၂၀၂၂ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးရဲ့ အမြင့်ဆုံးအခြေအနေကိုရောက်ရှိနေပြီး ဇွဲ၊လုံ့လ၊ ခံယူချက်တို့နဲ့ စစ်ကောင်စီကို ကျော်လွှားအနိုင်ယူလိမ့်မယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
📌 ၃။ အကြမ်းဖက်စစ်ကောင်စီဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နဲစစ်ရာဇ ဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေသော်လည်း အပြစ်ပေးအရေးယူ ခံရခြင်းမ ရှိဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေတယ်လို့ NUCC ထုတ်ပြန်
📌 ၄။ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်စေရေးအတွက် NUG နိုင်ငံတကာကိုယ်စားလှယ်ရုံးများတည်ရှိရာ နိုင်ငံများမှာလှုပ်ရှားမှုများလုပ်ဆောင်
📌 ၅။ Force 36 Ranger တပ်ဖွဲ့နှင့်ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု အောင်မြင်စွာပြီးမြောက်
📌 ၆။ မုဒိန်းမှုများကိုအကြိမ်ကြိမ်ကျူးလွန်ခဲ့ပြီး လုယက်သတ်ဖြတ်သူနှစ်ဦးကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှဖမ်းဆီးရမိထား
📌 ၇။ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များလက်နက်ကြီး၊လက်နက်ငယ်များနဲ့ ဝိုင်းဝန်းတိုက်ခိုက်
📌 ၈။ EU-ASEAN SUMMIT 2022 မှာ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု ဖိတ်ကြားဖို့ဆိုရှယ်မီဒီယာ ကမ်ပိန်းမှာ ပါဝင်ဖို့တိုက်တွန်းနှိုးဆော်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးရဲ့ အမြင့်ဆုံးအခြေအနေကိုရောက်ရှိနေပြီး ဇွဲ၊လုံ့လ၊ ခံယူချက်တို့နဲ့ စစ်ကောင်စီကို ကျော်လွှားအနိုင်ယူလိမ့်မယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်
နွေဦးတော်လှန်ရေးရဲ့ အမြင့်ဆုံးအခြေအနေကိုရောက်ရှိနေပြီး ဇွဲ၊လုံ့လ၊ ခံယူချက်တို့နဲ့ စစ်ကောင်စီကို ကျော်လွှားအနိုင်ယူလိမ့်မယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂၇ ရက်“ တူမီးမြေမှ အာဝုမောင်းထုတ်ပွဲ"သိန်း ၃၀၀၀ အွန်လိုင်း ကံစမ်းမဲလက်မှတ် အစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
"ကျနော်တို့ရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် တော်လှန်ရေးရဲ့ အထွဋ်အထိပ်ကိုရောက်နေပြီလို့ပြောလို့ရပါတယ်။အမြင့်ဆုံးအနေအထားတစ်ခုကိုရောက်နေတဲ့သဘောရှိပါတယ်။ခုခံစစ်ကနေ ထိုးစစ်အထိ ပြင်ဆင်လာတယ်။တစ်ဖက်ကလည်း ကျနော်တို့တွေကို ခြေမှုန်းဖို့အတွက် ပြင်ဆင်ပြီး ခြေမှုန်းနေတဲ့အချိန်ပါ။ဒါကို ဇွဲ ၊ခံယူချက်၊ပါဝင်မှုနဲ့ကျော်လွှားရပါမယ်။ကျော်လွှားနိုင်မယ်လို့ အကြွင်းမဲ့ယုံကြည်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ကျော်ကာလအတွင်းမှာ စကစတပ်ဖွဲ့ဝင် နှစ်သောင်းကျော် သေဆုံးခဲ့ပြီးတော့ လက်ရှိမှာ စစ်ရေးအရှိန်ကို မြှင့်တင်တိုက်ပွဲဝင်လျက်ရှိပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ နိုဝင်ဘာလ ၂၇ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၆/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမင်းဇေယျာဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးအထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။
ထို့နောက်အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ပြီးနောက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ နိဂုံးချုပ်စကား ပြောကြားခဲ့ပါတယ်။
အစည်းအဝေးကို အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နဲစစ်ရာဇ ဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေသော်လည်း အပြစ်ပေးအရေးယူ ခံရခြင်းမ ရှိဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေတယ်လို့ NUCC ထုတ်ပြန်
အကြမ်းဖက်စစ်ကောင်စီဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နဲစစ်ရာဇ ဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေသော်လည်း အပြစ်ပေးအရေးယူ ခံရခြင်းမ ရှိဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေတယ်လို့NUCCထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) ကတရားဝင်အသိပေးဖော်ပြခဲ့ပါတယ်။
အမျိုးသမီးတွေဟာ နွေဦးတော်လှန်ရေးတစ်လျောက်တွင် ပါဝင်လာခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း တော်လှန်ရေးမှာလည်း ရွပ်ရွပ်ချွံချွံ အလွှာ အသီးသီးမှ ပါဝင်တိုက်ပွဲဝင်ခဲ့ကြောင်း ၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးသည့်နောက်ပိုင်းမှာ လက်လှမ်းမှီတဲ့ မှတ်တမ်းအရ သတ်ဖြတ်ခံရတဲ့ ၂၃၂၇ ဦး ကျော်အနက် အမျိုးသမီး ၃၀၈ ဦး အသတ်ခံရကာ မတရားဖမ်းဆီးခံရတဲ့ ၁၆၄၃၂ ဦးအနက် အမျိုးသမီး ၃၄၃၄ ဦး မတရားဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ဖော်ပြပါတယ်။
အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး မီးရှို့ သတ်ဖြတ် လက်စဖျောက်တဲ့ အမှုတွေက ၄၀ မှုအထက်ရှိပြီး၊ အုပ်စုလိုက်မုဒိန်း ကျင့်တာတွေ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အပြစ်မဲ့ပြည် သူတွေအပေါ် စစ်လက်နက်တစ်ခုအဖြစ် ဆက်လက်ကျင့်သုံးကာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လျက် ရှိတယ်လို့NUCCကဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်မှုတွေ စစ်ရာဇ ဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေပေမယ့်ကျူးလွန်နေသူတွေက အပြစ်ပေးအရေးယူ ခံရခြင်းမ ရှိဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေတဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ဆိုထားပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကြမ်းဖက်စစ်အုပ်စုကို အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကတိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်စေရေးအတွက် NUG နိုင်ငံတကာကိုယ်စားလှယ်ရုံးများတည်ရှိရာ နိုင်ငံများမှာလှုပ်ရှားမှုများလုပ်ဆောင်
အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်စေရေးအတွက် NUG နိုင်ငံတကာကိုယ်စားလှယ်ရုံးများတည်ရှိရာ နိုင်ငံများမှာလှုပ်ရှားမှုများလုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၇ ရက်မှာ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။
"အမျိုးသားညီညွှတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနနှင့်နိုင်ငံခြားရေးဝန်ကြီးဌာန တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်စေရေးအတွက် နိုင်ငံတကာကိုယ်စားလှယ်ရုံးများတည်ရှိရာ နိုင်ငံများဖြစ်ကြတဲ့ကိုရီးယား၊ ဂျပန်ဩစတေးလျ၊ နော်ဝေ၊ပြင်သစ်၊အမေရိကန်၊ဗြိတိန်၊ချက်နိုင်ငံတို့မှာ လှုပ်ရှားမှုများဆောင်ရွက်ခဲ့တယ်"လို့ဆိုပါတယ်။ ဒါ့အပြင်ကနေဒါနှင့် ထိုင်းနိုင်ငံများတွင်လည်း ဖဲကြိုးဖြူကမ်ပိန်းကို ပြုလုပ်လျှက်ရှိပါတယ်။
========================
📌📌 ၅။ Force 36 Ranger တပ်ဖွဲ့နှင့်ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု အောင်မြင်စွာပြီးမြောက်
Force 36 Ranger တပ်ဖွဲ့နှင့်ချိုးဖြူပြောက်ကျားတပ်ဖွဲ့(JPGF)တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု အောင်မြင်စွာပြီးမြောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ စစ်ရေးလေ့ကျင့်မှုကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) ကအသိပေးဆိုပါတယ်။
"Force 36 Ranger တပ်ဖွဲ့နှင့် မိမိတို့ချိုးဖြူပြောက်ကျားတပ်ဖွဲ့(JPGF)တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု အောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ရည်ရွယ်ချက်မှာ ရဲဘော်များ စွမ်းဆောင်ရည် ပိုမို မြင့်မားစေရန် နှင့် စည်းလုံး ညီညွတ်မူရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။ ပြည်သူ့ဖက်ဒရယ်ဒီမိုကရေစီ လက်နက်ကိုင်တိုက်ပွဲ အောင်မြင်တဲ့အထိ ပြည်သူများနှင့် အတူ တိုက်ပွဲ ဝင်သွားမယ်လို့ Force 36 Ranger နှင့်ချိုးဖြူပြောက်ကျားတပ်ဖွဲ့ ရဲဘော်များမှကတိသစ္စာပြုထားပါတယ်။
========================
📌📌 ၆။ မုဒိန်းမှုများကိုအကြိမ်ကြိမ်ကျူးလွန်ခဲ့ပြီး လုယက်သတ်ဖြတ်သူနှစ်ဦးကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှဖမ်းဆီးရမိထား
မုဒိန်းမှုများကိုအကြိမ်ကြိမ်ကျူးလွန်ခဲ့ပြီး လုယက်သတ်ဖြတ်သူနှစ်ဦးကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှဖမ်းဆီးရမိထားတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၇ ရက်မှာ ဖမ်းဆီးထားမိသူနှစ်ဦးနဲ့ပတ်သက်လို့ မုံရွာမြို့နယ်ပလဖက အသိပေးဆိုထားပါတယ်။
မအေတူ ဖအေကွဲညီမ မ----(၈)နှစ်သမီးအား မုဒိန်းကျင့် အကြိမ်ရေ(၂၀) ပြုကျင့်ထားတဲ့ ထက်ခိုင်ဦး ၁၉ နှစ်ကို ဖမ်းဆီးထားပြီးတော့ ၄င်းဟာ ၃၉ ကြိမ်ထက်မနည်း ဒိုင်နမိုနဲ့မီးကြိုးများဖြုတ်ယူ၍ ခိုးမှုကိုလည်းကျူးလွန်ထားသူဖြစ်ပါတယ်။
ဒါ့အပြင် ခိုးမှု၊လုယက်မှုနဲ့ အခြားအမှုများကို အကြိမ်ကြိမ်ကျူးလွန်ခဲ့သူ ရွှေမောင်(ခ) ကုလား (ခ) စိုင်းရဲထွန်းအသက် - (၁၈)နှစ်ကိုလည်း ဖမ်းဆီးရမိထားပြီး ၄င်းတို့ကိုယ်တိုင်ခံဝန်ချက်များကိုလည်းရရှိထားတယ်လို့သတင်းရရှိပါတယ်။
မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ဟာ local PDFများနှင့် ပူးပေါင်းပြီး မုံရွာမြို့နယ်နှင့် အနီးနယ်တဝိုက်ရှိ မိဘပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်နှင့် လုံခြုံရေးကို ရန်မူ၍တိုင်းပြည်မငြိမ်သက်မှုကိုအခွင့်ကောင်းယူကာခိုးဆိုးလုယက်မှုကျူးလွန်သူများ ဓားပြအနုကြမ်းစီးမှုများ လူသတ်မုဒိန်းသမားများကိုဖမ်းဆီးကာ အရေးယူမှုများဆောင်ရွက်လျက်ရှိတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များလက်နက်ကြီး၊လက်နက်ငယ်များနဲ့ ဝိုင်းဝန်းတိုက်ခိုက်
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းကိုကာကွယ်ရေးတပ်ဖွဲ့များလက်နက်ကြီး၊လက်နက်ငယ်များနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ နိုဝင်ဘာ၂၇ ရက် ညနေပိုင်းမှာ ညောင်ပင်ဝန်းရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ GTR MMU ကအတည်ပြုဆိုပါတယ်။
"နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းအချိန်တွင် ညောင်ပင်ဝန်းရဲစခန်းအား မိမိတို့ စစ်ကိုင်းခရိုင်တပ်ရင်း၂ တပ်ခွဲ ၂ (GTR MMU, MMDF) ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၂ တပ်ခွဲ၄ ( တိုက်နယ်စွန် )၊ မြင်းခြံခရိုင် တပ်ရင်း ၆ ဒေသခံမဟာမိတ်အဖွဲ့များ တို့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အပြန်အလှန်ပစ်ခက်မှု များရှိခဲ့ပြီး ပြည်သူလူထု ကားများ တိုက်ပွဲကြား ဖြတ်သန်းနေခြင်းကြောင့်ကာကွယ်ရေးတပ်များ ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။ တိုက်ပွဲမှာ မဟာမိတ်အဖွဲ့ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ EU-ASEAN SUMMIT 2022 မှာ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု ဖိတ်ကြားဖို့ဆိုရှယ်မီဒီယာ ကမ်ပိန်းမှာ ပါဝင်ဖို့တိုက်တွန်းနှိုးဆော်
EU-ASEAN SUMMIT 2022 မှာ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု ဖိတ်ကြားဖို့ဆိုရှယ်မီဒီယာ ကမ်ပိန်းမှာ ပါဝင်ဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ နိုဝင်ဘာနောက်ဆုံးပတ်မှာ CRPH Support Germany ကနေ အသိပေးဖော်ပြပါတယ်။
"ဥရောပသမဂ္ဂနဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမယ့် EU-ASEAN SUMMIT 2022 မှာ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု ဖိတ်ကြားဖို့ လူထုအင်အားကို ပြသကြပါစို့။ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေ၊မြေပြင်မှာ သပိတ်တိုက်ပွဲဆင်နွှဲနေတဲ့ရဲဘော်တွေ၊ CDM ဝန်ထမ်းတွေနဲ့ အတူ ကိုယ်တတ်နိုင်တဲ့အခန်းကဏ္ဍကနေ ပါဝင်ရင်းမှ တော်လှန်ရေးအောင်မြင်ခြင်း ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါ။Facebook Profile ပြောင်းတာ၊ အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဆန္ဒထုတ်ဖော်တာတွေဟာ အင်တာနက်သုံးနိုင်တဲ့သူတိုင်း တော်လှန်ရေးမှာ အလွယ်တကူ ပါဝင်နိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
EU-ASEAN Summit မှာ အမျိုးသား ညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု လက်ခံဖိတ်ကြားဖို့ Profile Frame ချိန်းနည်းဖြင့် https://twb.nz/euinvitesnug လင့်ကိုဝင်ရောက်ပြီး “Choose Photo” ကိုနှိပ်ကာ မိမိ ကြိုက်နှစ်သက်ရာ ဓာတ်ပုံကိုရွေးချယ်၍ ဆက်လက်နှိပ်ကာကမ်ပိန်းမှာပါဝင်ဖို့နှိုးဆော်ထားပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment