၂၀၂၂ စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်လူသတ်မှုမှာ ပါဝင်သူများကိုလက်နက်ဖြုတ်သိမ်းရေး ခရိုင်အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုနဲ့ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အသိပေးကြေညာ
📌 ၂။ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်တာကာလအတွင်း အကြမ်းဖက် စစ်တပ်ကစစ်ကောင်စီတပ်သား (၂၀၅၈၉) ဦးသေဆုံးခဲ့ပြီး (၇၃၁၃) ဦး ဒဏ်ရာရရှိခဲ့
📌 ၃။ PDF အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ CDM ရဲနဲ့စစ်သား (၁၇) ဦးကိုဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
📌 ၄။ နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာတော်လှန်ရေးတွေနဲ့ နှိုင်းယှဥ်ရင် ခရီးရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဆို
📌 ၅။ ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် MOU အလုပ်သမားများ ဝင်ရောက်လာမည်ဖြစ်၍ မြန်မာအလုပ်သမား (၂၂၇) ဦးအား အကြောင်းမဲ့ အလုပ် ထုတ်ပစ်ခြင်းကိစ္စဖြေရှင်းဆောင်ရွက်ပြီးစီးကြောင်း အလုပ်သမားဝန်ကြီး ဌာန ထုတ်ပြန်
📌 ၆။ အကြမ်းဖက် စစ်အုပ်စုပြုတ်ကျသွားတဲ့အခါမှာ တိုင်းရင်းသားအားလုံး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင် အားလုံးတူညီနေဖို့လိုတယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးပြောကြား
📌 ၇။ PEOPLE DEFENSE FORCE-HTILIN(YRPA) Medical Teamမှ ကျန်းမာရေးလှုပ်ရှားမှုအနေနဲ့ ကျေးရွာပေါင်း (၁၆)ရွာ ၊ စစ်ဘေးရှောင်စခန်း( ၃)ခု မှလူနာဦးရေ (၇၇၈)ယောက်အထိ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့
📌 ၈။ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ပြည်သူ့ရင်ခွင် ခိုလာမယ့် ပြည်သူ့စစ်သားများကို ဆားလင်းကြီး LPDF မှဆုကြေးသိန်း ၇၀ ပေးအပ်ချီးမြှင့်မယ်
📌 ၉။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင်အကြမ်းဖက်စစ်တပ်ကြောင့် စစ်ဘေးရှောင် တစ်ထောင်နီးပါးရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်လူသတ်မှုမှာ ပါဝင်သူများကိုလက်နက်ဖြုတ်သိမ်းရေး ခရိုင်အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုနဲ့ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အသိပေးကြေညာ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်လူသတ်မှုမှာ ပါဝင်သူများကိုလက်နက်ဖြုတ်သိမ်းရေး ခရိုင်အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုနဲ့ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အသိပေးကြေညာလိုက်ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
လက်လုပ်ကျေးရွာနှင့် ပြောင်းပြကျေးရွာကြားပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက သပြေအေးဆရာတော် (ခ)ဗိုလ်သံမဏိ၏အဖွဲ့မှ ကာကွယ်ရေးအဖွဲ့ဖြစ်သည် တိုက်ကောင်း (ခ) ဗိုလ်ဘုန်းထက်အဖွဲ့က CDM မပြုလုပ်ထားသည့် မီးသတ်ရဲဘော်တစ်ဦးအပါအဝင် စုစုပေါင်း (၄) ဦးကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်ဖြစ်ပါတယ်။
အဆိုပါဖမ်းဆီးထားသူများကို လွှတ်ပေးရန် ကပိုင်ရွာသို့ အာမခံလာပေးသည့် Hero Tiger အဖွဲ့ မှ ဗိုလ်ထိုက်မောင်နှင့် ရဲဘော် (၅) ဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ဖြစ်စဉ်တွင် စုစုပေါင်း လူ (၁၀) ဦးကို မှားယွင်းစွပ်စွဲသတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ စွပ်စွဲခံရသူ ဗိုလ်သံမဏိ၊ မောင်ဦး၊ ရဲလေးနှင့် တိုက်ကောင်း (ခ) ဗိုလ်ဘုန်းထက်တို့ဖြစ်ကြပါတယ်။
တိုက်ကောင်းမှာ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့အတွင်း ဆင့်ခေါ်စာသုံးကြိမ်ဖြင့် ဆင့်ခေါ်ခဲ့သော်လည်း လာရောက် ဖြေဆိုခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ သတ်ဖြတ်မှုဖြစ်စဉ်မှာ တပ်ရင်း၄တာဝန်ခံ ဆရာစံနှင့်အဖွဲ့မှာ အဓိကတာဝန်ရှိသူများဖြစ်တယ်လို့အစီရင်ခံစာကဖော်ပြပါတယ်။ ကျုးလွန်သူများကိုင်ဆောင်ထားသည့် လက်နက်များကိုဖြုတ်သိမ်းနိုင်ရန်ဆောင်ရွက်နေပြီး ကျုးလွန်သူများကိုစစ်ဆေးတိုင်ရန်အမြန်ဆုံးအကျဥ်းစစ်တရားရုံးဖွဲ့စည်းမယ်လို့ထုတ်ပြန်ပါတယ်။
========================
📌📌 ၂။ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်တာကာလအတွင်း အကြမ်းဖက် စစ်တပ်ကစစ်ကောင်စီတပ်သား (၂၀၅၈၉) ဦးသေဆုံးခဲ့ပြီး (၇၃၁၃) ဦး ဒဏ်ရာရရှိခဲ့
ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်တာကာလအတွင်း အကြမ်းဖက် စစ်တပ်ကစစ်ကောင်စီတပ်သား (၂၀၅၈၉) ဦးသေဆုံးခဲ့ပြီး (၇၃၁၃) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
"၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်၊ သြဂုတ်လအထိ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်တာကာလ အချက်အလက်များအရ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်သား (၂၀၅၈၉) ဦးသေဆုံးခဲ့ပြီး (၇၃၁၃) ဦး ဒဏ်ရာရရှိခဲ့ကာ ၂၀၂၂ ခုနှစ် မေလတွင် စစ်ကောင်စီတပ်သား (၂၅၂၄) ဦးအထိ သေဆုံးခဲ့ကာ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်သား အများသေဆုံးခဲ့သည့် လဖြစ်ခဲ့တယ်"လို့ ဖော်ပြပါတယ်။
စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သားပြည်သူ (၃၀၁၀) ဦး သေဆုံးခဲ့ရပြီး (၁၉၃၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အရပ်သား (၁၄၁၁၉) ဦးအထိ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ၏ အရပ်သားများအပေါ်အကြမ်းဖက်မှု ဖြစ်စဥ်အများဆုံး ဖြစ်ပွားခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရကအသိပေးကြေညာပါတယ်။
========================
📌📌 ၃။ PDF အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ CDM ရဲနဲ့စစ်သား (၁၇) ဦးကိုဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
PDF အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ CDMရဲနဲ့စစ်သား (၁၇) ဦးကိုဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ပြည်သူ့ခုခံတွန်းလှန်စစ် (၁) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်းတို့တွင် CDM ဝင်ရောက်လာပြီး PDF ရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေကြသော CDM စစ်သား၊ ရဲသား (၁၇) ဦးအား ဂုဏ်ပြုပွဲအခမ်းအနားကို စက်တင်ဘာလ (၁၁) ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး သဝဏ်လွှာထဲတွင် -ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအားလုံးကို အမျိုးသားညီညွတ်ရေး အစိုးရက ပြည်သူ့သားကောင်းများအဖြစ် မှတ်ယူတယ်။ပြည်သူ့သားသမီးများပီပီ ပြည်သူဘက်ကရပ်တည်ဖို့၊ ပြည်သူနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ရဲဘော်တို့ရဲ့ အသိဉာဏ်ပညာအတွက် ဂုဏ်ယူလေးစားကြောင်း ပြောလိုတယ်"လို့ဆိုခဲ့ပါတယ်။
CDM ရဲဘော်များဟာ ဂန့်ဂေါခရိုင် အမှတ် (၃) နှင့် အမှတ် (၅) တပ်ရင်းများတွင် တစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း သိရှိရပြီး အဆိုပါအခမ်းအနားသို့ တိုင်း၊ ခရိုင် တာဝန်ရှိသူများ၊ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများ၊ ပကဖ၊ ပအဖ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။ CDM ရဲဘော်များမှ ၎င်းတို့ CDM ပြုလုပ်စဉ်ပါလာသည့် လက်နက်များအားအပ်နှံခြင်း၊ CDM ရဲဘော်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာတော်လှန်ရေးတွေနဲ့ နှိုင်းယှဥ်ရင် ခရီးရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဆို
နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာတော်လှန်ရေးတွေနဲ့ နှိုင်းယှဥ်ရင် ခရီးရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဦးနိုင်ထူးအောင်ကဆိုပါတယ်။ စက်တင်ဘာ ၁၁ ရက် ညပိုင်း မမများနဲ့ပွဲကမယ် တော်လှန်ရေးစကားဝိုင်းမှာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဦးနိုင်ထူးအောင်ကပြောကြားခဲ့ပါတယ်။
"အခုတော်လှန်ရေးဟာ နိုင်ငံတကာတော်လှန်ရေးတွေနဲ့ နှိုင်းယှဥ်ရင် တော်တော် ခရီးရောက်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဒါဟာကမ္ဘာ့သမိုင်းမှာ စံထားလောက်တဲ့ တော်လှန်ရေးမှာပါတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ ပြန်စဥ်းစားကြည့်ရင် ခရီးရောက်တယ်ဆိုပေမယ့် ခရီးဆုံးထိ မဟုတ်သေးတဲ့အတွက် ခရီးရောက်တယ်လို့သာယာနေလို့မရသလို၊ခရီးရောက်တာပဲဆိုပြီး အားစိုက်မှုတွေ လျှော့ ဒီအတိုင်းထားလို့မရပါဘူး"လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများပေါ်ပေါက်ခဲ့ပြီး နွေဦး တော်လှန်ရေးဟာ စတင်ခဲ့ပါတယ်။
========================
📌📌 ၅။ ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် MOU အလုပ်သမားများ ဝင်ရောက်လာမည်ဖြစ်၍ မြန်မာအလုပ်သမား (၂၂၇) ဦးအား အကြောင်းမဲ့ အလုပ် ထုတ်ပစ်ခြင်းကိစ္စဖြေရှင်းဆောင်ရွက်ပြီးစီးကြောင်း အလုပ်သမားဝန်ကြီး ဌာန ထုတ်ပြန်
ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် MOU အလုပ်သမားများ ဝင်ရောက်လာမည်ဖြစ်၍ မြန်မာအလုပ်သမား (၂၂၇) ဦးအား အကြောင်းမဲ့ အလုပ် ထုတ်ပစ်ခြင်းကိစ္စဖြေရှင်းဆောင်ရွက်ပြီးစီးကြောင်း အလုပ်သမားဝန်ကြီး ဌာန ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင် (အုန်းရိုင်) Big C ကုန်တိုက်အနီးရှိ အထည်ချုပ် စက်ရုံတစ်ရုံတွင် MOU အလုပ်သမား ဝင်ရောက်လာမည်ဖြစ်သည့်အတွက် ယင်းစက်ရုံ၌ လက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၂၂၇) ဦးအား အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံနေရမှုအပေါ် ကူညီဖြေရှင်းပေးပါရန် တိုင်ကြားလာသဖြင့် အဆိုပါစက်ရုံအလုပ်သမားပြဿနာများကို တာဝန်ယူဖြေရှင်းရန် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် ကိုရဲမင်း (AAC) အဖွဲ့နှင့် ဦးသက်ပိုင်မင်းတို့သည် နခွန်ပထုန်ရှိ အလုပ်သမားဌာနများနှင့် ချိတ်ဆက်၍ ၈.၉.၂၀၂၂ ရက်နေ့နှင့် ၉.၉.၂၀၂၂ ရက်နေ့တို့တွင် ယင်းစက်ရုံသို့ သွားရောက်ပြီးကူညီဖြေရှင်းပေးခဲ့တယ်လို့ဖော်ပြပါတယ်။
စက်ရုံမှ ကြိုတင်အကြောင်းမကြားပဲအလုပ်ထုတ်သဖြင့် အလုပ်သမား (၁၆၇) ဦး အတွက် (၁၅) ရက်စာ လုပ်ခခံစားခွင့် စုစုပေါင်း (၅၅,၂၇၇) ဘတ် နှင့် လုပ်သက် (၁၂၀) ရက်ပြည့်သည့် အလုပ်သမားများ လုပ်သက် နစ်နာကြေးများ ခံစားရရှိနိုင်ရေး အလုပ်သမားကာကွယ် စောင့်ရှောက် ရေးဌာနမှ ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။
အလုပ်သမားများအား တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရန် နခွန်ပထုန် ခရိုင်၊ အလုပ်အကိုင်ဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊စက်ရုံမှ မကြာမီ အလုပ်ထုတ်မည့် အလုပ်သမား (၆၀) ဦးအတွက် စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းရာ အလုပ်သမားများ၏ ဆန္ဒ အရ အလုပ်နှုတ်ထွက်စာတင်၍ ရက်သတ္တပတ်အတွင်း တရားဝင်အလုပ် ပြောင်းရွှေ့ခွင့် (ဘိုင်ကျက်အော်) ရရှိနိုင်ရေး သဘောတူညီမှုရရှိခဲ့ပါ ကြောင်းနှင့်အလုပ်သမားများအနေဖြင့် အလုပ်အကိုင်အခက်ခဲများရှိပါက နခွန်ပထုန် ခရိုင် အလုပ်အကိုင်ဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသဘောတူညီမှုရရှိခဲ့ပါတယ်။
MOU အလုပ်သမားများ ဝင်ရောက်လာမည်ဖြစ်၍ အကြောင်းမဲ့ အလုပ် ထုတ်ပယ်ခြင်းခံရသည့် အလုပ်သမား (၂၂၇) ဦး၏ အလုပ်သမားရေးရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေများနှင့်အညီ ကူညီ ဆောင်ရွက်ပေးသည့် နခွန်ပထုန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်)၊ အလုပ် အကိုင်ဌာန(ကျဟာငန်)နှင့် လူမှုဖူလုံရေးဌာန (ပကန်စခွန်) တို့မှ တာဝန်ရှိသူများနှင့် ကိုရဲမင်း (AAC)အဖွဲ့နှင့် ဦးသက်ပိုင်မင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန မှ ကျေးဇူးအထူးတင်ရှိပါတယ်လို့ဖော်ပြပါတယ်။ ထိုင်းနိုင်ငံသို့ MOU အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမား လိုအပ်ချက်ရှိမရှိ စိစစ်မှုမရှိဘဲ စေလွှတ်မည့် Agency အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်သွားမယ်လို့ကြေညာထားပါတယ်။
========================
📌📌 ၆။ အကြမ်းဖက် စစ်အုပ်စုပြုတ်ကျသွားတဲ့အခါမှာ တိုင်းရင်းသားအားလုံး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင် အားလုံးတူညီနေဖို့လိုတယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးပြောကြား
အကြမ်းဖက် စစ်အုပ်စုပြုတ်ကျသွားတဲ့အခါမှာ တိုင်းရင်းသားအားလုံး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင် အားလုံးတူညီနေဖို့လိုတယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးကပြောကြားလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ သစ်ပေါ်ပေါက်ရေး စကားဝိုင်းမှာ တရားရေးဝန်ကြီး ဦးသိန်းဦးကဆိုပါတယ်။
"ဒီအချိန်မှာ တိုင်းရင်းသားလူမျိုးတွေအားလုံး ဗမာအပါအဝင်ပေါ့တိုင်းရင်းသားညီအကိုမောင်နှမတွေ စစ်အုပ်စုကိုတိုက်နေတဲ့အခါမှာ ဒီတိုက်ပွဲကဘယ်ကို ဦးတည်သလဲဆိုတဲ့အချက်က အင်မတန်မှ အရေးကြီးပါတယ်။ကျနော်တို့လိုချင်တာ ဖက်ဒရယ် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ဖို့ဆိုတဲ့ ဒီရည်မှန်းချက်ပန်းတိုင်တူညီမှသာလျှင် အကြမ်းဖက် စသ်အုပ်စုပြုတ်ကျပြီးသွားတဲ့အခါမှာ မှန်မှန်ကန်ကန်နဲ့ ဆက်လက်ပြီးငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံတစ်ခုအဖြစ်တည်ဆောက်နိုင်မှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ ၂၀၂၃ နှစ် သြဂုတ်လမှာ စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲမတိုင်မီ နွေဦးတော်လှန်ရေးကို အပြီးသတ် ဆင်နွှဲမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာထားပါတယ်။
========================
📌📌 ၇။ PEOPLE DEFENSE FORCE-HTILIN(YRPA) Medical Teamမှ ကျန်းမာရေးလှုပ်ရှားမှုအနေနဲ့ ကျေးရွာပေါင်း (၁၆) ရွာ ၊ စစ်ဘေးရှောင်စခန်း( ၃)ခု မှလူနာဦးရေ (၇၇၈)ယောက်အထိ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့
PEOPLE DEFENSE FORCE-HTILIN(YRPA) Medical Teamမှ ကျန်းမာရေးလှုပ်ရှားမှုအနေနဲ့ ကျေးရွာပေါင်း (၁၆)ရွာ ၊ စစ်ဘေးရှောင်စခန်း( ၃)ခု မှလူနာဦးရေ (၇၇၈)ယောက်အထိ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။ စက်တင်ဘာ ၁၂ ရက်မှာ PEOPLE DEFENSE FORCE-HTILIN(YRPA)ကအသိပေးဆိုပါတယ်။
"ကျနော်တို့ PEOPLE DEFENCE FORCE-HTILIN(YRPA) Medical Team သည် ကျန်းမာရေးစောင့်ရှောက်မှုရရန်အားနည်းသော ၊ ဆေးဝါးပစ္စည်းမှာယူရန်ခက်ခဲသော ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်လိုအပ်နေသော ကျေးရွာများသို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည်မှာ 6လပိုင်း ဇွန်လအစပိုင်းကတည်းမှဖြစ်ပါတယ်။ယခုအချိန်အထိ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သော ကျေးရွာပေါင်း (၁၆)ရွာ ၊ စစ်ဘေးရှောင်စခန်း( ၃)ခု ၊လူနာဦးရေ (၇၇၈)ယောက်အထိ ကျန်းမာရေးစောင့်ရှောက်မှုပေးထားခဲ့ပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိအချိန်တွင် တပ်ခွဲ (၆) ခုမှာ ကျန်းမာရေးပြဿနာဖြေရှင်းပေးနိုင်ရန် ဆေးသင်တန်း (၁) လကျော် သင်ကြားပေးခဲ့ပြီး စာတွေ့လက်တွေ့အထိပါ ကြိုးစားသင်ကြားပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ယခုအချိန်တွင် ဆေးတပ်သား (၁၂) ယောက်လုံး အရည်အချင်းစစ်စာမေးပွဲ အောင်မြင်၍ တပ်ခွဲအသီးသီးတွင် တာ၀န်ထမ်းဆောင်လျှက်ရှိကြပါတယ်။
========================
📌📌 ၈။ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ပြည်သူ့ရင်ခွင် ခိုလာမယ့် ပြည်သူ့စစ်သားများကို ဆားလင်းကြီး LPDF မှဆုကြေးသိန်း ၇၀ ပေးအပ်ချီးမြှင့်မယ်
လက်နက်ခဲယမ်းအပြည့်အစုံနဲ့ပြည်သူ့ရင်ခွင် ခိုလာမယ့် ပြည်သူ့စစ်သားများကို ဆားလင်းကြီး LPDF မှ ဆုကြေးသိန်း ၇၀ ပေးအပ်ချီးမြှင့်မယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၂ ရက်မှာ ဆားလင်းကြီး LPDF ကအသိပေးဆိုပါတယ်။
"လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်သို့ခိုဝက်လာမယ့် ပြည်သူစစ်သားများကို ဆားလင်းကြီး LPDF မှ နွေးထွေးစွာကြိုဆိုနေပါတယ်။ ပြည်သူ့စစ်သားများကို ဂုဏ်ပြုချီးမြှင့်သောအနေနဲ့ ဆုငွေသိန်း ၇၀ ကိုလည်း ဝမ်းသာအားရပေးအပ်မှာဖြစ်တယ်"လို့ ဆိုပါတယ်။ ဒါ့အပြင်လက်နက်မပါသော ခိုလှုံလာသူများကိုလည်း လုံခြုံဘေးကင်းသောနေရာပို့ဆောင်ပေးသွားမယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၉။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင်အကြမ်းဖက်စစ်တပ်ကြောင့် စစ်ဘေးရှောင် တစ်ထောင်နီးပါးရှိလာ
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင်အကြမ်းဖက်စစ်တပ်ကြောင့် စစ်ဘေးရှောင် တစ်ထောင်နီးပါးရှိလာတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၁ ရက်မှာ ရေလယ်ကျွန်းဒေသ တပ်ပေါင်းစုက ဆရာမိုးကဆိုပါတယ်။
"နှစ်လအတွင်း စကစတပ်တို့ ဖျက်ဆီးနှောက်ယှက်ကြသောကြောင့် စစ်ရှောင် ပြည်သူများ တစ်စတစ်စ များပြားလာပြီ။စစ်ရှောင်ပြည်သူများကို စစ်ဘေးကင်းသောရွာများမှ မိမိတို့အစီအစဥ်ဖြင့် နေရာချ၊ကျွေးမွေးခြင်းကို ရွာအချင်းချင်း အပြန်အလှန် ကူညီနေကြပါတယ်။ ရက်ကာလ နှစ်လကျော်လာသောကြောင့် အခက်အခဲများ ရင်ဆိုင်လာရပြီ။မိမိရှိနေရာ ရွာ၌ပင် ရွာထဲရှိ ခင်ရာမင်ရာ အိမ်များတွင် စစ်ရှောင် ဦးရေ ငါးရာခန့်နှင့် စာသင်ကျောင်းထဲတွင်ငါးရာခန့် ရှိနေပါပြီ"လို့ဆိုပါတယ်။ မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စကစတပ်များ စစ်ကြောင်းထိုးမွှေနှောက်ရာတွင် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုတို့ရှိခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment