၂၀၂၂ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ညီညွတ်သော တော်လှန်ရေး တပ်ပေါင်းစုဖြစ်အောင် ခိုင်ခိုင်မြဲမြဲ ချိတ်ဆက်ပေါင်းစည်းထားရန် ယာယီသမ္မတ ပြော
📌 ၂။ ၅၂ နှစ်မြောက် ကယန်းအမျ်ိုးသား အာဇာနည်နေ့အားလူ့အခွင့်ရေး ဒုဝန်ကြီး ဦးညွတ်ဂုဏ်ပြု
📌 ၃။ ကချင်တစ်မျိုးသားလုံးက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နားလည်မှုအပြည့် ပူးပေါင်းနေပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောကြား
📌 ၄။ ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် မှာ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဥ်တန်းကို ယမန်နေ့ကမိုင်းဆွဲတိုက်ခိုက်၍ ထိခိုက်မှုများရှိ
📌 ၅။ တိုက်ပွဲ ဖြစ်ပွားရာနေရာများကို လာမိတဲ့ပြည်သူလူထုကို အော်ငေါက်ပြန်လွှတ်ရတဲ့အတွက်ကလေးခရိုင် အမှတ် (၆) တပ်ရင်းက လူထုကို ဝန်ချတောင်းပန်
📌 ၆။ ရေဦးမြို့နယ် ရွာမိသာ အရှေ့ပိုင်း ကျန်ရှိနေတဲ့နေအိမ်များကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်မီးရှို့ဖျက်ဆီး
📌 ၇။ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ ရန်ကုန်မြို့ပြညရဲ့ဂစ်တာသံများကမ်ပိန်းမှ ကံစမ်းမဲလက်မှတ်ရောင်းရငွေ သိန်းတစ်ထောင်ကျော်ရရှိလာ
📌 ၈။ မြင်းမူရဲစခန်းမှ လက်ဖက်ရည်သောက်ထွက်လာစဥ် မိုင်းမိ၍ နေရာတင်သုံးဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရရှိ
📌 ၉။ NUGPay သုံးစွဲသူ စုစုပေါင်း ၂ သောင်း ပြည့်ပြီ
📌 ၁၀။ နတ်မောက်မြို့နယ် ကံသာကျေးရွာနှင့်ဖတ်တောရေကျေးရွာကြားအတွင်း စစ်ကောင်စီယာဉ်တန်းအား ရှေ့ထွက်ပြောင်းများဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၄ ဦးသေဆုံး
📌 ၁၁။ မသောက်မိသောမိုးခါးရေ ရုပ်ရှင် အွန်လိုင်းမှ ကြည့်လိုသူများအနေနဲ့ အီတလီနိုင်ငံမှလည်းအားပေးနိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ညီညွတ်သော တော်လှန်ရေး တပ်ပေါင်းစုဖြစ်အောင် ခိုင်ခိုင်မြဲမြဲ ချိတ်ဆက်ပေါင်းစည်းထားရန် ယာယီသမ္မတ ပြော
ညီညွတ်သော တော်လှန်ရေး တပ်ပေါင်းစုဖြစ်အောင် ခိုင်ခိုင်မြဲမြဲ ချိတ်ဆက်ပေါင်းစည်းထားရန် ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာလအတွင်းအစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်သွင်းပြေကြားခဲပါတယ်။
"နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဟာ စစ်ရေးအောင်နိုင်မှုနဲ့ နိုင်ငံရေးအရ ခိုင်ခိုင်မာမာ ထောက်ခံမှု ရှိထားရေး အပေါ်မှာ မူတည်နေပါတယ်။ ဒါ့ကြောင့် ခုခံတော်လှန်စစ်မှာ ထင်ထင်ရှားရှား ဆုပ်ကိုင်ပြနိုင်တဲ့ စစ်ရေး အောင်နိုင်မှုတွေရအောင်လည်း ကျွန်တော်တို့ ကြိုးစားကြရမယ်။ တစ်ဖက်မှာလည်း ပြည်တွင်းနိုင်ငံရေး ထောက်ခံမှုရေချိန် လျော့ပါးမသွားအောင် လုပ်ထားရပါလိမ့်မယ်။ ပြည်ပနိုင်ငံတွေထဲမှာ မိတ်ဆွေ နိုင်ငံတွေ တိုးပွားရေးကို အစဉ်တစိုက် လုပ်ဆောင်နေရပါလိမ့်မယ်။ ပြည်တွင်းက တော်လှန်သောအစုအဖွဲ့အားလုံးနဲ့ ညီညွတ်သော တော်လှန်ရေး တပ်ပေါင်းစုဖြစ်အောင် ခိုင်ခိုင်မြဲမြဲ ချိတ်ဆက်ပေါင်းစည်းထားရမှ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ KNU၊ KIA စတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့လည်း လက်တွဲ ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ ၅၂ နှစ်မြောက် ကယန်းအမျ်ိုးသား အာဇာနည်နေ့အားလူ့အခွင့်ရေး ဒုဝန်ကြီး ဦးညွတ်ဂုဏ်ပြု
"ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော ၅၂ နှစ်မြောက် ကယန်းအမျ်ိုးသား အာဇာနည်နေ့အား ဦးညွတ်ဂုဏ်ပြုပါတယ်"လို့ လူ့အခွင့်ရေး ဒုဝန်ကြီး ခွန်ဗဟန်းထန်ကဆိုပါတယ်။
၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၁၅) ရက် နေ့မှာ ကျရောက်တဲ့ ကယန်းအမျိုးသား အာဇာနည်နေ့ အခမ်းအနားအား ဘီစီကုန်းကျေးရွာမှာရှိတဲ့ ကယန်းအမျိုးသား အာဇာနည် ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အာဇာနည်သူရဲကောင်းများအား လွမ်းသူ့ပန်းခွေပို့ခြင်း၊ အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ကချင်တစ်မျိုးသားလုံးက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နားလည်မှုအပြည့် ပူးပေါင်းနေပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်ဆောင်ရွက်မှုတွေဟာ ယုံယုံကြည်ကြည်နဲ့ တကယ့်အားကောင်းကောင်းရှိနေပြီး ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) မက ကချင်တစ်မျိုးသားလုံးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နဲ့ နားလည်မှုအပြည့်ပူးပေါင်းနေပြီဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က RFA သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းစဉ်ပြောဆိုလိုက်ပါတယ်။
"အဓိက ကတော့ ကချင် KIO လို့တောင်မဟုတ်တော့ဘူး။ ကျွန်တော်တို့ ကချင်တစ်မျိုးသားလုံးကနေပြီးတော့မှ CRPH နဲ့ NUG နဲ့ နားလည်မှုအပြည်နဲ့ပူးပေါင်းတာဖြစ်တယ်။ စစ်ရေးမှာကတော့ KIA က NUG ရဲ့ MOD နဲ့ ကျွန်တော်တို့ C3C လို့ ခေါ်တဲ့ အစုအဖွဲ့မှာ အစစအရာရာတိုင်ပင်ပြီးတော့ စစ်အာဏာရှင်စနစ်ကိုဘယ်လိုချုပ်ငြိမ်းအောင် ဘယ်လိုလုပ်ကြမယ်ဆိုတဲ့အပိုင်းက စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ ကျေနပ်တယ်ပြီးတော့ စဉ်ဆက်မပြတ်ကြိုးစားနေတယ်လို့ သတင်းစကားပါးချင်ပါတယ်။"လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေမှာ တော့ ပထမပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အင်အား ၄၀၀၀ ကျော်ကို တိုက်ရိုက်သင်တန်းပေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက်ပိုင်းသင်တန်းတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ တိုက်ရိုက်သင်တန်းပေးနေပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကတော့ မွမ်းမံသင်တန်းတွေနဲ့ အခြားအထူးလေ့ကျင့်ပေးရမယ့်သင်တန်းတွေ ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
တဖက်မှာတော့ လူငယ် တော်လှန်ရေးသမားတွေဟာ အလွန်ရဲရင့်ပြီး ဆုံးဖြတ်ချက်ခိုင်မာတာကြောင့် တော်လှန်ရေးမုချ အောင်မြင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုယ့်ရဲ့အင်အားကြီးလာအောင်လုပ်ရမှာဖြစ်သလို အပြန်အလှန်နားလည်မှုတွေတည်ဆောက်ပြီး တော်လှန်ရေးကာလမှာ အချင်းချင်း အပုပ်ချအပြစ်တင်မှုတွေကို ရှောင်ရှားဖို့လိုတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကဆက်ပြီးပြောပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ပေးဆပ်သူအားလုံးကို ကျေးဇူးတင်ပြီး တော်လှန်ရေးဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဖြစ်လို့ ဒီတော်လှန်ရေးအောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်လို့ ပြောဆိုလိုက်ပါတယ်။
========================
📌📌 ၄။ ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် မှာ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဥ်တန်းကို ယမန်နေ့ကမိုင်းဆွဲတိုက်ခိုက်၍ ထိခိုက်မှုများရှိ
ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် မှာ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဥ်တန်းကို ယမန်နေ့ကမိုင်းဆွဲတိုက်ခိုက်၍ ထိခိုက်မှုများရှိတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၄ ရက် ည ၉ နာရီ ၃၆ အချိန်တွင် အရှေ့ဒဂုံမြို့နယ် အမှတ်၂ လမ်းမကြီးနှင့်ကျန်စစ်သား မီးပွိုင့် အနီးမှာ ယာဥ်တန်းကိုဖောက်ခွဲခဲ့တယ်လို့ Yangon UG Association (YUA) ကအတည်ပြုဆိုပါတယ်။
စစ်ဆင်ရေးကို GZDFကလုပ်ဆောင်ခဲ့ပြီး မိုင်းပေါက်ကွဲ၍ စကစတပ်သားအချို့ထိခိုက်မှုရှိနိုင်ပြီးတော့ ဖောက်ခွဲမှုလုပ်ဆောက်ခဲ့တဲ့ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်။ "လျော်ကြေးတွေ ထပ်ယူဦးမယ်။မြို့ပြကို လျော့မတွက်နဲ့ ။ရန်ကုန်က ငါတို့ရန်ကုန်"လို့ Yangon UG Association (YUA) ကဖော်ပြထားပါတယ်။
========================
📌📌 ၅။ တိုက်ပွဲ ဖြစ်ပွားရာနေရာများကို လာမိတဲ့ပြည်သူလူထုကို အော်ငေါက်ပြန်လွှတ်ရတဲ့အတွက်ကလေးခရိုင် အမှတ် (၆) တပ်ရင်းက လူထုကို ဝန်ချတောင်းပန်
ဒီဇင်ဘာ ၁၅ ရက်မှာ ကလေးခရိုင် အမှတ် (၆) တပ်ရင်းက အခုလိုအသိပေးဆိုလိုက်ပါတယ်။ "ကျနော်တို့ရဲဘော်တွေ တစ်ချို့ mission တွေကိုရုတ်တရက် ထလုပ်ရပါတယ်။အဲ့လိုအခြေအနေမျိုးမှာ ပြည်သူတွေကို တိုက်ပွဲဖြစ်ပွါးမဲ့နေရာကို မလာစေချင်လို့ အော်ငေါက်မောင်းထုတ်ရတဲ့အခြေအနေမျိုးတွေရှိပါတယ်။ အဲဒီလိုအော်ငေါက်မောင်းထုတ်ရတယ်ဆိုတာလဲ ပြည်သူတွေကို ထိခိုက်မှာကို အလွန်ပင် စိုးရိမ်မိလို့ပါ။ဒါကြောင့် အော်ငေါက်မိခဲ့ရင် တကယ်ကိုတောင်းပန်ပါတယ်ဗျာ"လို့ဆိုပါတယ်။
စကစတပ်များဟာ အရပ်သားများကို ဓားစာခံ လုပ်ကာ စစ်ဆင်ရေးများဆင်နွှဲလေ့ရှိပါတယ်။ "အထူးသတိပြုစေချင်တဲ့အနေနဲ့ စကစတပ်တွေရဲ့ အနီးနားတွေကို သွားလာချင်များကို အတတ်နိုင်ဆုံး ရှောင်ပီး သွားလာပေးစေလိုပါတယ်ဗျာ"လို့ကလေးခရိုင် အမှတ် (၆) တပ်ရင်းကဆိုပါတယ်။
========================
📌📌 ၆။ ရေဦးမြို့နယ် ရွာမိသာ အရှေ့ပိုင်း ကျန်ရှိနေတဲ့နေအိမ်များကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရွာမိသာ အရှေ့ပိုင်း ကျန်ရှိနေတဲ့နေအိမ်များကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ စကစတပ်များက ရွာမိသာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။
"ယမန်နေ့က ချမ်းသာ၊ ကုန်းသာ၊ ရွာသစ် မီးရှို့ဖျက်ဆီးခဲ့ကြတဲ့ စကစတပ်များဟာယခုမနက် ရွာမိသာဘက် နောက်ကြောင်းပြန်လှည့်ဝင်ပြီး ရွာမိသာ အရှေ့ပိုင်း ကျန်ရှိနေတဲ့နေအိမ်များကို မီးဆက်လက်ရှို့ခဲ့ပါတယ်"လို့ဆိုပါတယ်။ ရေဦးနယ်အနောက်ခြမ်း ကျေးရွာများဘက် ဝင်ရောက်မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စကစတပ်များဟာ ရွာမိဿာ၊ ချမ်းသာ၊ ရွာသစ်၊ ကုန်းသာ စသည့်ရွာများကို အကုန်အင်အားခွဲပြီး တပ်ဖြန့်ထားတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ ရန်ကုန်မြို့ပြညရဲ့ဂစ်တာသံများကမ်ပိန်းမှ ကံစမ်းမဲလက်မှတ်ရောင်းရငွေ သိန်းတစ်ထောင်ကျော်ရရှိလာ
သရုပ်ဆောင် မင်းမော်ကွန်းရဲ့ ရန်ကုန်မြို့ပြညရဲ့ဂစ်တာသံများကမ်ပိန်းမှ ကံစမ်းမဲလက်မှတ်ရောင်းရငွေ သိန်းတစ်ထောင်ကျော်ရရှိလာတယ်လို့ ဒီဇင်ဘာ ၁၅ ရက်မှာ သရုပ်ဆောင် မင်းမော်ကွန်းကအသိပေးဆိုထားပါတယ်။
"ချစ်စွာသောရန်ကုန်အတွက်အမြတ်နိုးရဆုံး ကျွန်တော့်ဂစ်တာလေးကံစမ်းမဲလက်မှတ်ရောင်းရငွေသိန်းတစ်ထောင်ကျော်ရရှိလာပြီဖြစ်ပါတယ်။လလည်ရောက်ပြီဖြစ်လို့ထပ်ပြီးအားစိုက်ပါဝင်ပေးကြဖို့ကိုလည်း ထပ်မံနိုးဆော်ပါရစေ။ရန်ကုန်အတွက်ထိုက်ထိုက်တန်တန်ရစေချင်ပါတယ်"လို့ဆိုထားပါတယ်။
ရန်ကုန်မြို့ပြညရဲ့ ကံစမ်းမဲတွေ ဝယ်ယူကြ တဲ့ ပြည်သူတွေကို အထူးအစီအစဉ် အနေနဲ့ မဲလက်မှတ် ၅ စောင် နဲ့ အထက် ဝယ်ယူသူတိုင်းကို မင်းမော်ကွန်း လက်မှတ်ထိုးထားတဲ့ postcard များအမှတ်တရပေးပို့မှာလည်းဖြစ်ပါတယ်။
'ရန်ကုန်မြို့ပြညရဲ့ဂစ်တာသံများ' ကံစမ်းမဲလက်မှတ်များကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၀) ရက်နေ့အထိ ရောင်းချမည်ဖြစ်ပြီးလက်မှတ်တစ်စောင်လျှင် USD 20 သတ်မှတ်ထားပါတယ်။ ကံစမ်းမဲလက်မှတ်များကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် 'ရန်ကုန်မြို့ပြညရဲ့ဂစ်တာသံများ' ကံစမ်းမဲလက်မှတ်ကံထူးရှင်အား မဲဖောက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
========================
📌📌 ၈။ မြင်းမူရဲစခန်းမှ လက်ဖက်ရည်သောက်ထွက်လာစဥ် မိုင်းမိ၍ နေရာတင်သုံးဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရရှိ
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြင်းမူရဲစခန်းမှ လက်ဖက်ရည်သောက်ထွက်လာစဥ် မိုင်းမိ၍ နေရာတင်သုံးဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
"ယနေ့မနက် ၆ နာရီ ၄၂ မိနစ်အချိန် မြင်းမူမြို့ မြို့မရဲစခန်းဝန်းအတွင်းမှ လက်ဖက်ရည်ဆိုင်သို့ ထွက်လာသော ရဲ ၄ ဦးအား စခန်းအဝင်ဝတွင် မိုင်း ၂ လုံးဖြင့် ချခွဲတိုက်ခိုက်ခဲ့ရာ ရဲ၃ ဦးမှာ နေရာတွင်သေဆုံးသွားခဲ့ပြီး ကျန် ၁ဦး မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။ ၎င်းတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ True Fighter (တပ်ခွဲ-၃) တပ်ရင်း (၇) မြင်းခြံခရိုင် မှ စီစဉ်တိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၉။ NUGPay သုံးစွဲသူ စုစုပေါင်း ၂ သောင်း ပြည့်ပြီ
NUGPay သုံးစွဲသူ စုစုပေါင်း ၂ သောင်း ပြည့်ပြီဖြစ်တယ်လို့ ဒီဇင်ဘာ ၁၄ ရက်မှာ NUG Pay ကအသိပေးဖော်ပြပါတယ်။
"ပြည်သူလူထုရဲ့ ဝန်းရံမှုတို့နဲ့ အတူ NUGPay သုံးစွဲသူ စုစုပေါင်း ၂ သောင်း ပြည့်သွားပြီ ဖြစ်ကြောင်း သတင်းကောင်းပါးပါစေ။NUGPay ကို Google Play Store, Apple App Store တို့မှ ဒေါင်းလုပ် ရယူနိုင်ပြီး အေးဂျင့်များထံ၌ Account ဖွင့်၍ သော်လည်းကောင်း NUGPay Website Live Chat မှ Activation Code ဝယ်ယူ၍လည်းကောင်း သုံးစွဲနိုင်ပါတယ်"လို့ဆိုပါတယ်။
NUGPay ဟာ စစ်အာဏာရှင် လက်အောက်မှ လွတ်ကင်းသော ဘဏ္ဍာရေးစနစ်တစ်ခုလည်းဖြစ်ပြီးတော့CDM ဝန်ထမ်းများ၊တော်လှန်ရေး အဖွဲ့အစည်းများကိုလည်း ထောက်ပို့ပေးအပ်နိုင်ပါတယ်။
========================
📌📌 ၁၀။ နတ်မောက်မြို့နယ် ကံသာကျေးရွာနှင့်ဖတ်တောရေကျေးရွာကြားအတွင်း စစ်ကောင်စီယာဉ်တန်းအား ရှေ့ထွက်ပြောင်းများဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၄ ဦးသေဆုံး
မကွေးတိုင်း နတ်မောက်မြို့နယ် ကံသာကျေးရွာနှင့်ဖတ်တောရေကျေးရွာကြားအတွင်း စစ်ကောင်စီယာဉ်တန်းအား ရှေ့ထွက်ပြောင်းများဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၄ ဦးသေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်မှာ စစ်ရေးသတင်းကို တပ်ရင်း၉၀၁အလယ်ပိုင်းတိုင်းစစ်ဠာနချုပ်စစ်ဒေသ ၃ ကဖော်ပြအသိပေးပါတယ်။
"အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်ဒေသ ၃ နေပြည်တော်စစ်ဒေသခွဲမကွေးအရှေ့ တပ်ရင်း ၉၀၁ ဂဠုန်စစ်ကြောင်း တပ်ခွဲ၁တပ်ခွဲမှူး ဗိုလ်အောင်ဒင်နှင့် ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ ၂ တပ်ခွဲမှူးဗိုလ်ဥဩတို့မှ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်မှတပ်သားမျဟားဖြင့်ပူးပေါင်၍ နတ်မောက်မြို့နယ် ကံသာကျေးရွာနှင့်ဖတ်တောရေကျေးရွာကြားအတွင်း စစ်ကောင်စီယာဉ်တန်းအား ရှေ့ထွက်ပြောင်းများဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၄ ဦးသေဆုံး၍ ၄ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၁၁။ မသောက်မိသောမိုးခါးရေ ရုပ်ရှင် အွန်လိုင်းမှ ကြည့်လိုသူများအနေနဲ့ အီတလီနိုင်ငံမှလည်းအားပေးနိုင်
မသောက်မိသောမိုးခါးရေ ရုပ်ရှင် အွန်လိုင်းမှ ကြည့်လိုသူများအနေနဲ့ အီတလီနိုင်ငံမှလည်းအားပေးနိုင်တယ်လို့ ဒီဇင်ဘာလအတွင်းမှာ အီတလီ မြန်မာကွန်မြူနတီကဖော်ပြပါတယ်။
ဒါရိုက်တာကိုပေါက်ရိုက်ကူးသော မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် ၆ နာရီမှစပြီး ၄၈ နာရီအတွင်း အွန်လိုင်းမှ ပြသသွားမည်ဖြစ်ပါတယ်။ အီတလီနိုင်ငံတွင်းမှ တော်လှန်ရုပ်ရှင်ကို ကြည့်ရှုချင်သူများအနေဖြင့် လက်မှတ်တစ်စောင် Euro 10.00 နှုန်းထားဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်မှတ်ဝယ်လိုသူများအနေနဲ့CRPH, NUG Support Team Germany ထံ ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment