင်ပင် ရွာဒင်ရွာတစ်ဝိုက် လေကြောင်းတိုက်ခိုက်ပြီး စစ်ကြောင်းထိုးလျက်ရှိရာ ဒေသခံများ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
========================
📌📌 ၅။ Y-PDF Yamethin ယာယီစခန်းအား CDM စစ်သား ကောင်းဆက်လွင်သတင်းပေး၍ စခန်းဝင်စီးခံရကာ ငွေကျပ်သိန်းနှစ်ရာဖိုးဆုံးရှုံး
Y-PDF Yamethin ယာယီစခန်းအား CDM စစ်သား ကောင်းဆက်လွင် သတင်းပေး၍ စခန်းဝင်စီးခံရကာ ငွေကျပ်သိန်းနှစ်ရာဖိုးဆုံးရှုံးခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ Y-PDF Yamethin က လင်းယုန်နက်ကအသိပေးကာ ၄င်းတို့အနေနဲ့လုံခြုံသောနေရာရောက်ရှိနေပြီလို့ဆိုပါတယ်။
"မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် အင်တိုင်းကျေးရွာအနီးရှိ လင်းယုန်နက် ဦးဆောင်တဲ့ Y-PDF Yamethin ယာယီစခန်းအား ဇူလိုင် ၃၀ ရက်နေ့မှာ စကစတပ်များဝင်ရောက်စီးနင်းခြင်းခ၌ခဲ့ရတယ်"လို့ ဆိုပါတယ်။
ဖြစ်စဥ်မှာ ဇူလိုင် ၃၀ ရက်နေ့ ညနေတွင် Mission ပြုလုပ်ရန် အသီးသီးတာဝန်ခွဲဝေ ပြင်ဆင်နေချိန် စွန်ရဲ (ခ) Kaung Sat အကောင့်ပိုင်ရှင် ကောင်းဆက်လွင် (CDM စစ်သား) သည် သစ္စာဖောက်၍ ထွက်ပြေးပြီး စစ်တပ်များအား လမ်းပြခေါ်ယူခဲ့တာလို့သတင်းရရှိပါတယ်။ Y-PDF Yamethin အဖွဲ့မှာလူစုခွဲ အလုပ်လုပ်နေချိန်ဖြစ်သောကြောင့် လူအင်အား လက်နက်အင်အား မမျှတသဖြင့် စခန်းစွန့်ခွာ တိမ်းရှောင်ခဲ့ရပါတယ်လို့ ဆိုပါတယ်။ ၎င်းစခန်းကျဆုံးမှုကြောင့် လက်နက်ခဲယမ်း ၊ ရိက္ခါများနှင့် ဆိုင်ကယ် (၃) စီး အပါအဝင် ကာလတန်ဖိုး ငွေကျပ်သိန်း နှစ်ရာခန့် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
========================
📌📌 ၆။ မြိုင်မြို့နယ် ကျောက်ဆောက်ကျေးရွာမှာ စကစတပ်များနဲ့ ပျူများက ရဟန်းသံဃာအယောင်ဆောင်များဖြင့် ဝင်၍ ပြည်သူ ၂၇ ဦးခန့်ကိုဖမ်းဆီး
ဩဂုတ် လ ၄ ရက်နေ့မှာ ကျောက်ဆောက်ကျေးရွာသားများ ဖမ်းဆီးခံလိုက်ရတာလို့ မြိုင်ပကဖကအခုလို အသိပေးပြောပါတယ်။
"မကွေးတိုင်းမြိုင်မြို့နယ် ကျောက်ဆောက်ကျေးရွာမှာ ပျူများ၊စကစတပ်များဟာ ရဟန်းသံဃာအယောင်ဆောင်များဖြင့် ဝင်၍ ပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားပြီး PDF များကိုမဖော်ပါက အိမ်မီးရှို့ပစ်မည် သတ်ပစ်မည် အရေးယူမည် စသည့်စကားရပ် များဖြင့် ပြောဆိုထိန်းသိမ်းခံထားရပါတယ်"လို့ ဆိုပါတယ်။
ထို့အတွက်ရဟန်း သံဃာများအနေဖြင့် မြိုင် ပခုက္ကူ ကားလမ်းအား အသုံးမပြုစေလိုကြောင်းနှင့် သာသနာကို အတုအယောင်ပြု၍ လုပ်ဆောင်နေမှုအပေါ် ပြန်လည်တိုက်ခိုက် သွားမည်ဖြစ်၍ ဆရာတော်ဘုရားများအား ဖြတ်သန်းသွားလာမှု ရှောင်ကျဥ် ပေးပါရန် လျှောက်ထားပါကြောင်း မြိုင်ပကဖက အသိပေးကြေညာထားပါတယ်။
========================
📌📌 ၇။ ကောလင်းခရိုင်အတွင်း တိုက်ပွဲမှာ ခွာစစ်ဆင်ရင်း ကျဆုံးခဲ့တဲ့ကောလင်းခရိုင် တပ်ရင်း(၃) မှ ပြည်သူ့ရဲဘော်မောင်ကျော်ဇင်ဦးအတွက် NUG Bond ဖြင့် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုလှူဒါန်း
ကောလင်းခရိုင်အတွင်း တိုက်ပွဲမှာ ခွာစစ်ဆင်ရင်း ကျဆုံးခဲ့တဲ့ကောလင်းခရိုင် တပ်ရင်း (၃) မှ ပြည်သူ့ရဲဘော် မောင်ကျော်ဇင်ဦးအတွက် NUG Bond ဖြင့် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုလှူဒါန်းခဲ့ပါတယ်။ သြဂုတ်လ ၅ ရက်နေ့မှာ OurSpringHeroesကအသိပေးကြေညာပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက် အကြမ်းဖက်စစ်တပ်နှင့် ဖြစ်ပွားသောစစ်ကိုင်းတိုင်း ကောလင်းခရိုင်အတွင်း တိုက်ပွဲတွင် ခွာစစ်ဆင်ရင်း စစ်ကိုင်းတိုင်း ကောလင်းခရိုင် တပ်ရင်း (၃) မှ ပြည်သူ့ရဲဘော်မောင်ကျော်ဇင်ဦးသည် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။
အခုလို တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့တဲ့ သူရဲကောင်းရဲဘော် မောင်ကျော်ဇင်ဦးကို နွေဦးပြည်သူအပေါင်းက ဦးညွတ်အလေးပြုရင်း ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့ အနေနဲ့ အလှူရှင်တစ်ဦးက "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ပေးအပ်ဂုဏ်ပြုလိုက်ပါတယ်လို့ဖော်ပြပါတယ်။ ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး ကျန်ရစ်သူမိသားစုအတွက် "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ပါတယ်။
========================
📌📌 ၈။ EOD ၏ ဒုတိယအစီအစဉ် အဖြစ်အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော InyaView@6.5 Mile ကို ရောင်းချမယ်
EOD ၏ ဒုတိယအစီအစဉ် အဖြစ်အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော InyaView@6.5 Mile ကို ရောင်းချမယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၅ ရက်နေ့မှာ EOD ကနေ နရားဝင်အသိပေးဖော်ပြပါတယ်။
"အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ၏ ဒုတိယ အစီအစဉ်အဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၆ မိုင်ခွဲရှိ နိုင်ငံတော်ပိုင် မြေနှင့်အဆောက်အအုံ၏ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်ခွင့်အား အများပြည်သူဝယ်ယူနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက်တွင် စတင်ရောင်းချပြီ ဖြစ်ပါတယ်။ အဆိုပါ နိုင်ငံတော်ပိုင်မြေမှာ ၁.၈ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ The End of Dictatorship-EOD က ရောင်းချတဲ့အခါ ကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၇ သန်းသာ တန်ဘိုးဖြတ်၍ အစုရှယ်ယာ ၇ သောင်းကို ရောင်းချသွားမည်ဖြစ်ကာ ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ် ထားပါတယ်။ EOD ၏ ပထမ အစီအစဉ် “၁၄ အင်းလျား” ကို ရောင်းချပေးခဲ့သော ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ကိုယ်စားလှယ်များထံ ချိတ်ဆက်၍ ဝယ်ယူနိုင်မယ်လို့ကြေညာထားပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment