၂၀၂၂ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ခင်ဦးမြို့နယ်၊ဝန်းကြီးကျေးရွာ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ရွာသား (၇)ဦး ဖမ်းဆီး သတ်ဖြတ်ခံရပြီး အသက်(၁၈) နှစ်မပြည့်သေးသူ ကလေး နှစ်ဦး ပါဝင်ခဲ့တယ်လို့ဆို
📌 ၂။ Grade 11 စာမေးပွဲ မေးခွန်းပုံစံတွေကို လိမ်လည်ဖြေဆိုလို့မရအောင် ဆက်သွယ်ရေးဝန်ကြီးဌာနဲ့ပူးပေါင်း ဖန်တီးထားတယ်လို့ ဒုဝန်ကြီး ဂျာထွယ်ပန်ဆို
📌 ၃။ ပြည်သူတွေရဲ့ အင်အားကြောင့် လက်ရှိအချိန်မှာစစ်တပ်ထိန်းချုပ်မှုရာခိုင်နှုန်းအနည်းငယ်သာကျန်ရှိခြင်းဖြစ်တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူပြောကြား
📌 ၄။ သုံးပွင့်ဆိုင် မဟာဗျူဟာမြောက်ရန်ပုံငွေရှာဖေံပွဲ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီးများတက်ရောက်မယ်
📌 ၅။ ဘုတလင်မြို့နယ် ပဲပြစ်တောရွာတွင်းသို့ စကစတပ်များ ယနေ့မနက်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့
📌 ၆။ ကချင်ပြည်နယ်၊ လိုင်ဇာတွင် Kachin State Comprehensive University အဆင့်မြင့် တက္ကသိုလ်ဖွင့်ပွဲခန်းမမှာ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုကာ နိုင်ငံတော်အကြီးအကဲဓာတ်ပုံများချိတ်ဆွဲထား
📌 ၇။ MEDUS -22 အထက်တန်းကျောင်းတွင်ကျောင်းသား၊ ကျောင်းသူ ၃၉၆ ဦးနှင့် ဆရာ၊ဆရာမများအား Myaung Medical Team - နွေဦးရောင်နီဆေးအဖွဲ့အကူအညီနဲ့ ကျောင်းကျန်းမာရေးစစ်ဆေးမှုများပြုလုပ်
📌 ၈။ လုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခများ NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ကြိုတင်ငွေအဖြစ် ပြည်သူများပေးသွင်းနိုင်
📌 ၉။ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သို့ ပေါက်မြို့နယ်ရဲစခန်း မှ ရဲတပ်သားတစ်ဦးလက်နက်နဲ့အတူခိုလှုံလာ၍ သိန်း ၁၀၀ ဆုချီးမြင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ခင်ဦးမြို့နယ်၊ဝန်းကြီးကျေးရွာ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ရွာသား (၇)ဦး ဖမ်းဆီး သတ်ဖြတ်ခံရပြီး အသက်(၁၈) နှစ်မပြည့်သေးသူ ကလေး နှစ်ဦး ပါဝင်ခဲ့တယ်လို့ဆို
စက်တင်ဘာ ၁၃ ရက်နေ့မှာ လူ့အခွင့်ရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ၄င်းလူမှုကွန်ရက် စာမျက်နှာမှာ မှာအခုလိုအသိပေးဖော်ပြပါတယ်။
"စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ဝန်းကြီးကျေးရွာ အတွင်း အကြမ်းဖက်ခံရမှုဖြစ်စဉ် ရွာသား (၇)ဦး ဖမ်းဆီး သတ်ဖြတ်ခံရပြီး အသက် (၁၈) နှစ်မပြည့်သေးသူ ကလေး နှစ်ဦး ပါဝင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ သတ်ဖြတ်အကြမ်းဖက်မှုကို ကျူးလွန်ကြသူများမှာ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၈) ရွှေဘိုလေ့ကျင့်ရေးတပ်မှ တပ်သားများဖြစ်ကြောင်း အတည်ပြုသိရှိရပါတယ်။ အသေးစိတ်အချက်အလက်အများအရ သြဂုတ်လ ၁၄ ရက် နံနက် ၆ နာရီမှာ ရွှေဘိုမြို့ အဝင် စကစတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းသို့ခေါ်ဆောင်ပြီးနောက်သတ်ဖြတ်ကာ မြစ်ကြီးနား ရွှေဘိုကားလမ်းမမှာပစ်ထားခဲ့ပါတယ်။
========================
📌📌 ၂။ Grade 11 စာမေးပွဲ မေးခွန်းပုံစံတွေကို လိမ်လည်ဖြေဆိုလို့မရအောင် ဆက်သွယ်ရေးဝန်ကြီးဌာနဲ့ပူးပေါင်း ဖန်တီးထားတယ်လို့ ဒုဝန်ကြီး ဂျာထွယ်ပန်ဆို
Grade 11 စာမေးပွဲတွေကို မကြာမီ ကျင်းပမှာဖြစ်ပြီးတော့ အွန်လိုင်းကနေ တဆင့်နေအိမ်မှာပဲဖြေဆိုနိုင်တဲ့ အဆင့်အထိ ဖန်တီးထားတယ်လို့ ပညာရေးဒုဝန်ကြီးကဆိုပါတယ်။
"အွန်လိုင်းကနေ အိမ်မှာပဲ ကိုယ်ဖြေချင်တဲ့ အချိန်မှာ ဖြေခွင့်ရမှာဖြစ်ပါတယ်။ဒါပေမယ့် စာမေးပွဲ ပုံစံတွေကိုတော့ လိမ်လည်လို့မရအောင်လုပ်ထားတာပေါ့။သူငယ်ချင်းနှစ်ယောက်အတူတူထိုင်ဖြေတယ်ဆိုရင်တောင် သူ့ဆီကမေးခွန်းနဲ့ ကိုယ့်ဆီကမေးခွန်းမတူပါဘူး။စာလုပ်ထားတဲ့သူကဖြေနိုင်မှာပါ"လို့ဆိုပါတယ်။
ဒါ့အပြင် မြေပြင်ဖြေဆိုနိုင်ဖို့ကိုလည်း စားမေးပွဲအတွက် ပညာရေးဝန်ကြီးဌာနက ပြင်ဆင်ထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ ပြည်သူတွေရဲ့ အင်အားကြောင့် လက်ရှိအချိန်မှာစစ်တပ်ထိန်းချုပ်မှုရာခိုင်နှုန်းအနည်းငယ်သာကျန်ရှိခြင်းဖြစ်တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူပြောကြား
ပြည်သူတွေရဲ့ အင်အားကြောင့် လက်ရှိအချိန်မှာစစ်တပ်ထိန်းချုပ်မှုရာခိုင်နှုန်းအနည်းငယ်သာကျန်ရှိခြင်းဖြစ်တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကပြောကြားလိုက်ပါတယ်။ စက်တင်ဘာလအတွင်း တော်လှန်ရေးစကားဝိုင်းမှာ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကပြောပါတယ်။
"အားလုံး သုညကနေ စခဲ့တဲ့ တော်လှန်ရေးကအခုဆိုရင် စစ်တပ်က ၂၂ ရာခိုင်နှုန်းလောက်ပဲထိန်းချုပ်နိုင်အောင်လုပ်နိုင်ခဲ့တယ်။ ကျနော်တို့လုပ်နိုင်ခဲ့တာ ပြည်သူတွေရဲ့အင်အားကြောင့်ဖြစ်တယ်။အစိုးရမှာ ငွေအားမရှိဘူး။ပြည်သူတွေကထောက်ပံ့တယ်။ ပြည်သူတွေရဲ့ခွန်အား၊ ရဲရင့်မှုတွေနဲ့မလျှော့တဲ့ဇွဲလုံ့လတွေကြောင့်ဖြစ်တယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန် စစ်စတင်ခဲ့ပါတယ်။ လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်း၊မကွေး၊ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်၊ ကရင်နီဒေသတို့မှာ အထိနာသေဆုံးလျက်ရှိပါတယ်။
========================
📌📌 ၄။ သုံးပွင့်ဆိုင် မဟာဗျူဟာမြောက်ရန်ပုံငွေရှာဖေံပွဲ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီးများတက်ရောက်မယ်
သုံးပွင့်ဆိုင် မဟာဗျူဟာမြောက်ရန်ပုံငွေရှာဖွေပွဲ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီးများတက်ရောက်မယ်လို့သတင်းရရှိပါတယ်။ အဆိုပါအခမ်းအနားကို စက်တင်ဘာ၂၄ရက် အမေရိကန်မှာကျင်းပမှာဖြစ်ပြီးတော့ အဓိက Federal Wings ဒရုန်းတပ်ဖွဲ့အတွက် ရန်ပုံငွေကူဖို့ဖြစ်တယ်လို့ radio NUG ကို ကိုနေတင်မြင့်ကပြောပါတယ်။
((((((ကိုနေတင်မြင့်))))))
ယခု ရန်ပုံငွေရှာဖွေပွဲဟာ ခုနစ်ကြိမ်မြောက်ဖြစ်ကာ တော်လှန်ရေးအင်အားစုများကိုလည်း ကူညီထောက်ပံဖို့ပါဝင်ပါတယ်။
========================
📌📌 ၅။ ဘုတလင်မြို့နယ် ပဲပြစ်တောရွာတွင်းသို့ စကစတပ်များ ယနေ့မနက်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ပဲပြစ်တောရွာတွင်းသို့ စကစတပ်များ ယနေ့မနက်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စက်တင်ဘာ ၁၃ ရက် နံနက် ၆ နာရီမှာ စကစတပ်တွေ မီးရှို့ဖျက်ဆီးတာလို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကဆိုပါတယ်။
"ယနေ့နံနက် ၄ နာရီဝန်းကျင်က ဘုတလင်မြို့မှ အကြမ်းဖက်စစ်သား အင်အား ၅၀ ခန့် ဘုတလင်မြို့မြောက်ဘက် စိုင်ပြင်-မုံရွာလမ်းဘက်သို့ထွက်လာရာ ၆ နာရီခွဲဝန်းကျင်မှစ၍ ဘုတလင်မြို့နယ် ပဲပြစ်တောရွာတွင်းဝင်ရောက်ပြီး အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် စိုင်ပြင် - ဘုတလင်- မုံရွာ လမ်းပိုင်းအား လတ်တလော အသုံးမပြုကြပါရန် မေတ္တာရပ်ခံထားပါတယ်။ ဒီပဲယင်း ဘုတလင်နယ်စပ်၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းကျေးရွာများအနေဖြင့် ဆက်လက် စစ်ကြောင်းထိုးနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
========================
📌📌 ၆။ ကချင်ပြည်နယ်၊ လိုင်ဇာတွင် Kachin State Comprehensive University အဆင့်မြင့် တက္ကသိုလ်ဖွင့်ပွဲခန်းမမှာ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုကာ နိုင်ငံတော်အကြီးအကဲဓာတ်ပုံများချိတ်ဆွဲထား
ကချင်ပြည်နယ်၊ လိုင်ဇာတွင် Kachin State Comprehensive University အဆင့်မြင့် တက္ကသိုလ်ဖွင့်ပွဲခန်းမမှာ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုကာ နိုင်ငံတော်အကြီးအကဲဓာတ်ပုံများချိတ်ဆွဲထားရှိခဲ့ပါတယ်။ အခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာတွင် ကျင်းပခဲ့ပါတယ်။
အဆိုပါဖွင့်ပွဲကို ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်တက်ရောက်အမှာစကားပြောကြားခဲ့ပြီး KIO မှ တာဝန်ရှိသူ အကြီးအကဲများတက်ရောက်ခဲ့ပါတယ်။ ဖွင့်ပွဲမှာ ခန်းမအတွင်း သမ္မတ ဦးဝင်းမြင့်၊ ယာယီသမ္မတဒူဝါလရှီးလ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့၏ ဓာတ်ပုံများကို ချိတ်ဆွဲထားတာကို ပြည်သူလူထုမှလည်း လူမှုကွန်ရက်စာမျက်နှာမှာ ထောက်ခံအားပေးခဲ့ကြပါတယ်။
========================
📌📌 ၇။ MEDUS -22 အထက်တန်းကျောင်းတွင်ကျောင်းသား၊ ကျောင်းသူ ၃၉၆ ဦးနှင့် ဆရာ၊ဆရာမများအား Myaung Medical Team - နွေဦးရောင်နီဆေးအဖွဲ့အကူအညီနဲ့ ကျောင်းကျန်းမာရေးစစ်ဆေးမှုများပြုလုပ်
စစ်ကိုင်းတိုင်း မြောင်နယ် MEDUS -22 အထက်တန်းကျောင်းတွင်ကျောင်းသား၊ ကျောင်းသူ ၃၉၆ ဦးနှင့် ဆရာ၊ဆရာမများအား Myaung Medical Team - နွေဦးရောင်နီဆေးအဖွဲ့အကူအညီနဲ့ ကျောင်းကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။ မြောင်ပညာရေးကွန်ရက် (Myaung Education Network) မှ ဖွင့်လှစ်ထားသော MEDUS- 22 အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၃၉၆ ဦးနှင့် ဆရာ၊ဆရာမများအား Myaung Medical Team - နွေဦးရောင်နီဆေးအဖွဲ့၏ အကူအညီဖြင့် သန်ချဆေးများ တိုက်ကျွေးခြင်း၊ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့်သွားဘက်ဆိုင်ရာရောဂါများ ကုသပေးခြင်းတို့အပြင် လိုအပ်သောစစ်ဆေးကုသမှုများနှင့် ကျောင်းကျန်းမာရေးဆိုင်ရာအခြေခံအသိပညာများမျှဝေခြင်းတို့ကိုပြုလုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။
ထို့အပြင် KG မှ G4 အထိကျောင်းသား၊ကျောင်းသူများအား BAB အားဆေးများ, Civic နှင့် Multivitamin များလည်းတိုက်ကျွေးခဲ့ပါတယ်။ ယခုကဲ့သို့ကျောင်းသား၊ကျောင်းသူများ၏ ကျန်းမာရေးအတွက် လာရောက်စစ်ဆေးပေးခြင်းနှင့် ဆေးဝါးတိုက်ကျွေးခြင်းများပြုလုပ်ပေးပါသော Myaung Medical Team - နွေဦးရောင်နီဆေးအဖွဲ့အား ကျွန်ုပ်တို့မြောင်ပညာရေးကွန်ရက်မှအထူးကျေးဇူးတင်ရှိပါတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၈။ လုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခများ NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ကြိုတင်ငွေအဖြစ် ပြည်သူများပေးသွင်းနိုင်
တော်လှန်ရေးအတွက်ဘဏ္ဍာငွေရှာဖွေခြင်းကိစ္စများလိုအပ်လာသည့်အတွက် အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကဖော်ပြပါတယ်။ လုပ်ငန်းသုံး လျှပ်စစ်ဓါတ်အားခများကို ကြိုတင်ငွေအဖြစ်ပေးသွင်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စက်တင်ဘာ ၁၂ ရက်မှာကြေညာခဲ့ပါတယ်။
အိမ်သုံးမဟုတ်သည့် လုပ်ငန်းသုံးမီတာများအတွက် လျှပ်စစ်ဓါတ်အားကျသင့်ငွေများကို NUG စီမံကိန်း ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနထံ ပေးသွင်းလိုသည့် ပမဏကို ကြိုတင်ငွေအဖြစ်ပေးသွင်းနိုင်ပြီးပေးသွင်းမည့်သူများအနေနဲ့ မြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့ လျှပ်စစ်တာဝန်ခံများနှင့် ဆက်သွယ်ပေးသွင်းနိုင်တယ်လို့ဆိုပါတယ်။ အိမ်သုံးအမျိုးစားလျှပ်စစ် ဓါတ်အားခကျသင့်ငွေကိုNUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အခမဲ့ကင်းလွတ်ခွင့်ပြုထားပါတယ်။
========================
📌📌 ၉။ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သို့ ပေါက်မြို့နယ်ရဲစခန်း မှ ရဲတပ်သားတစ်ဦးလက်နက်နဲ့အတူခိုလှုံလာ၍ သိန်း ၁၀၀ ဆုချီးမြင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်
မကွေးတိုင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သို့ ပေါက်မြို့နယ်ရဲစခန်း မှ ရဲတပ်သားတစ်ဦးလက်နက်နဲ့အတူခိုလှုံလာ၍ သိန်း ၁၀၀ ဆုချီးမြင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပါတယ်။ စက်တင်ဘာ ၁၃ မှာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးဆိုပါတယ်။
"မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သို့ ပေါက်မြို့နယ်ရဲစခန်း မှ ရဲတပ်သား တစ်ဦးဟာG3 တလက်, ကျည်ဘောက်၂ ခု , လက်ထိပ် ၁ စုံ , ကျည် ၁၃၂ တောင့် ဖြင့် CDM လုပ်ကာ ပြည်သူနှင့် ပူးပေါင်းလာပါသဖြင့် သိန်း ၁၀၀ ဆုချီးမြင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပါတယ်"လို့ဆိုပါတယ်။ ကျန်ရှိရဲ/စစ်သားများအနေဖြင့် အမြင်မှန်ရကာ ပြည်သူနှင့်ပူပေါင်းပြီး CDM လုပ်စေလိုကြောင်း သတိပေး တိုက်တွန်းလိုပါတယ်လို့မြိုင် ပကဖကဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment