၂၀၂၂ နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်တပ်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် လန်ဒန်မြို့မှာ တောင်းဆိုခဲ့ကြတဲ့သတင်း
📌 ၂။ တိုင်းပြည်ကြီးလွတ်လပ်သွားမယ့်အချိန်မှာ အမျိုးသမီးနှင့်ကလေးသူငယ်တွေရဲ့ကဏ္ဍက အင်မတန်မှအရေးပါလာမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးသတိပေးလိုက်တဲ့သတင်း
📌 ၃။ ပြည်သူ ၄၀ နီးပါးကို ဖမ်းဆီးထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်များကငွေညှစ်နေတဲ့သတင်း
📌 ၄။ အကြမ်းဖက်အုပ်စုခေါင်းဆောင်ကြီး ရောက်နေခိုက် တိုက်လေယာဥ်များ ဆက်တိုက်ပျံသန်းခြိမ်းခြောက်နေတဲ့သတင်း
📌 ၅။ ယာယီအပစ်ရပ်ထားပေမယ့် အချိန်မရွေးတိုက်ပွဲများ ပြန်ဖြစ်နိုင်ကြောင်း ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုတဲ့သတင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်တပ်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် လန်ဒန်မြို့မှာ တောင်းဆိုခဲ့ကြတဲ့သတင်း
နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ယူကေနိူင်ငံ လန်ဒန်မြို့၌ တော်လှန်ရေး ရံပုံငွေရှာဖွေရေး Winter Gala dinner ကျင်းပရာ တက်ရောက်လာကြသူများက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအား အကြမ်းဖက်မှုများ ရပ်တန့်ရေး white ribbon campaign တွင်ပါဝင်၍ မြန်မာနိူင်ငံတွင် အကြမ်းဖက်စစ်တပ်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြပါတယ်။ အဆိုပါ ရံပုံငွေရှာဖွေရေးပွဲကို NUG representatives များဖြစ်သော ဦးမောင်မောင်အောင် နှင့် ဒေါက်တာသက်ကိုကိုတို့ တက်ရောက် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ အဆိုပါ အအခမ်းအနားကို ယူကေပါလီမန်မှ Minister for technology and digital economy Mr. Paul Scully လည်းတက်ရောက်ခဲ့ပြီး မြန်မာ့အရေးအတွက် တတ်အားသမျှ ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံတဝန်းမှာရှိတဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ယခုကဲ့သို့ အမျိုးသမီးနှင့်မိန်းကလေးငယ်များ အကြမ်းဖက်မှုများရပ်တန့်ရေး ၁၆ ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုကို ပါဝင်ဦးဆောင်လျက်ရှိပါတယ်။ လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့ အင်္ဂါနေ့ )မြန်မာစံတော်ချိန် ည ၅ နာရီတွင်လည်း လှုပ်ရှားမှုနဲ့ပက်သက်တဲ့စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပဖို့ရှိနေပြီး အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာ လှလှစိုး လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့က တက်ရောက် ဆွေးနွေးကြမှာဖြစ်ပါတယ်။ ယခုနှစ်ကျရောက်တဲ့ အမျိုးသမီးနှင့်မိန်းကလေးငယ်များအကြမ်းဖက်မှု ရပ်တန့်ရေးလှုပ်ရှားမှု ဆောင်ပုဒ်ကတော့ " အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ အားလုံးစုစည်းလုပ်ဆောင်စို့ " ဟူ၍ ဖြစ်ပါတယ်ခင်ဗျာ။
========================
📌📌 ၂။ တိုင်းပြည်ကြီးလွတ်လပ်သွားမယ့်အချိန်မှာ အမျိုးသမီးနှင့်ကလေးသူငယ်တွေရဲ့ကဏ္ဍက အင်မတန်မှအရေးပါလာမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးသတိပေးလိုက်တဲ့သတင်း
အမျိုးသမီးနှင့်မိန်းကလေးငယ်များ အကြမ်းဖက်ခံရမှု ပပျောက်ရေးအတွက် ၁၆ ရက်တာ ဖဲကြိုးဖြူကမ်ပိန်းလှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကမ္ဘာတဝန်းက ကျင်းပနေကြပါတယ်။ ဒီလှုပ်ရှားမှုမှာ အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေးအင်အားစု အဖွဲ့အစည်းအားလုံးကလည်း လက်တွဲပါဝင်နေကြတာတွေ့ရပါတယ်။
ဒီလိုလှုပ်ရှားမှုမှာ ပြည်သူတွေအားလုံး ကိုယ်တတ်နိုင်တဲ့ဘက်မှ ပူးပေါင်းပါဝင်ကြဖို့ ဝန်ကြီးဌာနအသီးသီးက စည်းရုံးလှုံ့ဆော်နေကြပီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှလည်း လှုပ်ရှားမှုကမ်ပိန်းအတွက် သတင်းစကားပါးလိုက်ပါတယ်။ ထိုသို့သတင်းစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းပြည်ကြီးလွတ်လပ်သွားမယ့်အချိန်မှာ အမျိုးသမီးနှင့်ကလေးသူငယ်တွေရဲ့ကဏ္ဍက အင်မတန်မှအရေးပါလာမှာ ဖြစ်ကြောင်း အခုလို ပြောဆိုပါတယ်။
(((((((((ဦးစိုးသူရထွန်း-ပြည်ထောင်စုဝန်ကြီး )))))))
၁၆ ရက်တာဖဲကြိုးဖြူလှုပ်ရှားမှုဟာ ကမ္ဘာတဝန်းက အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများ ပပျောက်ကင်းစင်ရေး ရည်ရွယ်ချက်ထားတာဖြစ်ပြီး မြန်မာပြည်မှာတော့ စစ်အာဏာသိမ်းခံရပီးနောက် စစ်အုပ်စုရဲ့ အမျိုးသမီးများအပေါ် မုဒိမ်းမှုအပါအဝင် အကြမ်းဖက်စော်ကားမှုများ သတ်ဖြတ်မှုများကို အဓိကထား တားဆီးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားနေကြတာ ဖြစ်ပါတယ်ခင်ဗျာ။
========================
📌📌 ၃။ ပြည်သူ ၄၀ နီးပါးကို ဖမ်းဆီးထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်များကငွေညှစ်နေတဲ့သတင်း
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့မှာ ဒေသခံ ပြည်သူ လေးဆယ် နီးပါးကို စစ်တပ်က ဖမ်းဆီးထားပြီး တစ်ယောက်ကို ကျပ်သိန်းတစ်ရာအထိ ငွေညှစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီ ပြည်သူ ၄၀ ထဲမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပြီး တစ်ယောက်ကို မြန်မာငွေကျပ် သိန်း ၅၀၊ သိန်း ၁၀၀ စသဖြင့် အမျိုးမျိုးဈေးခေါ်ကာ လာရောက်ထုတ်ယူခိုင်းနေတယ်လို့ ဆိုပါတယ်။ " အခုတော့ ပိုက်ဆံပေးပြီးလွတ်လာတာ သုံး/လေးယောက်လောက်တော့ရှိပြီ။ အခု ညနေထိလည်းလိုက်ဖမ်းနေတုန်းဗျ " လို့ ဒေသခံတစ်ဦးက နိုဝင်ဘာ ၂၇ ရက်ညနေပိုင်းက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကတည်းက ပုလောမြို့နယ် ကဒဲရွာကို အင်အား ၈၀ ခန့်နဲ့ စစ်ကြောင်းထိုး လာတာ ဖြစ်ပြီးဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ချိန်မှာ ပြန်ဆုတ်ပြေးကာ ပလမြို့ထဲ အင်အားသုံး တပ်စွဲနေထိုင်နေတာပါ။ အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်တွေဟာပလမြို့ ရဲစခန်းမှာ နဂိုရှိပြီးသားဖြစ်တဲ့ အင်အား ၅၀ ခန့်နဲ့ ပူးပေါင်းပြီး ဒေသခံတွေကို အခုလိုပဲ နည်းမျိုးစုံးတဲ့ ဖမ်းဆီးငွေညှစ်နေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ပလမြို့နဲ့ ကဒဲရွာက မိသားစု ၅၀၀ ကျော်ဟာ စစ်ကောင်စီတပ်များရဲ့ ရန်ကို ကြောက်လို့ နီးစပ်ရာတောတောင်တွေထဲ ဒီကနေ့ထိ ရှောင်ပြေးနေရပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ၅ ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ
========================
📌📌 ၄။ အကြမ်းဖက်အုပ်စုခေါင်းဆောင်ကြီး ရောက်နေခိုက် တိုက်လေယာဥ်များ ဆက်တိုက်ပျံသန်းခြိမ်းခြောက်နေတဲ့သတင်း
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၂၈ ရက် နေ့ တွင် မကွေးမြို့သို့ ရောက်ရှိနေပြီး ထိုကဲ့သို့ မကွေးသို့ ရောက်ရှိနေချိန်မှာတော့ တံတားဦး လေတပ်နှင့် မှော်ဘီလေတပ်စခန်းများတွင် Yak-130 တိုက် လေယာဉ် များ တောက်လျှောက်ဆိုသလို ပျံတက်နေကြောင်း သိရှိရပါတယ်။
စစ်အုပ်စုရဲ့ အဓိက အားထားရာ ပြည်သူများအပေါ် ဗုံးကြဲတိုက်လေယာဥ်များ အခုလို ပျံတက်နေတာကြောင့် တိုင်းရင်းသားဒေသများမှာ ဗုံးကြဲခံရမှု သတိပြုရန်လိုကြောင်း လေတပ်သတင်းရင်းမြစ်က သတိပေးပြောဆိုထားပါတယ်။ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့တွင် မကွေးတိုင်း၊ မင်းဘူးနှင့်စကုမြို့ များသို့ သွားရောက်ပြီးနောက် နိုဝင်ဘာလ ၂၈ ရက်တွင် မကွေးမြို့အဝင် မုခ်ဦးဖွင့်ပွဲ၊ မြို့တော် ခန်းမတွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ ပြုလုပ်နေကြောင်း သိရပါတယ်။
"မကွေးမြို့ထွက် လေဆိပ်လမ်းခွဲအနီး နတ်မောက်လမ်း မကွေးမြို့အဝင် မုတ် ဦး ဖွင့် ပွဲကို မအလလာတယ်။ မြို့ မျက် နှာဖုံးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြို့ တော်ခန်းမမှာ တွေ့ဆုံတယ်။ ပြီးတော့ ကောင်းမွန် ဦးစိန်ဌေး လုပ်ငန်း နေရာ နဲ့ အမေထွားပဲဆီနှမ်းဆီ ဦးဌေးအောင် လုပ်ငန်းနေရာတွေကို သွား ကြည့် မယ်။ လုပ်ငန်းရှင်တွေလည်း မအလ ကို မတွေ့ချင်ကြဘူး။
အတင်း အကျပ်ဆိုတော့ လည်း ငြင်းမရဘူး" လို့ မကွေးမြို့မှ ဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောဆိုပါတယ်။ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် အခုလို မကွေးမြို့တွင် ၏ရောက်ရှိနေချိန်မှာတော့ တံတားဦး လေ တပ် နှင့် မှော်ဘီလေတပ်အတွင်းတွင် တိုက်လေယာဉ်များ တောက် လျှောက် ဆိုသလို ပျံတက်နေတာ ဖြစ်ပါတယ်။
"မနက် ၁၁ နာရီလောက်ကတည်းက တံတားဦးမှာ တိုက်လေယာဉ်တွေ တောက် လျှောက်တက်တယ်။ တစ်စီးက မြို့ကိုပတ်တယ်။ နောက်ထပ် ၂ စီးက တော့ အရှေ့မြောက်ဘက်ကို ဦးတည်သွားတယ်။ နောက်ပြီး လေတပ်ထဲ ကိုလည်း ကား ၃ စီးနဲ့ ကြည်းတပ်တွေ လာချထားတယ်။ မှော်ဘီကလည်း စစ်ဆင်ရေး တက်နေတယ်။ ကရင် ကချင်နဲ့ ချင်းဘက်တွေ သတိထားရမယ် ထင်ပါတယ်" လို့ လေတပ်သတင်းရင်းမြစ်က သတိပေးထားတာ ဖြစ်ပါတယ်ခင်ဗျာ။
========================
📌📌 ၅။ ယာယီအပစ်ရပ်ထားပေမယ့် အချိန်မရွေးတိုက်ပွဲများ ပြန်ဖြစ်နိုင်ကြောင်း ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုတဲ့သတင်း
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ကြား အပစ်ရပ်ထားတာဖြစ်ပြီး ဒါဟာ ယာယီအပစ်ရပ်သဘောတူညီမှုသာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ကဆိုပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁ဝ နာရီတွင်ပြုလုပ်တဲ့ ULA/AA ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်ဆောင်ရွက်မှုကြောင့် အပစ်ရပ်စဲခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားလာပါက အချိန်မရွေးပြန်ပြီး တိုက်ပွဲဖြစ်နိုင်ကြောင်းကိုလည်း ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောကြားလိုက်တာပါ။
“ကျွန်တော်တို့က စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးထားတာလည်းမဟုတ် ကျွန်တော်တို့တွေ နှစ်ဘက်အလွတ်သဘော သဘောတူထားတာဖြစ်လို့ တစ်ဖက်ဖက်က တစ်ခုခုလုပ်လာလို့ရှိရင် အချိန်မရွေးပြန်ပြီး တိုက်ပွဲဖြစ်နိုင်ပါတယ်။ ဖြစ်၊ မဖြစ်ကတော့ ရှေ့မှာဖြစ်ပေါ်လာတဲ့အခြေအနေတွေအပေါ်မှာ အများကြီးမူတည်ပါလိမ့်မယ်” ဟု ဦးခိုင်သုခက ပြောပါတယ်။
ရခိုင်နှင့် ပလက်ဝတို့တွင် အစားအစာ ဆေးဝါးများကို တစ်နေရာမှာ တစ်နေရာသို့ သယ်ယူခွင့်မရရန် ကုန်းလမ်း ရေလမ်းပိတ်ထားခြင်း၊ စားနပ်ရိက္ခာအခက်အခဲရှိပြီး ဆေးရုံများတွင်လည်း ဆေးဝါးအခက်အခဲရှိနေခြင်းနှင့် စပါး ရိတ်သိမ်းနိုင်ရန် စသည့်အကျပ်အတည်းကိုဖြေရှင်းရန် လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ရပ်သဘောတူညီမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဂျပန်က နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကျွန်တော်တို့ ဒီကိစ္စဖြစ်ပေါ်လာတယ်လို့ ပြောလိုရပါတယ်။ နိုင်ငံကြီးတစ်နိုင်ငံရဲ့ဖိအားကြောင့် ရပ်စဲတာဆိုတာမဟုတ်ပါဘူး။ ဘယ်နိုင်ငံရဲ့ဖိအားကြောင့်မှ အခုလိုအပစ်ရပ်ခြင်းမျိုးမဟုတ်ပါဘူး။ ဒီကိစ္စကို ပြည်သူလူထုတွေရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို သက်သာခွင့်ရစေဖိုအတွက်၊ ပြည်သူကို ရှေးရှုပြီးတော့ ဒီကိစ္စကို ဆောင်ရွက်တာဖြစ်ပါကြောင်း “အခုလို အပစ်ရပ်ခြင်းကြောင့် တပ်တွေကိုယ်ရောက်တဲ့နေရာမှာ ကိုယ်နေပြီးတော့ ပစ်တာခတ်တာကို ရပ်စဲထားတာဖြစ်တယ်။
ကျန်တာကတော့ အရင်အတိုင်းပဲရှိမယ်ဖြစ်ကြောင်းဦးခိုင်သုခကထပ်လောင်းပြောဆိုပါတယ်။ စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)နှင့် တကြော့ပြန်တိုက်ပွဲ နှစ်လတာကာလအတွင်း ဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူ ၃၂၄ ကျော်ကိုဖမ်းဆီးခဲ့ပြီး ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
၂၃၉ ဦးကတော့ ခုချိန်ထိ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်တယ်လို့သိရပါတယ်။ ဂျပန်လူမျိုး မစ္စတာဆာဆာကာဝါဟာ စစ်တပ်နှင့် AA တို့ အပစ်ရပ်စဲရန် ၂ဝ၂ဝ ပြည့်နှစ်နှင့် ၂ဝ၂၁ ခုနှစ်တို့တွင်လည်း ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့တာကြောင့် အပစ်ရပ်စဲနိုင်ခဲ့ကြပေမယ့်
နောက်ပိုင်းမှာတော့ အကြမ်းဖက်စစ်တပ်နှင့် AA ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။
No comments:
Post a Comment