၂၀၂၂ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နိုင်ငံတကာပါလီမန်များအဖွဲ့က ကြီးမှူးကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်
📌 ၂။ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ကနီမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်း
📌 ၃။ စစ်အုပ်စုကို အာဂျင်တီးနား၊ တူရကီ နဲ့အင်ဒိုနီးရှားနိုင်ငံကတရားရုံးများမှာ အမှုဖွင့်ဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၄။ Project Skywalk အမေရိကန်ဒေါ်လာ (၄၁၀၅၆၀.၀၄) သိန်း ရရှိခဲ့ပြီးမြေပြင်က Drone Squad တွေဆီကို စတင်စီးဆင်း
📌 ၅။ လက်နက်မဲ့၊ လက်နက်ပါ CDM ပြုလုပ်ခြင်းများအတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစ၍ ပြည်သူ့သားကောင်းအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လျက်ရှိတယ်လို့ဆို
📌 ၆။ စစ်ကောင်စီတပ်သားတစ်ဦး CDF-Hualngoram ထံလက်နက်နဲ့အတူ အလင်းဝင်လာ၍ ဂုဏ်ပြုငွေ ကျပ်သိန်း (၆၀) ပေးအပ်ချီးမြှင့်
📌 ၇။ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးခံတွင်း၊လက်ယက်ကုန်းကျေးရွာအနီး MI-17 ရဟတ်ယာဥ်နှစ်စီးနဲ့အကြမ်းဖက် စစ်တပ်ကပစ်ခတ်၍ ၁၁နှစ်အရွယ်ကလေးငယ်နဲ့ပြည်သူတစ်ဦးသေဆုံးကာ ဒေသခံရာနဲ့ချီရွာအတွင်းပိတ်မိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နိုင်ငံတကာပါလီမန်များအဖွဲ့က ကြီးမှူးကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နိုင်ငံတကာပါလီမန်များအဖွဲ့က ကြီးမှူးကျင်းပသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာဒီမိုကရေစီနေ့တွင် နိုင်ငံတကာပါလီမန်များအဖွဲ့က ကြီးမှူးကျင်းပသည့် ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်၍ မြန်မာနိုင်ငံ၏ အခြေအနေများနှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ပါတယ်။
ရှင်းလင်းတင်ပြရာတွင် “ဆွေးနွေးပွဲ ခေါင်းစဉ်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်မှာ (၂၅) နှစ်ပြည့်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့အချိန်ထိ ကြေညာစာတမ်းသည် အရေးကြီးနေဆဲပင် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ပြည်သူများသည် ခြိမ်းခြောက်မှုအောက် ရောက်ရှိနေသည့် ဒီမိုကရေစီကို ကာကွယ်နေရပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ပြည်သူများသည် လွတ်မြောက်မှုနှင့် ရှင်သန်မှုများ ကြီးကြီးမားမား ထိခိုက်နေမှုကြားမှပင် နေ့စဉ်နေ့တိုင်း ကာကွယ်နေရပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည်လည်း IPU က ချမှတ်ထားသည့် အဓိက တန်ဖိုး (၅) ရပ်ကို အတတ်နိုင်ဆုံး လုပ်ဆောင်နေပါကြောင်း၊ ယခုကဲ့သို့ အလွန်ဆိုးရွားသည့် အခြေအနေတွင် လိုအပ်ချက်အရ လွတ်လပ်၍ တရားမျှတသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ ဖြစ်ပါကြောင်း၊ ဖမ်းဆီးမှုများနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့်တိုင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို (၄) ကြိမ်တိုင် ကျင်းပခဲ့ပါကြောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ၁၉၆၂ ခုနှစ် နောက်ပိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပထမဆုံးအရပ်သားအစိုးရက ၂၀၂၀ ပြည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်သည် မအောင်မြင်သည့် အာဏာသိမ်းမှုကို ကြိုးပမ်းခဲ့သည်မှာ (၁၉) လကျော် ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ပြည်သူ (၂,၂၄၃ ) ဦးကျော် သတ်ဖြတ်ခံထားရပြီး (၁၁,၀၀၀) ကျော် ဥပဒေမဲ့ ဖမ်းဆီးခံထားရပါကြောင်း၊ အများအပြားသည် ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မ လိင်အကြမ်းဖက်မှုများအပါအဝင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းတို့ကို ဆိုးရွားစွာ ခံနေရပါကြောင်း၊ နိုင်ငံတော်၏ သယံဇာတများကို ဖျက်ဆီးခံနေရပြီး တိုင်းပြည်၏ စီးပွားရေးကိုလည်း အလုံးစုံ ပျက်သုဉ်းရေးဆီ တွန်းပို့နေပြီး ကျရှုံးနိုင်ငံတစ်ခုအဖြစ် ဖန်တီးနေပါကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ကဖြည့်စွက်ပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ကနီမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်း
ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ကနီမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့မှာ အမိန့်ကြေညာစာမှတ် (၀၈/၂၀၂၂) နဲ့ ကြေညာလိုက်ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကို ကာကွယ်နိုင်ရန်၊ မီးငြှိမ်းသတ် ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကနီမြို့နယ် မီးဘေးလုံခြုံရေး အဖွဲ့အား ဖွဲ့စည်းလိုက်တယ်လို့ဖော်ပြပါတယ်။ စစ်ကောင်စီတပ်များဟာ တစ်နိုင်ငံလုံးမှာ ပြည်သူ့အိုးအိမ်ပေါင်း သုံးသောင်းနီးပါးဖျက်ဆီးမီးရှို့ခဲ့ပြီးအများစုဟာ စစ်ကိုင်းတိုင်းဒေသကြီးကဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်အုပ်စုကို အာဂျင်တီးနား၊ တူရကီ နဲ့အင်ဒိုနီးရှားနိုင်ငံကတရားရုံးများမှာ အမှုဖွင့်ဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
စစ်အုပ်စုကို အာဂျင်တီးနား၊ တူရကီ နဲ့အင်ဒိုနီးရှားနိုင်ငံကတရားရုံးများမှာ အမှုဖွင့်ဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။ စက်တင်ဘာလအတွင်း IIMM ကုလစုံစမ်းရေးအဖွဲ့ မြန်မာနိုင်ငံ အစီရင်ခံစာ ထူးခြားမှုကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းဌာနတစ်ခုကိုပြောကြားခဲ့ပါတယ်။
"အခုဆိုရင် ကျွန်တော်တို့က Universal Jurisdiction လို့ခေါ်တဲ့ နည်းလမ်းတခုကို သုံးပြီးတော့ အာဂျင်တီးနား၊ တူရကီ အခုဆိုရင် အင်ဒိုနီးရှားမှာကအစ ကျွန်တော်တို့ အမှုဖွင့်နိုင်ဖို့ ကြိုးစားတယ်။ အဲဒါတွေမြန်မြန်ဖော်.အောင် လုပ်ဆောင်ပြီးတော့ အမှုဖွင့်ပြီးတော့ ဒီရရှိထားတဲ့ သက်သေအထောက်အထားကို အသုံးပြုနိုင်မှ အမှန်တရားက အမြန်ဆုံးလာပါလိမ့်မယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စစ်အုပ်စုကျူးလွန်တယ်လို့ IIMM ကုလစုံစမ်းရေးအဖွဲ့ ကကြေညာထားတဲ့ အမှုပေါင်း ၆၇ မှုရှိပါတယ်။
========================
📌📌 ၄။ Project Skywalk အမေရိကန်ဒေါ်လာ (၄၁၀၅၆၀.၀၄) သိန်း ရရှိခဲ့ပြီးမြေပြင်က Drone Squad တွေဆီကို စတင်စီးဆင်း
Project Skywalkအမေရိကန်ဒေါ်လာ (၄၁၀၅၆၀.၀၄) သိန်း ရရှိခဲ့ပြီးမြေပြင်က Drone Squad တွေဆီကို စတင်စီးဆင်းနေပြီလို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာ Project Skywalk က ကမ်ပိန်းတွင်ရရှိတဲ့ အလှူငွေများနဲ့ပတ်သက်လို့ရှင်းလင်းဆိုပါတယ်။
"Project Skywalk" စတင်ခဲ့တဲ့ သြဂုတ် ၃၀ ကနေ စက်တင်ဘာ ၁၅ ရက်နေ့အထိ အချိန် နှစ်ပတ်စွန်းစွန်းအတွင်း တော်လှန်ရေးအောင်စိတ် ထက်သန်စွာနဲ့နိုင်ရာဝန်ထမ်းပေးခဲ့ကြတဲ့ ပြည်တွင်း၊ပြည်ပက ထောက်ကူသူ အယောက်စီတိုင်းကို Skywalker တွေကိုယ်စား ကျေးဇူးအများကြီးတင်ရပါတယ်။ Campaign နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာ ၁၅ ရက်နေ့အထိ အမေရိကန်ဒေါ်လာ (၄၁၀၅၆၀.၀၄) သိန်း ရရှိခဲ့ပြီး၊ အခုဆိုရင် မြေပြင်က Drone Squad တွေဆီကို စတင်စီးဆင်းနေပါပြီ"လို့ဆိုပါတယ်။
Project Skywalk ကို စိတ်ပါဝင်စားပေမယ့် အခက်အခဲအမျိုးမျိုးကြောင့် အချိန်မီ မပါဝင်ဖြစ်လိုက်တဲ့သူတွေအနေနဲ့လည်း Project Skywalk ရဲ့ Facebook Page Messenger ကနေ ဆက်သွယ်ပြီး Skywalker တွေကို ဆက်လက်ထောက်ကူနိုင်တယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီတပ်ကို ဝေဟင်ကနေ အမြစ်ဖြတ်ချေမှုန်းမယ့် Skywalker တွေ အားလုံးနဲ့အတူ "Project Skywalk" Page က တသားတည်းဆက်ရှိနေမှာ ဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ လက်နက်မဲ့၊ လက်နက်ပါ CDM ပြုလုပ်ခြင်းများအတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစ၍ ပြည်သူ့သားကောင်းအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လျက်ရှိတယ်လို့ဆို
လက်နက်မဲ့၊လက်နက်ပါ CDM ပြုလုပ်ခြင်းများအတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစ၍ ပြည်သူ့သားကောင်းအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လျက်ရှိတယ်လို့ဆိုပါတယ်။ စက်တင်ဘာလအတွင်းမှာ ပြည်သူ့သားကောင်းအဖွဲ့ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အာဏာရှင်လက်အောက်ရှိ လူ့အခွင့်အရေးချိုးဖောက်ခံရကာ မတရားဖိနှိပ်ခံနေရသည့် တပ်နှင့်ရဲတပ်ဖွဲ့မှ အင်အားစုများ ပြည်သူ့ဘက်သို့ ပိုမိုပါဝင်လာစေရန်အတွက်ရည်ရွယ်၍ လက်နက်မဲ့/လက်နက်ပါ CDM ပြုလုပ်ခြင်းများအတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစ၍ ပြည်သူ့သားကောင်းအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
ပြည်သူ့သားကောင်းအဖွဲ့အနေဖြင့် CDM ဂုဏ်ပြုငွေချီးမြှင့်ပြီးပါက -ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှုကော်မတီ၊ ပြည်သူ့ရင်ခွင်-People's Embrace၊ ပြည်သူ့ပန်းတိုင် (People's Goal)၊ မေမေ့ရင်ခွင် အစရှိတဲ့ CDM ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နေသော ဌာန/အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အောက်ပါ CDM ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ပြည်သူ့သားကောင်းအဖွဲ့ဟာ ပြည်သူ့ဘက်ရပ်တည်ခဲ့သော တပ် CDM၊ ရဲ CDM များနှင့် ဖယ်ဒရယ်ဒီမိုကရေစီအရေးလှုပ်ရှားသူ ပြည်တွင်း/ပြည်ပမှ အလှူရှင်အချို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
========================
📌📌 ၆။ စစ်ကောင်စီတပ်သားတစ်ဦး CDF-Hualngoram ထံလက်နက်နဲ့အတူ အလင်းဝင်လာ၍ ဂုဏ်ပြုငွေ ကျပ်သိန်း (၆၀) ပေးအပ်ချီးမြှင့်
စစ်ကောင်စီတပ်သားတစ်ဦး CDF-Hualngoram ထံလက်နက်နဲ့အတူ အလင်းဝင်လာ၍ ဂုဏ်ပြုငွေ ကျပ်သိန်း (၆၀) ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ CDF-Hualngoram ကအသိပေးဖော်ပြပါတယ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တပ်စခန်းက စစ်ကောင်စီတပ်သားတစ်ဦးဟာ MA ၁ လက်၊ ကျည် (၂၅၀) တောင့်၊ ကျည်ဘောက် (၄) ခုဖြင့် CDF-Hualngoram တပ်ဖွဲ့ထံခိုလှုံခဲ့တယ်လို့ဆိုပါတယ်။
၎င်းစကစတပ်သားဟာ စခန်းကနေထွက်ပြေးလာတာကြာပေမယ့် NUG နဲ့ ပြည်သူ့ရင်ခွင်သို့ အရင်အကြောင်းကြားကာ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာ CDF-Hualngoram ကဂုဏ်ပြုငွေ ကျပ်သိန်း (၆၀) ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ပို့ဆောင်ခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၇။ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးခံတွင်း၊လက်ယက်ကုန်းကျေးရွာအနီး MI-17 ရဟတ်ယာဥ်နှစ်စီးနဲ့အကြမ်းဖက် စစ်တပ်ကပစ်ခတ်၍ ၁၁နှစ်အရွယ်ကလေးငယ်နဲ့ပြည်သူတစ်ဦးသေဆုံးကာ ဒေသခံရာနဲ့ချီရွာအတွင်းပိတ်မိ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးခံတွင်း၊လက်ယက်ကုန်းကျေးရွာအနီး MI-17 ရဟတ်ယာဥ်နှစ်စီးနဲ့အကြမ်းဖက် စစ်တပ်ကပစ်ခတ်၍ ၁၁နှစ်အရွယ်ကလေးငယ်နဲ့ပြည်သူတစ်ဦးသေဆုံးကာ ဒေသခံရာနဲ့ချီရွာအတွင်းပိတ်မိခဲ့တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့လည် (၁:၁၀) မိနစ်ခန့်အချိန် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးခံတွင်း၊လက်ယက်ကုန်းကျေးရွာအနီး MI-17 နှစ်စီးဖြင့်စကစတပ်များကို အင်အားမြေပြင်သို့ချရင်း ဝေဟင်ကပစ်ခတ်ခဲ့ပါတယ်။
"ဒီပဲယင်းမြို့နယ် ဝေဟင်မှပစ်ခတ်မှုကြောင့် အင်ပင်ကျေးရွာ (၁၁) သားအရွယ်ကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန်သေဆုံးကာ အခြားပြည်သူတစ်ဦးလည်း ဝေဟင်ပစ်ခတ်မှုကြောင့် သေဆုံးရကြောင်း ကနဦးသိရပါတယ်။ ပြည်သူနှစ်ဦး ဒဏ်ရာရရှိထားပြီး ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။သေဆုံးထိခိုက်မှုများထပ်မံ အတည်ပြုနိုင်ဖို့ကြိုးစားလျှက်ရှိပါတယ်"လို့ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအတည်ပြုဆိုပါတယ်။
ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးခံတွင်း၊လက်ယက်ကုန်းကျေးရွာအနီး MI-17 နှစ်စီးဖြင့် အကြမ်းဖက်စကစတပ်များ လာရောက်ချထားတာဖြစ်ပြီးတော့ဝေဟင်မှ MI-35 နှစ်စီးက ၎င်းစကစတပ်များချနေသော နေရာအနီးတစ်ဝိုက် လက်နက်ကြီး၊စက်သေနတ်များဖြင့် မိနစ် ၂၀ ကျော်ပစ်ခတ်လမ်းရှင်းပေးခဲ့ပါတယ်။
ထို့နောက် အကြမ်းဖက် စကစများသည် လက်ယက်ကုန်းကျေးရွာ အတွင်းသို့ ဝင်ရောက်နေရာယူစီးနင်းထားရာတွင် ကျောင်းသား/ ကျောင်းသူများများအပါအဝင်ပြည်သူ(၂၀၀)ခန့်မှာ ကျေးရွာအတွင်းပိတ်မိပီး စကစအကြမ်းဖက်များမှ ဖမ်းဆီးထားကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ စကစ အကြမ်းဖက်စစ်ကြောင်းကြောင့် မူးခံတွင်း၊လက်ယက်ကုန်း၊ညောင်လှ၊မရကန်၊သစ်တုံ၊မဲအိုး၊ညောင်ကြီးကုန်း စသည့် အနီးတစ်ဝိုက်ရှိကျေးရွာများမှ ပြည်သူများ ထွက်ပြေးနေရကြောင်းသတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment