၂၀၂၂ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ရဟတ်ယာဉ် အမှုဟာ ရိုးမယ်ဖွဲ့ ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောဆိုလိုက်တဲ့သတင်း
📌 ၂။ Game ကစားသူများသည် ဥပဒေအရအရေးယူခံရနိုင်ကြောင်းစစ်ကောင်စီ ခြိမ်းခြောက်တဲ့သတင်း
📌 ၃။ ခင်ဦးတွင် စစ်ကောင်စီတပ်က နင်းမိုင်းများ ထောင်ထားတဲ့သတင်း
📌 ၄။ စစ်ကိုင်းတိုင်းတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်များနှင့် PDF တို့တိုက်ပွဲဖြစ်ပွားတဲ့သတင်း
📌 ၅။ တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသွားပြီး ရွာနေအိမ်များ မီးရှို့ခံရတဲ့သတင်း
📌 ၆။ အကြမ်းဖက် မီးရှို့စစ်တပ်က ထီးချိုင့်မြို့နယ် ရွာတွေကိုမီးရှို့နေတဲ့သတင်း
📌 ၇။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးပြည်သူ ၂၅၄၆ ဦးရှိခဲ့ပြီလို့ အေအေပီပီကထုတ်ပြန်လိုက်တဲ့သတင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ရဟတ်ယာဉ် အမှုဟာ ရိုးမယ်ဖွဲ့ ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောဆိုလိုက်တဲ့သတင်း
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးတွေမှာ သုံးနိုင်ဖို့ ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းတာကို စစ်အုပ်စုကအခုလို အဂတိအမှုနဲ့စွပ်စွဲခြင်းဟာ အကြောင်းရှာ ရိုးမယ်ဖွဲ့ စွပ်စွဲခြင်း၊ အခြေအမြစ်မရှိဘဲ စွပ်စွဲခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းအကြမ်းဖက်ပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၈ရက်နေ့ ရုံးချိန်းတွင် အခုလို ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရပါတယ်။ ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ငှားရမ်းသည့်စာချုပ်ကို သက်တမ်းတိုးခြင်း၊ရဟတ်ယာဉ်အသစ်ဝယ်ယူခြင်း၊ Operation and maintenance ဝန်ဆောင်မှုလုပ်ငန်းလုပ်သည့်အတွက် စာချုပ်ချုပ်ဆိုခြင်းများမှာ မိမိတို့နဲ့ သက်ဆိုင်ခြင်းမရှိသည့်အတွက် အပြစ်မရှိကြောင်း၊ ဒါဟာ သက်သက်မဲ့ ရိုးမယ်ဖွဲ့ပြီး စွပ်စွဲခြင်းဖြစ်ကြောင်းနှင့် အခြေအမြစ်လည်းမရှိကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုထားပါတယ်။
ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရဟတ်ယာဉ်ကိစ္စနှင့် ပတ်သက်၍ စွပ်စွဲထားသည့် အမှုငါးမှုထဲမှ ဆက်လက်စစ်ဆေးရန် ကျန်သည့်အမှု လေးမှုအတွက် စစ်ဆေးခဲ့ပါတယ်။ အဆိုပါ ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းခြင်း ကိစ္စရပ်များတွင် မိမိတို့အစိုးရအဖွဲ့သည် ရုံးတွင်းစာများဖြင့် တင်ပြလာသည့်အပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားခြင်းသာရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့က ယခင်ရုံးချိန်းများတွင်လည်း ထွက်ဆိုထားကြတာဖြစ်ပါတယ်။
ယခင်စွပ်စွဲခံခဲ့ရသည့် အမှုများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့က ၎င်းတို့ဘက်က ထွက်ဆိုပေးမည့် ခံပြသက်သေ တင်သွင်းမှုမပြုသော်လည်း ယခုအမှုများတွင် ခံပြသက်သေငါးဦး တင်သွင်းထားပြီးနိုဝင်ဘာလ ၂၉ ရက် ရုံးချိန်းတွင် အဆိုပါ သက်သေများကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှသိရပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးများအတွက် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ် တစ်စီး ဝယ်ယူခြင်းတို့ကို အကြမ်းဖက်အာဏာ မသိမ်းခင်အချိန်က ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရအဖွဲ့ ကလုပ်ဆောင်ခဲ့ပါတယ်။ စစ်တပ်က အကြမ်းဖက် အာဏာသိမ်းလိုက်ပြီးချိန်တွင် ထိုကိစ္စကို အဂတိလိုက်စားသည်ဟု ဆိုကာ စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တရားလိုပြုလုပ် စွပ်စွဲခဲ့ခြင်း ဖြစ်ပါတယ်။
========================
📌📌 ၂။ Game ကစားသူများသည် ဥပဒေအရအရေးယူခံရနိုင်ကြောင်းစစ်ကောင်စီ ခြိမ်းခြောက်တဲ့သတင်း
အကြမ်းဖက်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ကို ပညာတတ်လူငယ်များက ရရာနည်းနဲ့ တော်လှန်ကြရာတွင် IT နည်းပညာ ရှင်များ နှင့် ကွန်ပြူတာပညာရှင်များ အများအပြားပါဝင်ပါတယ်။ ထိုလူငယ်များ ဖန်တီးထုတ်လုပ်ထားတဲ့ ဂိမ်းတခုဖြစ်တဲ့ The PDF Game ကစားသူများသည် ဥပဒေအရအရေးယူခံရနိုင်ကြောင်း စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှု သတင်းကို အကြမ်းဖက်လက်အောက်ခံ မြန်မာ့အသံ သတင်းဌာနက ကြေငြာခဲ့ပါတယ်။
ကြေငြာချက်တွင် စစ်တပ်အပေါ်အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်များရှိစေရန်ရည်ရွယ်ချက်များဖြင့် ထုတ်လုပ်ထားသည့် ယင်း PDF Game ၊ အပလီကေးရှင်းများအားအသုံးပြုခြင်း၊ ကစားခြင်းများသည် ဥပဒေအရအရေးယူခံရနိုင်မည်ဟု ရေးသားထုတ်ပြန်ခဲ့တာပါ။
"သူတို့ကတော့ အကုန်လိုက်ပိတ်မှာပဲ။ သူတို့တောင်ကစားရင်ကစားနေကြမှာ၊ ကျနော်တို့ကလည်း လုပ်နိုင်သလောက်ဆက်လုပ်နေမှာပဲလေ" တော်လှန်လူငယ်တစ်ဦးကပြောသွားတာပါ။
အဆိုပါ The PDF Game သည် စတင်ထွက်ရှိလာကတည်းက ပြည်တွင်းပြည်ပ တော်လှန်ရေးလူငယ်များကြားတွင် ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိတွင် ၎င်းဂိမ်းကို အဆင့်မြှင့်တင်ထားပြီး အပလီကေးရှင်းအသစ်များလည်း ထပ်မံဖန်တီးထားခြင်းဖြစ်ကာ အခုလိုစစ်အုပ်စုက မျက်စိကျ ကြော်ငြာရသည်အထိ အောင်မြင်ခဲ့ပါတယ်။ The PDF ဂိမ်းကို စတင်ကစားမည့်သူများအနေဖြင့် အခမဲ့ ကစားနိုင်မှာဖြစ်ပြီး ဂိမ်း၌ အသုံးပြုရသည့် ကျည်ဆန်များကို ကြော်ငြာကြည့်ပြီးရှာသည့် ပုံစံနှင့် Paid ဗားရှင်းတွင် ကျည်ဆန်များကိုပိုက်ဆံပေးပြီး ဆော့ရသည့် ပုံစံ ၂ မျိုး ရှိကြောင်းသိရပါတယ်။
တီထွင်ဖန်တီးထားသည့်လူငယ်များက အဆိုပါ ဂိမ်းမှရရှိသည့်ဝင်ငွေများကို လစဉ်မြေပြင်တော်လှန်ရေးတပ်ဖွဲ့များထံသို့ ထောက်ပို့လှူဒါန်းနေခြင်းဖြစ်ပြီး၊ ယခု နိုဝင်ဘာလအတွက် သိန်း ၇၀၀ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း The PDF Game ရဲ့ ဖန်တီးထုတ်လုပ်သူများထံမှ သိရပါတယ်။
========================
📌📌 ၃။ ခင်ဦးတွင် စစ်ကောင်စီတပ်က နင်းမိုင်းများ ထောင်ထားတဲ့သတင်း
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ အများပြည်သူ သွားလာရာ လမ်းများတွင် စစ်ကောင်စီတပ်က မြေမြှပ်နင်းမိုင်းများထောင်ထားသဖြင့် ပြည်သူများအနေဖြင့် သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားပါတယ်။ စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၇ ရက် နေ့က ရွှေဘိုလေ့ကျင့်ရေး(၈) မြောက်ဘက်၊ ခင်ဦးမြို့နယ် ရွှေပြည်သာကျေးရွာအနီး၌ မြေမြှုပ်နင်းမိုင်းများ ထောင်ထားခဲ့ကြောင်း၊ အဆိုပါ မြေမြှုပ်နင်းမိုင်းနင်းမိ၍ နွားတစ်ကောင် သေဆုံးခဲ့ကြောင်း ပြည်သူများအနေဖြင့် အဆိုပါ လမ်းပိုင်း အနီး ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သတင်းထုတ်ပြန်ပါတယ်။ခင်ဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက “အများပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေအနီးတဝိုက်မှာ မြေမြှပ်မိုင်းတွေ ထောင်ထားတာကို တွေ့ရတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတွေရှိတဲ့ ရွှေဘို ၊ ခင်ဦး ၊ ရေဦး ကားလမ်းတလျှောက်နဲ့ နီးစပ်တဲ့ရွာတွေ အားလုံးက မြေမြှပ်မိုင်းအန္တရာယ် သတိထားသွားလာကြဖို့ သတိပေးချင်တယ်” ဟု ပြောပါတယ်။ထို့ပြင် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းများဖြစ်သော ခင်ဦး - ရွှေဘိုလမ်း(ရွှေဘို-မြစ်ကြီးနားလမ်း) ခင်ဦး - ရေဦး လမ်းပိုင်းတို့တွင် နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က ကင်းထောက်၊ကင်းပုန်းများကို နေရာအသီးသီးခွဲ၍ ချထားခဲ့ကြောင်းသိရပါတယ်။ ယာဉ်သွားလာမှုအတွက် ခင်ဦး - ရေဦး လမ်းပိတ်ထားသည်မှာ ၄လကျော်ပြီ ဖြစ်သော်လည်း
နွားကျောင်းသားများ၊ တောင်သူများ ဖြတ်သန်း သွားလာရာတွင် သတိထားပေးကြရန် လိုအပ်ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့မှာလည်း ခင်ဦးမြို့နယ်ရှိ ဂွေးကုန်းကျေးရွာသို့ စစ်ကောင်စီ အင်အား ၁၅၀ ခန့်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့သောကြောင့် နေအိမ် ၇၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းတိုင်းတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်များနှင့် PDF တို့တိုက်ပွဲဖြစ်ပွားတဲ့သတင်း
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ ပျားသုံးကျေးရွာကို စစ်ကောင်စီတပ်အပါအဝင် ပျူစောထီးများ စစ်ကြောင်းထိုးလာပြီး ဒေသကာကွယ်ရေးတပ်များ နဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၄၀ ကျော်ကို People Defence Force Taung Dwin -Minkin TDPDF မင်းကင်းတပ်ရင်း ၅ နှင့် ရွှေတြိဂံ၊ ဒေသခံပကဖတို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ယနေ့နိုဝင်ဘာလ ၂၈ ရက်နေ့တွင် People Defence Force Taung Dwin -Minkin TDPDF က သတင်း ထုတ်ပြန်ထားပါတယ်။
ပျားသုံးကျေးရွာကို ယခင်ကလည်း စစ်ကောင်စီတပ်များသည် ၅ ကြိမ်ထက်မနည်း မီးရှို့ခြင်း၊ အိမ်များကိုဖျက်စီးခြင်း၊ မွေးမြူထားသော နွား၊ ဝက်၊ ကြက်များကို သတ်ဖြတ်၍ အဓမ္မယူဆောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ပျားသုံးကျေးရွာအတွင်းမှ ပြည်သူများ စစ်ဘေးလွတ်ရာ တောထဲသို့ ရှောင်တိမ်းနေရပြီး ဆောင်းရာသီဖြစ်သဖြင့် အနွေးထည်များ၊ စောင်များ လိုအပ်နေကြောင်း သိရပါတယ်။
========================
📌📌 ၅။ တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသွားပြီး ရွာနေအိမ်များ မီးရှို့ခံရတဲ့သတင်း
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားစစ်တပ်စခန်းမှ ထွက်လာသော ပျူစောထီး နှင့်စစ်သားများကို PDF တပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ်ပကဖမှ ဗိုလ်လင်္ကျာက ပြောပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများသည် ဇီးပြားစခန်းထွက်လာပြီး လမ်းတလျောက်တွင် ကာ ကွယ် ရေးတပ်ဖွဲများဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားကြောင်း၊ ညောင်ရင်းရွာ တွင် မိုင်းပွိင့် အနည်းဆုံး ၇ပွိင့် ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင်
လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။
စစ်တပ်နှင့်ပျူစောထီးများက အထိနာသွားပြီးနောက် ညောင်းရင်းရွာမှ နေ အိမ် ၈၆ လုံး၊ ခဲပင်အင်းရွာ နေအိမ် ၆ လုံး ဂွေးဂုဏ်ရွာမှ နေအိမ် ၄ လုံး စုစု ပေါင်း နေအိမ် ၉၆ လုံးကို မီးတင်ရှို့ခဲ့ကြပါတယ်။ မီးရှို့နေသော စစ်ကောင်စီ တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အုပ်စလိုက် ထွက်ပြေးသွားကြကြောင်းသိရပီး ထိုတိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ YDFတပ်ဖွဲ့၊ မြို့ပြပြောက်ကျား ပခုက္ကူ၊
တောင်ညိုနဂါးတပ်ဖွဲ့ နှင့် မြွေပွေးပျောက်ကျားတပ်ဖွဲ့၊ တိမ်လွှာမုတ် ဆိတ် အဖွဲ့ နှင့် ပေါက်မြို့နယ်မှ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက် ခိုက် ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
========================
📌📌 ၆။ အကြမ်းဖက် မီးရှို့စစ်တပ်က ထီးချိုင့်မြို့နယ် ရွာတွေကိုမီးရှို့နေတဲ့သတင်း
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ၊ အင်ကြင်းကုန်းကျေးရွာကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်က နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းက မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ ဝန်းကျင်အချိန်တွင် စစ်တပ်က အိမ် ခြေ ၁၀၀ ဝန်းကျင်ရှိသော အင်ကြင်းကုန်းကျေးရွာအတွင်းသို့ ဝင်ရောက် လာပြီး အိမ်များကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ အင်ကြင်းကုန်းကျေးရွာသည် ယမန်နေ့ တိုက်ပွဲဖြစ်ပွားသော အလယ်တောစံပြကျေးရွာနှင့်ကပ်လျက်ရွာဖြစ်ပြီး စစ်တပ် က ယနေ့ နံနက်ပိုင်း ဝင်ရောက် မီးရှို့ခြင်းဖြစ်ကြောင်း၊ ပြည်သူများထွက်ပြေး တိမ်း ရှောင်နေရကြောင်း သိရှိရပါတယ်။ "မီးရှို့ခံရတဲ့ အင်ကြင်းကုန်းကျေးရွာမှာ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ မနေ့က မီးရှို့ခံရတဲ့ အလယ်တောစံပြကျေးရွာနဲ့ သိပ်မဝေးဘူး ကပ်လျက် ပဲ။ အလယ်တောမှာ မနေ့က တိုက်ပွဲတွေဖြစ်ပြီး စစ်တပ်က အထိနာလို့ လေ ယာဉ်တွေနဲ့ဗုံးလာကျဲတယ်။ မြစ်ကြီးနားဘက်ကို တက်တဲ့ လမ်းတွေ မနေ့က တည်းကပိတ်ထားတာ ထီးချိုင့်မှာ ဆီကားတွေရော ကုန်ကားတွေရော ပိတ်မိ နေတယ်" လို့ဒေသခံတစ်ဦးကပြောဆိုပါတယ်။ ထီးချိုင့်တွင် နိုဝင်ဘာ၂၇ ရက်နေ့က တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၂၇ ရက် ညနေ ၅ နာရီကျော်အချိန်မှာ စစ်တပ်က တိုက် လေယာဉ် ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ စစ်တပ်နှင့် ပြည်သူ့ ကာ ကွယ် ရေး တပ် များ အကြား တိုက်ပွဲပြင်းထန်ကာ စစ်တပ်ဘက်မှ အထိ နာနေ သ ဖြင့်
၏တိုက် လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ထီးချိုင့်ဒေသ တော် လှန် ရေး ခေါင်းဆောင်များက ပြောပါတယ်။
လက်ရှိ တိုက်ပွဲ အခြေအနေများကြောင့် ကျေးရွာ ၅ ခုမှ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ အာဏာသိမ်းပြီးနောက် အကြမ်းဖက်လုပ်ရပ်ကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတဲ့ စစ်ကောင်စီကတော့ ပြည်သူ့ရပ်ရွာနေအိမ်များကို တိုက်ပွဲများမှာ ၄င်းတို့အထိနာချိန်တိုင်း ပုံမှန်လိုလို မီးရှို့အကြမ်းဖက်နေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၇။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးပြည်သူ ၂၅၄၆ ဦးရှိခဲ့ပြီလို့ အေအေပီပီကထုတ်ပြန်လိုက်တဲ့သတင်း
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၇၈၆) ခုထက်မနည်းရှိခဲ့တယ်လို့ အေအေပီပီက ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၅၄၆) ဦး ရှိခဲ့ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၉၉၀) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၆၂၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၆) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။
ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၂၈) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၃) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၄၄၇) ဦး ရှိသည်။ ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။ အချက် အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမယ်လို့ အေအေပီပီက နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်းသိရပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် လွတ်လပ်နွေဦးမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment