၂၀၂၂ သြဂုတ်လ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လေယာဉ်နှင့် ရဟတ်ယာဉ်ပစ် လက်နက်များ နှင့် တကွပြည်သူ့ရင်ခွင် ခိုလှုံလာမယ့်သူများကို ထိုက်တန်စွာ ဆုကြေးချီးမြှင့်မယ်လို့ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်
📌 ၂။ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့လူတွေနဲ့ ကိုယ်အင်္ဂါစွန့်လွှတ်သွားသူတွေအတွက် ဥပဒေကဲ့သို့ ပြဌာန်းချက်တွေရှိရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၃။ ဗမာပြည်နယ်ပေါ်ပေါက်ရေးက အရေးကြီးတဲ့ နိုင်ငံရေးတွေ့ရှိချက်ဖြစ်တယ်လို့ဆို
📌 ၄။ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်နဲ့ စစ်ကိုင်းနယ်များမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လွပ်လပ်စွာသွားလာနိုင်နေပြီး အထိုင်ချစကစတပ်စခန်းအနည်းငယ်သာကျန်တော့တယ်လို့ ဗိုလ်နဂါးအသိပေး
📌 ၅။ ဒီပဲယင်းမြို့နယ် ကိုင်းကန်ရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စကစစစ်ကြောင်း ယနေ့မနက်ပိုင်း ရွာအတွင်းကိုထပ်မံမီးရှို့
📌 ၆။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၄ နှစ်ပြည့် အခမ်းအနားကို ကိုရီးယားနိုင်ငံ ဘူဖြောင်းဘူတာရှေ့အဝိုင်းမှာကျင်းပမယ်
📌 ၇။ ဝမ်းဘဲအင်းတံတား တိုက်ပွဲတွင် ကျဆုံးခဲ့သောကောလင်းခရိုင် တပ်ရင်း(၃) မှ ပြည်သူ့ရဲဘော် မောင်နေလင်းဦးအတွက် NUG Bond ဖြင့် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုလှူဒါန်း
📌 ၈။ တမူး-အောင်ဇေယျကားလမ်းပိုင်းအား တမူး PDF တပ်ရင်း ၁ စစ်ဆေး
📌 ၉။ အမရပူရ Local PDFမှ အူဇီသေနတ်တီထွင်ထုတ်လုပ်အောင်မြင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လေယာဉ်နှင့် ရဟတ်ယာဉ်ပစ် လက်နက်များ နှင့် တကွပြည်သူ့ရင်ခွင် ခိုလှုံလာမယ့်သူများကို ထိုက်တန်စွာ ဆုကြေးချီးမြှင့်မယ်လို့ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်
လေယာဉ်နှင့် ရဟတ်ယာဉ်ပစ် လက်နက်များ နှင့် တကွပြည်သူ့ရင်ခွင် ခိုလှုံလာမယ့်သူများကို ထိုက်တန်စွာ ဆုကြေးချီးမြှင့်မယ်လို့သြဂုတ်လ ၆ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
"ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ဟန့်တားနိုင်မည့် လက်နက်များ (လေယာဉ်နှင့် ရဟတ်ယာဉ်ပစ် လက်နက်များ) နှင့် တကွပြည်သူ့ရင်ခွင် ခိုလှုံလာမည့်သူများကို ထိုက်တန်စွာ ဆုကြေးချီးမြှင့် မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်"လို့ဖော်ပြပါတယ်။ လက်ရှိမှာလက်နက်နဲ့အတူ အလင်းဝင်လာတဲ့ စကစတပ်သားများကို တစ်ဦးလျှင်ကျပ် ၃၅ သိန်းမှ သိန်း ၆၀ အထိ ကာကွယ်ရေးတပ်ဖွဲ့များနဲ့ဝန်ကြီးဌာနက ချီးမြှင့်ခဲ့ပါတယ်။
========================
📌📌 ၂။ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့လူတွေနဲ့ ကိုယ်အင်္ဂါစွန့်လွှတ်သွားသူတွေအတွက် ဥပဒေကဲ့သို့ ပြဌာန်းချက်တွေရှိရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
NUG အစိုးရဘာလုပ်နေသလဲ လူထုအမေးအဖြေ ကဏ္ဍာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလိုပြောကြားခဲ့ပါတယ်။
"တိုင်းပြည်အတွက် အသက်ပေးသွားတဲ့လူတွေနဲ့ ကိုယ်အင်္ဂါစွန့်လွှတ်သွားသူတွေအတွက်ကျနော်တို့ဟာ ဥပဒေကဲ့သို့ ပြဌာန်းချက်တွေရှိရမယ်။အခုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေတယ်။ဒါပေမယ့် သူတို့ ကိုယ်ပိုင်အလုပ်တွေလုပ်နိုင်တဲ့အထိ ဆောင်ရွက်ပေးရမှာဖြစ်တယ်။အဓိက သူတို့တစ်တွေကိုဘအာမခံချက်ပေးရမှာပဲ"လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင်နွေဦးတော်လှန်ရေး ပြီးပါက တိုင်းပြည်အတွက် ကိုယ်အင်္ဂါစွန့်လွှတ်သွားသူတွေ အတွက်နေစရာများ၊အလုပ်အကိုင်များကိုအစိုးရက ဖန်တီးပေးရမှာဖြစ်ပြီးတော့ အသိအမှတ်ပြုပေးရမှာလို့ဝန်ကြီးကထပ်လောင်းပြောပါတယ်။
========================
📌📌 ၃။ ဗမာပြည်နယ်ပေါ်ပေါက်ရေးက အရေးကြီးတဲ့ နိုင်ငံရေးတွေ့ရှိချက်ဖြစ်တယ်လို့ဆို
ဗမာပြည်နယ်ပေါ်ပေါက်ရေးက အရေးကြီးတဲ့ နိုင်ငံရေးတွေ့ရှိချက်ဖြစ်တယ်လို့တရားရေးဝန်ကြီး ဦးသိန်းဦးကပြောပါတယ်။ သြဂုတ်လ ၆ ရက်ကျင်းပတဲ့ “အရေးတကြီး ဖွင့်လှစ်ရမည့် တော်လှန်ရေး တံခါးချပ်များ” စကားဝိုင်းဆွေးနွေးပွဲမှာတိုင်းရင်းသားတန်းတူညီမျှရေးအတွက်ဗမာပြည်နယ်ဖွဲ့စည်းရေးနှင့်ပက်သက်၍ တရားရေးဝန်ကြီးဦးသိန်းဦးကပြောကြားခဲ့ပါတယ်။
"ဗမာပြည်နယ်ဟာ အခြားတိုင်းရင်းသားတွေနဲ့ တန်းတူဟာကိုပဲရသင့်တယ်။ဗမာက အများစုဖြစ်လို့ အထက်စီးပိုရနေတာဆိုတာလည်း မဖြစ်သင့်ဘူး။ လွှတ်တော်မှာ ဆိုရင် အောက်လွှတ်တော်က ဗမာအများစုဖြစ်နေတယ်။ ဒါကို အထက်လွှတ်တော်မှာချိန်ညှိနိုင်ရမယ်။အဲဒီတော့ အဓိကအခြေ ခံအချက်က ဗမာပြည်နယ်ပေါ်ပေါက်ဖို့စဥ်းစားချက်ဖြစ်တယ်။ ဗမာပြည်နယ်ပေါ်ပေါက်ရေးဟာ အရေးကြီးတယ်။ဒါကနိုင်ငံရေးအရ တွေ့ရှိချက်ဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက်ကို NUG အစိုးရနဲ့ NUCC တို့ကဆောင်ရွက်နေပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်နဲ့ စစ်ကိုင်းနယ်များမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လွပ်လပ်စွာသွားလာနိုင်နေပြီး အထိုင်ချစကစတပ်စခန်းအနည်းငယ်သာကျန်တော့တယ်လို့ ဗိုလ်နဂါးအသိပေး
တော်လှန်ရေးအခြေအနေနဲ့ပတ်သတ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်မှဗိုလ်နဂါးက အငြိမ်းနဲ့တွေ့ဆုံမေးမြန်းရာမှာအခုလိုပြောကြားခဲ့ပါတယ်။
"စစ်ကိုင်းမှာက လက်နက်ကိုင်ပြီး ကျနော်တို့တွေလွတ်လွတ်လပ်လပ်သွားနိုင်ပြီ။ ဒီလိုပြောလို့ အပြည့်အဝလွတ်မြောက်နယ်မြေလားဆိုတာတော့မဟုတ်သေးဘူး။သို့သော် ယင်းမာပင်ခရိုင် ပုလဲနယ်နဲ့စစ်ကိုင်းဆိုတာ အားလုံးစိုးမိုးထားနိုင်ပြီ။စစ်ကောင်စီတပ်က သူတို့အထိုင်ချထားတဲ့စခန်းကလွဲရင် သူတို့စခန်းနဲ့ပေနဲ့သတ်မှတ်လို့ရတယ်။ကိုက်နဲ့သတ်မှတ်လို့ရတယ်"လို်ဆိုပါတယ်။ စစ်ကောင်စီတပ်များ စိုးမိုးနိုင်ခြင်းမရှိတော့တဲ့ရွာတိုင်းမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့ည်းပြီးဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နေတယ်လို့ ဗိုလ်နဂါးကဆိုပါတယ်။
========================
📌📌 ၅။ ဒီပဲယင်းမြို့နယ် ကိုင်းကန်ရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စကစစစ်ကြောင်း ယနေ့မနက်ပိုင်း ရွာအတွင်းကိုထပ်မံမီးရှို့
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကိုင်းကန်ရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စကစစစ်ကြောင်းဟာ သြဂုတ်လ၆ရက် မနက်ပိုင်းမှာကိုင်းကန်ရွာအတွင်းပိုင်းကိုပါ ထပ်မံမီးရှို့နေတယ်လို့ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။
"ကိုင်းကန်ရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စကစစစ်ကြောင်းသည် ယနေ့နံနက် ၇:၃၀မိနစ်ခန့်မှစ၍ ကိုင်းကန်ရွာအတွင်းထပ်မံမီးရှို့ကာ နောက်ချန်အင်အား ချန်ထားပီး အင်အား(၁၀၀)ခန့်က မန်ကျည်းအုပ်ကျေးရွာအနီး ရေဆိုးမြောင်းသုံးခွလက်တန် ဘက်သို့ ဆက်လက်ဦးတည် စစ်ကြောင်းထိုးလာကြောင်းသိရှိရပါတယ်"လို့ဆိုပါတယ်။ ယခု စစ်ကြောင်းထိုးလာသောအကြမ်းဖက် စစ်တပ်ဟာရေဦးမြို့နယ် တင်းတိမ်ရံ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းပင်ဖြစ်ပါတယ်။ ၎င်းတို့ လမ်းကြောင်းရှိ ကျေးရွာများ အမြန်ရှောင်ရှားကြရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထားပါတယ်။
========================
📌📌 ၆။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၄ နှစ်ပြည့် အခမ်းအနားကို ကိုရီးယားနိုင်ငံ ဘူဖြောင်းဘူတာရှေ့အဝိုင်းမှာကျင်းပမယ်
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၃၄ နှစ်ပြည့် အခမ်းအနားကို ကိုရီးယားနိုင်ငံ ဘူဖြောင်းဘူတာရှေ့အဝိုင်းမှာကျင်းပမယ်လို့သတင်းရရှိပါတယ်။ ဩဂုတ်လ ၇ ရက်နေ့မှာ NUG ကိုယ်စားလှယ်ရုံးက ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ အဆိုပါအခမ်းအနားကို NUG Support Team Korea မှ ပူးပေါင်းပါဝင်ကျင်းပကာ NUG ဘွန်းရောင်းချခြင်း၊ စတုဒိသာအလှူ၊ တော်လှန်ရေးရန်ပုံငွေရှာဖွေခြင်း၊ ကျဆုံးဒီမိုကရေစီသူရဲကောင်းများအား ဦးညွတ်ဂုဏ်ပြုခြင်းတို့လုပ်ဆောင်မှာဖြစ်ပါတယ်။ အခမ်းအနားအစီအစဥ်ကို မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ဘူဖြောင်းဘူတာရှေ့အဝိုင်း မှာကျင်းပမှာဖြစ်ပါတယ်။
========================
📌📌 ၇။ ဝမ်းဘဲအင်းတံတား တိုက်ပွဲတွင် ကျဆုံးခဲ့သောကောလင်းခရိုင် တပ်ရင်း(၃) မှ ပြည်သူ့ရဲဘော် မောင်နေလင်းဦးအတွက် NUG Bond ဖြင့် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုလှူဒါန်း
စစ်ကိုင်းတိုင်း ကောလင်းခရိုင် ဝမ်းဘဲအင်းတံတား တိုက်ပွဲတွင် ကျဆုံးခဲ့သောကောလင်းခရိုင် တပ်ရင်း(၃) မှ ပြည်သူ့ရဲဘော်မောင်နေလင်းဦးအတွက် NUG Bond ဖြင့် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုလှူဒါန်းခဲ့ပါတယ်။ သြဂုတ်လ ၆ ရက်နေ့မှာ OurSpringHeroes ကဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက် အကြမ်းဖက်စစ်တပ်နှင့် ဖြစ်ပွားသောစစ်ကိုင်းတိုင်း ကောလင်းခရိုင် ဝမ်းဘဲအင်းတံတား တိုက်ပွဲတွင် စစ်ကိုင်းတိုင်း ကောလင်းခရိုင် တပ်ရင်း (၃) မှ ပြည်သူ့ရဲဘော်မောင်နေလင်းဦး ဟာ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။
အခုလို တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့တဲ့ သူရဲကောင်းရဲဘော် မောင်နေလင်းဦး ကို နွေဦးပြည်သူအပေါင်းက ဦးညွတ်အလေးပြုရင်း ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့ အနေနဲ့ အလှူရှင်တစ်ဦးက "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ပေးအပ်ဂုဏ်ပြုလိုက်ပါတယ်။ ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက် "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ပါတယ်။
========================
📌📌 ၈။ တမူး-အောင်ဇေယျကားလမ်းပိုင်းအား တမူး PDF တပ်ရင်း ၁ စစ်ဆေး
တမူး-အောင်ဇေယျကားလမ်းပိုင်းအား တမူး PDF တပ်ရင်း ၁ က စစ်ဆေးခဲ့ပါတယ်။ သြဂုတ်လ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(တမူးမြို့) တပ်ရင်း-၁ တပ်ဖွဲ့ဝင်များဟာ တမူး-အောင်ဇေယျကားလမ်းပိုင်းအား မျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ထုတ်ပြန်ပါတယ်။
"မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (တမူးမြို့) တပ်ရင်း-၁ တပ်ဖွဲ့ဝင်များဟာ တမူး-အောင်ဇေယျကားလမ်းပိုင်းအား မျက်ခြေမပြတ်စောင့်ကြည့်လျှက်ရှိပြီး နယ်မြေလုံခြုံရေးနှင့်စစ်ဆေးရေးလုပ်ငန်းစဉ်များကို အခါအားလျော်စွာ ဆောင်ရွက်နေပါတယ်"လို့ဆိုပါတယ်။
သို့ဖြစ်ပါ၍ တမူး-အောင်ဇေယျကားလမ်းပိုင်းအား အသုံးပြုသွားလာနေကြတဲ့ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်၎င်းတို့၏လက်ပါးစေ မည်သည့်အဖွဲ့အစည်းများနှင့်မဆို နီးကပ်စွာနေထိုင်ခြင်း၊ခရီးအတူသွားလာခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ ထပ်မံ သတိပေးအပ်ပါတယ်လို်ဆိုပါတယ်။
========================
📌📌 ၉။ အမရပူရ Local PDFမှ အူဇီသေနတ်တီထွင်ထုတ်လုပ်အောင်မြင်
အမရပူရ Local PDFမှ အူဇီသေနတ်တီထွင်ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ Semi Auto UZI Gun ထုတ်လုပ်အောင်မြင်တယ်လို့အသိပေးကြေညာပါတယ်။
"Semi Auto UZI Gun အောင်မြင်စွာထုတ်လုပ်ပြီးစီးခြင်းနှင့်လက်တွေ့ battle တွင်အများပြား အသုုံးပြုနိုင်ရန် ထပ်မံကြိုးစားနေပါကြောင်း မိဘပြည်သူများကို အသိပေးကြေညာအပ်ပါတယ်"လို့ ဆိုပါတယ်။ အမရပူရ Local PDF ဟာ စစ်ကောင်စီကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment