၂၀၂၂ စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဒီပဲယင်းဖြစ်စဥ်မှာ တာဝန်ရှိတဲ့ ရာဇဝတ်သားတွေကို အမြန်ဆုံးအရေးယူနိုင်ဖို့ ယာယီ သမ္မတ ဒူဝါလရှီးလညွှန်ကြား
📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိိုဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း ကအသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနှင့် ကြားကာလတိုင်းဒေသကြီးအတိုင်ပင်ခံကောင်စီများ ဖွဲ့စည်းနိုင်ရေးတို့ဆွေးနွေး
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ဒီမိုကရေစီ ကို အရောက်သွားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၄။ နွေဦးတော်လှန်ရေးမှာ CDM အရေးဆက်ပါနေ၍ အင်အားလျှော့ချလို့မဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဆို
📌 ၅။ အမေ့ဝတ်စုံ ကံစမ်းမဲလက်မှတ်များရောင်းရငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်လုပ်မှုအပိုင်းမှာ အသုံးပြုမယ်
📌 ၆။ အင်းစိန်အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၀၀ ဦး နှင့် အမျိုးသမီး ၅၀ ဦးကိုထောင်များပြောင်းရွှေ့
📌 ၇။ အကြမ်းဖက် စစ်ခေါင်းဆောင် စိုးဝင်းရဲ့ဆရာ အငြိမ်းစား ဗိုလ်ချုပ် အုန်းသွင်နေအိမ်မှာ ပစ်ခတ်ခံရ၍ သေဆုံး
📌 ၈။ တန့်ဆည်မြို့နယ် မှာ အကြမ်းဖက် စစ်တပ်က ရွာများကို စစ်ကြောင်းထိုးဝင်ရောက်၍ ရွာပေါင်း ၂၀ ကျော်မှ လူဦးရေ သောင်းနဲ့ချီစစ်ဘေးရှောင်နေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဒီပဲယင်းဖြစ်စဥ်မှာ တာဝန်ရှိတဲ့ ရာဇဝတ်သားတွေကို အမြန်ဆုံးအရေးယူနိုင်ဖို့ ယာယီ သမ္မတ ဒူဝါလရှီးလညွှန်ကြား
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းပစ်ခတ်ခံရမှုမှာ တာဝန်ရှိတဲ့ ရာဇဝတ်သားတွေကို အမြန်ဆုံးအရေးယူနိုင်ဖို့ ယာယီ သမ္မတ ဒူဝါလရှီးလညွှန်ကြားလိုက်ပါတယ်။ စက်တင်ဘာလအတွင်းမှာ radio NUG ကို သမ္မတ ရုံးပြောရေးဆိုခွင်ရှိသူ ဦးကျော်ဇောကဖြေကြားခဲ့ပါတယ်။
"ကျနော်တို့ ယာယီ သမ္မတကြီးကိုယ်တိုင်လည်း ဒီဖြစ်စဥ်ကို အင်မတန်မှ စိတ်မကောင်းဖြစ်နေရပါတယ်။မြန်မာပြည်သူတွေ အားလုံးနဲ့အတူတူပဲ စိတ်မကောင်းဖြစ်ရပါတယ်။ သမ္မတကြီး ကိုယ်တိုင်ကလည်း ဒီကိစ္စကို တာဝန်ရှိတဲ့ရာဇဝတ်သားတွေကို အမြန်ဆုံးအရေးယူနိုင်ဖို့အတွက် အတတ်နိုင်ဆုံးလုပ်ပေးဖို့ ညွှန်ကြားပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် သေဆုံးခဲ့ရတဲ့ ကလေးငယ်များ၏ ကျန်ရစ်သူမိသားစုများအပါအဝင် ကျောင်းသား၊ကျောင်းသူနဲ့ဆရာ၊ဆရာမများကိုလည်း လိုအပ်တဲ့အကူအညီများပေးဖို့ ယာယီသမ္မတက အစိုးရအဖွဲ့ကို ညွှန်ကြားထားပါတယ်။ စက်တင်ဘာ ၁၆ ရက် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က Mi35 စစ်သုံးရဟတ်ယာဥ်နှစ်စင်းနှင့်ပစ်ခတ်ခဲ့ရာ ကလေးငယ်၆ဦးသေဆုံးခဲ့ပြီး မြေပြင်ထိုးစစ်ကြောင့်အရပ်သား၇ဦးသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိိုဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း ကအသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနှင့် ကြားကာလတိုင်းဒေသကြီးအတိုင်ပင်ခံကောင်စီများ ဖွဲ့စည်းနိုင်ရေးတို့ဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိိုဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း ကအသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနှင့် ကြားကာလတိုင်းဒေသကြီးအတိုင်ပင်ခံကောင်စီများ ဖွဲ့စည်းနိုင်ရေးတို့ဆွေးနွေးခဲ့ပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည် ထောင်စုရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲ၌ တက်ရောက်လာကြသူများက အပြန်အလှန် မိတ်ဆက်ပြီးနောက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးထွန်းမြင့် က အဖွင့်အမှာစကား ပြောကြားခဲ့ ပါတယ်။
ထို့နောက် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း က အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနှင့် ကြားကာလတိုင်းဒေသကြီးအတိုင်ပင်ခံကောင်စီများ ဖွဲ့စည်းနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ခဲ့ပါတယ်။ ဆက်လက်၍ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်၊ ပြည်သူ့ လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ သဘောထားစုစည်းချက်တို့အား တင်ပြခဲ့ပါတယ်။
ဝန်ကြီးဌာန ၏ ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး မေးမြန်း အကြံပြုခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင် များ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဒုတိယဝန်ကြီး မိုင်းဝင်းထူး ၊ အတွင်းဝန်များတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ဒီမိုကရေစီ ကို အရောက်သွားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ဒီမိုကရေစီ ကို အရောက်သွားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ စက်တင်ဘာ ၂၄ ရက်ကျင်းပတဲ့ ပအိုးဝ်အမျိုးသား ဖက်ဒရယ်ကောင်စီ PNFC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကြားကာလ အခြေခံပညာ အခမဲ့ အွန်လိုင်းစာသင်ကျောင်း ဖွင့်ပွဲအခမ်းအနား မှာ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။
"ကျနော်တို့တတွေဟာ ဖက်ဒရယ်ဒီမိုကရေစီကိုသွားမှာဖြစ်ပါတယ်။သွားလည်းသွားနေပါတယ်။အခုလည်း ကျနော်တို့စိတ်က ဖက်ဒရယ် စိတ်အပြည့်နဲ့ ဒီတော်လှန်ရေးကို လုပ်နေတာဖြစ်ပါတယ်။ ဟိုအရင်တုန်းကလို ဗဟိုစနစ်ကိုဖျောက်ပြီးတော့ အခုချိန်မှာအားလုံးစုပေါင်းပါဝင်မှုနဲ့ ဒီတော်လှန်ရေးကိုဆင်နွှဲနေပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးမှာ CDM အရေးဆက်ပါနေ၍ အင်အားလျှော့ချလို့မဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဆို
နွေဦးတော်လှန်ရေးမှာ CDM အရေးဆက်ပါနေ၍ အင်အားလျှော့ချလို့မဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဦးနိုင်ထူးအောင်ကဆိုပါတယ်။ စက်တင်ဘာ ၂၄ ရက်ကျင်းပတဲ့ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုစကားဝိုင်းအစီအစဥ်၏ "ခုခံတော်လှန်စစ် တစ်နှစ်တာခရီး" ဆွေးနွေးပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကဆိုပါတယ်။
"CDMကလည်း တော်လှန်ရေးမှာ အရေးပါတယ်။ဆက်ပြီးပါနေဦးမှာပဲ။CDMအင်အားကို လက်နက်ကိုင်လုပ်တယ်ဆိုပြီး လျှော့ချလို့မရဘူး။ဆန္ဒပြတဲ့ ကိစ္စတွေလည်းဆက်ပြီး ပါနေမှာပဲ။နောက်တစ်ခုမေ့လို့မရတဲ့ ကိစ္စကတော့ ဘွိုင်ကောက်လုပ်တဲ့ ကိစ္စမျိုးမေ့သွားလို့မဖြစ်ဖို့လိုတယ်။ကျနော်တို့က ရန်သူရဲ့အားကောင်းစေမယ့်အရာတွေကို ဖြတ်တောက်ပစ်ရမယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ ၄င်းနောက် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ CDMလှုပ်ရှားတဲ့ ကျန်းမာရေး၊ပညာရေးဝန်ထမ်းအင်အားသိန်းနဲ့ချီရှိခဲ့ပါတယ်။
========================
📌📌 ၅။ အမေ့ဝတ်စုံ ကံစမ်းမဲလက်မှတ်များရောင်းရငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်လုပ်မှုအပိုင်းမှာ အသုံးပြုမယ်
အမေ့ဝတ်စုံ ကံစမ်းမဲလက်မှတ်များရောင်းရရငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်လုပ်မှုအပိုင်းမှာ အသုံးပြုမယ်လို့ သတင်းရရှိပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ သြစတြေးလျနိုင်ငံ Perth မြို့မှာကျင်းပတဲ့ "စစ်အာဏာရှင်ကျဆုံးဖို့ အမေ့ဝတ်စုံနဲ့ တွန်းလှန်စို့ ရန်ပုံငွေပွဲ”မှာ သရုပ်ဆောင်မင်းမော်ကွန်းကပြောကြားခဲ့ပါတယ်။
"ဒီပွဲလေးကတော့ အမေ့ဝတ်စုံ ကံစမ်းမဲလက်မှတ်ရောင်းချပွဲ ဖြစ်ပါတယ်။ဒီ အမေ့ဝတ်စုံကရောင်းရရတဲ့ဝင်ငွေကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်လုပ်မှုအပိုင်းတွေမှာ ငါးဆယ်ရာခိုင်နှုန်းအသုံးပြုမှာဖြစ်ပြီးတော့ ကျန်တဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းကို PDF တွေ မြို့ပြပြောက်ကျားတွေအတွက် အသုံးပြုမှာဖြစ်ပါတယ်။ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကို ကိုယ်လက်အင်္ဂါစွန့်လိုက်ရတဲ့ ရဲဘော်ရဲဘက်တွေအတွက်ကိုအသုံးပြုမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ အမေ့ဝတ်စုံဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းဟုကြည် ၂၀၁၂ ခုနှစ် ကော့မှူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲခရီးစဥ်မှာဝတ်ဆင်ခဲ့တဲ့ ဝတ်စုံလည်းဖြစ်ပါတယ်။
Australia နိုင်ငံ Perth မြို့မှာ"စစ်အာဏာရှင်ကျဆုံးဖို့ အမေ့ဝတ်စုံနဲ့ တွန်းလှန်စို့ ရန်ပုံငွေပွဲ”Dawn Of Revo ရဲ့အမေ့ဝတ်စုံ ကံစမ်းမဲလက်မှတ်များကို နွေဦးတော်လှန်ရေးအောင်မြင်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေကြသော သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း နှင့် ဒါရိုက်တာ သည်ခေတ်နေ တို့ကိုယ်တိုင် ကံစမ်းမဲလက်မှတ်များရောင်းချပေးခဲ့ပါတယ်။
========================
📌📌 ၆။ အင်းစိန်အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၀၀ ဦး နှင့် အမျိုးသမီး ၅၀ ဦးကိုထောင်များပြောင်းရွှေ့
ရန်ကုန်မြို့ အင်းစိန်အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၀၀ ဦး နှင့် အမျိုးသမီး ၅၀ ဦးကိုထောင်များပြောင်းရွှေ့လိုက်တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့ စနေနေ့မနက်မှာ ပြောင်းရွှေ့လိုက်တာလို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကအတည်ပြုဖော်ပြပါတယ်။
"ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဘဏ္ဍာရေးမှုး မယဥ်မြတ်နိုးဦး ထောင်ပြောင်းရွှေခံရပါတယ်။အင်းစိန်အကျဥ်းဦးစီးဌာနမှ စက်တင်ဘာလ ၂၄ရက်နေ့ စနေနေ့ မနက်တွင် မယဥ်မြတ်နိုးဦး အပါအဝင် နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၀၀ဦး နှင့် အမျိုးသမီး ၅၀ ဦး၊ စုစုပေါင်းအယောက် ၂၅၀ ကို သာယာဝတီထောင်သို့ ပြောင်းရွှေ့လိုက်ပါတယ်"လို့ဆိုပါတယ်။ နိုင်ငံရေးအကျဥ်းသားများကို ထောင်ပြောင်းရွှေ့မှုပြုလုပ်ခြင်းမှာ ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး မိသားစုများထံသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘူးလို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ အကြမ်းဖက် စစ်ခေါင်းဆောင် စိုးဝင်းရဲ့ဆရာ အငြိမ်းစား ဗိုလ်ချုပ် အုန်းသွင်နေအိမ်မှာ ပစ်ခတ်ခံရ၍ သေဆုံး
အကြမ်းဖက် စစ်ခေါင်းဆောင် စိုးဝင်းရဲ့ဆရာ အငြိမ်းစား ဗိုလ်ချုပ် အုန်းသွင်နေအိမ်မှာ ပစ်ခတ်ခံရ၍ သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၂၄ ရက်မှာ နေအိမ်မှာ ပစ်ခတ်ခံရတာလို့ Inya Urban Force ကအတည်ပြုပြောပါတယ်။
"မှန်ပါတယ်။သူကစိုးဝင်းဆရာပါ။သူတော့သေပါတယ်"လို့ဆိုပါတယ်။ အငြိမ်းစား ဗိုလ်ချုပ် အုန်းသွင်ဟာအငြိမ်းစား ယူထားသော်ငြားလည်း ပြည်သူလူထုအပေါ် ကြမ်းကြုတ် သောလုပ်ရပ်များ လုပ်ကိုင်ရန် အားပေးအားမြှောက်ပြုလုပ်သူ၊ စစ်အာဏာသိမ်းရန် တိုက်တွန်းအကြံပေးသူဖြစ်တယ်လို့ Inya Urban Force ကဖော်ပြထားပါတယ်။
========================
📌📌 ၈။ တန့်ဆည်မြို့နယ် မှာ အကြမ်းဖက် စစ်တပ်က ရွာများကို စစ်ကြောင်းထိုးဝင်ရောက်၍ ရွာပေါင်း ၂၀ ကျော်မှ လူဦးရေ သောင်းနဲ့ချီစစ်ဘေးရှောင်နေရ
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မှာ အကြမ်းဖက် စစ်တပ်က ရွာများကို စစ်ကြောင်းထိုးဝင်ရောက်၍ ရွာပေါင်း ၂၀ ကျော်မှ လူဦးရေ သောင်းနဲ့ချီစစ်ဘေးရှောင်နေရတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ၂၄ ရက်မှာ တန့်ဆည်မြို့နယ်အခြေအနေကို KPK PDF ကအတည်ပြုဆိုပါတယ်။
"ယခုအခြေအနေတွင် စကစတပ်များဘက်မှအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ဝင်ရောက်နေပြီးရပ်ရွာနေအိမ်မီးရှို့မှုများ၊ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေပါသဖြင့် ရွာပေါင်း ၂၀ ကျော်ခန့် စစ်ဘေးရှောင်နေကြရသည့်အခြေအနေဖြစ်ပါတယ်။ တန့်ဆည်မြို့နယ်အတွင်းစစ်ဘေးရှောင်ပြည်သူပေါင်းသောင်းနဲ့ချီရှိနေပါတယ်"လို့ဆိုပါတယ်။ စစ်ဘေးလွတ်ရာမှပြည်သူများအနေဖြင့် စစ်ရေးအခြေအနေတင်းမာလျက်ရှိနေသောဒေသများမှ စစ်ရှောင်ပြည်သူများကို ကူညီထောက်ပံကြရန်လည်းအသိပေးကြေညာထားပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment