၂၀၂၂ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် ပုဂ္ဂိုလ် (၂) ဦးကိုပြောင်းလဲခန့်အပ်တာဝန်ပေး
📌 ၂။ စစ်ကောင်စီဘက်က ကချင်ပြည်နယ်ဘက်မှာ PDF အမည်ခံပြီး ငွေကောက်ခံကာ တော်လှန်ရေးနဲ့ PDFကို နာမည်ဖျက်ဖို့ကြိုးစားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌 ၃။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အချိတ်အဆက်မိမိဆောင်ရွက်ရန်အရေးကြီးကြောင်း ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးပြောကြား
📌 ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသ ကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်း
📌 ၅။ မုံရွာ -ချောင်းဦး - မြင်းမူလမ်းပိုင်းကို အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်
📌 ၆။ ထီးလင်းမြို့အထိုင်တပ်နှင့်ရွှေအောင်သာအထိုင်တပ် ရောထွေးစစ်ကြောင်းညောင်ဟောင်းကျေးရွာအနီးတဝိုက်သို့ရောက်လာစဥ် YRA (ထီးလင်း) ကင်းထောက်ရဲဘော်ပစ်ခတ်၍ စကစတပ်ကတစ်ဦးသေဆုံး
📌 ၇။ ကလေးမြို့နယ်၊ နန်းချောင်းရွာကိုမီးရှို့ဖျက်ဆီးသွားတဲ့စကစတပ်များ မသန်စွမ်းအမျိုးသားတစ်ဦးဖြစ်တဲ့ Biak Za Ling ကို သတ်ဖြတ်ထားခဲ့
📌 ၈။ စစ်ကောင်စီတပ်မှ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖယ်ခုံမြို့နယ် ဆိုင်ခွန်နားစရက် ကျေးရွာသို့လက်နက်ကြီးကျခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် ပုဂ္ဂိုလ် (၂) ဦးကိုပြောင်းလဲခန့်အပ်တာဝန်ပေး
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် ပုဂ္ဂိုလ် (၂) ဦးကိုပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၄မှာ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံးက အမိန့်ကြော်ငြာစာအမှတ် (၁၃ / ၂၀၂၂)ကိုထုတ်ပြန်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် ယခင် ခန့်အပ်တာဝန်ပေးထားသော ပြည်ထောင်စုဝန်ကြီးများသည် ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းတာဝန်များ များပြားသောကြောင့် လူပုဂ္ဂိုလ် (၂) ဦးကို ပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်တယ်လို့ဖော်ပြထားပါတယ်။
ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသူများမှာ-
(က) ဦးကျော်ဇော် (နိုင်ငံတော်သမ္မတရုံး)
(ခ) ဦးနေဘုန်းလတ် (ဝန်ကြီးချုပ်ရုံး)တို့ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနအသီးသီး၏ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် ၎င်းတို့၏ဝန်ကြီးဌာနများနှင့် သက်ဆိုင်သော အကြောင်း အရာများအတွက် ပြောရေးဆိုခွင့်ရှိသူများအဖြစ် တည်ရှိပြီးဖြစ်တယ်လို့ဆိုပါတယ်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူသည် ယာယီသမ္မတ၏ ဆောင်ရွက်ချက်များ၊ အစိုးရ၏မူဝါဒများနှင့် သမ္မတရုံးနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဦးစားပေး ထုတ်ဖော် ပြောကြားရမှာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူသည် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့အတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏မူဝါဒများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဦးစားပေး ထုတ်ဖော် ပြောကြားရမယ်လို့ ဖော်ပြပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီဘက်က ကချင်ပြည်နယ်ဘက်မှာ PDF အမည်ခံပြီး ငွေကောက်ခံကာ တော်လှန်ရေးနဲ့ PDFကို နာမည်ဖျက်ဖို့ကြိုးစားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
စစ်ကောင်စီဘက်က ကချင်ပြည်နယ်ဘက်မှာ PDF အမည်ခံပြီး ငွေကောက်ခံကာ တော်လှန်ရေးနဲ့ PDFကိုနာမည်ဖျက်ဖို့ကြိုးစားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆိုပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကအသိပေးဆိုပါတယ်။
"စကစ ဖက်က တော်လှန်ရေးကို နာမည်ဖျက်ဖို့ အမျိုးမျိုး ကြိုးစား တဲ့ ဗျူဟာတွေ အများကြီးထဲက ခုတလော ခတ်စိတ်စိတ် နေရာတကာ ဖြစ်လာတာက လမ်းပေါ်မှာ PDF အမည်ခံပြီး ငွေကောက်နေတဲ့ ကိစ္စ ပဲ။ ဖါးကန့်လမ်းမှာ လုပ်နေတဲ့ ပုံစံ နဲ့ ဝက်လက် မှာ လုပ်နေတဲ့ ပုံစံက တပုံစံထဲပါ။ စကစ နောက်လိုက် ပြည်သူ့စစ် နဲ့ ပျူစောထီး အဖွဲ့ဝင်တွေကို လုပ်ခိုင်းတာချင်းလဲတူသလို လုပ်နည်းလုပ်ဟန်လဲ တူတယ်။ အနီးအနားမှာ စကစ စစ်ကြောင်းက လုံခြုံရေးပေးထားတယ်၊ သတင်းပျံ့တာနဲ့ ချက်ချင်းရုတ်ခိုင်းတယ်။ ဖါးကန့်လမ်းပေါ်မှာတော့ ပိုထင်ရှားသွားတယ်၊ ကားသမားတွေက KIA ကောက်ပြီးသား ဆိုရင် PDF တွေ ထပ်မကောက်ဘူး ထင်ပြီး KIA ပေးလိုက်တဲ့ ဖြတ်ပိုင််းပြတယ်၊ အဲ့မှာ နောက်ကျောဖက် PTF (PDF လို့ရေးချင်တာ) လို့ ထပ်ရေးပြီး ကောက်ပါလေရော။ အဲ့မှာ ပေါ်တာပဲ"လို့ဝန်ကြီးကဆိုပါတယ်။ အဆိုပါဖြစ်ရပ်များကို ပြည်သူတွေ သတိရှိကြရန် နဲ့လမ်းပိုင်ဆိုင်ရာကို ဂရုပြုရန်ဆိုထားပါတယ်။
========================
📌📌 ၃။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အချိတ်အဆက်မိမိဆောင်ရွက်ရန်အရေးကြီးကြောင်း ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးပြောကြား
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အချိတ်အဆက်မိမိဆောင်ရွက်ရန်အရေးကြီးကြောင်း ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးရာမှာ ပြည်ထဲရေးဒုဝန်ကြီးကပြောပါတယ်။
"မြို့နယ်များအနေဖြင့် ဒေသမှ လိုအပ်ချက်များကို ဆွေးနွေးကြစေလိုကြောင်း၊ ဒေသအသီးသီးမှ လိုအပ်ချက် ဆွေးနွေးခြင်းဖြင့် ရှေ့ဆက် ဆောင်ရွက် ရမည့်လုပ်ငန်းကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ တော်လှန်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်နေကြသူများဖြစ်၍ အခက်အခဲများကို ညှိနှိုင်းဖြေရှင်း၍ လုပ်ငန်းများဆောင်ရွက်သွားစေလိုကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အချိတ်အဆက်မိမိဆောင်ရွက်ရန်အရေးကြီးကြောင်း" ဆိုခဲ့ပါတယ်။
ဆက်လက်၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၏ တာဝန်ရှိသူမှ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ် ပအဖ အဖွဲ့ဝင်များက မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
အစည်းအဝေးသို့ ဒုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်း ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသ ကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်း
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသ ကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်းခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက “လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များနှင့်ဆက်လက်အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များ” အား ရှင်းလင်းတင်ပြ ခြင်းအစီအစဥ်ပထမနေ့အဖြစ် မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားဒီဇင်ဘာလ ၁၄ ရက်နေ့ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်တင်ပြခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ ဦးအောင်ကြည် ညွန့်က အဖွင့်အမှာစကားပြောကြား၍ အဖွဲ့ဝင် ဒေါ်မြတ်သီတာထွန်းက လက်ရှိဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များအား လည်းကောင်း၊ အဖွဲ့ဝင် ဦးစည်သူမောင်က ရေးရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက် ချက်များနှင့်စပ်လျဥ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ထို့နောက် တက်ရောက်လာကြ သူများက CRPH ၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် အစီအစဥ်များ ပိုမိုခိုင်မာအားကောင်း လာစေရန် အကြုံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ ထို့နောက် ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က CRPH ၏ လုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်နှင့် တော်လှန်ရေးအပေါ် အကျိုးထိရောက်စွာ ဆောင်ရွက်သွားမည့် လုပ်ငန်းများအပေါ် အကြုံပြုချက်များ၊ အကြံဉာဏ်များ ပေးပို့ရန် မေတ္တာ ရပ်ခံကြောင်း ပြောကြားခဲ့ပါတယ်။
========================
📌📌 ၅။ မုံရွာ -ချောင်းဦး - မြင်းမူလမ်းပိုင်းကို အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်
စစ်ကိုင်းတိုင်း မုံရွာ -ချောင်းဦး - မြင်းမူလမ်းပိုင်းကို အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၄ ရက် ညပိုင်းမှာ ချောင်းဦး PDF ကအသိပေးဖော်ပြပါတယ်။
"မုံရွာ -ချောင်းဦး - မြင်းမူလမ်းပိုင်း ကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ပါတယ်"လို့ဖော်ပြပါတယ်။
ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်အသိပေးနှိုးဆော်ထားပါတယ်။
အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျှက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၆။ ထီးလင်းမြို့အထိုင်တပ်နှင့်ရွှေအောင်သာအထိုင်တပ် ရောထွေးစစ်ကြောင်းညောင်ဟောင်းကျေးရွာအနီးတဝိုက်သို့ရောက်လာစဥ် YRA (ထီးလင်း) ကင်းထောက်ရဲဘော်ပစ်ခတ်၍ စကစတပ်ကတစ်ဦးသေဆုံး
ထီးလင်းမြို့အထိုင်တပ်နှင့်ရွှေအောင်သာအထိုင်တပ် ရောထွေးစစ်ကြောင်းညောင်ဟောင်းကျေးရွာအနီးတဝိုက်သို့ရောက်လာစဥ်YRA(ထီးလင်း)ကင်းထောက်ရဲဘော်ပစ်ခတ်၍ စကစတပ်ကတစ်ဦးသေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းမှာ စကစတပ်စစ်ကြောင်းကို ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)၏ တပ်ရင်း (၃)၊တပ်ခွဲ (၁) ကင်းထောက်ရဲဘော်တစ်ဦးမှ အနီးကပ်ပစ်ခတ်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။
"ထီးလင်းမြို့နယ်အတွင်း လှည့်လည်မီးရှို့၊လုယက်သတ်ဖြတ်လျှက်ရှိသော ထီးလင်းမြို့အထိုင်တပ်နှင့်ရွှေအောင်သာအထိုင်တပ် ရောထွေးစစ်ကြောင်းဟာ ညောင်ဟောင်းကျေးရွာအနီးတဝိုက်သို့ရောက်လာစဥ် ယောတော်လှန်ရေးတပ်-YRA (ထီးလင်း)၏ တပ်ရင်း (၃)၊တပ်ခွဲ (၁) ကင်းထောက်ရဲဘော်တစ်ဦးမှ အနီးကပ်ပစ်ခတ်ခဲ့ပါတယ်။တစ်ဦး ထိခိုက်သေဆုံးခဲ့တယ်"လို့ဆိုပါတယ်။၄င်းကင်းထောက်ရဲဘော်နောက်ဆုတ်ချိန်တွင်
YRAထီးလင်းတပ်ခွဲမှလက်နက်ကြီး (၇) ချက်ပစ်ခတ်ခဲ့ရာ (၇) ချက်လုံးထိချက်ကောင်းခဲ့ကြောင်းသတင်းရရှိပါတယ်။ အဆိုပါအထိနာသွားသော ရောထွေးစစ်ကြောင်းဟာ ညောင်ဟောင်းကျေးရွာသို့မဝင်နိုင်တော့ပဲ ထမ်းစင် (၂) ခု၊ကျောပိုး (၂) ဦး၊လက်ပြတ်လုဆဲဆဲလူနာနှင့်ဒဏ်ရာရတွဲခေါ်သူ (၅) တွဲ" ဖြင့်နောက်ပြန်ဆုတ်သွားကြပြီး အောင်းရွာသို့ဝင်ရောက်သွားကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ ကလေးမြို့နယ်၊ နန်းချောင်းရွာကိုမီးရှို့ဖျက်ဆီးသွားတဲ့စကစတပ်များ မသန်စွမ်းအမျိုးသားတစ်ဦးဖြစ်တဲ့ Biak Za Ling ကို သတ်ဖြတ်ထားခဲ့
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ နန်းချောင်းရွာကိုမီးရှို့ဖျက်ဆီးသွားတဲ့စကစတပ်များ မသန်စွမ်းအမျိုးသားတစ်ဦးဖြစ်တဲ့ Biak Za Ling ကို သတ်ဖြတ်ထားခဲ့ပါတယ်။ ဒီဇင်ဘာ၁၄ ရက်မနက်ကထွက်သွားတဲ့စကစတပ်များဟာ နန်းချောင်းရွာမှာ ကျူးလွန်ခဲ့တဲ့ဖြစ်စဥ်ကို CNO (ချင်းတွင်းအထက်ပိုင်းဒေသ)ကအတည်ပြုဆိုပါတယ်။" ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးအဖြစ် နန်းချောင်းရွာထဲသွားစဉ် မသန်စွမ်းအမျိုးသားတစ်ဦးဖြစ်တဲ့ Biak Za Ling ကို အကြမ်းဖက်စစ်ကောင်စီနဲ့အပေါင်းပါများက သတ်ဖြတ်ကာ အလောင်းကိုမီးရှို့သွားခဲ့တာကိုတွေ့ရှိရပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့အပေါင်းပါများဟာ ဒီဇင်ဘာ ၁၂ ရက်မနက်ပိုင်းက နန်းချောင်းရွာအရှေ့ဘက်ကနေ လက်နက်ကြီးပစ်ကူတွေနဲ့တက်လာပြီး နန်းချောင်းရွာအနီးမှာ CNDF (Upper Chindwin Region), PDF-Kalay, Kalay CHIN Rifle (KCR)CSS, Giant revolution Force (GRF), People Defense Army (PDA), Harmonius northernhood ပူးပေါင်းတပ်ဖွဲ့နဲ့ မိနစ်အနည်းငယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ယင်းနေ့မှာပဲ စကစတပ်က နန်းချောင်းရွာက လူနေအိမ် ၁၉ လုံးနဲ့ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းကိုမီးရှို့ပြီး ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်က လူနေအိမ် ၄ လုံးထပ်မံမီးရှို့ခဲ့ပါတယ်။
========================
📌📌 ၈။ စစ်ကောင်စီတပ်မှ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖယ်ခုံမြို့နယ် ဆိုင်ခွန်နားစရက် ကျေးရွာသို့လက်နက်ကြီးကျခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်
စစ်ကောင်စီတပ်မှ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖယ်ခုံမြို့နယ် ဆိုင်ခွန်နားစရက် ကျေးရွာသို့လက်နက်ကြီးကျခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ စကစတပ်က ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖယ်ခုံကအတည်ပြုဆိုပါတယ်။"ဒီဇင်ဘာလ ၁၄ ရက် နံနက် ၁၁း၃၀ ခန့်တွင် စစ်ကောင်စီမှ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖယ်ခုံမြို့နယ် ဆိုင်ခွန်နားစရက် ကျေးရွာသို့လက်နက်ကြီးကျခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ နယ်မြို့များမှာ လက်နက်ကြီးများကို လူနေရပ်ကွက်များအတွင်းသို့ ရမ်းသန်းပစ်ခတ်မှုများကြောင့် မကြာခဏ အရပ်သားထိခိုက် သေဆုံးမှုများရှိခဲ့ပါတယ်။
No comments:
Post a Comment