၂၀၂၂ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် AHA Center တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်
📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်ပတ်သက်တဲ့ လေ့လာ သုံးသပ်မှုစာတမ်းကို ရှင်းလင်းတင်ပြ
📌 ၃။ တော်လှန်ရေးကာလ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးအရေးကြီးတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးပြောကြား
📌 ၄။ အများပြည်သူ ဘေးအန္တရာယ်ကင်းစွာ ပညာသင်ကြားနိုင်ရေး ဟာ ဦးစားပေးအလေးထားဆောင်ရွက်ရမယ့် ကိစ္စဖြစ်လို့ ပညာရေးအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ပေးရန် ဒုဝန်ကြီး ဂျာထွယ်ပန်တိုက်တွန်း
📌 ၅။ လူနည်းစုအခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ဖို့ ကြိုးစားကြရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးပြောကြား
📌 ၆။ ရန်ကုန်မြို့သိမ်ဖြူလမ်းမပေါ်ရှိ Ye Min Aung Money Changerကို သေနတ်ပြ၍ သိန်း ၃၀၀ နီးပါးလုယက်သွား
📌 ၇။ ရွှေဘိုမြို့ စီးပွားရေးဘဏ်အရှေ့ကင်း စောင့်နေတဲ့ စကစတပ်များ ပစ်ခတ်တိုက်ခိုက်ခံရ၍ တစ်ဦးသေ၊ သုံးဦးထိခိုက်ဒဏ်ရာရ
📌 ၈။ ထိခိုက်ဒဏ်ရာရတဲ့ စကစတပ်သားတွေကိုလာသယ်တဲ့ Mi17 ရဟတ်ယာဥ်ဒီပဲယင်းဘောလုံးကွင်းထဲမြေပြင်ဆင်းသက်ချိန် ကာကွယ်ရေးတပ်များဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်
📌 ၉။ ပြည်သူ့ရင်ခွင်သို့ လာရောက်ခိုလှုံသော CDM တပ်သားတစ်ဦးကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ ဆုငွေသိန်း ၄၀ ပေးအပ်ချီးမြှင့်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် AHA Center တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် AHA Center တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာ ၁၂ ရက် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတ ရုံးကထုတ်ပြန်ကြေညာချက်အရသတင်းရရှိပါတယ်။
ထုတ်ပြန်ကြေညာချက်အရ Five-Point Consensus (5PC) အကောင်အထည်ဖော်မှုတွင် တိုးတက်မှုမရှိခြင်းဟာ အခြားရွေးချယ်စရာများကို စူးစမ်းလေ့လာရန် လိုအပ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရက သဘောတူကာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသဘာပတိ၏ အထူးသံတမန်တို့နှင့် လက်တွဲဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပြီလို့လည်းဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရှိ လူမှုအသိုက်အဝန်းအားလုံးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက်လည်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် AHA Center တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်အမျိုးသားညီညွတ်ရေးအစိုးရက အသင့်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်ပတ်သက်တဲ့ လေ့လာ သုံးသပ်မှုစာတမ်းကို ရှင်းလင်းတင်ပြ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်ပတ်သက်တဲ့ လေ့လာ သုံးသပ်မှုစာတမ်းကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့၊ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် လေ့လာသုံးသပ်မှုစာတမ်း ရှင်းလင်းတင်ပြခဲ့တယ်လို့သတင်းရရှိပါတယ်။ အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က ဦးစွာအဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ပြီးနောက် လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒများနှင့်အစီအစဥ်များ အားလုံးသည် လူ့အခွင့်အရေးစံချိန်စံညွှန်းများကို ထည့်သွင်းစဥ်းစားပြီး ကိုက်ညီစေခြင်း” ဟူသည့် လုပ်ငန်းကို ဝန်ကြီးဌာန စတင်ဖွဲ့စည်းကတည်းက ဆောင်ရွက်လျက်ရှိသည်နှင့်အညီ လူ့အခွင့်အရေးနှင့် ကိုက်ညီမှုမရှိသော တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ခြင်းသည်လည်း ဝန်ကြီးဌာန၏ လုပ်ငန်းစဥ် တစ်ရပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုကဲ့သို့ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့် ပတ်သက်သည့် အတိတ်နှင့်အနာဂတ်ခြုံငုံလေ့လာသုံးသပ်မှုအား ကနဦး ပြုလုပ်ခဲ့ပါကြောင်း၊ ၎င်းနောက် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့် လက်ရှိအခြေအနေတို့အား နိုင်ငံတကာစံများနှင့် နှိုင်းယှဥ်ချက်၊ နိုင်ငံသားဖြစ်ခွင့်နည်းလမ်းများ၊ နိုင်ငံသားဖြစ်မှုနှင့်တရားဥပဒေစိုးမိုးမှု၊ အနာဂတ်မြန်မာနိုင်ငံရှိ ဖက်ဒရယ်နိုင်ငံသားဖြစ်ခွင့်ဥပဒေကြမ်းအသစ်အတွက် အခြေခံသဘောတရားများနှင့် ရှေ့ဆက်သွားမည့်လမ်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ပါတယ်။
တက်ရောက်လာတဲ့ အဖွဲ့ဝင်များကလည်း အကြံပြုချက်များ မျှဝေ၍ ရှေ့ဆက်ပူးပေါင်း လုပ်ဆောင်နိုင်မည့် ကဏ္ဍများအား ဆွေးနွေးမေးမြန်းခဲ့ပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ အမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ တော်လှန်ရေးကာလ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးအရေးကြီးတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးပြောကြား
တော်လှန်ရေးကာလ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးအရေးကြီးတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ခူးထဲဘူးကဆိုပါတယ်။ နိုဝင်ဘာလ ၁၂ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံပွဲမှာ ဒုဝန်ကြီး ခူးထဲဘူးမှထည့်သွင်းပြောပါတယ်။
"ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေနဲ့ မြေပြင်အခြေအနေများကို အပြန်အလှန်ဆွေးနွေးပေးသည်ကို ကျေးဇူးတင်ရှိကြောင်း၊ ဌာနဆိုင်ရာအသီးသီးမှလည်း လိုအပ်သည့်လုပ်ငန်းများကို ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တော်လှန်ရေးကာလ၌ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးသည်အရေးကြီးကြောင်း"ဒုဝန်ကြီးကဆိုပါတယ်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသာ မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် မူဝါဒပိုင်းဆိုင်ရာသိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ဒုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ အများပြည်သူ ဘေးအန္တရာယ်ကင်းစွာ ပညာသင်ကြားနိုင်ရေး ဟာ ဦးစားပေးအလေးထားဆောင်ရွက်ရမယ့် ကိစ္စဖြစ်လို့ ပညာရေးအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ပေးရန် ဒုဝန်ကြီး ဂျာထွယ်ပန်တိုက်တွန်း
အများပြည်သူ ဘေးအန္တရာယ်ကင်းစွာ ပညာသင်ကြားနိုင်ရေး ဟာ ဦးစားပေးအလေးထားဆောင်ရွက်ရမယ့် ကိစ္စဖြစ်လို့ ပညာရေးအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ပေးရန် ဒုဝန်ကြီး ဂျာထွယ်ပန်တိုက်တွန်းပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပညာရေးနဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဂျာထွယ်ပန်ကအသိပေးဆိုခဲ့ပါတယ်။
"တော်လှန်ရေးကာလအတွင်း ပြည်သူ့တော်လှန်ပညာရေးအားကောင်းစေဖို့၊ ပြည်သူ့ပညာရေးကျောင်းတွေအားကောင်းစေဖို့ ၊ မိဘပြည်သူ ကျောင်းသား၊ ကျောင်းသူများ ယုံကြည်စိတ်ချစွာနဲ့ ပညာသင်ကြားနိုင်ဖို့အတွက်ပညာရေးဝန်ကြီးဌာန အနေနဲ့ အထူးအလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို လုပ်ဆောင်တဲ့အခါ မှာ ကျောင်းတွေ၊ ပညာရေးအဖွဲ့အစည်းတွေကလည်း အတူလက်တွဲဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့မူဝါဒအောက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အများပြည်သူ စိတ်ချ အန္တရာယ်ကင်းစွာ ပညာသင်ကြားနိုင်ရေး ဟာ ဦးစားပေးအလေးထားဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း ဗဟိုချုပ်ကိုင် အမိန့်ပေးလုပ်ဆောင်တာမျိုးမရှိအောင် အထူးသတိထားပြီး လုပ်ငန်းလုပ်ဆောင်ရာမှာအားလုံးနဲ့ အလျားလိုက် ချိတ်ဆက် ညှိနှိုင်းပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒုဝန်ကြီးကထပ်လောင်းပြောပါတယ်။
========================
📌📌 ၅။ လူနည်းစုအခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ဖို့ ကြိုးစားကြရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးပြောကြား
လူနည်းစုအခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ဖို့ ကြိုးစားကြရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးခွန်းဗဟန်းထန်ကပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ကျင်းပတဲ့ “Humanitarian Fundraising For Communities of Burma” ရန်ပုံငွေပွဲမှာ ဒုဝန်ကြီးကဆိုပါတယ်။
"စစ်အာဏာရှင်စနစ်အား ၂၁ လကျော်ကြာ ကြံ့ကြံ့ခံ တော်လှန်နေသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူလူထုအနေဖြင့် ၎င်းတို့၏ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် လွတ်လပ်ခွင့်တို့နှင့် ပတ်သက်၍ မည်မျှ အလေးအနက်ထားသည်ကို တွေ့နိုင်ကြောင်း၊ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ အားလုံး ပူးပေါင်းပါဝင်နိုင်မှု၊ လူနည်းစုအခွင့်အရေးကို အကာအကွယ်ပေးနိုင်မှုတို့ ပါဝင်သည့် နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း"ဒုဝန်ကြီးကဆိုခဲ့ပါတယ်။
အဆိုပါရန်ပုံငွေပွဲသို့ Labour Party ၊ Victoria Government Treasure မှ လွှတ်တော်အမတ် Hon. Tim Pallas ၊ LaLor Party ၊ Chief Government Whip ဖြစ်သူ လွှတ်တော်အမတ် Joanne Ryan ၊ Wyndham Community and Education Centre ၏ CEO ဖြစ်သူ Dr. Jennie Barrera နှင့် Karen and Chin Community မှ ဦးဆောင်သူများ လည်း တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ ရန်ကုန်မြို့သိမ်ဖြူလမ်းမပေါ်ရှိ Ye Min Aung Money Changerကို သေနတ်ပြ၍ သိန်း ၃၀၀ နီးပါးလုယက်သွား
ရန်ကုန်မြို့သိမ်ဖြူလမ်းမပေါ်ရှိ Ye Min Aung Money Changerကို သေနတ်ပြ၍ သိန်း ၃၀၀ နီးပါးလုယက်သွားတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၄နာရီ၁၅မိနစ်အချိန်က ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းမပေါ်ရှိ Ye Min Aung Money Changer ကို လူ ၂ ယောက် က ပစ္စတို ၂ လက်နှင့်ဝင်ရောက်လုယက်သွားတာလို့ စုံစမ်းသိရပါတယ်။ အဆိုပါလုယက်သူများဟာ Caldina အဖြူ ဖြင့်လာရောက်ကာ ကာထားသည့် မှန်တံခါးများကိုရိုက်ခွဲပြီး၊ မြန်မာငွေသိန်း၃၀၀နီးပါးနှင့် အိုင်ဖုန်းတစ်လုံးကိုယူဆောင်သွားခဲ့ပါတယ်။
လုယက်သူနှစ်ဦးအပြန်တွင် ပစ္စတိုသေနတ်တစ်လက်ကျန်ခဲ့ပြီးဆိုင်ရှိအမျိူးသားဝန်ထမ်းတစ်ဦးနှင့် အမျိူးသမီးဝန်ထမ်းတစ်ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့လယ်ခေါင်တွင် လုယက်မှုနဲ့လူသတ်မှုများ ပေါများလာခဲ့တာ လပေါင်းများစွာကြာမြင့်ပြီဖြစ်ပါတယ်။
========================
📌📌 ၇။ ရွှေဘိုမြို့ စီးပွားရေးဘဏ်အရှေ့ကင်း စောင့်နေတဲ့ စကစတပ်များ ပစ်ခတ်တိုက်ခိုက်ခံရ၍ တစ်ဦးသေ၊ သုံးဦးထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း ရွှေဘိုမြို့ စီးပွားရေးဘဏ်အရှေ့ကင်း စောင့်နေတဲ့ စကစတပ်များ ပစ်ခတ်တိုက်ခိုက်ခံရ၍ တစ်ဦးသေ၊ သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက် မနက် ၁၁ နာရီ ၃၀ မိနစ်ခန့် အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတောင်ဘက် မြဝတီဘဏ်အနီးရှိ စီးပွားရေးဘဏ်အရှေ့ကင်းစောင့်တဲ့စကစတပ်များကိူတိုက်ခိုက်ခဲ့တယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။
"နိုဝင်ဘာ ၁၂ နေ့လည် ၁၁နာရီ ၃၀ မိနစ်ခန့် အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတောင်ဘက် မြဝတီဘဏ်အနီးရှိ စီးပွားရေးဘဏ်အရှေ့တွင် စောင့်သော စကစတပ်များအား ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။စီးပွားရေးဘဏ်အရှေ့ ဘန်ကာနှစ်ခုရှိသည့်အနက် တောင်ဘက်ဘန်ကာတွင်ရှိသော စကစတပ်ဖွဲ့ဝင်တစ်ဦးကို အနီးကပ်ပစ်ခတ်ရာသေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်မြောက်ဘက် ဘန်ကာမှ သေနတ်မောင်းတင်ကာထွက်လာသော စကစတပ်များ ရှိသည့်နေရာကိုလည်း ဗုံးတစ်လုံးပစ်သွင်းရာ ထိခိုက်ဒဏ်ရာရသူ ၃ ဦးထက်မနည်း ရှိနိုင်တယ်လို့သတင်းရရှိပါတယ်။ အဆိုပါ မစ်ရှင်အား သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) TBK တောဆင်ရိုင်ပြောက်ကျားတပ်ဖွဲ့နှင့် M.T Black Dragon People Defence Force တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များလည်း အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ ထိခိုက်ဒဏ်ရာရတဲ့ စကစတပ်သားတွေကိုလာသယ်တဲ့ Mi17 ရဟတ်ယာဥ်ဒီပဲယင်းဘောလုံးကွင်းထဲမြေပြင်ဆင်းသက်ချိန် ကာကွယ်ရေးတပ်များဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ထိခိုက်ဒဏ်ရာရတဲ့ စကစတပ်သားတွေကိုလာသယ်တဲ့ Mi17 ရဟတ်ယာဥ်ဒီပဲယင်းဘောလုံးကွင်းထဲမြေပြင်ဆင်းသက်ချိန် ကာကွယ်ရေးတပ်များဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်မှာ စစ်ရေးသတင်းကို FREEDOM REVOLUTION FORCE(FRF) ကအတည်ပြုဆိုပါတယ်။
"ဒီပဲယင်းဘောလုံးကွင်းထဲသို့ စကစတပ်သားလာသယ်သောရဟတ်ယာဥ်တစ်စီး(Mi17)ကို FREEDOM REVOLUTION FORCE(FRF)၊ရေကျော်ဖိုက်တာ၊Young Viper Squad(မြွေပွေး) တို့ကလက်လုပ်အဝေးပစ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ လက်လုပ်လက်နက်ကြီးများ ဘောလုံးကွင်းထဲသို့တိတိကျကျ ကျရောက်ခဲ့သည့်အတွက်ရဟတ်ယာဥ် ပျံသန်းထွက်ပြေးတိမ်းရှောင်သွားတယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ ပြည်သူ့ရင်ခွင်သို့ လာရောက်ခိုလှုံသော CDM တပ်သားတစ်ဦးကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ ဆုငွေသိန်း ၄၀ ပေးအပ်ချီးမြှင့်
ပြည်သူ့ရင်ခွင်သို့ လာရောက်ခိုလှုံသော CDM တပ်သားတစ်ဦးကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ ဆုငွေသိန်း ၄၀ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်မှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှအသိပေးဆိုပါတယ်။
"တပ်မ (၅၅) လက်အောက်ခံ ခမရ ၅၁၁မှတပ်သား တင်၀င်းဟာနိုဝင်ဘာ၉ ရက်နေ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၁၀၀၁ တပ်ရင်း၊ တပ်ခွဲ(၂) သိန်းငှက်တပ်ခွဲသို့ချိတ်ဆက်ပြီး လက်နက်ခဲယမ်းအပြည့်အစုံဖြင့်အတူ ပြည်သူ့ရင်ခွင်သို့လာရောက်ခိုလှုံခဲ့ပါတယ်"လို့ဆိုပါတယ်။ ပြည်သူ့ရင်ခွင်သို့ လာရောက်ခိုလှုံသော CDM တပ်သား တင်၀င်းအတွက် ဆုငွေ (၂၀) သိန်းကျပ်တိတိနှင့် ပြည်သူ့သားကောင်းအဖွဲ့မှလည်း ဆုငွေ (၂၀) သိန်းကျပ်တိတိကို ပေးအပ်ချီးမြင့်ခဲ့တယ်လို့ဖော်ပြပါတယ်။
ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသော တပ်သား တင်၀င်းမှလည်း “ကျွန်တော် စစ်တပ်ထဲ၀င်လာတာ (၂) နှစ်ခွဲလောက်ရှိပြီး ဖယ်ခုံအခြေစိုက် ခမရ (၃၃၆) သို့ ရောက်ရှိလာတာ (၉) လကျော်ရှိဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံးလုံး ဗဟိုကင်းမှာပဲတာ၀န်ကျပါတယ်။ အထက်ကဗိုလ်တွေရဲ့လုပ်ဆောင်ချက်တွေ၊ စနစ်ဆိုးတွေကို မကြိုက်နှစ်သက်ခဲ့ပါဘူး" လို့ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment